SJ WorldNews - шаблон joomla Авто

ကင်ဆာရောဂါ ကုသရာတွင် အထောက်အကူပြုသော မြန်မာ့ဆေးဖက်ဝင် အပင်များ(၅)

Monday, 18 March 2019 09:02 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့ကင်ဆာရောဂါနေ့ (World Cancer Day) အဖြစ် နှစ်စဉ် ဖေဖော်ဝါရီလ ၄ ရက်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးမှ ရက်တစ်ရက် သီးခြား သတ်မှတ်ပေးထားသည်။ ဤသို့ပေးထားသည်မှာ တစ်နေ့တခြား အဖြစ်များလာပြီး   ကုသရခက်သော ကင်ဆာ ရောဂါဆိုးကြီးကို ဟန့်တားနိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ဖြစ်ပွားလာလျှင်လည်း စောစောစီးစီး ကုသပြီး အမြစ်ဖြတ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိုနေ့တွင် ကင်ဆာရောဂါနှင့် ပတ်သက်သော  သတိပေးချက်များ   အနေအထိုင်၊ အစားအသောက်၊ အပြုအမူ ဆင်ခြင်သင့်သည်များကို ဟောပြောပွဲများ၊ ပိုစတာများ၊  လက်ကမ်းစာစောင်များပြုလုပ်၍  လူထုအတွင်း အသိပညာပေး လုပ်ငန်းများကို ဆရာဝန်ကြီးများ ဦးဆောင်၍ ပြုလုပ်ကြသည်။ ဖောင်ဒေးရှင်းများ ပြုလုပ်၍လည်း ရောဂါဖြစ်သူများကို စောင့်ရှောက် ကုသပေးမှုပြုခြင်းများမှာ    တစ်နေ့တခြား တိုးတက် အောင်မြင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်လည်း    ဦးလှထွန်း ကင်ဆာ ဖောင်ဒေးရှင်းသည် စောစီးစွာကပင် ရန်ကုန်နှင့်မန္တလေး မြို့ကြီးများတွင် ထူထောင်ဖွင့်လှစ်ခဲ့ပြီး ကင်ဆာရောဂါ ဝေဒနာ ခံစားနေရသူများ၏ နောက်ဆုံးဘဝ အချိန်ကို အညင်သာဆုံးနှင့် အရှည်ကြာဆုံး ရပ်တည်နိုင်အောင် ဆေးဝါးသာမက နေရာထိုင်ခင်းပေးပြီး ကြပ်မတ် ကုသပေးခဲ့သည်မှာ နာမည်ကောင်းရလျက် ခိုင်မာသော ဖောင်ဒေးရှင်း တစ်ခုအဖြစ် နှစ်ပေါင်းရှည်ကြာရပ်တည်လျက်ရှိသည်။

နေ့စဉ်အလှူရှင်များ တိုးပွားလျက်ရှိပြီး လှူဒါန်းသူများ အတွက်လည်း ကုသိုလ်ထူးရနိုင်သော ဆေးဝါးနှင့် အာဟာရ ကုသိုလ်ဖြစ်သည်။ ကင်ဆာရောဂါဖောင်ဒေးရှင်း ထူထောင်သူ ဆရာကြီး ဦးလှထွန်းသည် ကမ္ဘာ့အဆင့်မီ စာရင်းအင်း ပညာရှင်ကြီး ဖြစ်ပြီး စာရင်းစစ် ပညာရပ်တွင် နာမည်ကျော်ကြားသူ ဖြစ်သည်။ ထိုဆရာကြီး၏ တစ်ဦးတည်းသော သမီးလေးမှာ အရွယ်ရောက်ပြီးမှ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားရသည်ကို ရင်ထုမနာဖြစ်သော ဆရာကြီးသည် မိမိဘဝ အလုပ်များမှ အနားယူချိန်တွင်ရှိသော စည်းစိမ်ဥစ္စာများကို ကင်ဆာရောဂါ ဝေဒနာခံစားရသူများ၏ ဘဝနောက်ဆုံး အချိန်တွင် ညင်သာစွာဖြစ်စေရန် စောင့်ရှောက်ပေးမည့် ဆေးကုသမှုဂေဟာ (ံ Hospic) ကလေးများ ထူထောင်ပေးခဲ့ခြင်းဖြစ်သည်။

