SJ WorldNews - шаблон joomla Авто

နာတာရှည် အဆုတ်ရောဂါ ……

Thursday, 11 April 2019 10:01 Written by  font size decrease font size decrease font size increase font size increase font size

နာတာရှည် အဆုတ်ရောဂါ ……

ကျွန်မတို့ လူသားများသည် စားဝတ်နေရေးဆိုသည့်ခေါင်းစဉ်အောက်တွင်နေ့စဉ်နှင့်အမျှရုန်းကန်လှုပ်ရှားနေကြရသည်။ ဤသို့ရုန်းကန်လှုပ်ရှားကြရာတွင် ကျောက်ဆစ်ထုခြင်း၊ဆေးမှုတ်ခြင်းများနှင့်အသက်မွေးကြသူများလည်းရှိသည်။ ယင်းသို့ ကျောက်ဆစ်ထုခြင်း၊ ဆေးမှုတ်ခြင်းလုပ်ငန်းခွင် အတွင်းမှသူများ  အဆုတ်ရောဂါကင်းဝေးစေဖို့ဆောင်ရန်၊  ရှောင်ရန်များကိုတင်ပြပေးလိုသည်။

အထူးသဖြင့် ကျောက်ဆစ်ထုခြင်း၊ ဆေးမှုတ်ခြင်းလုပ်ငန်းခွင်မှသူများသည် အဆုတ်နှင့် ပတ်သက်သောရောဂါများ  ဖြစ်ပွားကြတာ များသည်။

တစ်နည်းအားဖြင့်ကျောက်ဆစ်ထုခြင်း၊ ဆေးမှုတ်ခြင်းများမှထွက်လာသော အခိုးအငွေ့များသည် လေထုကိုညစ်ညမ်း စေသည်။ ဖုန်မှုန့်၊ သဲမှုန့်များကိုမူ လေထုညစ်ညမ်းစေသည်ဟု အများကမှတ်ယူထားကြသော်လည်း အထက် ဖော်ပြပါ လုပ်ငန်းများမှ ထွက်ပေါ်လာသောအငွေ့များကို လေထုညစ်ညမ်းစေသည်ဆိုသည့် အချက်ကိုဖြင့် မေ့လျော့နေ တတ်ကြသည်။

အကြောင်းမှာ အိမ်သုတ်ဆေး၊ အိမ်သုတ်ဆေးဖျော်ဆေးရည်၊  မီးခိုး၊ အိတ်ဇောငွေ့၊ ကျောက်မှုန့်များမှထွက်လာသော ဖော်မောဒီဟိုက်၊  ထွိုင်ကလိုရိုအီသိုင်းလင်း၊ ဘင်ဇင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ ဇိုင်လင်း အစရှိသော ဓာတုပစ္စည်းများ ရောနှောပါဝင်ခြင်းကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်စေခြင်းဖြစ်သည်။ ထို့အတူ ဆေးမှုတ် သည့်အခါ ထွက်သည့် အမှုန့်များတွင် အာဆင်းနစ်ဓာတ်များပါဝင်သကဲ့သို့ ခဲဆိပ်များလည်း သင့်နိုင်သည်။

အဆုတ်ရောဂါများထဲမှ နာတာရှည်အဆုတ်ရောဂါသည် ကျောက်ဆစ်သမားများနှင့် ဆေးမှုတ်ခြင်း လုပ်ငန်းနှင့် နီးစပ်သော သူများတွင် အဖြစ်များသည်။ နာတာရှည်အဆုတ်ရောဂါမှတစ်ဆင့် အဆုတ်ကင်ဆာများအထိ ဖြစ်ပွားနိုင်သည်။ အဆုတ်ကင်ဆာတွင် တွေ့ရသော  လက္ခဏာများမှာ ချောင်းဆိုးခြင်း၊ နာတာရှည်ချောင်းဆိုးခြင်း၊ အသက်ရှူသည့် ပုံစံပြောင်းလာခြင်း၊ ရင်ဘတ်တစ်ဝိုက်နာကျင်ခြင်း၊ အသက်ရှူကျပ်ခြင်း၊  ခေါင်းမူးခြင်းတို့ ဖြစ်သည်။

အဆုတ်ကင်ဆာဖြစ်နိုင်ခြေရှိသူများကိုလည်း  တင်ပြပေးလိုသည်။

ဆေးလိပ်၊စီးကရက်သောက်သုံးသူများ၊  ဓာတ်ရောင်ခြည်သင့်သူများ၊ ဆေးလိပ်ငွေ့ တစ်ဆင့်ခံရှူကြရသူများ၊ နာတာရှည် အဆုတ်ရောဂါရှိသူများ၊  ကျောက်မိုင်း၊ မီးသွေးမိုင်း၊ မီးခိုး၊ အမှုန်စသည်တို့ထွက်သော လုပ်ငန်းခွင် တွင် အလုပ်လုပ်ကြ ရသူများဖြစ်သည်။

