SJ WorldNews - шаблон joomla Авто

အဖြစ်များဆုံး အာဟာရ ချို့တဲ့မှု သို့မဟုတ် PEM

Friday, 12 April 2019 10:25 Written by  font size decrease font size decrease font size increase font size increase font size

သီယိုပီးယားမှာ မိုးခေါင်ရေရှားဖြစ်လို့ ပိန်ပိန်လှီလှီလေးတွေကို သတင်းစာတွေမှာ တွေ့ရတော့ သနားကရုဏာ အတော်သက်ခဲ့ရပါတယ်။ အဲဒီလို ကမ္ဘာမှာ ဒုဗ္ဘိက္ခန္တရကပ်၊ ငတ်မွတ်ဆာလောင်မှုတွေ ဖြစ်ကြ၊  သေဆုံးကြတော့  မြန်မာပြည်မှာ  ငတ်လို့သေတဲ့ မသာမရှိဘူးလို့ ကြွေးကြော်ခဲ့ကြပါတယ်။ ဘယ်လောက် ရာခိုင်နှုန်းထိ  မှန်ကန်သလဲလို့တော့ မသိခဲ့ပါဘူး။ စာရင်းဇယား၊ အမှတ်အသား အားနည်းခဲ့တာလည်း ပါပါမယ်။ ဒါပေမဲ့ ကာတွန်းဆရာ အော်ပီကျယ်ကတော့ မြန်မာတွေဟာ ထမင်းငတ်၊ မငတ်တော့ မသိဘူး။ ဟင်းငတ်တာတော့  သေချာတယ်လို့ ပြောခဲ့ဖူးပါတယ်။ ကျွန်တော်လည်း လက်ခံပါတယ်။ အခြေခံအစားအစာဖြစ်တဲ့ ထမင်းကိုပဲ အဓိက ရှာဖွေစားသောက်နေခဲ့ရတော့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မစားသောက် တတ်ခဲ့ပါဘူး။   ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောခဲ့သလိုပါပဲ။ ကမ္ဘာပေါ်မှာ မသိလို့သေတဲ့ သေဆုံးမှုတွေက များပြားခဲ့ပါတယ်။

လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်ချက်

လူတစ်ဦး တစ်ယောက်အတွက် နေ့စဉ်လိုအပ်ချက်တွေထဲမှာ  ရေနဲ့ အစားအစာက အဓိကပဲ မဟုတ်ပါလား။ ရေကို သောက်ရေ၊ သုံးရေအဖြစ် လိုအပ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးဆိုတာ လေးပုံသုံးပုံက ရေတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားတာပါ။ ရေလူသားကြီးပဲပေါ့။  ဇီဝကမ္မဖြစ်စဉ် တစ်လျှောက်လုံး အခြေခံ ကလာပ်ဆဲလ်ထဲမှာတောင် ရေကအဓိက ဇာတ်ဆောင်ပါပဲ။ ကလာပ်ဆဲလ်ထဲမှာ သွေးက သယ်ယူလာတဲ့ ဂလူးကို့စ်နဲ့ အောက်ဆီဂျင်ဟာ ဓာတ်ပြုပေါင်းစပ်သွားပြီး စွမ်းအင် ထွက်လာရတာပါ။ အဲဒီစွမ်းအင်ကို အသက်ရှင်နိုင်ဖို့ အသုံးချရတာပါ။  အဲဒီသွေးဆိုတာ အာပေါဓာတ်လို့ပြောတဲ့ ရေ၊ ကလာပ်ဆဲလ်ထဲမှာ ပရိုတွန်၊ အီလက်ထရွန်တွေဟာ ရေထဲမှာ အခြေတည် လှုပ်ရှားနေတဲ့ စက်ရုံတွေ။

