SJ WorldNews - шаблон joomla Авто

ရေသောက်လွန်ခြင်းနှင့် ကျန်းမာရေး အန္တရာယ်

Thursday, 28 March 2019 09:04 Written by  font size decrease font size decrease font size increase font size increase font size

မရှိမဖြစ်သောက်ရေ

သွေးထဲတွင် အရည်ဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ပြီး ဦးနှောက်နှင့်ကြွက်သားတို့တွင် အရည်ဓာတ် ၇၅ ရာခိုင်နှုန်းနှင့် အရိုးထဲတွင်  ရေဓာတ် ၂၂ ရာခိုင်နှုန်း ပါရှိနေပါတယ်။ ပျမ်းမျှအားဖြင့် လူသားတစ်ယောက် အနှစ် ၈ဝ ခန့်သက်တမ်း ကာလအတွင်းမှာ ရေလီတာ ၇၅ဝဝဝ မျှ သောက်သုံးနိုင်ခဲ့ပါတယ်။ ရေက ကမ္ဘာကြီး၏ အပူချိန်ကို ထိန်းညှိပေးနိုင်သလို လူ့ခန္ဓာကိုယ်ကိုလည်း အပူချိန်မျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ထိုမျှမက ခန္ဓာကိုယ်ရှိ  အာဟာရပစ္စည်းများ၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟော်မုန်း၊ အညစ်အကြေးများကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ပေးသူကလည်း 'သောက်ရေ' ပဲဖြစ်ပါတယ်။

လှပမှုဆိုင်ရာရှုထောင့်မှကြည့်ရင်လည်း နေ့စဉ် ရေသုံးလီတာ သောက်ခြင်းက လက်ရှိအရွယ်ထက် အသက် ၁ဝ နှစ်လောက်ပို၍ ငယ်စေနိုင်ပါတယ်။ ရေသောက်ရန် အသင့်လျော်ဆုံး အချိန်များမှာ နံနက်အိပ်ရာထချိန်၊ ထမင်းမစားခင် နာရီဝက်ခန့်အလို၊ ထမင်းစားပြီးနောက် နာရီဝက်ခန့်အကြာ၊ ရေမချိုးခင်၊  ညအိပ်ရာမဝင်ခင်နှင့်  ညဘက်တစ်ရေးနိုးချိန်တို့ ဖြစ်ပါတယ်။ ရေလုံးဝမသောက်သင့်သော အချိန်မှာ ထမင်းစားချိန်ဖြစ်ပါတယ်။

လူတစ်ယောက်အတွက် တစ်နေ့တာ သောက်သုံးသင့်သော ရေပမာဏကို အောက်ဖော်ပြပါ ပုံသေနည်း အဆင့်ဆင့်အတိုင်း တွက်ချက်နိုင်ပါတယ်။

-   ခန္ဓာကိုယ် အလေးချိန်ကိုပေါင်(lb)ချိန်ပါ။ ပြီးရင် ၂ ဒသမ ၂ ဖြင့်    စားပါ။(ဥပမာ-ကိုယ် အလေးချိန် ၁၄၂ ပေါင် ÷၂ ဒသမ ၂ = ၆၄ ဒသမ  ၅၅ ပေါင်)

-  ရလာတဲ့ အဖြေကို ယခုရောက်ရှိနေသော မိမိအသက်ဖြင့်မြှောက်ပါ။ (ဥပမာ- ၆၄ ဒသမ ၅၅  ပေါင် x ၄၅ နှစ်=၂၉ဝ၄ ဒသမ ၇၅)

-  ရလာတဲ့ အဖြေကို ၂၈ ဒသမ ၃ ဖြင့်စားပါ။ (ဥပမာ- ၂၉ဝ၄ဒသမ ၇၅ ÷ ၂၈ ဒသမ ၃ = ၁ဝ၂ ဒသမ ၆၄ )

-  ရလာသော အဖြေသည် သင်တစ်နေ့တာအတွက် သောက်သုံးသင်သော ရေအလေးချိန် အောင်စဖြစ်ပါတယ်။(ဥပမာ ၁ဝ၂ ဒသမ ၆၄ အောင်စ)

-  ၎င်းရေအလေးချိန် အောင်စကို ၈ ဖြင့် စားပါ။ ထွက်ရှိလာတဲ့ အဖြေသည် သင်တစ်နေ့တာ အတွက် သောက်သုံးသင့်သော သောက်ရေခွက် ပမာဏဖြစ်ပါတယ်။ (ဥပမာ -၁ဝ၂ ဒသမ ၆၄  အောင်စ ÷ ၈ = ၁၃ ခွက်) ပုံမှန်ရေတစ်ဖန်ခွက် တစ်ခွက်လျှင် ၈ အောင်စခန့်ရှိသည်။