သို့ပါသောကြောင့် ကာကွယ်ခြင်းသည်ကုသခြင်းထက်ကောင်းသည် ဆိုသောဆောင်ပုဒ်အရ ဆေးမှုတ်သူများ၊  ကျောက်ဆစ် သမားများအဆုတ် ရောဂါမှကင်းဝေးနိုင်စေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို တင်ပြပေး လိုသည်။ ကျောက်ဆစ်သမားများ၊ ဆေးမှုတ်သူများသည်လုပ်ငန်းခွင်ဝင်သည် နှင့်အမှုန်အမွှားများဘေးမှကာကွယ်နိုင်ရန်အတွက် မျက်နှာဖုံး၊ နှာခေါင်း စည်း၊ လက်အိတ်များကိုအသုံးပြုသင့်သည်။ မျက်နှာဖုံး၊ နှာခေါင်းစည်း၊ လက်အိတ်များ အသုံးပြုထားခြင်းဖြင့် အဆုတ်ရောဂါမှကာကွယ်နိုင်သကဲ့သို့ ယင်းလုပ်ငန်းခွင်မှရသော အနံ့များကြောင့် ခံစားရလေ့ ရှိသော ခေါင်းကိုက်ခြင်း မှလည်းကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ထို့အတူ  မျက်စိထဲသို့အမှုန်အမွှားများ မဝင်စေရန်အတွက်လည်း မျက်မှန်တပ်ဆင်ထားသင့်သည်။ လုပ်ငန်းခွင်မှပြန် လာသည့် အချိန်များ တွင်လည်း လက်ကိုသေချာဆေးကြောသင့်သည်။ ငယ်လွန်းသောကလေး များကိုလည်း ယင်းလုပ်ငန်းခွင် အနီးသို့ ခေါ်ဆောင်ခြင်းမျိုးကိုလည်းမပြုလုပ်သင့်ပါ။ အထက်ဖော်ပြပါလုပ်ငန်းခွင် အနီးတွင် အနေများ သူကလေးငယ်များ အနေဖြင့် အဆုတ်ရောင်ခြင်း၊ ဥာဏ်ရည်နိမ့်ကျခြင်း၊ စိတ်အာရုံထွေပြားခြင်း များဖြစ်တတ်ခြင်း ကြောင့်ဖြစ် သည်။ ထို့အတူ   ဆေးသုတ်သည့်အခါ  ဆေးမခြောက်သေးသည့်အဆောက်အအုံ၊ အရာဝတ္ထုများအနီးသို့  မကြာခဏ သွားလာခြင်းမျိုးကိုလည်း ရှောင်သင့်သည်။

ဆေးမှုတ်သည့်အခါသုံးသည့်ဆေးများကိုလည်း  ခဲဓာတ်ပါဝင်မှုနည်းသောဆေးများကို ရွေးချယ်သုံးစွဲ သင့်သည်။       လုပ်ငန်းခွင် မှပြန်လာပြီး ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ဘဲ ကလေးချီခြင်းမျိုးကိုလည်း   အထူးရှောင်ကြဉ်သင့်သည်။ ဆေးမှုတ်ခြင်း၊ ကျောက်ဆစ်ထုခြင်း၏လုပ်ငန်းခွင်များ အနီးမှရေကို သောက်ခြင်းမှလည်း ရှောင်ရှားသင့်သည်။   အကြောင်း မှာ လုပ်ငန်းခွင်မှ လွင့်စဉ်လာ သောအမှုန်အမွှားများသည်ရေထဲသို့ ဝင်ရောက်သွားနိုင်သည်။ ယင်းရေများကို သောက်မိလျှင် ခဲဆိပ်သင့်ခြင်းဆိုသည့် ဘေး အန္တရာယ်ကိုပါရင်ဆိုင်ရမည်။

ယင်းလုပ်ငန်းခွင်အနီးသို့ ကိုယ်ဝန်ဆောင်သည်များ၊ သွေးနုသားနုမိခင် များအနေဖြင့် သွားလာခြင်းကိုရှောင်ကြဉ် သင့်သည်။ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် အမှုန်အမွှားများရှူရှိုက်မိရာမှ လမစေ့မီမီးဖွားခြင်း၊  ကိုယ် အလေးချိန် မပြည့် သော  ကလေးများမွေးခြင်း၊  ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းများဖြစ်တတ်သည်။ လူကြီးများတွင်လည်း နာတာ ရှည်အဆုတ်ရောဂါမှတစ်ဆင့် အဆုတ်ကင်ဆာအထိဖြစ်ပွားနိုင်သည်။

နာတာရှည်အဆုတ်ရောဂါများမဖြစ်ပွားမီယင်းလုပ်ငန်းနှင့်ဆက်စပ် နေသူများအနေဖြင့် သွေးအားနည်းခြင်း၊ ဗိုက်နာခြင်း၊ ဦးနှောက်အာရုံ ကြောများထိခိုက်ခြင်း၊ အတက်ရောဂါများဖြစ်ခြင်းတို့လည်း ခံစားရနိုင်သည်။ ယင်းလုပ်ငန်း ခွင်မှသူ များသည် ဆေးလိပ်သောက်ခြင်းကိုလည်း အထူး ရှောင်ရမည်။ ဆေးလိပ်သောက်ခြင်းသည် အဆုတ်နှင့် ပတ်သက်သော ရောဂါ များ၏ အစပျိုးခြင်းဖြစ်ခြင်းကိုသတိချပ်စေလိုသည်။

သို့ဖြစ်ပါသောကြောင့် ယင်းလုပ်ငန်းခွင်မှနီးစပ်ရာလူများသည်  ကာလကြာ မြင့်စွာချောင်းဆိုးနေခြင်း၊ အသက်ရှူလိုက် တိုင်း တရွှီရွှီမြည်နေခြင်း၊ အားအင် ကုန်ခန်းသကဲ့သို့ခံစားရခြင်း၊   ကိုယ်အလေးချိန်ကျဆင်းခြင်း၊  အသက်ရှူ ရန် ခက်ခဲခြင်းများ ခံစားရပါက ပေါ့ပေါ့ဆဆမနေဘဲ   နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့သွားသင့်ပါကြောင်း တင်ပြလိုက်ရ ပါသည်။   

ဆောင်းပါးရှင်- မုဒိတာ(တောင်သာ)

Read 184 times
Rate this item
(0 votes)
Last modified on Thursday, 11 April 2019 10:10