SJ WorldNews - шаблон joomla Авто

ကျန်းမာရေးအတွက် မရှိမဖြစ် ပျားရည်

Monday, 01 April 2019 10:59 Written by  font size decrease font size decrease font size increase font size increase font size

သမိုင်းရာဇဝင်ကို လေ့လာကြည့်သောအခါ ရှေးနှစ်ပေါင်း တစ်သောင်းခန့်က စပိန်နိုင်ငံ ရှေးဟောင်းကျောက်ဂူ တစ်ခု၏ နံရံပေါ်တွင် ကျောက်ခေတ် လူသားတစ်ဦးသည် ပျားအုံမှပျားရည်ကို အာသာငမ်းငမ်း စုပ်ယူစားသောက်နေပုံအား ရေးဆွဲဖော်ပြထားသည်ကို သုတေသီများ တွေ့ရှိခဲ့ကြသည်။ ၎င်းကို အကြောင်းပြု၍ လူသားတို့သည် ပျားရည်ကို လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်း မတိုင်မီကတည်းကစ၍ စားသုံးလာကြပြီး ဖြစ်ကြောင်း လေ့လာမှတ်သားရသည်။

ကမ္ဘာမြေပေါ်တွင် ကျန်းမာရေးနှင့် အညီညွတ်ဆုံး အစားအစာများထဲမှာ ''ပျားရည်''သည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်းကို လူတိုင်းသိထားကြပြီးဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီးသူ လူတစ်ယောက်အတွက် ပျားရည်ကို တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထက်ပို၍ မသောက်သင့်ပေ။ ရေနွေးဖြူ တစ်ခွက်ထဲသို့  ပျားရည်နှင့် သံပရာရည်တို့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျစီရော၍ နံနက်အိပ်ရာထ ဗိုက်ထဲတွင် ဘာအစာမှ မရှိခင် သောက်ပေးသင့်သည်။ အချိန်ကြာကြာ အအေးခံမထားသင့်ဘဲ ချက်ချင်း သောက်ပေးသင့်သည်။ ၎င်းဆေးပျားရည်ကို သောက်သုံးခြင်းဖြင့် တစ်နေ့တာလုံး အစာကြေညက်စေခြင်း၊ အူသိမ်အူမထဲမှ အချွဲအကျိအရိအရွဲများ ကျစေခြင်း၊ အူမကြီးကို သန့်စင်ကျန်းမာစေခြင်း၊ အူမကြီးကို စိုစွတ်၍ လွယ်ကူစွာ ဝမ်းသက်စေခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ စိတ်ဖိစီးမှု ပြေပျောက်စေခြင်း၊ ကိုယ်ခံစွမ်းအား တိုးတက်မြင့်မားလာခြင်း၊ ဆီးပုပ်များ သက်ဆင်း၍ ဆီးလမ်းကြောင်း သန့်စေခြင်း၊ ခံတွင်းရနံ့ သင်းပျံ့ခြင်း၊ ခန္ဓာကိုယ်အနံ့ဆိုး ထွက်ရှိမှု ကာကွယ်ပေးခြင်း၊ အသားအရေ ဝင်းပကြည်လင်ခြင်းစသည့် ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင်မှာဖြစ်သည်။

ပျားအုံဖွပ်ပြီး တစ်နှစ်အတွင်း ရှိသောပျားရည်ကို ''ပျားရည်အသစ်''ဟု ခေါ်ပြီး ထိုပျားရည်က လူကိုဝဖြိုးစေ၍ အသံကောင်းစေသည်။ ပျားအုံဖွပ်ပြီး တစ်နှစ်ကျော်ကြာသောပျားရည်ကို  ''ပျားရည်အဟောင်း''ဟုခေါ်ပြီး ထိုပျားရည်ကလူကို အဆီကျ အသားကျစ်၍ ပိန်စေသည်။သွေးတိုးလေငန်း သမားများအတွက် ဆေးကောင်း တစ်လက်ဖြစ်သည်။ သို့သော် များများစားပါက ဝမ်းချုပ်စေတတ်သည်။

ပျားရည်သောက်ရန် သင့်လျော်သူများ

မီးဖွားပြီးခါစနှင့် နို့ချိုတိုက်ချိန်များတွင် ပျားရည် စားပေးသင့်သည်။ အထူးသဖြင့် မီးဖွားပြီးစ သွေးနုသားနုချိန်တွင် ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာရာသီလာချိန်တွင်လည်း ပျားရည်သောက်ပေး သင့်သည်။

