SJ WorldNews - шаблон joomla Авто

ဆေးလိပ်တာရှည်သောက်ခြင်းနှင့် အသားပုပ်ဆွေးနာ

Tuesday, 19 March 2019 11:22 Written by  font size decrease font size decrease font size increase font size increase font size

ယခုခေတ်၏ နေထိုင်မှုပုံစံတွင် ယောက်ျားလေးအများစု၊ မိန်းကလေးများ အပါအဝင် ဆေးလိပ်သောက်ခြင်းနှင့် ရင်းနှီးလျက်ရှိနေသည်။ ဆေးလိပ်နှင့် ရင်းနှီးလာသူများတွင် အသားပုပ်ဆွေးနာဆိုသော ဆိုးကျိုးတစ်ခု ခံစားရသည်ကို မကြာခဏမြင်တွေ့နေရသည်။ ဆေးလိပ်သောက်သုံးမှုများရာမှ သွေးကြောနံရံများ ထူပိန်းကျွပ်တက်ကာ  သွေးကြောကျဉ်းရာမှ  အသားပုပ်ဆွေးနာ ဖြစ်လာခြင်းဖြစ်သည်။ အသားပုပ်ဆွေးနာကို  Gangrene  ဟုခေါ်ဆိုပြီး Gangrene သည် Vascular disorder များကို အခြေခံ၍ဖြစ်သော အနာဖြစ်သည်။

အသားပုပ်ဆွေးနာဆိုသည်   အနာဖြစ်ပွားသည့်နေရာရှိ   မျက်စိဖြင့် မြင်တွေ့ရသော အသားစတစ်သျှူးများ ရှင်သန်မှုမရှိဘဲ သေဆုံးပုပ်ဆွေးနေခြင်းကို ခေါ်ခြင်းဖြစ်သည်။ သွေးလွှတ်ကြောအတွင်း သွေးလှည့်ပတ်မှုမရှိဘဲ ပိတ်ဆို့ ကာ အသားစတစ်သျှူးများ သေဆုံးခြောက်သွေ့ ပုပ်ဆွေးလာခြင်းကို အသားပုပ်ဆွေးနာ အခြောက်ဟု သတ်မှတ်ပြီး အသားစတစ်သျှူးများ ပုပ်ဆွေးလျက် သွေးလွှတ်ကြောရော သွေးပြန်ကြောပါ ပျက်စီးနေသောအခြေအနေကို အသားပုပ်ဆွေးနာ အစိုဟု သတ်မှတ်သည်။

သမားစဉ်အရ အသားပုပ်ဆွေးနာ အခြောက်ကို ခူခြောက်နာဟု ခေါ်သည်။ အသားပုပ်ဆွေးနာ အခြောက်သည် သွေးလွှတ်ကြောရောဂါ တစ်မျိုးမျိုးကြောင့် ဖြစ်ပွားသည်ကိုတွေ့ရသည်။   အသားပုပ်ဆွေးနာ ဖြစ်ပွားနေသော အစိတ်အပိုင်းရှိ အရေပြားအရောင်အဆင်းသည် မည်းနက်နေခြင်း၊ စူးရှပြင်းထန်သော အနံ့အသက်မရှိခြင်း၊ Forceps နှင့် ခေါက်ကြည့်သောအခါ ဂေါက်ဂေါက်ဟူ၍ အသံထွက်ခြင်း၊ တစ်ခါတစ်ရံ အသံမထွက်ခြင်း၊ သွေးလွှတ်ကြောခုန်နှုန်းကို စမ်းသပ်မရခြင်းတို့သည် အသားပုပ်ဆွေးနာ အခြောက်၏ လက္ခဏာများဖြစ်သည်။

