SJ WorldNews - шаблон joomla Авто

သင် ကောင်းစားနေစဉ် ကျွ န်ုပ်ကို သတိရပါ၏လော

Tuesday, 02 April 2019 14:04 Written by  font size decrease font size decrease font size increase font size increase font size

လူတစ်ဦးသည် ငယ်စဉ်က ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရသည်။ အခက်အခဲများကြားမှ နောက်ဆုံးတစ်နေ့တွင် အောင်မြင်မှုရခဲ့သည်။ သို့သော် သူ ဒုက္ခရောက်နေစဉ်က ကူညီခဲ့သူ၊ ဖေးမခဲ့သူများကို သူဘယ်တော့မျှ မမေ့။

ကိုယ်မရောက်သော်လည်း စိတ်က အမြဲရောက်နေခဲ့သည်ဟု ဆိုသည်။

အခွင့်ကြုံသောတစ်နေ့တွင် ကျေးဇူးရှိသူများကို ကျေးဇူးဆပ်မည်ဟု ရည်ရွယ်ချက်ထားသည်။

ထိုသူသည် လူတော်လူကောင်းဖြစ်သည်။ သို့သော်လူတော်လူကောင်း များသည် အသက်တိုကြသည်။ သက်ဆိုးမရှည်ကြဟု ဆိုကြသည်။ သူတို့ သေဆုံးသောအခါ လူများက ဝမ်းနည်းပူဆွေးကြရသည်။တသသ ဖြစ်ကြရသည်။ သေမင်းသည် လူဆိုး၊ လူကောင်းမရွေး ခေါ်ချင်သူကို အရင်ခေါ်သည်ဟု ပြောဆိုကြသည်။

သို့သော် သေမင်းက သူ့ကို အပြစ်ပြောနေသူများကို လမ်းလွှဲ၍ အခြားသေမင်း တစ်ဦးကို လက်ညှိုးထိုးပြသည်။ ထိုသေမင်းက ပြောကြားသည်မှာ-

သင် ကောင်းစားစဉ်က ကျွန်ုပ်ကို သတိရပါ၏လော

အခြားမဟုတ်၊ ထိုသေမင်းမှာ သင်၏ ကျန်းမာရေးပင်ဖြစ်သည်။ သင်သည် ကျန်းမာရေးကို ဂရုမစိုက်ခဲ့။

ကမ္ဘာကျော် Apple ကွန်ပျူတာ၏ CEO သူဌေးကြီး ပညာရှင်လည်းဖြစ်သူ စတိဗ်ဂျော့ခ်ျ Steve  Jobs (1955-2011) သည် အသက် ၅ဝ ကျော် အရွယ်ကောင်းတွင် ကွယ်လွန်ခဲ့ရသည်။ သူ နောက်ဆုံးရေးသွား၊ ပြောသွားသည့် စကားများမှာ အလွန်သင်ခန်းစာ ယူဖွယ်ဖြစ်သည်။

''ဆေးရုံ၏ အသက်ကယ်ခန်းထဲတွင် လဲလျောင်းနေပြီး အသက်ကယ်စက်များမှ  လင်းနေသည့် အစိမ်းရောင် မီးပွင့်လေးများကို ကြည့်ရင်း ဘဝ၏ နောက်ဆုံးအချိန်ကို  စောင့်နေရသည်။   ကျွန်ုပ်တို့ဘဝတွင် သင်ကြားမှုများစွာနှင့် စာအုပ်များစွာ ဖတ်ခဲ့ကြသည်။ အောင်မြင်မှုကို ရခဲ့သည်။ ထို့နောက်တွင် အိပ်ရာထဲ လှဲနေရသည့် အချိန်ရောက်မှ ကျွန်ုပ်တို့ဘဝတွင် မဖတ်ခဲ့မိသည့် စာအုပ်တစ်အုပ် ရှိနေသည်ကို သတိပြုမိသည်။ ထိုစာအုပ်မှာ ကျန်းမာရေးဟူသော စာအုပ်ပင်ဖြစ်သည်။ လူတစ်ယောက်၏ ဘဝတွင် စားဝတ်နေရေးအတွက် ထိုက်သင့်သော အောင်မြင်မှု တစ်ခုရပြီးချိန်တွင် ဂရုစိုက်သင့်သည်မှာ ကျန်းမာရေးပင်ဖြစ်သည်ဟု ဆိုထားပါသည်။ သူသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ရသည်။

