SJ WorldNews - шаблон joomla Авто

အဝလွန်ရောဂါမဖြစ်စေရန် နည်းလမ်းကောင်းများ

Friday, 29 March 2019 11:55 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာကြီးသည် အရှိန်အဟုန်ပြင်းစွာ တိုးတက်ပြောင်းလဲလျက်ရှိသည်။ တိုးတက်လာမှုနှင့်အတူ နေထိုင်စားသောက်မှု ပုံစံများလည်း ပြောင်းလဲလာသည်ကို တွေ့ရှိရသည်။ ထိုသို့ပြောင်းလဲမှု၏ ဘေးထွက် ဆိုးကျိုးများတွင် အဝလွန်ရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ မှတ်တမ်းများအရ ၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာပေါ်ရှိလူဦးရေ ၁ ဒသမ ၉ ဘီလီယံခန့်မှာ အဝလွန်ရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိရသည်။ အဝလွန်ရောဂါ ရှိ၊မရှိကို သိရှိနိုင်ရန်အတွက် ကိုယ်အလေးချိန် သိပ်သည်းဆ(Body Mass Index - BMI) အား တွက်ချက်ရန် လိုအပ်သည်။ ထို့ပြင် ခါးတင်အချိုး (Waist Hip Ratio: WHR) သည်လည်း အဝလွန်ရောဂါနှင့် ပတ်သက်သည့် အရေးကြီးသော တိုင်းတာမှုတစ်ခုဖြစ်သည်။

သင့်မှာအဝလွန်ရောဂါ ရှိနေပြီလား

မိမိမှာအဝလွန်ရောဂါ ရှိ၊မရှိ သိရှိနိုင်ရန်အတွက် မိမိ၏ ကိုယ်အလေးချိန် သိပ်သည်းဆ(BMI)ကို သိရှိရန် လိုအပ်သည်။ ကိုယ်အလေးချိန် သိပ်သည်းဆအား အောက်ပါ formulaကို အသုံးပြု၍တွက်ချက်နိုင်ပါသည်။

 

ကိုယ်အလေးချိန် သိပ်သည်းဆကို ဥပမာအနေဖြင့် တွက်ပြလိုပါသည်။

ဥပမာ(၁) ကိုယ်အလေးချိန် ၆ဝ ကီလိုဂရမ်နှင့် အရပ် ၁ ဒသမ ၆၅ မီတာ ရှိသော လူတစ်ဦး၏ BMIမှာ ၆ဝ/၁ ဒသမ ၆၅ x ၁ ဒသမ ၆၅ = ၆ဝ/၂ ဒသမ ၇၂၂၅ = ၂၂ ဒသမ ဝ၃ ဖြစ်ပါသည်။

ဥပမာ(၂) ကိုယ်အလေးချိန် ၁၃၅ ပေါင်နှင့် အရပ် ၅ ပေ ၆ လက်မ (၆၆ လက်မ) ရှိသော လူတစ်ဦး၏ BMIမှာ ၁၃၅ x ၇ဝ၃/ ၆၆ x ၆၆ = ၉၄၉ဝ၅/၄၃၅၆ = ၂၁ ဒသမ ၇၈ ဖြစ်ပါသည်။  BMI ပေါ်မူတည်၍ အောက်ပါအတိုင်းခွဲခြားနိုင်ပါသည်။

၎င်းတို့မှာ-

(၁) ၁၈ ဒသမ ၅ အောက် = > ပုံမှန်အောက်(Under Weight)

(၂) ၁၈ ဒသမ ၅ - ၂၄ ဒသမ ၉ အတွင်း = > ပုံမှန်(Normal)

(၃) ၂၅ - ၂၉ ဒသမ ၉ အတွင်း => ပုံမှန်အထက်(Over Weight)

(၄) ၃ဝ နှင့် အထက်= > အဝလွန်(Obesity)တို့ဖြစ်ပါသည်။

နောက်ဆက်တွဲ ဆိုးကျိုးများ

ဆက်လက်၍ အဝလွန်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ဖော်ပြလိုသည်။ ၎င်းတို့မှာ-

