SJ WorldNews - шаблон joomla Авто

တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ

Thursday, 04 April 2019 12:07 Written by  font size decrease font size decrease font size increase font size increase font size

တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ

တိရစ္ဆာန်တွေကနေ ကူးစက်တတ်တဲ့ ရောဂါတွေကြောင့် လူသားကမ္ဘာကြီး တုန်လှုပ်ခဲ့ပေါင်း များပါပြီ။ ကြွက်ကျခြင်းနဲ့ ဆက်စပ်နေတဲ့ ပလိပ်ရောဂါဆိုရင် အရှေ့ရောမ အင်ပါယာခေတ်ကတည်းက အစုလိုက်အပြုံလိုက် ကူးစက်ခံစားခဲ့ရပါတယ်။ လူသန်းပေါင်းများစွာ သေဆုံးခဲ့ရတဲ့ အဲဒီကပ်ရောဂါကို ဂျက်တီနီယမ် ပလိပ်(Plague of Justinian) လို့ ခေါ်တွင်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က အမေရိကားမှာ ဇီဝလက်နက်နဲ့ တိုက်ခိုက်ခံရတာ မှတ်မိကြမှာပါ။ ရောဂါပိုးတွေကို စာအိတ်ထဲထည့်ပြီး စာတိုက်ကနေ တစ်ဆင့် ပို့ပေးတယ်ဆိုတာလေ။  ဒီလိုပိုးအများစုကလည်း တိရစ္ဆာန်တွေကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေပါပဲ။

ဇီဝလက်နက် (Bioweapon)

ထောင့်သန်းပိုး၊ ဘရူဆဲလိုစစ်၊ ကာလဝမ်းရောဂါပိုး၊ ဆုံဆို့နာပိုး၊ ဝမ်းကိုက်ပိုး၊ မြင်းရောဂါပိုး တစ်မျိုးဖြစ်သော(ဇောင်းဂေါ) ဂလန်ဒါရောဂါပိုး၊ Listeriosis ၊ Melioidosis ပလိပ်ရောဂါပိုး၊ ယုန်အဖျားပိုး စတာတွေပဲ ဖြစ်ပါတယ်။ ဒီလို ရောဂါပိုးတွေကို လက်နက်သဖွယ် အသုံးချတာမျိုးကို Bioweapon ဇီဝလက်နက်လို့ခေါ်ကြပါတယ်။

လူသားနဲ့ တိရစ္ဆာန် (Ecology)

တိရစ္ဆာန်တွေကို အမျိုးအစားခွဲခြားကြည့်တဲ့အခါ တောတွင်းတိရစ္ဆာန်၊ မွေးမြူရေး တိရစ္ဆာန်နဲ့ အိမ်မွေးတိရစ္ဆာန်ဆိုပြီး သုံးမျိုးခွဲခြားနိုင်ပါတယ်။ တောတွင်း တိရစ္ဆာန်တွေနဲ့တော့ တောတွင်း အလုပ်လုပ်သွားတဲ့အခါ၊ အမဲလိုက်တဲ့အခါ၊ မြို့ရွာတိုးချဲ့ တည်ဆောက်တဲ့အခါ၊ လမ်းတံတား ဖောက်လုပ်တဲ့အခါမှ ထိတွေ့ရတာပါ။ မွေးမြူရေးနဲ့    အိမ်မွေးတိရစ္ဆာန် တွေကြောင့်သာ လူတွေမှာ အဓိက ရောဂါတွေ ကူးစက်ခံရတယ်လို့ ဆိုရပါမယ်။ ဒါပေမဲ့ ပလိပ်ရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါ၊ ခွေးရူးပြန်ရောဂါ စတဲ့ရောဂါတွေက တောတွင်းကနေ လူကြားသူကြားထဲ ရောက်လာခဲ့တဲ့ ရောဂါတွေပဲ မဟုတ်လား။ ကမ္ဘာလောကထဲမှာ အတူတူနေထိုင်ကြတဲ့ လောကသားတွေဆိုတာ တစ်ကြိမ်မဟုတ်  တစ်ကြိမ် တွေ့ဆုံနိုင်တယ်ဆိုတဲ့ သဘောပဲပေါ့။ အဲသလိုတွေ့ဆုံတဲ့အခါ အပြုံးနဲ့အိမ်ပြန်နိုင်ဖို့တော့ လိုပါတယ်။