သူမကွယ်လွန်မီပြောခဲ့သော စကားသည် အထူးပင်သံဝေဂ ရစရာဖြစ်ပါသည်။

တစ်နေ့က  သတင်းစာတစ်စောင်၏ ကျောဘက်တွင် ကြားညှပ်စာအဖြစ် ''သွေးလည်ပတ်မှု ကောင်းစေရန်အတွက်  နေ့စဉ်ပုံမှန် လမ်းလျှောက်ပါ''ဟု စာတန်းငယ် ဖော်ပြထားသည်ကို တွေ့ရသည်။ အမှုမဲ့ အမှတ်မဲ့ဖတ်သူ သိပ်မရှိပါ။

အခြား သတင်းစာတစ်စောင်၏ ကြော်ငြာကဏ္ဍ နေရာလွတ်တစ်ခုတွင်လည်း ''သင်ကျန်းမာစေရန် အဆီနှင့် အငန်ကို လျှော့စားပါ''ဟု စာတန်းငယ်ကို မကြာခဏ ဖတ်ရှုရသည်။ သို့သော် သတိထားသူက နည်းသည်။

ဖတ်ရှုမိသည့်တိုင် လိုက်နာသူ မရှိသလောက်ဖြစ်နေသည်။ သတင်းစာတွင် သတင်းကိုသာ ဦးစားပေး ဖတ်ကြသည်ကို တွေ့ရသည်။

ဆရာကြီး ဦးသုခ၏ ''ဘဝသံသရာ...ရှည်လျားထွေပြား...မနေမနား တသွားတည်း သွားကြရှာ... ခရီးပန်းတိုင် မရောက်မချင်း... တစ်ယောက်ဆင်း  တစ်ယောက်တက်...ဆက်လက်ထွက်ခွာလာ...''

ဟူသောသီချင်းကဲ့သို့ပင် မေ့မေ့လျော့လျော့နှင့် ခရီးဆက်နေကြသည်သာ။ ဘယ်သူသေသွားပြီ၊ ဘယ်သူမရှိတော့ဟု အမှုမဲ့ အမှတ်မဲ့ ပြောဆိုနေကြသော်လည်း မိမိကိုယ်မိမိ ထည့်မစဉ်းစားမိကြပေ။

အချို့ကလည်း အသက်ရှည်ခြင်း၊ မရှည်ခြင်းသည် ကံ၊ကံ၏အကျိုးသာဖြစ်သည်ဟု ဆိုကြသည်။

ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာဖြစ်ပြီး သေနိုင်သည်ဟုဆိုလျှင် ''ဆေးလိပ်သောက်နေတဲ့ သူတွေအပုံကြီးပါကွာ၊ သူဖြစ်ချင်တဲ့သူဖြစ်တာပါ'' ဟု ပြောကြသည်။

''ကွမ်းစား၍ ပါးစောင်ကင်ဆာဖြစ်သည်။ ဆေးရွက်ကြီး၏ ဆိုးကျိုး များလှသည်''ဟု ဆိုလျှင် ''ကွမ်းဆိုတာတို့ ဘိုးဘေးလက်ထက်ကတည်းက စားလာခဲ့တာ ရိုးရာအမွေအနှစ်၊ ကွမ်းဓလေ့ မှတ်တမ်းတွေ ပုဂံခေတ်ကတည်းက ရှိတယ်။ ကင်ဆာဆိုတာ ယခုနောက်မှ ပေါ်လာတာ''ဟုဆိုကြသည်။

''သူဖြစ်ချင်ဖြစ်တာပဲ၊ မဖြစ်ချင် မဖြစ်ဘူး''ဟူသောစကားကို ပေါ့ပေါ့တန်တန် ပြောသူများတွင် လူကြီးများလည်း ပါဝင်သည်ကို တွေ့ရသည်။

စာရေးသူတွင် သူငယ်ချင်းနှစ်ဦးရှိသည်။ တစ်ဦးမှာ   ပညာရေး တက္ကသိုလ်ဆင်း ကျောင်းဆရာ၊ သူသည် အလွန်ရိုးသားပြီး ကြောက်တတ်သည်။ ဆေးလိပ်မသောက်၊ကွမ်းမစား၊ အရက်ဆို ဝေလာဝေး။

သို့သော် ပင်စင်ယူပြီးနောက် တရှောင်ရှောင် နေမကောင်းဖြစ်လာသည်။

အနာတစ်ခုဖြစ်လာသောအခါ မကျက်၍ စစ်ဆေးကြည့်မှ ဆီးချို ဝင်လာသည်ကို မသိလိုက်သောကြောင့် ဖြစ်သည်ဟု သိရသည်။