သမားစဉ်အရ အသားပုပ်ဆွေးနာ အစိုကို ခူစိုနာဟု ခေါ်ကြသည်။ အသားပုပ်ဆွေးနာ အစိုကို ဆီးချိုသမားများတွင် အတွေ့ရများသည်။ အသားပုပ်ဆွေးနာအစိုသည် အာရုံကြောများ ပျက်၍ အသားအရေထုံခြင်း၊ နာကျင်မှုမရှိခြင်း၊ သွေးကြောအတွင်းသားများ   ထူပိန်းဖောင်းပွ လာရာမှတစ်ဆင့်   ဖြစ်ပွားခြင်းဖြစ်သည်။ အသားပုပ်ဆွေးနာ ဖြစ်နေသော အစိတ်အပိုင်းရှိ အရေပြား အရောင်သည် ရေညှိစိမ်းရောင်ဖြစ်နေခြင်း၊ စူးရှပြင်းထန်သော မစင်ပုပ်နံ့ ကဲ့သို့သော အနံ့ထွက်နေခြင်း၊ Forceps  နှင့် ဂွမ်းစယူပြီး ဖိကြည့်သောအခါ အိဝင်သွားခြင်း၊ အရေပြား ရွေ့လျားရခြင်း၊ အရည်များ စိုရွှဲထွက်ကျခြင်းတို့သည် အသားပုပ်ဆွေးနာ အစို၏လက္ခဏာဖြစ်သည်။

အသားပုပ်ဆွေးနာသည် မြန်မာ့တိုင်းရင်းဆေးပညာအရ တေဇော၊ ဝါယောအားနည်းပြီး အာပေါပထဝီဖွဲ့စည်းခြင်း၊ အာကာသမရခြင်းတို့ကြောင့် သွေးကြောများ ပိတ်ဆို့ခြင်းနှင့် တေဇော၊ ဝါယောလွန်ကဲခြင်း၊ အာပေါပထဝီ ခန်းခြောက်ပျက်စီးပြီး အာကာသပျက်စီးခြင်း တို့ကြောင့် သွေးကြောများ ပိတ်ဆို့ပျက်စီးကာ အသားပုပ်ဆွေးနာ ဖြစ်လာခြင်းဖြစ်သည်။

ဆေးပညာ သဘောတရားအရ အသားပုပ်ဆွေးနာဖြစ်သော အစိတ်အပိုင်းများကို လေ့လာကြည့်သောအခါ အူသိမ်အခွေ၊ အူအတက်၊ သည်းခြေအိတ်၊ ပန်ကရိယ၊ ဝှေးစေ့၊ လက်၊ ခါးပိုင်းတို့တွင်တွေ့ရသည်။ ခြေထောက်ပိုင်း၊ လက်ပိုင်းနှင့် ခါးပိုင်းတို့သည် အတွေ့ရအများဆုံး နေရာများဖြစ်သည်။

(က) အသားပုပ်ဆွေးနာဖြစ်ရခြင်း အကြောင်း

အေး၊ ချို၊ စိမ့်၊ ငန်အစားအစာများ အစားများခြင်း၊ အဆီအစေးရှိသော အစာများကို အစားများခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ အလွန်အေးသော အရပ်ဒေသများတွင် နေထိုင်ခြင်း၊ ဆေးလိပ်၊ အရက်များ လွန်မင်းစွာ သုံးစွဲခြင်း၊ အပူလွန်ကဲခြင်း၊ ပူလွန်းသော ရုပ်ဝတ္ထုများနှင့် ထိတွေ့ခြင်း၊

ထိခိုက်ဒဏ်ရာရခြင်း၊ နာတာရှည်ရောဂါများမှ တစ်ဆင့် ရောဂါထွေပြား ဖောက်ပြန်ခြင်း၊ မသင့်သောဆေးဝါးများ သုံးစွဲမိခြင်း၊ ပတ်တီး၊ ပလတ်စတာများ   တင်းကျပ်စွာ ချည်နှောင်ခြင်းတို့ဖြစ်သည်။   သွေးလွှတ်ကြောတွင် ဒဏ်ရာရ၍ သွေးခဲပိတ်ဆို့ခြင်း၊ နှလုံးဦးခန်းတုန်ခါခြင်း တို့ကြောင့် သွေးစများသည် အခြားတစ်နေရာသို့ ရောက်ရှိကာ သွားရောက်ပိတ်ဆို့ရာမှလည်း အသားပုပ်ဆွေးနာဖြစ်နိုင်သည်။ ဆီးချိုရောဂါ ဖြစ်သူများတွင်လည်း အသားပုပ် ဆွေးနာဖြစ်နိုင်သည်။