ရောဂါကူးစက်ပုံ (Mode of Transmission)

တိရစ္ဆာန်တွေကနေ လူတွေဆီကို နည်းမျိုးစုံနဲ့ ရောဂါတွေ ရောက်လာနိုင်ပါတယ်။ ထိတွေ့ကိုင်တွယ်မိလို့၊ အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဥအမျိုးမျိုးကိုစားသောက်မိလို့၊ တိရစ္ဆာန်တွေရဲ့ ဆီးနဲ့မစင်တွေကနေ တစ်ဆင့်၊ မြေကြီး၊ ရေ၊ လေတွေကနေတစ်ဆင့် ရောဂါကူးစက်နိုင်ပါတယ်။ ကြောင်လိုကောင်မျိုးတွေကနေ အကုတ်ခံရလို့လည်း ကူးစက်နိုင်ပါတယ်။ ဒီလိုကူးစက်တဲ့အခါမှာ တိရစ္ဆာန်တွေ ကိုယ်တိုင် ရောဂါခံစားနေတာလည်း ဖြစ်နိုင်သလို သူတို့မှာ ရောဂါမဖြစ်ဘဲ ရောဂါပိုးလက်ခံကောင်အနေနဲ့ ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ခွေးရူးပြန်ရောဂါမျိုးက ခွေးမှာလည်းရောဂါဖြစ်ပါတယ်။အကိုက်ခံရတဲ့ လူတို့၊ ခွေးတို့မှာလည်းရောဂါဖြစ်ရပါတယ်။ ကြက်ငှက်တုပ်ကွေးပိုးကတော့ ကြက်၊ ငှက်တွေမှာ ရောဂါဖြစ်စေနိုင်ပေမယ့် ဝက်တွေမှာ ရောဂါမဖြစ်နိုင်တာ တွေ့ရပါတယ်။

ဇီဝလုံခြုံမှု (Bio-security)

ဇီဝလုံခြုံမှုဆိုတာ  လူနေအိမ်နဲ့ ကြက်ခြံ၊ ဝက်ခြံ စတဲ့တိရစ္ဆာန် မွေးမြူရေး လုပ်ငန်းနဲ့ တစ်ဆက်တည်း မဖြစ်သင့်ပါဘူး။   ကြက်ခြံ၊ ငုံးခြံ စတဲ့ မွေးမြူရေး ခြံထဲဝင်တဲ့အခါ သီးသန့်ဝတ်စုံ၊ ဘွတ်ဖိနပ်ရှည်၊   လက်အိတ်နဲ့ ဝင်ရသလို လုပ်ငန်းဆောင်တာတွေ ပြီးစီးလို့   ထွက်လာတဲ့အခါမှာလည်း အဲဒီအသုံးအဆောင် ပစ္စည်းတွေကို ထားခဲ့ဖို့၊ နေအိမ်အထိ သယ်မသွားဖို့လိုပါတယ်။ တိရစ္ဆာန်တွေထားတဲ့ တဲတွေ၊ အဆောက်အအုံတွေထဲ ဝင်တဲ့အခါ အဝင်ဝမှာ ပိုးသတ်ဆေးကန် ထားဖို့လိုပါတယ်။ ဝင်တဲ့သူရဲ့ ဖိနပ်တွေမှာ ရောဂါပိုးတွေ ကပ်ငြိမနေဖို့ဖြစ်ပါတယ်။ နောက်ပြီး ရောဂါဖြစ်နေတဲ့၊ရောဂါဖြစ်နေတယ်လို့ သံသယရှိတဲ့ တိရစ္ဆာန်တွေကို သီးသန့်ထားပြီး ဆေးကုသပေးဖို့ လိုပါတယ်။ ရောဂါသံသယနဲ့ သေဆုံးသွားရင် အမြန်ဆုံးမီးရှို့ မြေမြှုပ်ပစ်ဖို့လိုပါတယ်။