အခြားသူငယ်ချင်းတစ်ဦးမှာ စစ်ဗိုလ်လူထွက်ဖြစ်သည်။ ပေပေတေတေ နေသည်။ အရက်လည်း သောက်တတ်သည်။ ရောက်တဲ့အရပ်မှာ ပျော်အောင်နေသည်။တွေ့ကရာ အစုံစားသည်။ သူက ကျောင်းဆရာ သူငယ်ချင်းကို ''သူငယ်ချင်းရာ၊ ငါတို့ပေပေတေတေ ကောင်တွေက ဘာမှမဖြစ်ရဘူး၊ မင်းက ဘာမှမလုပ်တဲ့ကောင်က ဖြစ်ရတယ်ကွာ ဆီးချိုတို့၊ သွေးချိုတို့''ဟု ဒေါမနဿဖြင့် ပြောရှာသည်။

အမှန်ကတော့ ဘာမျှမလုပ်၍ ဆီးချို၊ သွေးတိုး ဝင်လာခြင်းဖြစ်သည်။

ထိုကျောင်းဆရာ သူငယ်ချင်းသည် အေးအေးဆေးဆေးနေသည်။

စာအလွန်ဖတ်သည်။ အထိုင်များသည်။ ဝက်သား အလွန်ကြိုက်သည်။ အအေးကြိုက်သည်။ အိမ်ထဲမှာပဲ အနေများသည်။  လမ်းလျှောက်သည်ဟူ၍ မရှိ။ ပင်စင်ယူပြီးမှ အလွန်ဝလာသည်။ ထို့နောက် သူ့မှာ ဆီးချို၊ သွေးတိုးရောဂါများ ဝင်လာသည်။ အဆုတ်ရောဂါများမှာ သူ၏ အနေအထိုင်ကြောင့်သာ ဖြစ်လာရခြင်းဖြစ်သည်။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်ရုံဖြင့် ရောဂါမဝင်နိုင်။ သွေးတိုး၊ ဆီးချိုမဖြစ်နိုင်ဟု မှတ်ယူ၍ မရပေ။

ဝ၍ အေးသူ၊ လူဖြူဖြူ ရောဂါထူမည်မှတ်၊

ပိန်၍ သွက်သူ၊ လှုပ်ရှားသူ ကျန်းမာသူဟုမှတ်၊

အစားများသူ၊ ထိုင်နေသူ ရောဂါထူမည်မှတ်

ရေသောက်နည်းသူ၊ ချွေးနည်းသူ ရောဂါထူမည်မှတ်၊

လမ်းလျှောက်နည်းသူ၊ ပျင်းရိသူရောဂါထူမည်မှတ်၊

အထက်ပါ အချက်များအပြင် ''ဝမ်းဗိုက်''နှင့် ပတ်သက်၍ မှတ်သားစရာလည်း ရှိပါသည်။ ''တိုင်းပြည်တစ်ခုသည် ဝမ်းဗိုက်နှင့် တူသည်။ ဝင်ကုန်များ၍ ထွက်ကုန်နည်းလျှင် ဝမ်းချုပ်၍ သေတတ်လေသည်''ဟူသော စကားရှိသည်။ နိုင်ငံရေးစကား ဖြစ်သော်လည်း လူ၏ ဝမ်းဗိုက်ကို ဥပမာ ပေးထားသည်။ ဝမ်းချုပ်ခြင်းကြောင့်ဖြစ်နိုင်သော နောက်ဆက်တွဲရောဂါ

များစွာရှိသည်ကို သတိပြုဖို့လိုသည်။ ဝမ်းချုပ်ခြင်းသည် အဘယ်ကြောင့် ဖြစ်သနည်းဟု တွေးတောဆင်ခြင်ဖို့လိုသည်။ အမှန်တော့ ဝမ်းချုပ်ခြင်းသည် အစာမကြေခြင်းက စသည်။

ရောဂါမှန်သမျှ အစာမကြေခြင်းက စသည် ပါဠိဘာသာအားဖြင့် ရောဂါမူလံ အဇိဏ္ဏကံ ဟုဆိုသည်။ ဤစကားကို ဆေးပညာဥပဒေသအဖြစ် အာယုဗေဒကျမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အစာမကြေခြင်း လေးမျိုးရှိသည်ကို ဝမ်းမီး လေးမျိုးဖြင့်

ပြထားသည်။ မန္ဒဝမ်းမီး၊ နုံ့သော (အားနည်းသော)ဝမ်းမီး၊ (အစာမခြေနိုင်သော ဝမ်းမီးမျိုး)၊ တိက္ခဝမ်းမီး၊ ထက်သော(ပြင်းသော)ဝမ်းမီး၊(အစာခြေရည်အထွက် လွန်ကဲနေသည်)၊ ဝိသမဝမ်းမီး(မမျှတသော)၊ ဝမ်းမီး၊ (ကြေတစ်လှည့်၊ မကြေတစ်လှည့် ဝမ်းမီး)၊ ဘသမဝမ်းမီး၊ (ပြာကျအောင် လောင်သော) ဝမ်းမီး၊ (အစာအိမ်ကို ပြန်လောင်သော ဝမ်းမီး)အထက်ပါ ဝမ်းမီးအမျိုးမျိုးရှိသူတွင် အစာအိမ်ရောဂါဖြစ်လာမည်။

