SJ WorldNews - шаблон joomla Авто

အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများ

Wednesday, 03 April 2019 10:41 Written by  font size decrease font size decrease font size increase font size increase font size

အစာအိမ်ရောဂါအကြောင်း သိကောင်းစရာ

လူတစ်ဦးနေ့စဉ် စားသောက်နေထိုင်မှုပုံစံ ကွာခြားတာနဲ့အမျှ အစာအိမ်ရောဂါ ဖြစ်နိုင်ခြေရှိ၊ မရှိဟာလည်း ကွာခြားသွားနိုင်ပါတယ်။ အစားအစာ တစ်ခုကို စားသောက်လိုက်တဲ့အခါ ဝမ်းဗိုက်ထဲမှ နာနေမယ်။ အောင့်နေမယ်။

အဲဒီအခါ ဗိုက်အောင့်ပျောက်ဆေး သောက်မှ သက်သာသွားတာမျိုး တွေရှိပါတယ်။ အဲဒီလိုမျိုး မကြာခဏဖြစ်နေပြီဆိုရင်တော့ သင့်အစာအိမ်ကို သတိထားဖို့ လိုလာပါပြီ။ အစာအိမ်ရောဂါနဲ့ ပတ်သက်ပြီး ရှောင်ကြဉ်ရမယ့် အရာတွေကို သိထားဖို့ လိုပါတယ်။

အစာအိမ်ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကတော့ အစာရေမျိုရောင်ခြင်း၊ အစာအိမ်အနာ၊ အူသိမ်ဦးပိုင်းအနာနဲ့ အစာအိမ်ရောင်ခြင်းတို့ ဖြစ်တယ်။ အိပ်ပိုင်လိုရီ ခေါ် အစာအိမ် ရောဂါပိုးကြောင့် ဖြစ်ပွားရတာပါ။ ပိုပြီးဆိုးရွားစေတဲ့ အခြေအနေမှာ အကိုက်အခဲပျောက် ဆေးသောက်ခြင်း၊ ဆေးလိပ်၊ကွမ်းနဲ့ အရက်သောက်သုံးခြင်း၊ စိုးရိမ်ပူပန်မှုများခြင်းနဲ့ တခြား အကြောင်းအရာတွေကြောင့် အစာအိမ်ရောဂါ ဖြစ်ပွားပါတယ်။

ပုံမှန်စားသောက်နေကျ အစားအစာကို စားနိုင်ပါတယ်။ထမင်းနဲ့ဟင်းကို ပုံမှန် စားရမှာဖြစ်ပါတယ်။ အစာစားပြီးရောဂါ အခြေအနေ ပိုဆိုးလာရင် အစာကို ခေတ္တရပ်ထားပြီး အစာပျော့ပျော့ စားရပါမယ်။

ဆန်ပြုတ်၊ မြူစွမ်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ကြာဆံပြုတ်၊ စွပ်ပြုတ်၊ ကွေကာအုပ်စတဲ့ အစာကြေလွယ်တဲ့ အစားအစာတွေကို ပိုမိုစားသုံးသင့်ပါတယ်။

ညနေစာကို သာမန်ထက် လျှော့စားသင့်တယ်။ ညအိပ်ရာ မဝင်မီ နှစ်နာရီအတွင်း အစာများများ မစားသင့်ဘူး။

စိတ်ဖိစီးစေတဲ့ အတွေးတွေကို လျှော့ချရမယ်။ စိုးရိမ်စိတ်နဲ့ အတွေးများခြင်းကို လျှော့ချရမယ်။ အရက်၊ ဘီယာမသောက်သုံးသင့်ဘူး။ ဆေးလိပ်၊ ကွမ်းဖြတ်ရမယ်။ ပူလွန်း၊ စပ်လွန်းတဲ့ အစာတွေကို ရှောင်သင့်တယ်။ မာတဲ့အစာ၊ အစာမကြေလွယ်တဲ့အစာ၊ အဆီအအိမ့်များလွန်းတဲ့ အစာတွေ မစားသင့်ဘူး။