အရိုးကင်ဆာနှင့် အစာအိမ်ကင်ဆာ ဝေဒနာသည်များသည် သဘာဝ နှစ်ချို့ ပျားရည်စစ်စစ်နှင့် သစ်ကြံပိုးခေါက်မှုန့်တို့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျစီ ဆတူရော၍ ၎င်းဆေးညွှန်းအတိုင်း တစ်နေ့လျှင် သုံးကြိမ်နှုန်းဖြင့် အစာမစားမီ နာရီဝက်ခန့်အလို သို့မဟုတ် အစာစားပြီးနောက် နာရီဝက်အကြာတွင် သောက်သုံးပေးပါ။ အထူးသတိပြုရန်မှာ ဆေးသောက်ပြီးနောက် သောက်ရေအေး တစ်ဖန်ခွက်သောက်ပါ။(ရေခဲရေ မဟုတ်ပါ)

ပျားရည်တွင် အပူဓာတ်ရှိ၍ ကိုယ်တွင်း အပူဓာတ်များသူတွေက ပျားရည်သောက်ရန် သင့်၊ မသင့်  ဒွိဟဖြစ်နေကြသည်။ အဖြေမှန်မှာ သောက်၍ရပါသည်။ အပူကန် လည်ချောင်းနာသူများသည် ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်းဖြင့် အပူငြိမ်း၍ ရောဂါပျောက်စေသည်။

ချောင်းဆိုးနေသူများ အတွက် ပျားရည်က ဆေးကောင်း တစ်ခွက်ဖြစ်သည်။ ပျားရည်သောက်ရန် အသင့်လျော်ဆုံး အချိန်မှာ နံနက်အိပ်ရာထ မည်သည့် အစားအစာမျှ မစားခင်ဖြစ်ပြီး ရေနွေးဖြူ တစ်ဖန်ခွက်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်၍ ဖျော်သောက်ပါ။ နှာစေး၊ချောင်းဆိုးခြင်း အတွက် ပျားရည်ကို ရှောက်ရှည် သို့မဟုတ် သံပရာရည်ဖြင့် ဆတူရော၍သောက်ပါ။

ပျားရည်က ကလေးများအတွက် မျက်စိအားကောင်းစေသည်။ ကလေးငယ်များ ချွဲကျပ်ရင်ကျပ်ဖြစ်ပါက ပျားရည်ကို သံပရာရည်ဖြင့် ဆတူရော၍ တိုက်ပါ။ ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောခြင်းအတွက်  ပျားရည်အနည်းငယ် ကျွေးပါ။ ပျားရည်ကစိတ်ကို ထိန်းပေးနိုင်သော အစွမ်းသတ္တိရှိ၍ အိပ်ရာထဲ အပေါ့စွန့်တတ်သော ကလေးများကို ညအိပ်ရာဝင်ခါနီး ပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါး မသွားအောင် ဟန့်တားနိုင်သည်။ သူငယ်နာအကြောဆွဲ၍ သေလုမျောပါးဖြစ်နေသော ကလေးငယ်များကို ပျားရည်ကျွေးပေးခြင်းဖြင့် အသက်ချမ်းသာရာ ရစေနိုင်သည်။ တုတ်ကောင်၊ သန်ကောင်ရှိသော ကလေးငယ်များကို နာနတ်သီးနှင့်ပျားရည် နယ်၍ကျွေးပါ သို့မဟုတ် ပျားရည်နှင့် အုန်းနို့ရောစပ်၍တိုက်ပါ။

ပျားရည်သောက်ရန် မသင့်လျော်သူများ

ပျားရည်ထဲတွင် microorganisms (ခေါ်) Clostridium ဗက်တီးရီးယား ပိုးငယ်လေးများ မြောက်မြားစွာ ပါရှိနေကြသည်။ အရွယ်ရောက်ပြီးသူများ၏ အစာခြေလမ်းကြောင်းက ၎င်းဗက်တီးရီးယားများကို ကောင်းစွာ ချေဖျက်နိုင်သော်လည်း ကလေးငယ်များအတွက်မှာမူ အစာခြေလမ်းကြောင်းတွင် သွေးခဲ၍ အစာအဆိပ်သင့် ဝေဒနာကိုဖြစ်စေသည်။ထို့ကြောင့်  အသက်တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များကို ပျားရည်လုံးဝ မကျွေးသင့်ပေ။

ပျားရည်ထဲရှိ ဗက်တီးရီးယားပိုးမှ စွန့်ထုတ်ပစ္စည်း အဆိပ်တစ်မျိုးကြောင့် ကိုယ်ဝန်သည်တွေ ပျားရည်သောက်ရန် သင့်၊ မသင့်ကို ဝေခွဲမရဖြစ်နေကြသည်။ အရွယ်ရောက်ပြီးသူ တစ်ယောက် ပျားရည်သောက်ပြီးနောက် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်က ပျားရည်ထဲရှိ အဆိပ်ကို အလိုအလျောက် ဖယ်ရှားသုတ်သင်ပေးလေ့ ရှိသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်များ ပျားရည်သောက်၍ရသည်။ သန္ဓေသားကိုလည်း ဘေးဥပဒ် လုံးဝမဖြစ်စေနိုင်ပါ။