-  ဥပမာအနေဖြင့် တွက်ချက်ပြထားသည့်အတိုင်း   ကိုယ်အလေးချိန် ၁၄၂ ပေါင်ရှိသူသည် တစ်နေ့လျှင် သောက်ရေ ၁၃ ခွက်သောက် သင့်ပါတယ်။

သို့သော်  နေ့စဉ်လေ့ကျင့်ခန်း လုပ်သူများသည်  မိမိခန္ဓာကိုယ်က ရေကို တောင့်တနေသည့်အချိန်မှာ  ပို၍သောက်ပေးရမှာပါ။ ချွေးထွက်ခြင်း၊ အသက်ရှူခြင်း၊  အစာချေဖျက်ခြင်း ဖြစ်စဉ်များကြောင့်  ခန္ဓာကိုယ်က ရေဓာတ်ကို အချိန်တိုင်း လိုအပ်နေပါတယ်။ ဒါကြောင့် ကုန်ခန်းသွားသည့် အရည်ဓာတ်အတွက် ရေသောက်ပေးခြင်း၊ အရည်ဓာတ်များသော အစားအစာတွေ စားသောက်ပေးခြင်းဖြင့် အချိန်မီ ပြန်လည်ဖြည့်တင်း ပေးဖို့လိုပါတယ်။

ခန္ဓာကိုယ်ကြီးအတွင်း  ရေတစ်လီတာခန့် ဆုံးရှုံးသွားသည်ကို အချိန်မီ ပြန်လည်၍ မဖြည့်တင်းနိုင်ပါက   နိုးကြား တက်ကြွမှုမရှိနိုင်တော့ခြင်း၊အာရုံစူးစိုက်နိုင်မှု ကျဆင်းလာခြင်း၊ အမြင်အာရုံ လျော့နည်းသွားခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းများကို  မလွဲမသွေ ခံစားရပါလိမ့်မယ်။အကယ်၍ ရေလေးလီတာခန့် ဆုံးရှုံးသွားလျှင် မူးမော်ခြင်းနှင့် ခေါင်းကိုက်ခဲခြင်းကို ခံစားရပြီး ၁၂ လီတာအထိ ရေဆုံးရှုံးမှုဖြစ်ပေါ်လာပါက အသက်အန္တရာယ် ဖြစ်စေနိုင် ပါတယ်။

ရေသောက်လွန်ခြင်းနှင့် ကျန်းမာရေး အန္တရာယ်

-  သောက်ရေက မရှိမဖြစ် ဆိုသော်လည်း မိမိခန္ဓာကိုယ်မှ လိုအပ်နေသော ပမာဏထက် ရေတွေ ပိုသောက်မိတဲ့အခါ ၎င်းရေတွေက ခန္ဓာကိုယ်၏ ဆဲလ်များထဲရှိ သွေးကြောများထဲသို့ စီးဆင်းသွားပြီး ဆဲလ်တွေ ရောင်ရမ်း မှုကိုဖြစ်စေကာ လူကိုအန္တရာယ် ဖြစ်စေနိုင်ပါတယ်။

-  ခန္ဓာကိုယ်တွင်း  ရှိသင့်သည့်ရေပမာဏထက်  ပိုလျှံလာသည့်အခါ ဆိုဒီယမ်ကဲ့သို့သော ဓာတ်များ၏ ပါဝင်မှု အချိုးအစားမှာလည်း ရှိသင့်သည့် ပမာဏအောက် လျော့ကျသွားသည့် အတွက် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်များ ပျက်ယွင်းသွားနိုင်ပါတယ်။

-  လိုအပ်ချက် ပမာဏထက် ရေပိုသောက်လိုက်တဲ့အခါ ၎င်းပိုလျှံနေသော ရေတွေကို  ခန္ဓာကိုယ်ထဲမှ ဖယ်ရှားပစ်နိုင်ရန်အတွက် ကျောက်ကပ်က အလုပ်များပို၍ လုပ်ရတာကြောင့်  ကျောက်ကပ်ကို ဝန်ပိစေကာ အားအင်ကုန်ခန်း မောပန်းခြင်းတွေကို ခံစားရနိုင်ပါတယ်။

-  သွေးထဲတွင်  ရေပမာဏ လွန်ကဲလာသည့်အခါ  သွေးကျဲလာပြီး ရုတ်တရက် သွေးပေါင်ထိုးကျသွားခြင်းကို ဖြစ်စေနိုင်သလို အသက်အန္တရာယ်လည်း ရှိလာနိုင်ပါတယ်။