 (၁) သွေးတိုးရောဂါခံစားရခြင်း

 (၂) နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း

 (၃) ဆီးချိုရောဂါဖြစ်နိုင်ခြင်း

 (၄) လေဖြတ်ခြင်း

 (၅) အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း

 (၆) သည်းခြေကျောက်တည်ခြင်း

 (၇) အဆစ်ရောင်ဂေါက်ရောဂါခံစားရနိုင်ခြင်း

 (၈) ပန်းသေ၊ ပန်းညှိုးခြင်း

 (၉) အိပ်ပျော်နေစဉ် အသက်ရှူမမှန်ဖြစ်ခြင်း

 (၁ဝ) မုန့်ချိုအိတ်ရောင်ရမ်းခြင်း

 (၁၁) ကျီးပေါင်းရောဂါဖြစ်နိုင်ခြင်း

(၁၂) စိတ်ကျရောဂါဖြစ်ခြင်းနှင့်

 (၁၃) ကင်ဆာရောဂါအထိဖြစ်နိုင်ပါသည်။

နည်းလမ်းကောင်းများ

ဤမျှကြောက်စရာကောင်းသော အဝလွန်ရောဂါဆိုးကြီးကို တွန်းလှန်နိုင်ရန် အတွက် နည်းလမ်းကောင်းများကို တင်ပြလိုပါသည်။ ၎င်းတို့မှာ-

(၁) ဝိတ်ချတော့မည်ဆိုလျှင် ဆုံးဖြတ်ချက်ခိုင်မာရန် အလွန်အရေးကြီးပါသည်။ ဝိတ်ချခြင်းသည် တစ်နေ့တည်း တစ်ရက်တည်းနှင့်ပြီးသော ကိစ္စမဟုတ်ပေ။ ဝိတ်ချလိုက် ပြန်စားလိုက် မလုပ်ရန် အရေးကြီးပေသည်။ ဝိတ်ချရန်မှာ မလွယ်ကူပေ။ ထို့ထက်ပို၍ကျပြီးသား ကိုယ်အလေးချိန်ကို ပြန်မတက်အောင် ဆက်လက် ထိန်းထားနိုင်ရန်မှာ ပိုမိုခက်ခဲပါသည်။ ဝိတ်ချရန်အတွက်  စိတ်ရှည်ရန်နှင့် ဇွဲကောင်းရန်လည်း အထူးလိုအပ်ပေသည်။ ချက်ချင်း ဝိတ်မကျ၍လည်း စိတ်ဓာတ်ကျရန်မလိုပေ။ ၁ လကို ၂ ပေါင်နှုန်း ကျလျှင်ပင် တစ်နှစ်ပြည့်သောအခါ ၂၄ ပေါင် ကျသွားပေလိမ့်မည်။

(၂)  အစာစားသောအခါ ကယ်လိုရီတွက်၍ စားသုံးပါ။ ထိုသို့တွက်ချက် နိုင်ရန်အတွက် လူတစ်ဦးနေ့စဉ် လိုအပ်သော ကယ်လိုရီကို သိရှိရန် လိုအပ်ပေသည်။ လူတစ်ဦး အသက်ရှင်နေထိုင်ရန်အတွက် တစ်နေ့လျှင် အကြမ်းဖျင်း ကီလိုကယ်လိုရီ ၁၅ဝဝ မှ ၂၅ဝဝ ထိလိုအပ်ပါသည်။ ကယ်လိုရီ လိုအပ်ချက်မှာ အမျိုးသားနှင့် အမျိုးသမီး မတူညီပေ။ သာမန် အမျိုးသားများနှင့် လှုပ်ရှားမှုများသော အမျိုးသမီးများအတွက် ကိုယ်အလေးချိန် တစ်ပေါင်လျှင် ၁၅ ကီလိုကယ်လိုရီနှုန်းဖြင့် တွက်ချက်ပြီး သာမန်အမျိုးသမီးများနှင့် လှုပ်ရှားမှုနည်းသော အမျိုးသားများအတွက် ၁၃ ကီလိုကယ်လိုရီနှုန်းဖြင့် တွက်ချက်ပါသည်။