လက်ဖက်၊ လက်လုပ်ချဉ်၊ အချဉ်ဓာတ်များတဲ့ အစာတွေ မစားသင့်ပါဘူး။ ဗိုက်နာစဉ်မှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှား ကစားခြင်း၊ အလေးမခြင်းတွေ ခေတ္တရပ်ထားသင့်ပါတယ်။ အောက်ကျနေတဲ့ ပစ္စည်းတွေကို ခါးကုန်းပြီး မကောက်ဘဲ ထိုင်ပြီးကောက်သင့်တယ်။ ခုတင်ခေါင်းရင်းကို ရှစ်လက်မခန့်မြှင့်ပြီး အိပ်သင့်တယ်။ ကြမ်းပြင်မှာအိပ်ရင် ခေါင်းအုံးအနည်းငယ် မြှင့်အိပ်ရမယ်။ သာမန်ထက်ဝနေရင် ကိုယ်အလေးချိန် လျှော့ချရမယ်။ ကိုယ်အလေးချိန် အချိုးအစား သာမန် ၁၈ ဒသမ ၉ မှ ၂၄ ဒသမ ၉ အတွင်းရှိရမယ်။

အဝတ်အစားတွေကို တင်းကျပ်စွာ မဝတ်သင့်ဘူး။ ပါရာစီတမောကလွဲပြီး ကျန်တဲ့ အကိုက်အခဲပျောက်ဆေးတွေ မသောက်သုံးသင့်ဘူး။ ဗိုက်နှိပ်ခြင်း၊ အတင်းဖိခြင်း၊ နင်းခြင်း လုံးဝမလုပ်သင့်ဘူး။ ဝမ်းအရောင်မည်းစေတဲ့ ဆေးဝါး (သံဓာတ်အားဆေးများ)၊ ပုန်းရည်ကြီး စတာတွေ ဗိုက်နာနေစဉ်မှာ မစားသုံးသင့်ဘူး။

သွေးအန်ခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ ဗိုက်တစ်ပြင်လုံး တင်းပြီးမာလာခြင်း၊ အကိုင်မခံနိုင်အောင် နာခြင်း၊ အလုံးပေါ်ခြင်း၊ သွေးပေါင်ကျခြင်း၊ သာမန်ထက်ပိုပြီး မောခြင်း၊ သိသိသာသာ ပိန်ခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာရင် ဆရာဝန်နဲ့ အချိန်မီပြသင့်ပါတယ်။

အစာအိမ်ပိုး(အိပ်ပိုင်လိုရီ)ကို  သွေးစစ်နည်းဖြင့်ရှာခြင်း၊ အစာအိမ် မှန်ပြောင်းကြည့်ခြင်း၊ အသားစယူခြင်း၊ အသားစရယူကာ အခြား(ကင်ဆာ) ခွဲခြားခြင်းတွေကို ဓာတ်ခွဲခန်းသုံး မှန်ဘီလူးနဲ့ကြည့်ပြီး ရှာဖွေနိုင်ပါတယ်။

အိပ်ပိုင်လိုရီကို  အမောက်စလင်၊ မက်ထရို၊ ရယ်နီတီဒင်း၊ အင်တာဆစ် ဆေးလေးမျိုးကို တစ်နေ့သုံးကြိမ် လေးရက်မှ ၂၁ ရက်အထိ သောက်ဖို့လိုပါတယ်။ အစာအိမ်အနာ၊ အူသိမ်နာမှာ ဆေးသုံးလ သောက်သင့်ပါတယ်။ အစာအိမ်ခွဲစိတ်ကုသခြင်း၊ ကင်ဆာရောဂါနဲ့ အူခေါက်ခြင်း၊ အူအတက်ရောင်ခြင်း စတဲ့ရောဂါတွေကတော့ ခွဲစိတ် ကုသသင့်ပါတယ်။