ကြက်ဆိုရင် ကျက်အောင်ချက်၊ ဘဲဆိုရင်ပြဲအောင်ချက်၊ ငုံးဆိုရင် နုံးအောင်ချက် ဆိုပြီး   အသားငါးတွေကို ကျက်အောင် ချက်ပြုတ်ဖို့လည်း အရေးကြီးပါတယ်။ ကလီစာတွေကို မစားမိဖို့၊ မြေနက်နက်တူးပြီး မြှုပ်နှံဖို့လည်း မှာကြားလိုပါတယ်။ ကြက်၊ ငှက် စတဲ့  တိရစ္ဆာန်တွေကို မကိုင်တွယ်ဖို့၊ အိမ်မွေးနဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ မနီးစပ်စေလိုပါဘူး။ ဒီလိုနီးစပ်သွားရင် တောရိုင်းတိရစ္ဆာန်ကနေ အိမ်မွေးတိရစ္ဆာန်၊ နောက်လူတွေကို ရောဂါပိုး အသစ်အဆန်းတွေ ကူးစက်လာနိုင်ပါတယ်။

အဖြစ်များတဲ့ ရောဂါပိုးတွေ

 (က) Clostridium perfringens - တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ သဘာဝအလျောက် ရှိနေနိုင်ပါတယ်။ သူတို့ ထုတ်လုပ်လိုက်တဲ့ စပိုး ( Spores) တွေဟာ အညစ်အကြေးတွေကနေ တဆင့် မြေကြီးစတဲ့ နေရာတွေကို ညစ်ညမ်းစေပါတယ်။ အစားအစာတွေကို ချက်ပြုတ်ပြီး အေးတဲ့နေရာမှာ သိမ်းမထားဘူးဆိုရင် အဲဒီစပိုးတွေကနေ ဗက်တီးရီးယား အကောင်တွေ ပေါက်လာပါမယ်။

အဲလိုအခြေအနေမှာ အဲဒီအစာတွေကို ပြန်မနွှေးဘဲစားမိရင် အစာအဆိပ်သင့်မှု ကြုံတွေ့နိုင်ပါတယ်။ အဲဒီပိုးကလည်း အူလမ်းကြောင်းထဲ ရောက်သွားမယ်ဆိုရင် အဆိပ်ဓာတ်ငွေ့တွေ ထွက်လာပြီး ဗိုက်အလွန်အမင်းနာတာ၊ ဝမ်းလျှောတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ရောဂါပိုးပါတဲ့ အစာစားပြီး ၈ နာရီကနေ ၂၂ နာရီအတွင်း အစာ အဆိပ်သင့်နိုင်ပါတယ်။

(ခ) Escherichia coli= E coli-  ကျွဲ၊ နွားစတဲ့  တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းထဲကနေ အညစ်အကြေးစွန့်ပစ်တဲ့အခါ အပြင်ကို ရောက်လာပါတယ်။

အဲဒီအညစ်အကြေးတွေဟာ အစားအစာထဲကို ရောက်သွားနိုင်ပြီး လူတွေကို ကူးစက်သွားပါတယ်။ ဒါမှမဟုတ် ဝမ်းတွင်းသားတွေကို ချက်ပြုတ်စားသောက်ရာကနေလည်း ကူးစက်နိုင်ပါတယ်။ အဆိပ်ဓာတ်ထုတ်တဲ့   ပိုးနဲ့ မထုတ်တဲ့ပိုးဆိုပြီး   အမျိုးအစားတွေ ခွဲနိုင်ပါသေးတယ်။ အဲဒီပိုးတွေကြောင့် ညောင်းညာကိုက်ခဲတာ၊ ဗိုက်နာတာ၊ ပျို့တာ၊ အန်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲသွေးပါတာစတဲ့ ဝမ်းပြဿနာတွေဖြစ်ပေါ်စေပါတယ်။ အဆိပ်ဓာတ် ထုတ်တဲ့ ပိုးတစ်မျိုးကြောင့် သွေးနီဥတွေပေါက်ကွဲပြီး ကျောက်ကပ်ပျက်စီး နိုင်တယ်လို့ ဆိုပါတယ်။

