SJ WorldNews - шаблон joomla Авто

ဘူးလေးရာဖရုံဆင့် သို့မဟုတ် ဆီးချိုနှင့် တီဘီရောဂါ

Thursday, 21 March 2019 12:16 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့ကမ္ဘာကြီးကို ခြိမ်းခြောက်လျက်ရှိသော ရောဂါများကို လေ့လာကြည့်ပါက  အဓိကအားဖြင့် ကူးစက်တတ်သော ရောဂါများနှင့် မကူးစက်တတ်သော ရောဂါများဟူ၍  အုပ်စုနှစ်စုရှိသည်ကို တွေ့ရှိရသည်။  ကူးစက်တတ်သော ရောဂါများတွင် တီဘီရောဂါသည်  ကြောက်စရာ အကောင်းဆုံးထဲတွင်  ပါဝင်သည်။  ထို့အတူ  မကူးစက်တတ်သော ရောဂါများတွင်    ဆီးချိုရောဂါသည်လည်း ကြောက်စရာ အကောင်းဆုံး ရောဂါထဲတွင် ပါဝင်သည်။ ထိုမျှ ကြောက်စရာကောင်းသော ရောဂါနှစ်ခုကို တစ်ပြိုင်တည်း ခံစားရသော လူနာတစ်ဦးအဖို့ ဘူးလေးရာဖရုံဆင့်ဆိုသကဲ့သို့ ၎င်းရောဂါများ၏ ဒဏ်ကို  အလူးအလဲခံရမည်ဆိုသည့် အချက်မှာ တွေးကြည့်၍ပင် သိနိုင်ပေလိမ့်မည်။

တီဘီရောဂါ

ပထမဦးစွာတီဘီရောဂါ အကြောင်းကို  ရှင်းပြလိုသည်။ တီဘီရောဂါဆိုသည်မှာ   မိုက်ကိုဗက်တီးရီးယမ်း ကျူဘာကူလိုဆစ်ဟု ခေါ်သော ဗက်တီးရီးယား ပိုးကြောင့် ဖြစ်ပြီးအဓိကအားဖြင့်    အဆုတ်တွင် ဖြစ်ပွားလေ့ရှိသည်။  အဆုတ်တီဘီရောဂါ ရှိသော    လူနာမှ ချောင်းဆိုးခြင်း၊   နှာချေခြင်းဖြင့်   လေမှတစ်ဆင့် အခြားသူများကို ကူးစက်နိုင်ပါသည်။တီဘီရောဂါသည် ကမ္ဘာပေါ်တွင်   အဓိကကျန်းမာရေး ပြဿနာ တစ်ရပ်ဖြစ်ပြီး  လူသန်းပေါင်း များစွာကို  နှစ်စဉ်ကူးစက်လျက်ရှိသည်။ ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ကိန်းဂဏန်းများအရ တစ်ကမ္ဘာလုံးတွင် တီဘီရောဂါဖြစ်ပွားသူ ၁ဝ ဒသမ ၄ သန်းခန့်ရှိပြီး သေဆုံးသူမှာ ၁ ဒသမ ၈ သန်းခန့်ရှိကြောင်း တွေ့ရှိရသည်။ ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တီဘီလူနာသစ် ဦးရေမှာ လူဦးရေတစ်သိန်းလျှင် ၃၆၅ ဦး ရှိပြီး တီဘီကြောင့် သေဆုံးသူဦးရေမှာ  လူဦးရေတစ်သိန်းလျှင် ၄၉ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသည်  ကမ္ဘာ့တီဘီရောဂါအဖြစ် အများဆုံးနိုင်ငံ ၃ဝ နှင့် ဆေးယဉ်ပါးတီဘီရောဂါ အဖြစ်များဆုံး နိုင်ငံ ၃ဝ အတွင်း ပါဝင်လျက်ရှိသည်။ ထို့ကြောင့် တီဘီရောဂါသည်   အဓိကဦးစားပေး ဖြေရှင်းရမည့် ပြဿနာတစ်ခုဖြစ်သည်။