အစာအိမ်အချဉ်ပေါက်ခြင်း

အစာအိမ်အချဉ်ပေါက်ခြင်းဟာ အစာအိမ်ရေမျိုအောက်ပိုင်း ကြွက်သားအားနည်းတဲ့အခါ အစာအိမ်အတွင်းက အက်စစ်ချဉ်ရည်တွေ အပေါ်ကို လျှံတက်လို့ဖြစ်ရတာပါ။

ရောဂါလက္ခဏာများ

ရင်ပူခြင်း၊ လေချဉ်တက်ခြင်း၊ ခံတွင်းချဉ်ခြင်း၊ အစာစားပြီးပါက ရင်ဝမှာ မီးစထိုးသကဲ့သို့ပူခြင်း၊ အစာများ မကြာခဏအပေါ်သို့ တက်ခြင်း၊ တံတွေး အထွက်များခြင်းနဲ့ တခြားလက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။

အခြားရောဂါလက္ခဏာများ

ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လည်ချောင်းနာခြင်း၊ လည်ချောင်းယားခြင်း၊ အသံဝင်ခြင်း၊ မကြာခဏ လည်ချောင်းဝ တစ်ဆို့ခြင်း၊ နားယားခြင်း၊ နားကိုက်၊ နားလေထွက်ခြင်း၊ သွားပိုးစားခြင်း၊ ခံတွင်းအနံ့မကောင်းခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်းနဲ့ အအေးမိခြင်းတို့ ဖြစ်တတ်ပါတယ်။

ရောဂါပိုဆိုးစေခြင်း

အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ အဝတ်အစား တင်းကျပ်စွာဝတ်ခြင်း၊ အစာစားသုံးမှု များလွန်းခြင်း၊ တစ်ကြိမ်တည်းဖြင့် အစားများစွာ စားသုံးခြင်း၊ ကြာရှည် ဆောင့်ကြောင့်ထိုင်ခြင်း၊ မကြာခဏ ခါးကုန်းခြင်း၊ ပစ္စည်း အလေးမခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်းနဲ့ ဓာတ်မတည့်တဲ့ဆေး သုံးစွဲမိခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ရောဂါပိုဆိုးစေတဲ့ ဆေးများ

ဗိုက်နာပျောက်ဆေး၊ ရင်ကျပ်ပျောက်ဆေး၊ ပိုးသတ်ဆေး၊ အကိုက်အခဲ ပျောက်ဆေး၊ သံဓာတ်အားဆေး၊ ဗီတာမင်စီ၊ ဝိတ်ကျရောဂါပျောက်ဆေးနဲ့ သွေးတိုးကျဆေးတို့ကြောင့် ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။

ရောဂါနဲ့ မတည့်တဲ့အစာ

ပူလွန်း၊ စပ်လွန်း၊ ချဉ်လွန်းတဲ့အစားအစာတွေ၊ ငရုတ်ကောင်း၊ ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုး၊ နာနတ်သီး၊ ဆီပြန်ဟင်း၊ ဆီနဲ့ကြော်တဲ့အစာများ၊ မဆလာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီပါဝင်တဲ့ အစားအစာများ၊ ချောကလက်နဲ့ ဂက်စ်ပါတဲ့ အရည်များ၊ ကွမ်း၊ ဆေးလိပ်၊ လက်ဖက်၊ ဖာလာ၊ လေးညှင်း၊ ပရုတ်၊သစ်ကြံပိုး၊ လိမ္မော်ရည်၊ ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့ အစားအစာများပါဝင်ပါတယ်။

ရောဂါနောက်ဆက်တွဲ ဆိုးကျိုးများ

အစာရေမျိုကျဉ်းပြီး အစာမမျိုနိုင်ခြင်း၊ သွေးတိုးခြင်း၊ ဝမ်းအမည်းသွားခြင်း၊ သွေးအားနည်းခြင်း၊ အစာရေမျို ထရောင်ခြင်း၊ အစာရေမျို ကင်ဆာဖြစ်ခြင်းနဲ့ တခြားဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ရောဂါရှာဖွေခြင်း