(ဂ) Listeria monocytogenes - တိရစ္ဆာန်တွေမှာ ဘာရောဂါလက္ခဏာ မှမပြဘဲ ရှိနေကြတဲ့ ရောဂါပိုးတွေပါပဲ။ ဒါပေမဲ့ အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေ တစ်ဆင့်   လူတွေကို ကူးစက်သွားပါတယ်။ သေချာချက်ပြုတ်ထားပြီး 5ံC အောက်အေးအောင် အအေးခံထားလည်း ဒီပိုးတွေက ရှင်သန်ပွားများနိုင်သေးတာ   တွေ့ရပါတယ်။ အဲဒီပိုးတွေကြောင့် ဖြစ်တဲ့ရောဂါကို

Listeriosis  ခေါ်ပြီး ဖျားတာ၊ နာကျင်တာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောစနစ်တွေ ထိခိုက်ပြီဆို ခေါင်းကိုက်တာ၊ လည်ပင်းတောင့်တင်းတာ၊ ကယောင်ကတမ်းပြောတာ၊ ကိုယ်နေဟန်ချက် မထိန်းနိုင် တာ၊ တက်တာတွေအထိ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်သည်တွေဆိုရင် တုပ်ကွေးမိသလိုမျိုး ဖျားနာတာ၊ ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာ၊ လမစေ့မွေးတာနဲ့ ကလေးအထိ ရောဂါကူးစက် သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ရောဂါပိုးဝင်ရောက်ရင် (၁)ရက်ကနေ (၃)ပတ်အတွင်း ရောဂါလက္ခဏာ တွေ ဖြစ်ပေါ်ခံစားရမယ်လို့ ဆိုပါတယ်။

(ဃ)Samonella species- တိရစ္ဆာန်တွေရဲ့ မစင်အညစ်အကြေးတွေကနေတ စ်ဆင့်ကူးစက်နိုင်သလို တိရစ္ဆာန်ထွက် အစားအစာတွေဖြစ်တဲ့ အသား၊ နို့၊ ဥ စတာတွေကနေလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးပါတဲ့ အစာကို စားမိပြီး ၁၂ နာရီကနေ ၇၂ နာရီအတွင်း ရောဂါလက္ခဏာတွေ စပေါ်လာနိုင်ပါတယ်။ ဖျားတာ၊ ဝမ်းလျှောတာ၊ ဗိုက်နာတာတွေ၊ အူရောင်ငန်းဖျား ရောဂါ စတာတွေ ဖြစ်နိုင်ပါတယ်။

(င) Staphylococcus aureus-  တိရစ္ဆာန်တွေရဲ့ နှာခေါင်း၊ လည်ချောင်း၊ အရေပြား၊ အမွေးအမှင်တွေပေါ်မှာ ရှိနေတတ်သလို အနာတွေမှာလည်း ရှိနေတတ်ပါတယ်။ အဲလို  တိရစ္ဆာန်တွေကို ကိုင်တွယ်မိတဲ့အခါ မိမိမှာရှိတဲ့ အနာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒါမှမဟုတ် အစားအသောက်ကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ချက်ပြုတ်ကိုင်တွယ်မှု မသန့်ရှင်းရင်လည်း ကူးစက်တတ်ပါတယ်။ အဲဒီပိုးကထုတ်တဲ့ အဆိပ်ဓာတ်ကြောင့် ပျို့အန်တာ၊ ဗိုက်နာ၊ ဝမ်းလျှောတာတွေကို အဲဒီပိုးပါတဲ့ အစာစားမိပြီး ၂ နာရီကနေ ၆ နာရီအတွင်း ဖြစ်ပေါ်လေ့ ရှိပါတယ်။

(စ) ကပ်ပါးကောင်များ  - တချို့တိရစ္ဆာန်တွေကို ကိုင်တွယ်မိတဲ့အခါပဲ ဖြစ်ဖြစ်၊ အညစ်အကြေးကို ကိုင်တွယ်မိတာပဲဖြစ်ဖြစ်၊ ဝမ်းတွင်းသား ကလီစာတွေ  ချက်ပြုတ် စားသောက်တာပဲဖြစ်ဖြစ် ကပ်ပါးကောင်တွေ ကူးစက်ခံရတတ်ပါတယ်။ ဝဲရောဂါ၊ သန်လုံးကောင် ၊ ချိတ်သန်ကောင်၊ အတွင်းလာဗာမိုင်ဂရင်၊ အရေပြားလာဗာမိုင်ဂရင် စတဲ့ရောဂါတွေပဲ ဖြစ်ပါတယ်။

