SJ WorldNews - шаблон joomla Авто

စိတ်တို အသက်တို စိတ်ရှည် အသက်ရှည်

Tuesday, 26 March 2019 11:35 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့ခေတ် သတင်းစာ၊ ဂျာနယ်များဖတ်လျှင် နေ့စဉ်နှင့်အမျှ လူသတ်မှု၊ ဓားခုတ်မှု၊  ဓားထိုးမှု၊  ရန်ပွဲများအကြောင်းကို ဖတ်ရှုရသည်။   ထိုသို့ သတ်ကြ၊ ဖြတ်ကြ၊ ရန်ဖြစ်ကြခြင်း၏ အကြောင်းရင်းခံများကို ဖတ်ရှုရသောအခါ သာမန်ကိစ္စ အသေးအဖွဲလေးမှ စတင်ပြီး စိတ်တို၊ စိတ်တိုရာမှ ဒေါသထွက်၊ ဒေါသ၏ နောက်ဆက်တွဲအဖြစ် တုတ်ဆွဲ၊ ဓားဆွဲသတ်ပွဲများ ဖြစ်ကြရသည်။

လူအချင်းချင်း သာမန်ခွင့်လွှတ်သင့်သည်များကို ခွင့်မလွှတ်ကြ။ ဒေါသအလျောက် ဖြေရှင်းကြသည်။ မဖြစ်သင့်တာဖြစ်၊ သေသူသေ၊ ထောင်ကျသူကျ၊ ဘဝပျက်သူ ပျက်ကြရသည်။

အနိဋ္ဌာရုံ သတင်းများကို နေ့စဉ်ဖတ်ရှုနေရသူ၊ ကြားသိနေရသူများမှာ ကိုယ်တိုင်မမြင်ရသော်လည်း ကြားသိရသည်နှင့်ပင် စိတ်မချမ်းမသာ ဖြစ်ကြရသည်။   စိတ်မချမ်းသာခြင်းကြောင့်ပင် ရောဂါရပြီး အသက်တိုနိုင်သည်။

တိုင်းရင်းဆေးပညာတွင် ဝါယော(လေဓာတ်) အမျိုးမျိုး ရှိသည့်အနက် စိတ္တဇဝါယောဟု ခေါ်သည့် (စိတ်ကြောင့်ဖြစ်သော ဝါယော) တစ်မျိုးရှိသည်။

စိတ်ထိခိုက်သွားသည်နှင့် စိတ္တဇဝါယောသည် ထကြွတော့သည်။ ဝါယောလွန်လျှင် ပထမဦးစွာ အစာမကြေရောဂါဖြစ်လာသည်။ လေပွပြီး မစားချင်၊ မသောက်ချင်ဖြစ်လာသည်။ အစာမကြေခြင်းသည် ရောဂါမှန်သမျှ၏ အစပင်ဖြစ်သည်။ (ရောဂါမူလံ အဇိဏ္ဏကံ)။

စာရေးသူတွင် သားသမီးလေးဦးရှိရာ သမီးအကြီးဆုံးသည် အလွန်စိတ်ကြီးသည်။ မဟုတ်မခံစိတ်ရှိသည်။ သူ့အောက်ညီမငယ်၊ မောင်ငယ်များအပေါ် အလိုမကျမှုများ ရှိလျှင် ဆူပူလေ့ရှိပြီး သူ့လုပ်ငန်းရှိ ဝန်ထမ်းများ အပေါ်တွင်လည်း စည်းကမ်းကြီးသည်။ တစ်ခါတစ်ရံ စိတ်တိုင်းမကျလျှင် အစာစားချိန်ကို မစားဘဲ အလုပ်ကို အချိန်ပိုလုပ်လေ့ ရှိသည်။ မကြာမီကထိုသမီးကြီးတွင် ရောဂါဝေဒနာတစ်ခု ရလာသည်။ ထိုရောဂါမှာ အစာမကြေရာမှ စသော အစာအိမ်ရောင် ရောဂါပင်ဖြစ်သည်။