 ကင်ဆာရောဂါ ဖြစ်ပွားသူများသည် နောက်ဆုံး အချိန်အဖြစ် ဝေဒနာခံစားရင်း စောင့်ဆိုင်းနေကြရရာ ဆရာဝန်က ဘယ်နှလခံမည်၊ ဘယ်နှနှစ်ခံမည် မှန်းဆ ပြောဆိုသော်လည်း ကံကံ၏ အကျိုးအတိုင်း ခြောက်လ၊ တစ်နှစ်ခံသူများ ရှိသလို နှစ်နှစ်၊ သုံးနှစ်နေရသူများလည်း ရှိသည်။ ထူးထူးခြားခြား သေမည်ထင်ပြီးမှ ကံစပ်၍ ဆေးတွေ့ပြီး ရောဂါပျောက်ကင်းကာ အသက်မသေသူများကိုလည်း ရှားရှားပါးပါး တွေ့ရဖူးပါသည်။

ကင်ဆာရောဂါကုသရာတွင် အနောက်တိုင်းဆေးဝါးနှင့် ဓာတ်ရောင်ခြည်ပေး ကုသမှုခံယူကြသော်လည်း မိမိမျက်စိရှေ့တွင်ပင် ခြောက်လ၊ တစ်နှစ်၊ နှစ်နှစ်အတွင်း သေဆုံးသွားကြသည်ကို မြင်တွေ့ရသောအခါ ကင်ဆာရောဂါ ဝေဒနာရှင်များသည် ရေနစ်သူ ကောက်ရိုးတစ်မျှင် ဆွဲသကဲ့သို့ ရိုးရာ တိုင်းရင်းဆေးဝါးများ၊မြစ်ချင်းပြီး ဆေးပင်များ သုံးစွဲချင်လာကြသည်။ ပျောက်ကင်းသည်ဟု ပြောသံကြားသမျှကို မိမိက မလိုလားသည့်တိုင် သားသမီး၊ မိတ်ဆွေများက ရှာဖွေပြီးယူလာကာ တိုက်ကျွေးလေ့ရှိကြသည်။ သူတို့ကို အပြစ်မဆိုသာပါ။ အချို့မှာလည်း ဘုရားကု ကုသည်။ ဗေဒင်ယတြာဖြင့် အသက်ရှည်ရာ ရှည်ကြောင်း ယတြာချေကြသည်။ ကံကောင်းထောက်မသဖြင့် အသက်ရှည်ရှည် နေသွားရသူများ ရှိသလို ဆရာဝန် ခန့်မှန်းသည့်အတိုင်း  ခြောက်လ၊ တစ်နှစ်သာနေရသူများ ရှိပါသည်။

စာရေးသူသည်  ကင်ဆာရောဂါ ဝေဒနာသည်များကို စာနာ၍ မြန်မာဆေးပင် ဆေးနည်းများအပြင် တစ်ပင်ချင်း သုံးစွဲရသော မြစ်ချင်းပြီးဆေးပင်များနှင့် ဆေးနည်းတိုများကိုပါ ရှာဖွေလျက် တင်ပြနေသည်။ အချို့မှာ ဆေးခန်းလာ မိတ်ဆွေလူနာများ ကိုယ်တွေ့ပြောပြချက်များ ဖြစ်ပြီး အချို့မှာလည်း အဝေးမှ သတင်းကြားဖြစ်သည်။ ထို့ပြင် ခေတ်ကာလအရ လူအများ သုံးစွဲနေသော လက်ကိုင်ဖုန်းပေါ်မှ Facebook သတင်းများမှာလည်း အချို့မှာ အထောက်အထားဖြင့် ခိုင်ခိုင်မာမာ တင်ပြလာသည်များကို ရှာဖွေဖတ်ရှုမှတ်သားရပါသည်။ ဥပမာ- လည်ချောင်း အသံအိုး အကျိတ်ကြောင့်ဖြစ်သော  အသံဝင်ရောဂါအတွက် နာမည်ကျော် အဆိုတော်ကြီး  ဒေါ်ချိုပြုံး၏ Facebook ပေါ်တွင်   ဆေးအိုးပုတ်ပင် အကြောင်းတင်ပြချက်မှာ လူသိများပြီး နိုင်ငံကျော်သူတစ်ဦးက ကိုယ်တိုင် Live Show တင်ပြချက်ဖြစ်သောကြောင့်  အလွန်လူသိများသည်။ ကျေးဇူးတင်စရာလည်း ကောင်းသည်။