 တီဘီရောဂါသည် အသက်အရွယ်၊ ကျား၊ မ နေရာဒေသ မရွေး လူတိုင်းဖြစ်ပွားနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။ ဆီးချိုရောဂါရှိသူများ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှိသူများ၊ အာဟာရချို့တဲ့သူများ၊ ငါးနှစ်အောက် ကလေးသူငယ်များနှင့် အသက် ၆ဝ နှင့်အထက် အသက်ကြီးပိုင်းများတွင်     ပို၍အဖြစ်များသည်ကို တွေ့ရှိရသည်။

တီဘီရောဂါ၏ ရောဂါလက္ခဏာများမှာ- နှစ်ပတ်ထက်ပို၍ ချောင်းဆိုးခြင်း၊ ချောင်းဆိုးသည့်အခါ သွေးပါခြင်း၊ ညနေဘက်တွင် တငွေ့ငွေ့ဖျားခြင်း၊  ညဘက်တွင် ချွေးအလွန်အမင်းထွက်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်းနှင့် ခံတွင်းပျက်ခြင်းတို့ ဖြစ်သည်။

အထက်ပါရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်းသို့ အမြန်ဆုံးပြသသင့်သည်။ အဆုတ်တီဘီရောဂါကို အဓိကအားဖြင့်  သလိပ်စစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်ကြည့်ခြင်းအားဖြင့် ရောဂါရှိ၊ မရှိသိရှိနိုင်သည်။ အကယ်၍ တီဘီရောဂါတွေ့ရှိခဲ့လျှင်လည်း စိတ်ဓာတ် အလွန်အမင်းကျရန် မလိုပေ။ တီဘီရောဂါကို ကုသမှုခံယူရာတွင် မှန်လေးမှန်ကို လိုက်နာကျင့်သုံးပါက ရောဂါလုံးဝ ပျောက်ကင်းနိုင်သည်။ ၎င်းမှန် လေးမှန်မှာ ဆေးအမျိုးအစားမှန်၊ ဆေးသောက်ချိန်မှန်၊ ဆေးလုံးရေမှန်နှင့် ဆေးသောက်ကာလမှန် တို့ဖြစ်သည်။

သလိပ်ပိုးတွေ့ရှိသော   တီဘီလူနာတစ်ဦးသည် ဆေးကုသမှု မခံယူဘဲနေပါက  တစ်နှစ်အတွင်း အခြားသူ ၁ဝ ဦးမှ ၁၅ ဦးအထိကူးစက်နိုင်ပြီး စနစ်တကျ ဆေးကုသမှု ခံယူလိုက်ပါက နှစ်ပတ်မှ လေးပတ်အတွင်း အခြားသူများသို့ ကူးစက်နိုင်စွမ်းများစွာ လျော့နည်းသွားမည်ဖြစ်သည်။ထို့ပြင် တီဘီဆေးကို မှန်မှန်မသောက်ပါက ဆေးယဉ်ပါးတီဘီ ဖြစ်နိုင်သည်။ ဆေးယဉ်ပါး တီဘီဖြစ်ပါက ဆေးကုသချိန် ပိုမိုကြာမြင့်နိုင်ပြီး  အသက်ဆုံးသည် အထိဖြစ်နိုင်သည်။

ဤမျှကြောက်စရာကောင်းသော ရောဂါဆိုးကြီးကို   ကာကွယ်တွန်းလှန်နိုင်ရန် အတွက်     နှာချေ၊ ချောင်းဆိုးတိုင်း  ပါးစပ်နှင့်နှာခေါင်းကို  လက်ကိုင်ပဝါဖြင့် အုပ်၍ဆိုးပါ။ သလိပ်တံတွေးကို နေရာတကာ မထွေးဘဲ  အဖုံးရှိသော ခွက်အတွင်းသို့  စနစ်တကျထွေးပါ။

ခွက်ထဲရှိ သလိပ်တံတွေးများကို မြေမြှုပ်ခြင်း သို့မဟုတ် မီးရှို့၍ဖျက်ဆီးခြင်းများ ပြုလုပ်ပါ။ အာဟာရမျှတအောင် စားသောက်ပါ။ လေဝင်လေထွက်ကောင်းသော အခန်းတွင် နေထိုင်ပါ။ဆေးကိုဆရာဝန် ညွှန်ကြားသည့်အတိုင်း အတိအကျလိုက်နာ သောက်သုံးပါ။ မိမိပတ်ဝန်းကျင်တွင် တီဘီသံသယ လူနာတစ်ဦးတွေ့ရှိပါက      စနစ်တကျ ဆေးကုသမှုခံယူနိုင်ရန် ကူညီလမ်းညွှန်ပေးပါ။