ပြောလိုက်တဲ့ ဂလူးကို့စ်ဆိုတာ စားလိုက်တဲ့ အစားအစာကနေ ရလာတာပါ။ အထူးသဖြင့်တော့ ကစီဓာတ်တွေကနေ ရလာတာပေါ့။ ဒါပေမဲ့ ကစီဓာတ်တစ်မျိုးတည်း လိုတာတော့မဟုတ်ပါဘူး။ အဆီဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေလည်း လိုပါသေးတယ်။ ရေအပါအဝင် အာဟာရဓာတ် ခြောက်မျိုး လိုအပ်တာပေါ့။ ကျန်းမာရေး ဝန်ထမ်းတွေကတော့ အစာအုပ်စု သုံးစုဆိုပြီး (က)အင်အားဖြစ်ထွန်းစေတဲ့အုပ်စု -ဆန်၊ ဂျုံ၊ ပြောင်း  စတဲ့ကာဗိုဟိုက်ဒရိတ်၊  ကစီဓာတ်တွေနဲ့  ပဲဆီ၊  နှမ်းဆီ  စတဲ့ စားဆီအမျိုးမျိုး၊  (ခ) ခန္ဓာကိုယ်ကြီးထွားစေတဲ့ အုပ်စု -အသား၊ ငါး၊  ဥ အမျိုးမျိုး၊ နို့ စတဲ့ ပရိုတိန်း အသားဓာတ်တွေနဲ့ (ဂ) ရောဂါကာကွယ်တဲ့ အုပ်စု - အသီးအရွက်၊ အသီးအနှံ စတဲ့ ဗီတာမင်နဲ့  ကယ်ဆီယမ်၊ ဖော့စဖရပ်  စတဲ့ သတ္တုဓာတ်တွေလို့ ဟောပြောလေ့ရှိပါတယ်။  ဒီအာဟာရတွေထဲက တစ်မျိုးမျိုးချို့တဲ့ရင် ဆိုင်ရာ ဆိုင်ရာ အာဟာရချို့တဲ့မှုဖြစ်ပေါ်ပြီး ရောဂါဖြစ်နိုင်၊ သေဆုံးနိုင်တဲ့အထိ ခံစားရနိုင်ပါတယ်။ 

အာဟာရချို့တဲ့မှုကြီး ငါးမျိုး

မြန်မာနိုင်ငံမှာတော့ အာဟာရချို့တဲ့မှုကြီး ငါးမျိုးရှိနေတယ်လို့ သိရပါတယ်။ ပရိုတိန်း အင်အားချို့တဲ့မှု၊ သွေးအားနည်းရောဂါ၊ အိုင်အိုဒင်းချို့တဲ့မှု၊ ဗီတာမင်အေချို့တဲ့မှု၊ ဗီတာမင်ဘီဝမ်းချို့တဲ့မှုတို့ပဲ ဖြစ်ပါတယ်။ အစာအုပ်စုကြီး သုံးစုနဲ့ ပြန်တွက်ကြည့်ရင် အကုန်ချို့တဲ့နေတာကို တွေ့နိုင်ပါတယ်။

အဖြစ်အများဆုံး အာဟာရချို့တဲ့မှု (PEM)

ပရိုတိန်း အင်အားချို့တဲ့ရတဲ့ အကြောင်းတွေကို ရှာဖွေဖော်ထုတ် ကြည့်တဲ့အခါ အကြောင်းရင်း သုံးရပ်ကို တွေ့ရပါတယ်။ စီးပွားရေး အဆင်မပြေလို့၊ အသိပညာနည်းပါးလို့၊ ကူးစက်ရောဂါတွေ ခဏခဏ ခံရလို့ပါပဲတဲ့။ ဘယ်လိုလူတွေမှာ ပိုဖြစ်သလဲဆိုရင် အသက်ငါးနှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မွေးရာပါ ရောဂါရှိသူတွေဖြစ်ပါတယ်။ ကလေးငယ်တွေဆိုတာ အရောင်လှလှ၊ အရသာရှိရှိလေးတွေပဲ ရွေးစားချင်ပါတယ်။ ခုတလော  ပြည်ပကဝင်လာတဲ့