(ခ) ရောဂါလက္ခဏာများ

အနာဖြစ်ရာ အစိတ်အပိုင်းတွင် သွေးလွှတ်ကြောခုန်မှု စမ်းသပ်မရခြင်း၊ သွေးပြန်ကြောမှ သွေးပြန့်မှုမရှိခြင်း၊ ဆံခြည်မျှင် သွေးကြောများကို ဖိကြည့်ပါက သွေးရောင်ပြန့်လာမှုမရှိခြင်း၊ ဖြစ်ပွားရာ အစိတ်အပိုင်းတွင် အရေပြား အေးစက်၍ အပူဓာတ်ကင်းမဲ့ခြင်း၊ ဖြစ်ပွားရာအစိတ်အပိုင်း၏ အရေပြားသည် အခြေအနေအရ ပြောင်းလဲနေခြင်းတို့ တွေ့ရမည်။

ရှေ့ပြေးလက္ခဏာများအရ ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ လှုပ်ရှားလျှင်ပို၍ နာကျင်ခြင်း၊  အတွေ့အထိအေးခြင်း၊  ရံဖန်ရံခါပူခြင်း၊  ကြွက်သားများ သိမ်လာခြင်း၊ အရေပြား အပေါ်ယံခြောက်လာခြင်း၊ အနာဖြစ်ခြင်းတို့ဖြစ်သည်။

ဖြစ်ဆဲလက္ခဏာများအရ ထုံကျဉ်ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ လှုပ်ရှားက ပို၍နာကျင်ခြင်း၊ အတွေ့အထိအေးခြင်း၊ ရံဖန်ရံခါမသိခြင်း၊ အရေပြားခြောက်လာခြင်း၊ အရောင်ပြောင်းလာခြင်း၊ အရည်ယိုစီးခြင်း၊ တစ်ခါတစ်ရံ ခြောက်သွေ့ခြင်း၊ အနံ့ပြင်းခြင်း၊ အဖျားဝင်လာတတ်ခြင်း၊ လျင်မြန်စွာ ပျံ့နှံ့လာတတ်ခြင်း၊ အချို့ တစ်နေရာတည်းတွင်မပျံ့နှံ့ဘဲ ကြာရှည်စွာဖြစ်နေခြင်း၊ သွေးလွှတ်ကြောခုန်မှုကို စမ်း၍မတွေ့ရခြင်း၊ အရေပြားကိုဖိကြည့်ပါက သွေးအရောင် မပြန်ခြင်း၊ ဖြစ်ပွားရာ အစိတ်အပိုင်းကိုမြှောက်ထားလျှင် ဝေဒနာသက်သာပြီး ချထားပါက ဝေဒနာတိုးလာခြင်းတို့ကို ခံစားရနိုင်သည်။

(ဂ) အသားပုပ်ဆွေးနာရောဂါကုထုံး

အာရုံကြောများ ပြန်လည်အလုပ်လုပ်လာစေရန်    ဆေးအမှတ်(၂၃) ဆေးပုလဲကလာပ် ၂ ပဲသားနှင့်   ဆေးအမှတ်(၂၇) ပြည်လုံးချမ်းသာ ဆေး၂ ပဲသားကို ရေနွေးနှင့် တစ်နေ့သုံးကြိမ် တိုက်ကျွေးနိုင်သည်။ ဆီးဝမ်းမှန်စေရန် ညအိပ်ရာဝင်ချိန်တွင် ဆေးအမှတ်(၁၂)စက္ခုပါကဆေး ၄ ပဲသားကို ရေအေးနှင့် တိုက်ကျွေးနိုင်သည်။ ဖန်ဆေးအနေဖြင့် ထိကရုန်း၊ ကန်စွန်းပြုတ် ဆေးရည်တွင် ကျောက်ချဉ်မှုန့်ရောစပ်ပြီး တစ်နေ့နှစ်ကြိမ် ဖန်ဆေးပေးနိုင်သည်။ ဆင့်ပွားရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ဆေးအမှတ်(၂၅) မတဲမြင့်မိုရ်ကုန်း ၁ ပဲသားကို ရေနွေးနှင့် သောက်ပေးနိုင်သည်။