ရောဂါလက္ခဏာနဲ့ ဆိုင်တဲ့မေးခွန်းမေးခြင်း၊ အစာအိမ်ဆေး ပေးပြီး စမ်းသပ်ခြင်း၊ အစာအိမ် မှန်ပြောင်းကြည့်ခြင်း၊ အစာအိမ် အက်စစ်ဓာတ် တိုင်းတာခြင်း၊ အစာအိမ်ကြွက်သား ညှစ်နိုင်မှုတိုင်းခြင်းနဲ့ ဆေးဓာတ်မှန် ရိုက်ခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်ပါတယ်။

ရောဂါဖြစ်ရင်

ကိုယ်အလေးချိန် လျှော့ချရမယ်။ အဝတ်အစား တင်းတင်းကျပ်ကျပ် ဝတ်ခြင်းက ရှောင်ကြဉ်ရမယ်။ ပစ္စည်းအလေးတွေ မမသင့်ပါဘူး။ မကြာခဏ ခါးမကုန်းသင့်ပါ။ အစာစားပြီးလျှင်ပြီးချင်း အိပ်ရာဝင်ခြင်း၊ လဲလျောင်းခြင်း၊ အစားများများ စားခြင်း မပြုလုပ်သင့်ပါ။ အိပ်စက်ရာမှာလည်း ခေါင်းအုံးကို ခြောက်လက်မမြှင့်ပြီး အိပ်ခြင်း၊ ဆေးလိပ်၊ အရက်၊ ကွမ်းဖြတ်ခြင်း၊ ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေကို သတ်မှတ်ထားတဲ့ ရက်၊ လ၊ နှစ်အထိ သောက်သုံးသင့်ပါတယ်။

ကုသခြင်းနှင့် ကုသမှုကာလ

ဆေးဝါးနဲ့ကုသခြင်း၊ ရယ်နီတီဒင်း၊ မက်ထရို၊ အမောက်ဆလင်၊ အင်တာဆစ် ဆေးလေးမျိုး တစ်နေ့သုံးကြိမ် တစ်ပတ်ကနေ ၁ဝ ရက်အထိ တိုက်ခြင်း၊ ခွဲစိတ်ကုသခြင်းနဲ့ မှန်ပြောင်းမှတစ်ဆင့် ကုသမှုခံယူခြင်းတို့ လိုအပ်ပါတယ်။ အနည်းဆုံး နှစ်လဆေးသောက်ရမယ်။ ဆေးရပ်ရင် ရောဂါပြန်ဖြစ်တတ်လို့ မိသားစု ဆရာဝန်နဲ့ပြသရမယ်။

ခွဲစိတ်ခြင်း

ဆေးဝါးနဲ့ကုသလို့ မပျောက်သူများ၊ ဆေးကြာရှည် မသောက်လိုသူများ၊ အစာရေမျိုကျဉ်းသူများ၊ ကင်ဆာရောဂါရှိသူများ၊ အစာအိမ်ကျုံ့တဲ့ လူနာများ၊ ၂၄ နာရီအက်စစ်ဓာတ် များလွန်းတဲ့ လူနာများ အနေနဲ့ ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။

မှန်ပြောင်းဖြင့်ကုသခြင်း

မှန်ပြောင်းနဲ့ကြည့်ပြီး အစာရေမျိုပြွန်အောက်ပိုင်း ကြွက်သားပြန်ကောင်းအောင် လုပ်တာ၊ ချုပ်တာ လုပ်နိုင်တယ်။   

ဒေါက်တာလွင်သန့်

Read 402 times
Rate this item
(0 votes)
Last modified on Wednesday, 03 April 2019 10:42