ဆီးချိုရောဂါ

ဆီးချိုရောဂါဆိုသည်မှာ မုန့်ချိုအိတ်ဟုခေါ်သော ပန်ကရိယမှ   အင်ဆူလင်ဟော်မုန်း အထွက်နည်းခြင်း သို့မဟုတ် ကိုယ်ခန္ဓာမှအင်ဆူလင် ဟော်မုန်းခုခံအားများခြင်းကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကိုခေါ်သည်။ ကမ္ဘာ့ဆီးချိုအဖွဲ့၏ ခန့်မှန်းချက်အရ ၂ဝ၁၇ ခုနှစ်တွင်ဆီးချိုဝေဒနာရှင်ပေါင်း ၄၅၁ သန်းအထိ ရှိနေသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ စစ်တမ်းများအရ  ၂ဝ၁၄ ခုနှစ်တွင် ဆီးချိုရောဂါရှိသူများမှာ စုစုပေါင်းလူဦးရေ၏ ၁ဝ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး ကနဦးဆီးချိုဝေဒနာရှင်များမှာ  ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ ¤င်းစာရင်းများအရ  မြန်မာနိုင်ငံရှိ လူ ၁ဝ ဦးတွင် တစ်ဦးမှာ ဆီးချိုဝေဒနာ ခံစားနေရပြီး လူ ငါးဦးတွင် တစ်ဦးမှာ ကနဦးဆီးချိုရောဂါ ရှိနေသည်ကို တွေ့ရှိရသည်။

ဆီးချိုရောဂါ အမျိုးအစားများကို အနည်းငယ်ရှင်းပြလိုသည်။ ၎င်းတို့မှာ-အမျိုးအစား ၁ ဆီးချိုရောဂါ၊ အမျိုးအစား ၂ ဆီးချိုရောဂါ၊ ကိုယ်ဝန်ဆောင်မိခင်များတွင် တွေ့ရသော ဆီးချိုရောဂါနှင့် အခြားဆီးချို အမျိုးအစားများဖြစ်သည်။

ဆီးချိုရောဂါ လက္ခဏာများကိုလည်း သိရှိထားရန် လိုအပ်သည်။၎င်းတို့မှာ- မကြာခဏ ဆီးသွားခြင်း၊ ရေငတ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အနာကျက်နှေးခြင်းနှင့် ကိုယ်ခန္ဓာ ယားယံခြင်းတို့ဖြစ်သည်။

ဆီးချိုရောဂါကို  စနစ်တကျ ကုသမှုမခံယူပါက နောက်ဆက်တွဲ ဆင့်ပွားရောဂါများကို  ခံစားရနိုင်သည်။

၎င်းတို့မှာ-လေဖြန်းခြင်း၊ လေဖြတ်ခြင်း၊ မျက်စိအမြင်လွှာ ပျက်စီးခြင်း၊ အတွင်းတိမ်ဖြစ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း၊ ပျက်စီးခြင်း၊ ခြေဖျားလက်ဖျား သွေးကြောကျဉ်းခြင်း၊ လက်ဖျားခြေဖျား ထုံကျဉ်ခြင်း၊ ကိုက်ခဲခြင်း၊ ခြေထောက်အနာဖြစ်၍ ခြေထောက်ဖြတ်ရသည်အထိ ဖြစ်ပွားခြင်းတို့ဖြစ်သည်။

ဆီးချိုရောဂါကိုကုသရာတွင် ပထမဦးစွာ နေထိုင်စားသောက်မှုဆိုင်ရာ နည်းလမ်းများဖြင့်  ကုသရန် လိုအပ်ပါသည်။ ၎င်းနည်းလမ်းများမှာ- ကစီဓာတ် ပါဝင်မှုများသော အစားအစာများကို လျှော့စားပါ၊ အချိုလွန်ကဲသော အစားအစာများကိုရှောင်ပါ။ အဆီအအိမ့်များကို ရှောင်ပါ၊ အသားငါးကို သင့်တင့်မျှတအောင် စားပါ။ အမျှင်ဓာတ်ပါဝင်သော အစားအစာများကို များများစားပါ။ ရေများများသောက်ပါ။   အဝမလွန်အောင် ထိန်းသိမ်းပါ။