အစာအိမ်ရောင် ရောဂါရှိသူများသည် ဆေးသောက်တိုင်း မပျောက်၊ အစားဆင်ခြင်မှ ပျောက်နိုင်သည်။ အစာမကြေနိုင်သော မာကျောသော အစာများ မစားရ။ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ခေါက်ဆွဲပြုတ်စသည့် ကြေလွယ်သော အစာများကိုစားမှ အစာအိမ် အရောင်ကျမည်ဖြစ်သည်။ ပူစပ်၊ ချဉ်သော အရသာများကိုလည်း ရှောင်ရသည်။ အစပ်ကြိုက်သူများအစာအိမ်ရောင်တတ်သည်။ အကြော်အလှော်များကို စားလျှင် မကြေနိုင်သော အစာအစအနများသည် အစာအိမ်နံရံတွင် စူးနိုင်သဖြင့် ဆီကြော်များ၊ အကြွပ်ကြော်များကိုလည်း ရှောင်ရသည်။

ရက်ကြာကြာ အစာရှောင်နေရသော စာရေးသူ၏ သမီးကြီးသည် ရောဂါဝေဒနာ သက်သာ၍ ပျောက်ကင်းလုနီးသော အခါမှ သူစားချင်တာ မစားရဟု စိတ်တို၍ အပူအစပ်များ စားလိုက်ပြန်ရာ အစာအိမ်ပြန်ရောင်ပြီး ဆေးရုံတက်ရလုနီးပါး အခြေအနေသို့ ရောက်ခဲ့ဖူးသည်။ စိတ်တိုခြင်းကြောင့် ရောဂါ ပိုဆိုးတတ်သည်ကို သတိပြုဖို့ လိုသည်။

တစ်ခါက စာရေးသူ၏ မိတ်ဆွေ ဆီးချိုဝေဒနာရှင် တစ်ဦးသည် အထူးကု ဆရာဝန်ကြီးများနှင့် ကုသပြီး သက်သာပျောက်ကင်း နေရာမှ မိသားစုက ထမင်းဝိုင်းတွင်   သရက်သီးမှည့်များ စားနေကြသည်ကို မိမိမှာ မစားရဟု စိတ်တိုပြီး စားမိလိုက်သည်။

နောက်တစ်ရက်တွင် ဆီးချိုသွေးချို များစွာတက်ပြီး သတိလစ်သွား၍ ဆေးရုံတင်ရပြီး လေဖြတ်သလိုဖြစ်သွားသည်။ ယနေ့အထိ ခန္ဓာကိုယ် တစ်ခြမ်းလေးသလို ဝေဒနာ ခံစားနေရသည်။ အစားအသောက်ကြောင့် စိတ်တိုခြင်းက ဒုက္ခပေးသည့် အဖြစ်ဆိုး။

အိမ်တစ်အိမ်တွင် ရောဂါဝေဒနာ(ဥပမာ- ဆီးချို၊သွေးတိုး)ရှိသူနှင့် အတူနေရလျှင် ထိုသူမတည့်သည့် အစားအစာကို အခြားအိမ်သားများက မစားသင့်ပေ။ အကယ်၍ စားလျှင်လည်း အတူမစားဘဲ သီးခြားအချိန် ခွဲခြား၍ စားသောက်သင့်သည်။ အချို့စိတ်တိုလွယ်သူများသည် သူများစား၍ မိမိမစားရလျှင်၊ သူများလုပ်နိုင်သည်ကို မိမိမလုပ်နိုင်လျှင် စိတ်တိုတတ်ကြသည်။ ထိုစိတ်တိုမှုကြောင့်ပင် သူတို့ ဒုက္ခရောက်တတ်သည်။

စာရေးသူငယ်စဉ်က အိမ်နီးချင်း အဒေါ်ကြီးတစ်ဦးမှာ သားသမီးများကို ဆုံးမရာမှ စိတ်ကြီးပြီး တက်သွားရာ   အသက်ဆုံးရှုံးသွားသည်ကို တွေ့ဖူးသည်။ သူ၏သားသမီးများမှာ   များစွာ စိတ်ထိခိုက်ကြရသည်။ ''စိတ်တိုအသက်တို'' ဆိုသော စကားမှာ    အလွန်မှန်သော စကားဖြစ်သည်ကို  လက်တွေ့ တွေ့ခဲ့ရဖူးသည်။