မုန့်တွေကလည်း ထုပ်ပိုးပုံကို လှလှပပ၊ အနံ့အရသာ ကောင်းကောင်းနဲ့ဆိုတော့ ဘာတွေနဲ့လုပ်ထားသလဲ မစဉ်းစားနိုင်တော့ပါဘူး။ မယ်လမင်းဓာတ်တွေ ပါပြီး ကလေးတွေ သေကြတယ်ဆိုတော့မှ၊  သတင်းစာမီဒီယာတွေက ရေးကြတော့မှ မကျွေးကြတော့ပါဘူး။ ကလေးနီးလွန်း၊ များလွန်းတဲ့ မိခင်တွေမှာ  ကိုယ်ဝန်ဆောင်ရရင် သန္ဓေသားလေးအတွက် အာဟာရပြည့်စုံမှု အသင့်မဖြစ်သေးပါဘူး။ နောက်ပြီး မွေးထားတဲ့ ကလေးတွေကို ကလေးတိုင်း အပြည့်အဝ မစောင့်ရှောက်နိုင်ပါဘူး။ သက်ကြီးရွယ်အိုတွေဆိုတာလည်း အိုမင်းလာတာကြောင့်၊ သူတစ်ပါးကို မှီခိုနေရတာကြောင့် အာဟာရ မပြည့်ဝတတ်ပါဘူး။ မွေးရာပါရောဂါ ရှိသူတွေကလည်း သူတစ်ပါးကို မှီတည်နေရတာပါ၊ ရောဂါကြောင့် မသန်စွမ်းနိုင်ပါဘူး။ ဒါကြောင့် သာမန်လူတွေထက် အာဟာရ ချို့တဲ့နိုင်ပါတယ်။

အာဟာရချို့တဲ့မှုရဲ့ ဆိုးကျိုးများ

အဲဒီလိုအာဟာရချို့တဲ့ရင် ဘာတွေ ဖြစ်တတ်သလဲဆိုတော့ ကလေးတွေမှာ အသက်အရွယ်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန် မရှိခြင်း၊ ကြုံလှီခြင်း၊ ပုညှက်ခြင်းတွေ ဖြစ်ပွားနိုင်ပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်နိုင် ပါတယ်။ 

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ အသက်ခြောက်လမှ ငါးနှစ်အတွင်း သေဆုံးတဲ့ ကလေးတွေရဲ့တစ်ဝက်ကျော်ဟာ အာဟာရချို့တဲ့မှုနဲ့ ဆက်နွှယ်နေပါတယ်။ ကျန်းမာတဲ့ ကလေးနဲ့ နှိုင်းယှဉ်ကြည့်ရင် အပြင်းအထန် အာဟာရ ချို့တဲ့တဲ့ကလေးဟာ ရှစ်ဆ၊ အနည်းငယ် အာဟာရချို့တဲ့တဲ့ ကလေးဟာ နှစ်ဆခွဲပိုပြီး ရောဂါပိုး ဝင်ရောက်သေဆုံးနိုင်ပါတယ်။

အာဟာရချို့တဲ့မှု အမျိုးအစားများ

အာဟာရချို့တဲ့မှုကို လတ်တလော အာဟာရချို့တဲ့မှုနဲ့  နာတာရှည် အာဟာရချို့တဲ့မှုဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အလွယ်တကူပြောရရင် ပိန်လှီခြင်းနဲ့ ပုညှက်ခြင်းပေါ့။  လတ်တလော အာဟာရချို့တဲ့မှုဆိုတာ အာဟာရ အသိပညာနဲ့၊ ကျွေးမွေး စောင့်ရှောက်မှုနဲ့ အဓိက သက်ဆိုင်တယ်လို့ ဆိုပါတယ်။ ကလေးငယ်တစ်ဦးဟာ ချူချာတယ်၊ သေးညှက်တယ်ဆိုတာ

အနည်းငယ် အာဟာရချို့တဲ့မှု လက္ခဏာပါပဲ။ ရွယ်တူတန်းတူ ကလေးတွေလောက် မဖွံ့ဖြိုး၊ မကြီးထွားတော့ဘူးပေါ့။ကြည့်လိုက်ရင် သိသိသာသာ ပိန်မယ်၊ လက်မောင်း၊ ပေါင်၊ လည်ပင်းတွေက ပိန်သေးနေမယ်၊ ရောဂါဖြစ်လွယ်မယ်ဆိုရင် အတော်အသင့် အာဟာရချို့တဲ့နေပါပြီ။