စိတ်ဖိစီးမှုကိုလျှော့ချပါ။အငန်လျှော့စားပါ။အရက်အလွန်အကျွံ သောက်ခြင်းကို ရှောင်ပါ။ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။ ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်လုပ်ပါ။ နေထိုင် စားသောက်မှုဆိုင်ရာ နည်းလမ်းများဖြင့်  ကုသသော်လည်း ရှိသင့်သည့် သွေးတွင်းသကြား

ဓာတ်ပမာဏကို မရရှိပါက သောက်ဆေးများဖြင့် ကုသရန်လိုအပ်ပါသည်။ သောက်ဆေးများဖြင့် ဆီးချိုရောဂါကို မထိန်းနိုင်ပါက အင်ဆူလင်ထိုးဆေးဖြင့် ကုသရန် လိုအပ်သည်။ သို့သော်ဆီးချိုဝေဒနာရှင်များတွင် တီဘီရောဂါရှိပါက  အင်ဆူလင်ထိုးဆေးကို ဦးစားပေးအနေဖြင့် အသုံးပြုရန် လိုအပ်သည်။ အင်ဆူလင်ထိုးရန် အဆင်မပြေမှသာ သောက်ဆေးကို စဉ်းစားသင့်သည်။

တီဘီရောဂါနှင့် ဆီးချိုရောဂါတို့၏ ဆက်နွှယ်မှု

ကမ္ဘာတစ်ဝန်းရှိ တီဘီရောဂါရှိသူများ၏ ၁ဝ ရာခိုင်နှုန်းခန့်မှာ ဆီးချိုရောဂါရှိနေကြောင်း တွေ့ရှိရသည်။ ထို့အတူ ဆီးချိုရောဂါရှိသူများသည် ဆီးချိုရောဂါ မရှိသူများထက် တီဘီရောဂါဖြစ်ပွားနိုင်ခြေ နှစ်ဆမှသုံးဆခန့်ပိုများသည်ကို တွေ့ရှိရသည်။ ထို့ပြင် ဆီးချိုလူနာများတွင် တီဘီရောဂါ လက္ခဏာများသည် ပုံမှန်တွေ့နေကျဖြစ်သော ပုံစံဖြင့်မလာတတ်သောကြောင့်  တီဘီရောဂါ ရှာဖွေတွေ့ရှိမှု နောက်ကျခြင်းများဖြစ်နိုင်သည်။ စောစီးစွာ ရောဂါရှာဖွေ ကုသခြင်းဖြင့်  ရောဂါနှစ်မျိုးလုံးကို ပိုမိုထိန်းချုပ်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍  တီဘီရောဂါရှိသော လူနာများကို ဆီးချိုရှိ၊ မရှိစစ်ဆေးရန်  လိုအပ်သကဲ့သို့  ဆီးချိုဝေဒနာရှင်များကိုလည်း တီဘီရောဂါရှိ၊မရှိ စစ်ဆေးရန် လိုအပ်သည်။

ဆီးချိုရောဂါသည် တီဘီရောဂါ၏  နောက်ဆက်တွဲ ရောဂါများကို ပိုမိုဆိုးရွားစေပြီး  တီဘီရောဂါသည်လည်း ဆီးချိုရောဂါကို ထိန်းချုပ်ရန် ပိုမိုခက်ခဲစေသည်။ သို့ဖြစ်၍  ကျွမ်းကျင်သော ဆရာဝန်များနှင့် စနစ်တကျ ကုသရန် လိုအပ်ပေသည်။ ထိုသို့ စနစ်တကျ ကုသမှုမခံယူပါက မုန့်လုံးစက္ကူကပ်သကဲ့သို့ လုံးလည်ချာလည်လိုက်ပြီး အသက်ဆုံးရှုံးသည် အထိ ဖြစ်နိုင်ကြောင်း တင်ပြလိုက်ရသည်။        

ဒေါက်တာ သိန်းစိုးထွန်း

Read 128 times
Rate this item
(0 votes)
Last modified on Thursday, 21 March 2019 12:18