 ထိုကဲ့သို့ပင် မြစ်ကြီးနားမြို့ ဝန်းသိုစာသင်တိုက် သက်တော် ၉ဝ ရှိ နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇမဟာ ရဋ္ဌဂုရု  ဘွဲ့တံဆိပ်တော်ရ  ဆရာတော်ကြီး ဘဒ္ဒန္တသီလဝံသ ဆရာတော်ကြီး၏ အသည်းကင်ဆာရောဂါ အကြောင်းကို ဖတ်ရှုရသည်။ အဆင့်ဆင့်မျှဝေသည်ကို ဖတ်ရှုရသော်လည်း   မူရင်းတင်ပြသူမှာ မြင်းခြံ တိပိဋကဆရာတော် ဦးဂန္ဓမာလာဖြစ်သည်ဟု ဆိုသည်။

ဆရာတော်ကြီးမှာ  ၂ဝ၁၃  ခုနှစ်က  အသည်းကင်ဆာ ဖြစ်သည်ဟု ဆိုသည်။    နိုင်ငံတော် အစိုးရမှ ရန်ကုန်တွင်ပင့်ပြီး ကုသသည်။ မြန်မာပြည်မှ ဆရာဝန်ကြီးများမှာ သုံးလသာခံမည်ဟု ခန့်မှန်းပြီးနောက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဆေးရုံကြီးတစ်ခုသို့ တပည့်ဒကာများက ပို့၍   ကုသပေးခဲ့သည်။  ဗန်ကောက်မှ လက်လျှော့သဖြင့် ရန်ကုန်မှတစ်ဆင့် မြစ်ကြီးနား ဝန်းသိုကျောင်းတိုက်အထိ ပြန်လည် ပင့်ဆောင်ခဲ့ကြသည်ဟု Facebookု တွင် ဖတ်ရှုရသည်။

   ဆရာတော်ကြီးမှာ သက်တော်ကလည်း ၉ဝ ရှိပြီး ရောဂါကလည်း ကျွမ်းနေပြီဟု ယူဆသည့်သဘော.. မျှော်လင့်ချက် အလွန်နည်းနေသဖြင့် အသက်ရှင်နေတုန်း မိမိဇာတိ၊ မိမိကျောင်းသို့ ပြန်ပို့သည့်သဘောဖြစ်သည်။

  ကံကံ၏အကျိုးကြောင့်  သုံးလသာခံမည်ဟု ခန့်မှန်းခဲ့သော   ဆရာတော်ကြီးမှာ   မမျှော်လင့်ဘဲ ဆေးကောင်းတွေ့သဖြင့် ယခုနှစ်နှစ်ကျော်ပြီး သုံးနှစ်နီးပါး အထိ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်တွင် ကျန်းကျန်းမာမာ ပြုံးပြုံး ရွှင်ရွှင်ဖြင့် သီတင်းသုံးတော်မူလျက်ရှိသည်

ဟု ကိုယ်တွေ့မြင်ရသူ  အရှင်ဧသက (မြတ်ပဋ္ဌာန်း)မှ ရေးသားတင်ပြထားသည်ကို ဖတ်ရှုရသည်။ ထိုဆရာတော်မှ ရေးသား တင်ပြထားသည်မှာ “ ဖြစ်တာက သိပ်နုတဲ့ အသည်း မျှော်လင့်ချက်ကလည်း သိပ်နည်းနေပြီလေ တစ်နည်းတော့လည်း သုံးလအတွင်းမှာ စီစဉ်သင့်တာတွေ စီစဉ် တပည့်ဒါယကာ၊ ဒါယိကာမတွေလည်း အားရအောင် ဖူးမြော်ရအောင်ပေါ့။ အခုလို ကျောင်းပြန်ပို့လိုက်တာလည်း သိပ်မှန်တယ်လို့ ဆိုရမှာပါ။

ဆေးရုံမှာထားရင်လည်း   ပျံလွန်တော်မူမှာ  သေချာသလောက်ပါ။ ဆရာတော်ကြီးသည် ကျောင်းပြန်ရောက်သောအခါ အသည်းရောဂါအတွက် ကောင်းစေသော သစ်သီး၊ သစ်ရွက် ဆေးနည်းကိုရရှိသဖြင့် မှီဝဲသုံးဆောင်တော်မူသည်။ ထူးခြားသည်ဟု  ဆိုရပါမည်။  ထိုဆေးနည်းအတိုင်း  တစ်လခန့်သောက်ပြီးသောအခါ  အတော်လေး ကျန်းမာလာသည်ဟု ဆိုသည်။ အစားအသောက် များလည်း ပြန်တောင်းလာသည်။ အသားအရေလည်း ပြန်ပြီး စိုပြည်လာသည်ဟုဆိုသည်။