ပြင်းထန်အာဟာရ ချို့တဲ့မှုကိုတော့ သုံးမျိုး ခွဲခြားနိုင်ပါတယ်။  ပိန်ချုံးကြုံလှီ၊ ကြွက်သားတွေ သေးသိမ်၊ ကြီးထွားမှု အလွန်နှေးကွေးနေပြီး အမြဲတမ်း ဆာလောင်မွတ်သိပ်နေတယ်ဆိုရင် ပိန်ချုံးခြောက်ကပ်ခြင်းလို့ ခေါ်ပါတယ်။ အဲဒီလိုလူတွေမှာ ဝမ်းမကြာခဏ ပျက်တတ်ပါတယ်။ သွေးအားနည်းရောဂါ၊ နှုတ်ခမ်းပါးစပ်နာ၊ ကျီးကန်းပါးစပ်နာ၊ ကြက်မျက်သင့်စတဲ့ ဗီတာမင်ချို့တဲ့မှု ရောဂါတွေ ယှဉ်တွဲခံစားရတတ်ပါတယ်။

ခြေထောက်တွေ ဖောရောင်၊ တစ်ခါတစ်ရံ မျက်နှာ ဒါမှမဟုတ် တစ်ကိုယ်လုံး ဖောရောင်နေတတ်တဲ့ အာဟာရချို့တဲ့မှုကို ဖောရောင်ခြင်းလို့ ခေါ်ပါတယ်။ သူတို့မှာ စိတ်ရွှင်လန်းမှု၊ ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှု မရှိတတ်ပါဘူး။ စိတ်ဆိုးလွယ်၊ စိတ်ကောက်လွယ်ပါတယ်။ အစာစားချင်စိတ်လည်း မကောင်းတတ်ပါဘူး။ အရေပြားပေါ်မှာ အဖြူကွက်၊ အမည်းကွက်တွေ ပေါ်နေတတ်ပါတယ်။ ဖားပြုပ်အရေပြားလို ကြမ်းရှနေတတ် ပါသတဲ့။ ဆံပင်တွေကတော့ နုနေတတ်ပေမယ့် ကျိုးလွယ်၊ ကျွတ်လွယ်ပါတယ်။ ပြောင်းဖူးမွေးလို နီကြင်ကြင် ရှိတတ်ပါတယ်။ အသည်းကို စမ်းကြည့်လိုက်ရင် အသည်းကြီးနေတတ်ပါတယ်။ နောက်ပြီး သံဓာတ်နဲ့ ဖောလစ်အက်စစ် ချို့တဲ့မှုကြောင့် သွေးအားနည်း ရောဂါလည်း တွဲနေတတ်ပါတယ်။

အာဟာရချို့တဲ့မှု မဖြစ်အောင် ကာကွယ်ရေး

ဒီလိုအာဟာရ ချို့တဲ့မှုတွေ မဖြစ်ပေါ်အောင် မိခင်နဲ့ကလေးတွေကို အာဟာရ စောင့်ရှောက်ပေးခြင်းက အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင် တစ်ယောက်ဟာ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု လေးကြိမ်အနည်းဆုံး ရသင့်ပါတယ်။ ဒီလိုရပါမှ ကိုယ်အလေးချိန် တက်လာသလား၊ သွေးအားကောင်း၊ မကောင်း၊ သွေးတိုး၊ မတိုး၊ ဆီးကောင်း၊ မကောင်း စတဲ့ မိခင်ရဲ့ ကျန်းမာရေး အခြေအနေကို သိရှိရမှာပါ။ ဒီ့အပြင် ဗိုက်ထဲက သန္ဓေသားရဲ့ ဖွံ့ဖြိုးမှု ရှိ၊ မရှိ၊ အနေအထားမှန်၊ မမှန်စတဲ့လက္ခဏာတွေကိုလည်း စစ်ဆေးသိရှိနိုင်မှာပါ။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါးနှစ်အောက် ကလေးတွေကို မွေးစကနေ တစ်နှစ်အရွယ်ထိ တစ်လတစ်ကြိမ်၊ တစ်နှစ်ကနေ သုံးနှစ်အရွယ်အထိ သုံးလတစ်ကြိမ်၊ သုံးနှစ်ကနေ ငါးနှစ်အရွယ်အထိ ခြောက်လတစ်ကြိမ် ကိုယ်အလေး ချိန်ပေးခဲ့ပါတယ်။ မွေးစအရွယ်မှာ ကိုယ်အလေးချိန် နှစ်ကီလိုခွဲ ကျော်ရပါမယ်။ တစ်နှစ်အောက် ကလေးတွေကို လစဉ်ချိန်တဲ့အခါ လစဉ်ကီလိုဝက် တိုးရပါမယ်။ တစ်နှစ်ကနေ သုံးနှစ်အရွယ်ထိ ချိန်တဲ့အခါမှာ သုံးလမှာ အနည်းဆုံး ကီလိုဝက် တိုးလာသင့်ပါတယ်။ သုံးနှစ်ကနေ ငါးနှစ်အရွယ်ထိ ကလေးတွေကတော့ ခြောက်လကြာတိုင်း အနည်းဆုံး ကီလိုဝက် တိုးလာသင့်ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ အရပ်အမြင့်ကိုလည်း တိုင်းတာ မှတ်သားရပါမယ်။  အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုနှုန်း (Milestone) တွေနဲ့ ချိန်ထိုးကြည့်ရပါမယ်။