(ဥပမာ- ပေါင် ၁၅ဝ ရှိသော အမျိုးသား တစ်ဦးအတွက် လိုအပ်သော ကီလိုကယ်လိုရီမှာ ၁၅ဝ x ၁၅=၂၂၅ဝ ဖြစ်ပါသည်)။ အကြမ်းဖျင်း ကီလိုကယ်လိုရီ ၁ဝဝ နှင့်ညီမျှသော အစားအစာများကို ဥပမာအနေဖြင့် ရှင်းပြလိုပါသည်။ ၎င်းတို့မှာ ထမင်းလေးဇွန်း၊ ပေါင်မုန့်နှစ်ချပ်၊ ခေါက်ဆွဲလေးဇွန်း၊ ချာပါတီတစ်ချပ်၊ ငှက်ပျောသီးတစ်လုံးခွဲ၊ ပန်းသီးတစ်လုံး၊ လိမ္မော်သီးနှစ်လုံး၊ သရက်သီး တစ်လုံးခွဲ၊ 3 in 1ကော်ဖီတစ်ခွက်တို့ဖြစ်ပါသည်။

(၃)  အစာအာဟာရက ညီညွတ်မျှတစွာ စားသောက်ပါ။ အာဟာရကို ညီညွတ်မျှတစွာ မစားသောက်ပါက ရောဂါဘယများ ထူပြောလာနိုင်ပါသည်။

ထိုကဲ့သို့  ညီညွတ်မျှတစွာ စားသုံးနိုင်ရန်အတွက် အဓိက အစာအုပ်စုကြီး သုံးမျိုးကို သိရှိထားရန် လိုအပ်ပေသည်။ ၎င်းတို့မှာ-

  (က) အင်အားကိုဖြစ်စေသော ကစီဓာတ်

  (ခ) ကိုယ်ခန္ဓာကြီးထွားစေသော အသားဓာတ်

  (ဂ) သက်စောင့်ဓာတ် ခေါ် ဗီတာမင် တို့ဖြစ်ပါသည်။

ကစီဓာတ် ပြည့်ဝစွာပါဝင်သော အစားအစာများကို ဥပမာအနေဖြင့် ရှင်းပြလိုပါသည်။ ၎င်းတို့မှာ ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ ဆန်၊ ဂျုံ၊ ပြောင်းနှင့် ပြုလုပ်ထားသော အစားအစာများ၊ သကြားနှင့်ပြုလုပ်ထားသော အစားအစာများ၊ ထန်းလျက်နှင့် ပြုလုပ်ထားသော အစားအစာများ၊ ငှက်ပျောသီး၊ သရက်သီး၊ ဖရဲသီး၊ အာလူးနှင့် ကန်စွန်းဥ စသည်တို့ဖြစ်သည်။ အသားဓာတ် ပြည့်ဝစွာပါဝင်သော အစားအစာများကို ဥပမာအနေဖြင့် ရှင်းပြလိုသည်။ ၎င်းတို့မှာ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါးအမျိုးမျိုး၊ ပုစွန်၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ နွားနို့နှင့် အစေ့အဆန် အမျိုးမျိုးတို့ဖြစ်ပါသည်။ ဗီတာမင်ကြွယ်ဝသော အစားအစာများကို ဥပမာအနေဖြင့် ရှင်းပြလိုသည်။ ၎င်းတို့မှာ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းရွက်၊ ဆလတ်ရွက်၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ထောပတ်သီး၊ ကီဝီသီး၊ ခရမ်းချဉ်သီးနှင့် သံပရာသီးတို့ဖြစ်သည်။

(၄) ကျွန်တော်တို့လူမျိုး၏ ဓလေ့မှာ ထမင်းကို အဓိကစားသောက်ခြင်းပင် ဖြစ်သည်။ ဝိတ်ချရန်အတွက် ထမင်း လျှော့စားရသောအခါ အလွန်ပင် အတိဒုက္ခ ရောက်ရပေသည်။ ထို့ကြောင့် ထမင်းစားရင်း ဝိတ်ချနည်းလေးကို တင်ပြလိုပါသည်။ ၎င်းတို့မှာ-