-  ပိုလျှံလာသော အရည်များကြောင့် ကိုယ်တွင်းဆဲလ်များက ပွလာနိုင်သော်လည်း ဦးနှောက်ဆဲလ်များကမူ အလိုက်သင့် ပွလာနိုင်စွမ်း မရှိသဖြင့်  ခေါင်းကိုက်၊ သတိလစ်၊ မေ့မြောခြင်းအပြင် အဆိုးဆုံး အခြေအနေမှာ အသက် ဆုံးရှုံးသည် အထိဖြစ်ပေါ်နိုင်ပါတယ်။

-  လူတချို့က မိမိကိုယ်ကို ရေအလွန်အကျွံ သောက်မိနေသည်ကို သတိ      မထားမိတတ်ကြပေ။ အောက်ဖော်ပြပါ အပြုအမူများက ရေအလွန်အကျွံ သောက်မိနေတတ်၍ ဆင်ခြင်ကြည့်ပါ။

-  အချိန်တိုင်းလိုလို မိမိနှင့်အတူ သောက်ရေခွက်၊ သောက်ရေဘူးရှိနေခြင်း။

-  ရေမဆာသော်လည်း ရေသောက်မိနေခြင်း။

-  ဆီးအရောင်သည် ရေကဲ့သို့ကြည်လင်နေခြင်း။

-  နေ့၊ ည မကြာခဏ ဆိုသလိုဆီးသွားခြင်း။ (မိနစ် ၃ဝ ကြာတိုင်း ဆီးသွားခြင်း)

- အကြောင်းပြချက်မရှိ ခေါင်းကိုက်ခဲနေခြင်း။

- အကြောင်းပြချက်မရှိ နှာစေးခြင်း။

- လက်ဖျား၊ ခြေဖျား၊ နှုတ်ခမ်းသားများတွင် အကြောင်းပြချက်မရှိဘဲ ရောင်ကိုင်းခြင်းနှင့် အရောင်ဖျော့နေခြင်း။

-  ကြွက်သားများ အားနည်းခြင်း၊ ကြွက်တက်သလိုဖြစ်ခြင်း(ထိုအချိန်တွင် ခန္ဓာကိုယ်တွင်း electrolyte  ပမာဏညီညွတ်မျှတမှု ရှိစေရန်အတွက်အုန်းစိမ်းရည်ကို မဖြစ်မနေ သောက်ပါ)

-  အကြောင်းပြချက်မရှိ မောပန်းနေခြင်း။

အောက်ဖော်ပြပါ အခြေအနေမျိုးတွင် ရေများများ သောက်သုံးခြင်းကို ရပ်ထားသင့်ပါတယ်။

-  အကယ်၍သင်သည် ဆီးချိုရောဂါသည် သို့မဟုတ် ကျောက်ကပ်ဝေဒနာသည် တစ်ယောက်ဖြစ်နေပါက ဆရာဝန်နှင့်ပြသ၍ မိမိအနေဖြင့် နေ့စဉ်သောက်ရေပမာဏ မည်မျှသောက်သင့်ကြောင်း ဆွေးနွေးတိုင်ပင်ပါ။

-  အကယ်၍ သင်သည် လေ့ကျင့်ခန်း ပုံမှန်လုပ်သူဖြစ်ပါက လေ့ကျင့်ခန်းလုပ်နေစဉ်မှာ  ရေသောက်သုံးနိုင်သော်လည်း လေ့ကျင့်ခန်း   ပြင်းပြင်းလုပ်သူဖြစ်ပါက ခန္ဓာကိုယ်တွင်း electrolytes ပမာဏ မျှတစေရန်အတွက် သောက်ရေ အစား sports drinks ကိုသာ သောက်သင့်ပါတယ်။

-  အားကစားသမားများသည် ရေကိုလွန်လွန်ကြူးကြူး သောက်မိသွားနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း  ရေအချိုးအစား ညီညွတ်မှုရှိစေရန် အတွက် အားကစား လေ့ကျင့်ခန်းမယူခင် မိမိ၏ ကိုယ်အလေးချိန်(ပေါင်ချိန်)ကို တိုင်းတာချိန်ယူ၍ မိမိ၏ အသက်အရွယ်ဖြင့် တွက်ချက်ကာ သောက်သုံးသင့်သောရေ ပမာဏအတိုင်း ချင့်ချိန်၍ သောက်သင့်ပါတယ်။

သို့ပါ၍ မိမိ၏ တစ်နေ့တာလုံးတွင် သောက်ရေကို အတိုင်းအဆမရှိ လွန်လွန်ကဲကဲ သောက်သုံးခြင်းမှ ရှောင်ရှားခြင်းဖြင့် သက်ရှည် ကျန်းမာနိုင်ကြပါစေကြောင်း အကြံပြု လိုက်ရပါသည်။    

ပေါက်ပေါက်

Read 267 times
Rate this item
(0 votes)
Last modified on Thursday, 28 March 2019 09:06