ခုခေတ်မှာတော့ တစ်နှစ်အောက် ကလေးတွေကို လစဉ်ချိန်ပြီး တစ်နှစ်ကနေ ငါးနှစ်အောက် ကလေးတွေကို တစ်နှစ်တစ်ခါပဲ အလေးချိန်ပါတော့တယ်။ လက်မောင်း လုံးပတ်တိုင်းခြင်း (Mid upper arm circumference= MUAC)ကို အလှည့်မကျသေးသော ကျေးရွာ/ရပ်ကွက်တွေမှာ အသက် ခြောက်လမှ ငါးနှစ်အောက် အရွယ်တွေကို   ဆောင်ရွက်ပေးပါတယ်။

အာဟာရချို့တဲ့ကလေး (အလေးချိန်မှတ်တမ်း) မှာ အနီရောင် (အာဟာရ ချို့တဲ့မှုပြင်းထန်)၊ အဝါရောင် (အာဟာရချို့တဲ့မှု အသင့်အတင့်) ကျရောက်နေရင်တော့ အာဟာရ ကောင်းမွန်လာတဲ့အထိ    အလေးချိန်ခြင်း၊  ဖြည့်စွက်စာကျွေးခြင်း၊ မိဘတွေကို အာဟာရ ပညာပေးခြင်းတွေကို လစဉ် ဆောင်ရွက်ပေးရပါတယ်။

ကလေးငယ်တွေရဲ့ အာဟာရချို့တဲ့မှုကို ဖြစ်ပေါ်စေတဲ့ ဝမ်းပျက်ဝမ်းလျှော၊ အဆုတ်ရောင် နမိုးနီးယား  စတဲ့ ကူးစက်ရောဂါတွေကို အချိန်မီတွေ့ရှိ ကုသပေးနိုင်အောင်လည်း   ငါးနှစ်အောက်ကလေး ဆေးခန်းဖွင့်ချိန်များ သတ်မှတ် အကောင်အထည် ဖော်လျက်ရှိပါတယ်။

ဒီလို အာဟာရချို့တဲ့မှုတွေကို စောစောသိ၊ စောစောပြုစု၊ စောစော ပညာပေးပြီး လိုအပ်ပါက စောစောညွှန်းပို့နိုင်ရန် မိခင်နဲ့ ကလေးငယ်တွေကို အာဟာရ စောင့်ရှောက်ပေးရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ  အာဟာရ ချို့တဲ့လွယ်တဲ့ ငါးနှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မွေးရာပါရောဂါ ရှိသူတွေကို အဓိကထားပြီး အာဟာရစောင့်ရှောက်မှုတွေ ဆောင်ရွက်ကြမယ် ဆိုရင်ဖြင့် တိုင်းပြည်ရဲ့ အနာဂတ် ကောင်းမွန်လာသည်ထက် ကောင်းမွန်လာမှာဖြစ်တဲ့ အကြောင်း တင်ပြ လိုက်ရပါတယ်။    

Read 74 times
Rate this item
(0 votes)
Last modified on Friday, 12 April 2019 10:27