ရှေးကဆေးကျမ်းများတွင် စိတ်တိုသူများသည် အဖျားရောဂါ ဖြစ်နိုင်သည်ဟု ဆိုသည်။ စိတ်ကြီးခြင်း၊ စိတ်တိုခြင်း၊ စိတ်သောက များခြင်းကြောင့် အဖျားရောဂါဖြစ်နိုင်သည်။ စိတ်တိုသူများသည် အညောင်းအကိုက် အားကြီးသည်ဟု အဆိုရှိသည်။

ရှေးက တိုင်းရင်း ဆေးဆရာကြီးများ လက်စွဲပြုရသော''ရှုတော်မူဆေး အဘိဓာန်ကျမ်း''၌  အဖျားရောဂါဖြစ်ရခြင်း အကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။

အဖျားရောဂါဆိုသည်မှာ ကိုယ်ဣနြေ္ဒ စိတ်များကို ပူပန်စေတတ်၏။ ခပ်သိမ်းသော အနာတို့ထက် ကြီးသည်ဟုဆိုရ၏။ အကြင်အနာသည် ချွေးထွက်ခြင်းမရှိ ချုပ်၏။ ကိုယ်ပူပန်၏။ ကိုယ်လက်ကိုက်ခဲ တောင့်တင်း ကျဉ်နာခြင်းစသည်ဖြစ်တတ်၏။ ထိုအနာကို အဖျားဟူ၍ သာမန်အားဖြင့် ခေါ်ဆိုရ၏။ ထိုအဖျားမျိုးတို့၌ ဖျားခြင်း ကိုးပါးအပြား ရှိသည်ဟု ဆို၏။ ကိုးပါးဟူသော်ကား-

၁။ ဥတုအပြောင်းအလဲ၌ ဖြစ်တတ်သောအဖျား၊

၂။ မသင့်သောအစာကို စားမိခြင်း၊ ရေချိုးမှားခြင်းကြောင့် ဖြစ်သော အဖျား၊

၃။ ကာမဂုဏ် လွန်ကြူး၍ဖြစ်သော အဖျား၊

၎။ သွေးရဲသံရဲကိုမြင်၍ ထိတ်လန့်ခြင်းကြောင့် ဖြစ်သောအဖျား၊

၅။ ရုက္ခစိုး၊ ဘုမ္မစိုး စသူတို့၏ ဖမ်းစားသော ပယောဂကြောင့် ဖျားသော အဖျား၊

၆။ ဒေါသအမျက်ကြီး၍ ဖြစ်သော အဖျား၊

၇။ လေထန်ရာအရပ်၌ အိပ်၍ ဖျားသောအဖျား၊

၈။ စည်းစိမ်ဥစ္စာ ပျက်စီး၍ ဖျားသောအဖျား၊

၉။ အညှော်အသင်း၊ မကောင်းသော အပုပ်နံ့စသည်တို့ကြောင့် ဖြစ်သော အဖျား။

ဤသို့သောအားဖြင့် ဖျားခြင်း အကြောင်းကိုးပါး ရှိသည်ဟုဆို၏။ (ရှုတော်မူ ဆေးအဘိဓာန်နှစ်စောင်တွဲ၊ ဆရာကြီးဦးဘသင်၊ ၁၉၅၂ ခုနှစ်ထုတ်မှ) အထက်ဖော်ပြပါကျမ်းပါ  ဖျားခြင်းကိုးပါးတွင် နံပါတ် ၆ ၌ ဒေါသအမျက်ကြီး၍ဖြစ်သော အဖျားဟူ၍ ဖော်ပြထားသည်ကို    လေ့လာတွေ့ရှိရသဖြင့် တင်ပြခြင်း ဖြစ်ပါသည်။

ပိုးကြောင့်ဖြစ်သောအဖျား၊ ဥတု အပြောင်းအလဲကြောင့် ဖြစ်သော အဖျား၊ ရေချိုးမှား၍ဖြစ်သော အဖျားတို့အပြင် ဒေါသကြောင့်ဖြစ်သော အဖျားဟူ၍ ရှေးဆေးကျမ်းများတွင် တွေ့ရှိရသည်။ 

ကြည်လွင်မြင့် (မုဒြာ)

ဆက်လက်ဖော်ပြပါမည်။

Read 107 times
Rate this item
(0 votes)
Last modified on Tuesday, 26 March 2019 11:36