  (က) ဆန်ကြမ်းကို စားပေးပါ။ ဆန်ကြမ်းကို စားခြင်းဖြင့် ကစီဓာတ် နည်းသည့်အတွက် ကယ်လိုရီနည်း၍ ဝိတ်မတက်ခြင်းနှင့် အဆာခံသည့်အတွက် ထမင်းကို  မကြာခဏ စားရန်မလို၍ ဝိတ်မတက်ခြင်းဟူသည့်   အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

  (ခ )  ထမင်းမစားမီ ရေတစ်ခွက် အရင်သောက်ပါ။

  (ဂ )  ထမင်းမစားမီ အရွက်ကြော် သို့မဟုတ် အရွက်သုပ် တစ်ခွက်ကုန်အောင် အရင်စားပါ။

  (ဃ)  ထမင်းမစားမီ အရည်သောက် သို့မဟုတ် ချဉ်ရည်ဟင်း တစ်ခုခု သောက်ပါ။

  (င ) ထမင်းစားလျှင် ထမင်းကို ကြာကြာဝါးစားပေးပါ။ သို့မှသာ စိတ်ထဲတွင် ထမင်းစားနေရင်း ဗိုက်ပြည့်သကဲ့သို့ ခံစားရပြီး ထမင်းနည်းနည်းသာ ဝင်ပေလိမ့်မည်။

(၅) ပြောင်းလဲဆီဟုခေါ်သော အကြိမ်ကြိမ် အဖန်ဖန်ပြန်ကြော်ထားသော အဆီများကိုရှောင်ပါ။၎င်းအဆီများကို စားသုံးခြင်းဖြင့် နှလုံးသွေးကြော ကျဉ်းခြင်းနှင့် ပိတ်ခြင်းများ ဖြစ်နိုင်ပါသည်။ထို့ကြောင့် အာလူးကြော်နှင့် နှစ်ပြန်ကြော်များကို ရှောင်ရှားသင့်ပါသည်။

(၆) အလွယ်တကူရ လွယ်သော fast food များကို ရှောင်ပါ။ ယနေ့ခေတ်တွင် အလွယ်တကူ ရလွယ်သော fast food ကိုစားသော အလေ့အထမှာ တွင်ကျယ်လာသည်ကို တွေ့ရှိရပါသည်။ fast food များကို စားသောက်ခြင်းအားဖြင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများကိုဖြစ်စေပါသည်။ ထို့ပြင် fast foodများသည် မကြာခဏ အစာစားလိုစိတ်ကို ဖြစ်ပေါ်စေသည့်အတွက် အဝလွန်ရောဂါကို ပို၍ဖြစ်စေပါသည်။

(၇)  အချိုရည်များကို ဖြစ်နိုင်သမျှရှောင်ပါ။ အချိုရည်တွင် ပါသော ကယ်လိုရီများကြောင့် ဝိတ်တက်နိုင်ပါသည်။ ထို့ပြင်အချိုရည်များကို အမြဲသောက်ခြင်းအားဖြင့် ဆီးချိုရောဂါကို ဖြစ်စေပါသည်။

(၈) အပြင်စာများကို တတ်နိုင်သမျှရှောင်ပါ။ အပြင်စာများသည် မိမိအိမ်တွင် ချက်ပြုတ်စားသကဲ့သို့ မိမိရောဂါပေါ် မူတည်၍ပြင်ဆင် ချက်ပြုတ်ရန် မဖြစ်နိုင်ခြင်း၊ စားသုံးသူအကြိုက် ချက်ပြုတ်ရသည့်အတွက် ဟင်းခတ်မှုန့်၊ ကြက်သားမှုန့်၊ ဟင်းချိုမှုန့်၊ အရောင်တင်မှုန့်စသော အရာများကို ပိုမိုထည့်ခြင်းကြောင့် သွေးတိုးရောဂါနှင့် အဝလွန်ရောဂါ အပါအဝင် အခြားသော ရောဂါများ ရရှိခံစားရနိုင်ပါသည်။