ကောင်းမွန်သော၊ အစာကြေသော ဝမ်းမီးမှာ သမဝမ်းမီး၊ မျှတသော ဝမ်းမီးဖြစ်သဖြင့် အားလုံးပေါင်းလျှင် ဝမ်းမီး ငါးမျိုးရှိသည်ဟု ဆိုကြသည်။

ဝမ်းမီးသည် လူ၏ အသက်ပင်ဖြစ်သည်။ ဝမ်းမီးသည် အိမ်တံခါးနှင့် တူသည်။ ဝမ်းမီးပျက်လျှင် ရောဂါမျိုးစုံ ဝင်လာမည်ဖြစ်သည်။

လူတို့သည် ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲသောအခါ အကြီးအကျယ် ညစာစားပွဲများ ကျင်းပကြသည်။ အမှန်မှာ ညစာဟူသည် မစားသင့်သော အစာမျိုးဖြစ်သည်။ နံနက် (သလိပ်)၊ နေ့လယ်(သည်းခြေ)၊ ညနေ(လေ)၊ ည (အပုပ်)ဟူသော ဆေးပညာ အယူအဆအရ ညနေစာ စားလျှင် (လေ)ဖြစ်သည်။ ညစာစားလျှင် (အပုပ်)ဖြစ်သည်။ ဘုရားဟော ဒေသနာနှင့်အညီ ကျင့်ကြံကြသောရဟန်းတော်များသည် ညနေစာ၊ ညစာ မစားကြ(ဘုဉ်းမပေးကြ)ပေ။

''ယနေ့ အစား၊ မနက်ဖြန်ရောဂါ ဟူသော စကားကို အစဉ်သတိပြုကြစေချင်သည်။

အစာကို ရွေးချယ်စားသူ၊ အလွန်အကြူး အရသာနောက်မလိုက်၊ ချင့်ချိန်စားသူများ အသက်ရှည်ကြသည်။ အထူးသဖြင့် ညစာရှောင်သူများ အသက်ရှည်ကြသည်ကို သတိပြုစေချင်သည်။

နေ့စဉ် နံနက် အိပ်ရာထသည်နှင့် သတိရစေချင်သည်မှာ ကျန်းမာရေး အဓိကဖြစ်သည်။ ပြီးမှ စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေးကိစ္စများ အတွက် စီစဉ်စရာများကို စီစဉ်ဆောင်ရွက်ပါ။

လူတို့သည် နှစ်တစ်ရာ သက်တမ်းတွင် သေခြင်းတရားကို တစ်နေ့မဟုတ် တစ်နေ့တွင် ရင်ဆိုင်ရမည်သာဖြစ်သည်။ ကျန်းမာရေးကို ဂရုစိုက်ခြင်းအားဖြင့် (ဥပစ္ဆေဒကကံဖြင့် သေခြင်းမှအပ) သေမင်းကို အန်မတုနိုင်သော်လည်း သေချိန်ကို ရွှေ့ဆိုင်းထားနိုင်မည်ဖြစ်သည်။

တစ်နေ့တာ လုပ်ဆောင်စရာများကို လုပ်ဆောင်နေရင်း သွားသတိ၊ စားသတိ၊ ကျန်းမာရေးကိုလည်း သတိရကြစေချင်သည်။ ကျန်းမာရေး သတိ အမြဲရှိစေချင်သည်။

တစ်နေ့တာ လုပ်ဆောင်စရာများ ဆောင်ရွက်ပြီးသော အခါများတွင်လည်း နောက်ဆုံးအချိန်၊ အနားယူချိန်၊ ညအချိန်တို့ ရောက်လာပါလိမ့်မည်။

တစ်နေ့တာ ဆောင်ရွက်ခဲ့သည်များကို သတိရပါလိမ့်မည်။ ကျေနပ်စရာ၊ မကျေနပ်စရာများစွာ နေ့စဉ်ရှိပါလိမ့်မည်။ သို့သော် ညအိမ်ရာဝင်ချိန်တွင် စိတ်ကို လျှော့ချပြီး သို့မဟုတ် မိမိကိုးကွယ်ရာ ဘာသာ၏ အဆုံးအမဖြင့် တရားမှတ်ပြီး တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်းများဖြင့် ကျန်းမာစွာ အိပ်စက်နိုင်အောင် ကြိုးစားကြပါဟု တိုက်တွန်းလိုပါသည်။   

ကြည်လွင်မြင့် (မုဒြာ)

Read 163 times
Rate this item
(0 votes)
Last modified on Tuesday, 02 April 2019 14:08