အနာကို အသားနုတက်စေရန် အတွက် အသားနုတက်ဆေး၊  အနာသန့်ဆေး၊ အနာကျက်ဆေးများ သုံး၍လည်း ပြုလုပ်ပေးရမည်။ အာကာသ ရစေရန်အလို့ငှာ အသားပုပ်ဆွေးနာကို ပဉ္စကမ္မကုထုံးဖြင့် ကုသမည်ဆိုလျှင်  abhyanga  ဆီလိမ်း ကုသပေးခြင်း၊   nadi sweda ဆေးငွေ့ပေး၍ ချွေးထုတ်ပေးခြင်းတို့ဖြင့် ကုသပေးနိုင်သည်။ abhyanga ဆီလိမ်းကုသခြင်း ဆိုသည်မှာ အသုံးပြုမည့် ဆေးအဆီကို ၉၇ ဒီဂရီဖာရင်ဟိုက်အထိ အပူပေးပြီး   ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိစေရန် လိမ်းခြင်းဖြစ်သည်။ သင့်လျော်သော အဆီများမှာ ရွှေတံတိုင်းဆီ၊ လင်းနေ၊ ကြောင်ပန်းတို့ဖြစ်သည်။

Nadi sweda ဆေးငွေ့ပေး၍ ချွေးထုတ်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်ကို ဆေးအဆီများ လိမ်းကျံပြီး ကိရိယာအကူအညီဖြင့် ဆေးငွေ့ပေးကုသခြင်း ဖြစ်သည်။ ထိုသို့ ဆေးငွေ့ပေး ကုသရာတွင် အသုံးပြုသော အခန်းမှာ လေလုံသော အခန်းဖြစ်ရမည်။ ဆေးငွေ့များပေးပြီးသောအခါ ထွက်ရှိလာသော ချွေးများကို သန့်စင်သော အဝတ်ဖြင့် ပြောင်အောင် သုတ်ပေးရမည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းအပြင်ရှိ အညစ်အကြေးများသည် ချွေးအဖြစ် ထွက်ကာ အာကာသရသွားပြီး အခိုးများ ပွင့်သွားမည်ဖြစ်သည်။

အသားပုပ်ဆွေးနာကို ဆီလိမ်းခြင်း၊ ချွေးထုတ်ခြင်း ပြုလုပ်ရာတွင် ဆီအပူချိန်ကို အထူး သတိပြုရမည်။

အသားပုပ်ဆွေးနာတွင် ဆေးစည်းခြင်းကိုဖြင့် မပြုလုပ်သင့်ပါ။ လိမ်းဆေးအနေဖြင့်  ဆေးအမှတ်(၄၃) အကင်းဆယ်ပါးကို   သနပ်ခါးရေကျဲဖြင့် လိမ်းပေးနိုင်သည်။ အကယ်၍ လူနာသည် ဆီးချိုသွေးချို ရှိနေပါကလည်း ဆီးချိုသွေးချိုကို အရင်ချပေးရမည်။ ပထမဦးစွာ သွေးတွင်းသကြားဓာတ် မြင့်မားနေမှုကို လျော့ကျစေရန် တိုင်းရင်းဆေးခန်းသုံး ဆေးနံပါတ်(၃၂) နန်းတွင်းလျှာပွတ်ဆေး ၁ ပဲသားနှင့်  တိုင်းရင်းဆေးခန်းသုံး ဆေးနံပါတ်(၁၇) သွေးဆေးနီ ၂ ပဲသားတို့ကို ရေနွေးဖြင့် နံနက်နှင့် နေ့အချိန်တွင် တိုက်ကျွေးရမည်။