(၉)   မုန့်ပဲသရေစာများ အလွန်အကျွံစားသုံးခြင်းကို ရှောင်ပါ။ ထမင်းစားပြီးချိန်တွင် မုန့်ပဲသရေစာများကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ကယ်လိုရီပမာဏထက် များလာပြီး အဝလွန်ရောဂါကို ဖြစ်စေပါသည်။

ဘိန်းမုန့်တစ်ခုတွင် အကြမ်းဖျင်းအားဖြင့် ၁၈ဝ ကီလိုကယ်လိုရီခန့် ပါဝင်ပြီး ဒိုးနက်တစ်ခုတွင် ၂၅ဝ ကီလိုကယ်လိုရီခန့် ပါဝင်ပါသည်။

(၁ဝ)  အလွန်အကျွံ စားသောက်တတ်သော အလေ့အကျင့်ကို ရှောင်ပါ။ အစာစားသောအခါ  အလွန်အကျွံ စားသောက်ခြင်းဖြင့်  လိုအပ်သော ကယ်လိုရီပမာဏထက် ကျော်လွန်လာပြီး အဝလွန်ရောဂါကိုဖြစ်စေပါသည်။

(၁၁)  အိပ်ရေးဝအောင် အိပ်ပါ။ အိပ်ရေးမဝပါက အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အစာများကို အလွန်အကျွံစားခြင်းဖြင့် အဝလွန်ရောဂါကို ဖြစ်စေပါသည်။

(၁၂)  စိတ်ဖိစီးမှုကိုလျှော့ချပါ။ စိတ်ဖိစီးမှု များလာပါက ခန္ဓာကိုယ်မှ ဗိုက်ဆာစေသော ဓာတ်ပစ္စည်းများ ထွက်လာပြီး အစာစားချင်စိတ်ကို ပို၍ဖြစ်ပေါ်စေပါသည်။ ထိုမှတစ်ဆင့် အဝလွန်ရောဂါကို ဦးတည်စေပါသည်။ ထို့ပြင် စိတ်ဖိစီးမှု များလာပါက သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် အစာအိမ်ရောဂါများကိုလည်းဖြစ်စေနိုင်ပါသည်။

(၁၃) အငန်လျှော့စားပါ။ အငန်ဓာတ်ကို များများစားခြင်းဖြင့် ကိုယ်တွင်းဆားဓာတ်များ လိုအပ်သည်ထက် ပိုလာစေပါသည်။ ဆားဓာတ်သည် ရေကို ဆွဲသည့်အတွက် ကိုယ်ခန္ဓာရှိ ဆဲလ်များတွင် ရေများ ကိန်းအောင်းပြီး ဝိတ်တက်စေနိုင်ပါသည်။ ထို့ပြင် အငန်များများ စားခြင်းဖြင့် သွေးတိုးရောဂါကိုလည်း ဖြစ်စေနိုင်ပါသည်။

(၁၄) လေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ပါ။ လေ့ကျင့်ခန်း လုပ်ခြင်းသည် ကိုယ်ကျန်းမာရေးသာမက စိတ်အနေအထားနှင့် စိတ်ခံစားချက်များကိုပါ ကောင်းမွန်သော ဘက်သို့ ပြောင်းလဲစေသည်။ အနည်းဆုံး တစ်နေ့ နာရီဝက်၊ တစ်ပတ်လျှင် ၃ ရက်မှ ၅ ရက် လမ်းလျှောက်သင့်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သွေးပေါင်ချိန်၊ သွေးတွင်း အဆီဓာတ်နှင့် သွေးတွင်း သကြားဓာတ်များကို လျှော့ချနိုင်ပါသည်။ ဝိတ်ကျရန်အတွက် လေ့ကျင့်ခန်း လုပ်မည်ဆိုပါကမိမိတွင် မူလရှိသော နှလုံးခုန်နှုန်း၏ ၁/၃ ထိ မြင့်တက်အောင်ပြုလုပ်ရန် လိုအပ်ပါသည်။ ဥပမာ - မိမိ၏ မူလနှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၉ဝ ဖြစ်ပါက လေ့ကျင့်ခန်း လုပ်သောအခါ နှလုံးခုန်နှုန်း ၁၂ဝ ထိ မြင့်တက်အောင် ပြုလုပ်သင့်ပါသည်။