ကပ်ရောဂါအသွင်ဖြစ်စေနိုင်တဲ့ ရောဂါများ (Outbreak diseases)

ကြက်ငှက်တုပ်ကွေး၊ ထောင့်သန်း၊ ပလိပ်ရောဂါ၊ အီဘိုလာရောဂါ၊ အစာအဆိပ်သင့်၊ လူတုပ်ကွေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်တုပ်ကွေး စတဲ့ ရောဂါတွေပဲဖြစ်ပါတယ်။

ကြက်ငှက်တုပ်ကွေးက   ဗိုင်းရပ်ပိုး (Influenza A virus subtypes) တွေကြောင့်ဖြစ်လာရတဲ့ ရောဂါပါ။  တောတွင်းကြက်၊ ငှက်တွေ၊ အိမ်မွေးကြက်၊ ငှက်တွေနဲ့ ထိတွေ့မိတဲ့အခါ၊ အသားတွေ၊ ကလီစာတွေ စားသုံးမိတဲ့အခါ ဖြစ်တတ်ပါတယ်။ ပထမတိရစ္ဆာန် အချင်းချင်းသာ  ကူးစက်ရာမှ နောက်ပိုင်း မျိုးဗီဇပြောင်းကာ လူတွေကို ကူးစက်လာတာပါ။

ထောင့်သန်းကတော့ Bacillus anthracis ဆိုတဲ့ ဗက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါပါ။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကုလားအုတ်၊ မြင်း၊ ဝက်စတဲ့  တိရစ္ဆာန်တွေရဲ့  အသားကို စားမိရင်ပဲဖြစ်ဖြစ်၊ ထိတွေ့မိတာပဲဖြစ်ဖြစ်၊ လေကနေ တစ်ဆင့်ပဲဖြစ်ဖြစ် ကူးစက်နိုင်ပါသတဲ့။

ပလိပ်မှာတော့ အကျိတ်ထွက်တဲ့ပလိပ်၊ အဆုတ်မှာဖြစ်တဲ့ပလိပ်၊ သွေးအဆိပ်ဖြစ်တဲ့ ပလိပ်ဆိုပြီး သုံးမျိုးရှိပါတယ်။ Yersinia pestis ဆိုတဲ့ ပိုးကြောင့် ဖြစ်ရတာပါ။ ယုန်၊ ကြွက်၊ ဆိတ်၊သိုး စတဲ့  တိရစ္ဆာန်တွေရဲ့ လှေးကိုက်ရာကတစ်ဆင့် ကူးစက်နိုင်တယ်လို့ဆိုပါတယ်။

အီဘိုလာရောဂါကတော့ အီဘိုလာဗိုင်းရပ်ကြောင့် ဖြစ်လာရပါတယ်။

ချင်ပန်ဇီ၊ လူဝံ၊ လင်းနို့၊ မျောက်၊ တောဆိတ်၊ ဖြူကောင် စတဲ့  တိရစ္ဆာန်တွေရဲ့ ကိုယ်တွင်းအရည်တွေ၊ အင်္ဂါအစိတ်အပိုင်းတွေကို ထိတွေ့ကိုင်တွယ်ရာ ကနေ ကူးစက်နိုင်ပါတယ်။

တုပ်ကွေးရောဂါဟာ မြင်း၊ ဝက်၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ တောတွင်း ကြက်၊ငှက်တွေ၊ ရေနေနို့တိုက် သတ္တဝါတွေဖြစ်တဲ့ ပင်လယ်ဖျံ၊ ဝေလငါး၊ ကုန်းနေရေနေ မြွေပါစတဲ့ တိရစ္ဆာန်တွေ၊ ကျွဲ၊ နွားစတဲ့ စိုက်ပျိုးရေးသုံး  တိရစ္ဆာန်တွေကနေ ကူးစက်ခံရနိုင်ပါတယ်။ လေကနေတစ်ဆင့် ကူးစက်နိုင်တာကြောင့် ကူးစက်မြန်နိုင်ပါတယ်။ Penta  ဆိုတဲ့ ငါးမျိုးစပ် ကာကွယ်ဆေးဟာ ဒီတုပ်ကွေးကို ကာကွယ်နိုင်ပြီး ကလေးတွေကို အခမဲ့ ထိုးနှံပေးနေပါတယ်။

ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာ ရေငှက်တွေနဲ့ဝက်တွေမှာ အဲဒီ ရောဂါပိုးရှိနေရင် လူတွေဆီကို ခြင်ကိုက်ရာကတစ်ဆင့် ကူးစက်နိုင်တယ်လို့ ကြားသိရပါတယ်။အခုတော့ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ ကလေး သူငယ်တွေကို ထိုးနှံပေးနေပါပြီ။

ဝက်တုပ်ကွေးကတော့ ဝက်တွေမှာစဖြစ်လို့ ဝက်တုပ်ကွေးလို့ ခေါ်ပါတယ်။

အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ဝင်ရောက်ကူးစက်တယ်လို့  သိရပါတယ်။ သာမန်တုပ်ကွေးရောဂါနဲ့ လက္ခဏာ ဆင်တူပေမယ့် ပေါ့ပေါ့ဆဆ နေရင် ရှော့ရပြီး အသက်အန္တရာယ် ပေးနိုင်ပါတယ်။ ဒီတုပ်ကွေးပိုးတွေဟာ  လူအများကြီးဆီ ပျံ့နှံ့ကူးစက်ပြီး လူတုပ်ကွေးလို့ ခေါ်ရလောက်အောင် ကပ်ရောဂါ အသွင်ဖြစ်ပွားနိုင်ပါတယ်။

ကာကွယ်ရေးနည်းလမ်းများ

 တိရစ္ဆာန်တွေကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ မွေးမြူရေးလုပ်တဲ့အခါမှာ  လူနေအိမ်နဲ့ မွေးမြူရေးခြံကို သီးခြားထားရှိပါ။

မွေးမြူရေးခြံတွေမှာလည်း  တိရစ္ဆာန် အမျိုးအမည်အလိုက် ခွဲခြားမွေးပါ။ ကြက်နဲ့ ဘဲ ရောမွေးတာ၊ ဘဲနဲ့ ဝက်ရောမွေးတာ စတဲ့ ရောမွေးတာမျိုး မလုပ်ပါနဲ့။

နာမကျန်းဖြစ်နေတဲ့  တိရစ္ဆာန်တွေနဲ့ ကျန်းမာတဲ့ ကောင်တွေကိုခွဲထားပါ။ အိမ်မွေးနဲ့ တောရိုင်းတိရစ္ဆာန်တွေကိုလည်း နီးစပ်ခွင့်မပေးပါနဲ့။ဇီဝလုံခြုံရေး မြှင့်တင်ပါ။လိုအပ်တဲ့ ကာကွယ်ဆေးတွေကို လူတွေမှာရော၊ တိရစ္ဆာန်တွေမှာပါ အကြိမ်ပြည့် ထိုးနှံပေးထားပါ။  အသားငါးတွေ၊ တိရစ္ဆာန်ထွက် အစားအစာတွေကို  ကိုင်တွယ် ချက်ပြုတ်ရာမှာလည်း ကျက်အောင်ချက်ပြုတ်ပါ။ အစာသန့်၊ လက်သန့်၊ ရေသန့်၊ အိမ်သာသန့် ဆိုတဲ့ သန့်လေးသန့် ရှိရပါမယ်။ မစားသင့်တဲ့ အသားတွေ၊ ကလီစာတွေကို တွင်းနက်နက် တူးပြီးမြှုပ်ပါ။ အသားငါးစိမ်းနဲ့ ဟင်းသီးဟင်းရွက်တွေ တွဲမထားပါနဲ့။တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လက်သန့်ရှင်းရေးကို အလေးထား ဆောင်ရွက်ပါ။

ဒါဆိုရင်   တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ  ကင်းရှင်းမည် ဖြစ်ပါကြောင်း။ ။

ဇော်သစ်ကြည်

Read 129 times
Rate this item
(0 votes)
Last modified on Thursday, 04 April 2019 12:09