(ဃ) သုံးစွဲနိုင်သော ဆေးဖက်ဝင် အပင်များ

အသားပုပ်ဆွေးနာ အခြောက်တွင် ဆင်တုံးမနွယ်၊ ရှောက်၊ ကြက်သွန်နီ၊ ဒန့်သလွန်၊ နနွင်း၊ နနွင်းခါး၊ မြင်းခွာ၊ သံပရာ၊ သက်ရင်းကြီး၊ ခွေးတောက် တို့ကို သုံးစွဲနိုင်သည်။ အသားပုပ်ဆွေးနာအစိုတွင် တမာ၊ လောက်သေ၊ ဆင်တုံးမနွယ်၊ ရှားစောင်းလက်ပပ်၊ မာလကာ၊ ခွေးတောက်၊ နနွင်း၊ နနွင်းခါးတို့ကို  သုံးစွဲနိုင်သည်။

(င) အသားပုပ်ဆွေးနာများတွင် ရှောင်ရန်ဆောင်ရန်များ

အသားပုပ်ဆွေးနာ အခြောက်တွင် စပ်သော ဆေးဝါးများကို ရှောင်ကြဉ်ရမည်။ ပူခါး၊ ငန်ချဉ်သောအစာ၊ ဆေးဝါးတို့ကို စားသုံးပေးရမည်။ ပူလွန်း၊အေးလွန်းသော အစားအစာများကို ရှောင်ကြဉ်ရမည်။ ရောဂါသက်သာစေရန် ဖြစ်ပွားရာ အစိတ်အပိုင်းအား နိမ့်ရာတွင် တစ်လှည့်၊ မြင့်ရာတွင် တစ်လှည့် ထားပေးနိုင်သည်။အသားပုပ်ဆွေးနာအစိုတွင် အေးချိုစိမ့်အစားများကို ရှောင်ကြဉ်ရမည်။ ပူခါးစပ်အရသာရှိသော အစာနှင့်ဆေးဝါးတို့ကို သုံးစွဲပေးရမည်။ အအေးစာများကို ရှောင်ကြဉ်ပြီး အပူစာများသာ စားသုံးပေးရမည်။  ရောဂါသက်သာ စေရန် ဖြစ်ပွားရာ အစိတ်အပိုင်းအား  နိမ့်ရာတွင်သာ ထားပေးရမည်။ ပြင်းထန်စွာ အသက်ရှူသွင်းပြီး ဖြည်းဖြည်းမှန်မှန် ရှူထုတ်သည့် လေ့ကျင့်ခန်းကို လုပ်ပေးသင့်သည်။

မည်သည့်အသားပုပ်ဆွေးနာမဆို ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု မျိုးကိုမဆို ရှောင်ကြဉ်ရမည်။ အနင်းခံခြင်း၊ အနှိပ်ခံခြင်းကိုလည်း ရှောင်ကြဉ်ရမည်။ စိတ်တည်ငြိမ်စေရန် တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်းများကို ပြုလုပ်ပေးရမည်။ ညီညာပြန့်ပြူးပြီး လေဝင်လေထွက် ကောင်းသော နေရာတွင်သာ အိပ်သင့်သည်။ ဖြစ်ပွားသော နေရာများကို လေဝင်လေထွက် မရှိသော ထူထဲသောအဝတ်များ၊ ပတ်တီးများစည်းခြင်းကို အထူးရှောင်ကြဉ်ရမည်။ မြန်မာ့ တိုင်းရင်း ဆေးပညာအရ အသားပုပ်ဆွေးနာ အခြောက်သည် ကုသရာတွင် လွယ်ကူစွာ ပျောက်ကင်းနိုင်သော်လည်း   အသားပုပ်ဆွေးနာ အစိုသည် လွယ်ကူစွာ မပျောက်ကင်းနိုင်ပါ။     ဆေးလိပ်သောက်သူများ အနေဖြင့် ဆေးလိပ်ကို ဖြည်းဖြည်းချင်း ဖြတ်သင့်သည်။ ဤသို့ဖြင့် ဆေးလိပ်တာရှည်သောက်သူများ ခံစားရလေ့ရှိသော အသားပုပ်ဆွေးနာ အကြောင်း တင်ပြလိုက်ရပါသည်။   

မုဒိတာ (တောင်သာ)

Read 126 times
Rate this item
(0 votes)
Last modified on Tuesday, 19 March 2019 11:23