မြန်မာဆေး သစ်သီးသစ်ရွက်ဆေးလေးကို သောက်ပြီး သုံးလဆိုသဖြင့်  ရင်တမမဖြင့်   စောင့်ကြည့်နေခဲ့ကြသည်ဟု ဆိုသည်။ အမှန်တကယ်ဖြစ်သည်။ သုံးလပြည့်သောအခါ   လန်းလန်းဆန်းဆန်း ဖြစ်လာသည်။ ဆေးကု မသွားခင်ထက်ကပင် ပိုလို့တောင် ကျန်းမာလာသည်ဟု ဆိုသည်။

          သုံးလကျော်ပြီး လေးလတွင်း ရောက်သောအခါ အခြေအနေ သိရစေရန် ရန်ကုန်ဆေးရုံပြန်ပြပြီး စစ်ဆေးသည်။ အသည်းကင်ဆာ၏ အခြေအနေကောင်းသည်ဟု သိရသည်။ ယခုဆိုလျှင် ဆက်လက်၍ အခြေအနေ စောင့်ကြည့်လာရာ နှစ်နှစ်ကျော် သုံးနှစ်အတွင်း ရောက်ရှိပြီဖြစ်သည်။ ဆရာတော်ကြီး ကျန်းမာနေပုံကို အများဖူးမြင်ရစေရန် တိပိဋကဆရာတော် ငါးပါး ဆရာတော်ကြီးကို ဖူးမြော်နေပုံကို မြင်းခြံတိပိဋက ဆရာတော် ဦးဂန္ဓမာလာ၏ Facebook တွင် ဖော်ပြထားသည်ဟု သိရပါသည်။

 ဆရာတော်ကြီး သုံးစွဲခဲ့သော ဆေးမှာ -

 ၁။ နံနက်ပိုင်းမှာ ကညွတ်ပင် သတ္တုရည်(အပင်ကို ထုထောင်းပြီး အရည်ကိုညှစ်ယူသည်။) ၎င်းအရည် မတ်ခွက်တစ်ခွက် တိုက်ပါသည်။

 ၂။ နေ့လယ်မှာ မြေလျှောက်ဆီးဖြူ (တောဆီးဖြူဟုလည်း ခေါ်သည်။) ၎င်းအပင် ပဉ္စငါးပါး (တစ်ပင်လုံး) ကို သုံးခွက်တစ်ခွက်တင် ကျိုပြီး မတ်ခွက်တစ်ခွက် တိုက်သည်။

 ၃။ ညနေမှာ မင်းကွတ်သီးကို အညှာမှတစ်ပါး အားလုံးကြိတ်ခြေပြီး ဟင်းစားဇွန်းကြီး တစ်ဇွန်း တိုက်သည်။ တစ်နည်း-  (မင်းကွတ်သီးကိုကြိတ်ပြီး ထန်းလျက် အနည်းငယ်နှင့် ရောကျို ရေခဲသေတ္တာမှာ သိမ်းထားပါက အဆင်ပြေပါသည်။  မကျိုက မှိုတက်တတ်သည်။)

 ဤဆေးသုံးမျိုးကို နေ့စဉ်တိုက်ပါသည်ဟု ဆရာတော်ကြီး အနီးနေ တပည့်ကြီး ဦးကေတုမာလာ (မြစ်ကြီးနားဆရာတော်)က ပြောပြ၍ သိရခြင်းဖြစ်သည်။ အသည်းကင်ဆာ ဝေဒနာရှင်များ ယုံယုံကြည်ကြည် သုံးစွဲပြီး ပျောက်ကင်းကြပါစေလို့ စေတနာမေတ္တာဖြင့် ဆုတောင်းပတ္ထနာ ပြုလိုက်ပါသည်။ ဆေးနည်းမျှဝေရသော ကုသိုလ်ကြောင့် မအို၊ မနာ၊ မသေရာ ''အမတ''ကို အမြန်ရ ရပါလို၏ဟု အရှင်ဧသက (မြတ်ပဋ္ဌာန်း)က တင်ပြ ထားသည်ကိုလည်း တွေ့ရှိရသည်။