(၁၅)  ဆရာဝန် မညွှန်ကြားဘဲ ပိန်ဆေးများ သောက်သုံးခြင်းကို ရှောင်ပါ။ တချို့သော ပိန်ဆေးများသည် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၏ ခွင့်ပြုချက်မရသော ဆေးများဖြစ်နေခြင်း၊ ဘေးထွက်ဆိုးကျိုး များခြင်းကြောင့် နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါသည်။

ကိုယ်အလေးချိန် အမြန်လျှော့ချခြင်း၏ ဆိုးကျိုးများ

ဆက်လက်၍ ကိုယ်အလေးချိန် အမြန်လျှော့ချခြင်း၏ ဘေးထွက် ဆိုးကျိုးများကို တင်ပြလိုပါသည်။ ၎င်းတို့မှာ-

  (၁) အဆစ်ရောင်ဂေါက်ရောဂါဖြစ်ခြင်း

  အစားအသောက် အလွန်အမင်းလျှော့ချခြင်းကြောင့် ခန္ဓာကိုယ်တွင်း Keto acid မြင့်တက်လာပြီး အဆစ်အတွင်း Uric acid များ အနည်ထိုင်ကာ အဆစ်ရောင် ဂေါက်ရောဂါကိုဖြစ်စေပါသည်။

  (၂) သည်းခြေကျောက်တည်ခြင်း

အစားအသောက်အတွင်း အဆီဓာတ် အလွန်နည်းခြင်းကြောင့် သည်းခြေအတွင်းမှ အစာခြေရည်များ မထွက်နိုင်ဘဲ အနည်ထိုင်ကာ သည်းခြေကျောက်တည်ခြင်းနှင့် သည်းခြေအိတ် ရောင်ရမ်းခြင်းများ ဖြစ်စေပါသည်။

  (၃) အစာအာဟာရချို့တဲ့ခြင်း

  အစားအလွန်အမင်း ရှောင်ခြင်းကြောင့် အစာအာဟာရ ချို့တဲ့၍ ရောဂါထူပြောခြင်းများ ဖြစ်နိုင်ပါသည်။

  (၄) သွေးပေါင်ကျခြင်း

  ချွေးအလွန်အမင်းထွက်သော  ဝိတ်ချလေ့ကျင့်ခန်းများ လုပ်ခြင်းကြောင့် ရေဓာတ်များ ဆုံးရှုံးပြီး သွေးပေါင်ကျခြင်းကို ဖြစ်စေနိုင်ပါသည်။

  (၅)   ကြွက်သားများ ထိခိုက်ခြင်း

  ပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကြောင့် ကြွက်သားများ ထိခိုက်နိုင်ပါသည်။

အဝလွန်ရောဂါသည် ဆင်းရဲချမ်းသာမရွေး၊ အသက်အရွယ်မရွေး၊ ကျားမမရွေး ဖြစ်ပွားနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးအလွန်များသော ရောဂါတစ်ခု ဖြစ်ပါသည်။ ထို့ပြင်အဝလွန်ရောဂါသည် ကုသရာတွင်လည်း လွယ်မယောင်နှင့်ခက် တိမ်မယောင်နှင့် နက်သော ရောဂါတစ်ခုဖြစ်ပါသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏ ဆိုသည့်အတိုင်း ဖြစ်လာမှ ကုသခြင်းထက် မဖြစ်ခင် ကာကွယ်ခြင်းဖြင့် ဆေးကုသစရိတ်နှင့် ရောဂါဝေဒနာ ခံစားရမှုများကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။  

ဒေါက်တာသိန်းစိုးထွန်း

Read 214 times
Rate this item
(0 votes)
Last modified on Friday, 29 March 2019 11:58