သို့သော် မိခင်လောင်းအများစုသည် ကိုယ်ဝန်ဆောင်နေစဉ် သွေးထဲရှိ သကြားပမာဏ မြင့်တက်လာလေ့ ရှိကြသည်။ ပျားရည်ထဲတွင်လည်း သကြားပမာဏ မြင့်မားစွာ ပါရှိနေသဖြင့် ကိုယ်ဝန်သည်များ အနေဖြင့် ပျားရည်မစားခြင်းက ဘေးအန္တရာယ် အကင်းဆုံးဖြစ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ် ပျားရည်မစားရန် အကြံပြု လိုပါသည်။

ပျားရည်ထဲတွင် fructose နှင့် glucose ဓာတ်များ ပြည့်ဝတူညီစွာ ပါရှိနေကြသည်။ ထို့ကြောင့် ဆီးချိုသွေးချို ရောဂါသည်များနှင့် သွေးထဲတွင် glucose  ပြဿနာရှိနေသူများ ပျားရည် စားသုံးခြင်းမှ အထူး ရှောင်ရှားသင့်သည်။

ပျားရည်နှင့် သကြားအညို (သဘာဝသကြား) တို့ကို နှိုင်းယှဉ်ကြည့်ပါက လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏရှိသော ပျားရည်ထဲတွင် ကယ်လိုရီ ၂၂ ပါရှိနေပြီး အညိုရောင် သကြားထဲတွင် ကယ်လိုရီ ၁၆  ပါရှိနေသည်။

ထို့ကြောင့်  ပျားရည်သည်  ကယ်လိုရီတက်စေသဖြင့်  ကိုယ်အလေးချိန် လျှော့ချလိုသူများ အနေဖြင့် ပျားရည် မသောက်သင့်ပေ။

ပျားရည်နှင့် တွဲမစားသင့်သော အစားအစာများ

ကြာစေ့၊ မုန်လာဥအဖြူ၊ ဝက်သား၊ ငါး၊ ခိုသား၊ ပဒုမ္မာကြာရွက်၊ ပိတ်ချင်းရွက်၊ ပိန္နဲသီး၊ ဥသျှစ်သီး၊ အုန်းရည်၊ ရှားစောင်းကြီးတို့ဖြစ်ကြသည်။

ပျားရည်အတုနှင့်အစစ် ခွဲခြားနည်း

ပျားရည်သည်ရှားပါး၍ တန်ဖိုးကြီးသဖြင့် ပျားရည်ဈေးကွက်တွင် အတုများ ရောင်းချလျက်ရှိနေကြသည်။ပျားရည်အတုက အရောင်၊ အနံ့၊ အရသာ၊ အာနိသင်အားလုံး အစစ်နှင့် ကွာခြားသည်။ ပျားရည်စစ်စစ်၏ ဂုဏ်သတ္တိမှာ နှစ်ပေါင်းမည်မျှကြာအောင် ထားသော်လည်း အရောင်ပြောင်းရုံမှအပ မပုပ်မသိုး သဘာဝဓာတ်မပျက်ဘဲ မူလအရသာ အာနိသင်အတိုင်း ရှိနေမြဲဖြစ်သည်။

ပျားရည် စစ်၊ မစစ်ကိုသိလိုလျှင်-

-   ခွေးကျွေးကြည့်ပါ၊ ပျားရည်အစစ်ကို ခွေးမစားပေ။

-   ဝါဂွမ်းကို ပျားရည်နှစ်၍မီးရှို့ကြည့်ပါ၊မီးလောင်လျှင် ပျားရည်စစ်ပါသည်။

-   ပျားတစ်ကောင်ကိုဖမ်း၍ပျားရည်ထဲနှစ်ကြည့်ပါ၊ အပေါ်သို့ကူးပြီး ပျံထွက်သွားလျှင် ပျားရည်စစ်သည်။

-   ယမ်းမီးခြစ်ဆံခေါင်းကို ပျားရည်တွင်စိမ်၍ မီးခြစ်ကြည့်ပါ၊ မီးလောင်  လျှင် ပျားရည်စစ်သည်။

-   ပျားရည်တစ်စက်နှစ်စက်ကို ငှက်ပျောဖက်ပေါ် တင်ကြည့်ပါ၊ လျှောမကျဘဲ   လုံး၍ တင်နေလျှင် ပျားရည်စစ်သည်။

-   ပျားရည်တစ်ဇွန်းနှင့် နှမ်းဆီတစ်ဇွန်း ရော၍ချိန်ကြည့်ပါ။ တစ်ဇွန်းသာရလျှင်    ပျားရည်စစ်ပါသည်။ သို့သော် ထိုအရောအနှောကို မစားသင့်ပေ။ 

ပေါက်ပေါက်

Read 523 times
Rate this item
(0 votes)
Last modified on Monday, 01 April 2019 11:00