အထက်ပါ ဆေးနည်းသုံးမျိုးကို လေ့လာကြည့်ရာတွင် ကညွတ်နှင့် မင်းကွတ်သီးတို့မှာ  ဟင်းသီးဟင်းရွက်နှင့် လူတို့ပုံမှန်စားသုံးသည့် သစ်သီးအဖြစ် တွေ့ရသဖြင့် သိပ်မဆန်းပါ။ ထိုအထဲတွင် အသည်းနှင့်ကျောက်ကပ်မှ အဆိပ်ကို ဆီးအဖြစ် စွန့်ထုတ်နိုင်သော  တောဆီးဖြူပင် ပါဝင်နေသည်ကို တွေ့ရှိရသည်။

   ကင်ဆာရောဂါ ပျောက်ကင်းရန် အထောက်အကူပြုသည့် ဆေးပင်များအကြောင်း အမှတ်(၁)တွင်လည်း အဆုတ်ကင်ဆာရောဂါဖြစ်သည့် အဒေါ်ကြီးတစ်ဦးမှာ တောဆီးဖြူပင်   သုံးခွက်တစ်ခွက်တင် ပြုတ်ရည်ကို စွဲသောက်ပြီး နှစ်နှစ်ကျော် အသက်ကို ဆွဲဆန့်နိုင်သည်ကို စာရေးသူကိုယ်တွေ့တွေ့သဖြင့် ရေးသား တင်ပြခဲ့ဖူးသည်။

ရှေးဆေးကျမ်းများ အလိုအရ  မြေကြီးကို ဖောက်ထွက်နိုင်သော အပင်မျိုးသည် စွမ်းအားရှိသော အပင်မျိုးဖြစ်ပြီး အသက်ရှည်ရာ အနာမဲ့ကြောင်းကို အထောက်အကူပြုသည်ဟု အဆိုရှိသည်။ ကညွတ်သည် ထိုသို့မြေကြီးကို ဖောက်ထွက်သော စွမ်းအားရှိသည့် အပင်မျိုးဖြစ်သဖြင့် သူ့တွင်ထူးခြားသောရောဂါ ပျောက်စေနိုင်သည့် စွမ်းအင်တစ်မျိုးမျိုး ရှိနေမည်မှာ သေချာသည်။

 မင်းကွတ်သီးသည်လည်း အခွံမှအစ ဆေးဖက်ဝင်သော သစ်သီးမျိုးဖြစ်သည်။ ဝမ်းကိုက်ရောဂါ၊ ဓမ္မတာသွေးလွန်ရောဂါ၊ သွေးအန်သွေးကျ ရောဂါများတွင် ကုသသည့် ဆေးဖော်ရာတွင် မင်းကွတ်သီးအခွံကို ထည့်၍ ဖော်လေ့ရှိသည်။ အေး၊ ဖန် အရသာရှိပြီး ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်သော သတ္တိရှိသည့် အသီးတစ်မျိုးဖြစ်သည်။

ကင်ဆာရောဂါအတွက်  တိုင်းရင်းဆေးဖြင့် ကုသခြင်းသည် အနောက်တိုင်းဆေးဖြင့် ကုသ၍မရ  လက်လွှတ်လိုက်သည့် အခြေအနေများတွင်သာ သုံးစွဲကြခြင်းဖြစ်သည်ကို တွေ့ရှိရသည်။ သို့သော် ကံစပ်သူများ  သုံးလ၊ ခြောက်လခံမည်ဟု ယူဆရသူများ နှစ်နှစ်၊ သုံးနှစ်တန်သည် ပို၍နေပြီး အသက်ကို ဆွဲဆန့်နိုင်သည်များကို လေ့လာ တွေ့ရှိကြားသိရသမျှ တင်ပြရခြင်းသာဖြစ်သည်။ ခိုင်လုံသော သုတေသနပြု တွေ့ရှိချက်များ မဟုတ်သဖြင့် မိမိစိတ်ကူးဖြင့် တိုက်ဆိုင်မှသာ သုံးစွဲကြရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။          

ကြည်လွင်မြင့် (မုဒြာ)

Read 119 times
Rate this item
(0 votes)
Last modified on Monday, 18 March 2019 09:04