SJ WorldNews - шаблон joomla Авто

ရေကျောက်ရောဂါ သတိရှိပါ

Friday, 19 April 2019 10:27 Written by  font size decrease font size decrease font size increase font size increase font size

ရေကျောက်ရောဂါ

မြန်မာပြည်တွင် ရေကျောက်ရောဂါကို နွေဦးရာသီတွင် အဖြစ်များပြီး ကလေးတွေမှာ ဖြစ်ရိုးဖြစ်စဉ် မြင်တွေ့ရသော  ကူးစက်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ အင်္ဂလိပ်လို chicken pox  ဟုခေါ်ပြီး ဒေသအခေါ်အရ ရေကျောက်ရောဂါ   သို့မဟုတ် ပဲသီတာဟု ခေါ်ကြပါတယ်။ ဗေရီဆယ်လား (Varicella-Zoster Virus- VZV) ခေါ် DNA ဗိုင်းရပ်ပိုး တစ်မျိုးကြောင့် ၎င်းရောဂါဖြစ်လာရပါတယ်။ ရေကျောက်ရောဂါ၏  ထူးခြားသော လက္ခဏာမှာ ခန္ဓာကိုယ်အနှံ့    ယားယံသော အရည်ကြည်အဖုအပိမ့် ထွက်ခြင်းဖြစ်ပါတယ်။ ၎င်းအဖုအပိမ့်များက ရင်ဘတ်၊ ကျောကုန်းနှင့် မျက်နှာတို့တွင် စတင်ပေါ်ပေါက်ပြီး တစ်ပတ်အတွင်း ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပါတယ်။ ထို့နောက် အနာဖေး ကွာသွားပါတယ်။ တချို့သူတွေမှာ အမာရွတ် ကျန်ခဲ့ပါတယ်။

ဖြစ်ပွားသူ စုစုပေါင်း၏ ၉ဝ ရာခိုင်နှုန်းဟာ  အသက်လေးနှစ်နှင့် ၁ဝ နှစ်ကြားကလေးငယ်တွေ ဖြစ်ကြပြီး ကျန် ၁ဝ ရာခိုင်နှုန်းမှာ အသက် ၁၈နှစ်အောက် လူငယ်လူရွယ်တွေ ဖြစ်တတ်ပါတယ်။ အမျိုးသားများ ပို၍အဖြစ်များပါတယ်။ တစ်ခါတစ်ရံ ခြောက်လသား အရွယ်မှာလည်း ရေကျောက်ပေါက်တာကို တွေ့ရပါတယ်။ကလေးသာမက  ကိုယ်ခံအားနည်းသော အသက်ကြီးသူများနှင့် ကိုယ်ဝန်ဆောင် မိခင်များ၊  ခုခံအားကျဆင်းနေသူများတွင်လည်း ရေကျောက် ပေါက်တတ်ပါတယ်။

သာမန်အားဖြင့် ၎င်းရောဂါဟာ အသက်အန္တရာယ် စိုးရိမ်စရာမရှိသော်လည်း ကိုယ်ခံအားကျနေသော ကလေးငယ်များ၊  ကျောက်ကပ်ရောဂါ၊ သွေးကင်ဆာရောဂါ ခံစားနေရသည့် ကလေးငယ်တွေမှာ  ရေကျောက်အရည်ဖုများမှ တစ်ဆင့်  ဗက်တီးရီးယားပိုး ဝင်ပါက  ပြည်တည်နာဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့အပြင် ရေကျောက်ဗိုင်းရပ်ပိုးကြောင့် နောက်ဆက်တွဲ ဦးနှောက်ရောင်ခြင်း၊ အဆုတ်အအေးမိခြင်း၊ အဆုတ်ရောင်ခြင်း၊ သွေးဆိပ်တက်ခြင်းနှင့် အသည်းရောင်ခြင်းတွေ ဖြစ်ပွားပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ခံအား နည်းသူတွေမှာ သွေးယိုတာတွေ ဖြစ်လာနိုင်ပါတယ်။

ရောဂါလက္ခဏာများ

ဗိုင်းရပ်ကူးစက်ခံရလျှင် ခန္ဓာကိုယ်မှာ အနီစက်  အဖုအပိမ့်တွေ ထွက်လာပါလိမ့်မယ်။ ရင်ဘတ်၊ ဝမ်းဗိုက်၊ နောက်ကျော စသည့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ အနီစက်တွေစတင် ထွက်လာပြီး ယား၍ကုတ်မိခြင်းဖြင့် သတိထားမိတတ်ပါတယ်။ ပိုးဝင်ပြီး ပထမတစ်ရက်အတွင်း  နှာစေး၍ ချောင်းဆိုးလာတတ်ပါတယ်။ ခေါင်းကိုက်၍ နည်းနည်းဖျား လာပါလိမ့်မယ်။ အသားနာ၊ ပျို့အန်၊ အစားအသောက် ပျက်လာပါမယ်။ ကြွက်သားနာ၊ လည်ချောင်းနာ၊ နားကိုက်၊ မလှုပ်ချင်မသယ်ချင် နုံးချည့်လာပါမယ်။

ထို့နောက် လက်မောင်း၊ မျက်နှာ၊ ပါးစပ်၊ လိင်အင်္ဂါ၊ ခြေထောက်၊ ဦးရေပြားပါ မကျန် တစ်ကိုယ်လုံးအနှံ့ အလားတူ အနီစက်အဖုလေးတွေ အုပ်စုလိုက် ထွက်လာပြီး နောက်ထပ် နှစ်ရက်၊ သုံးရက်အကြာ အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ ပေါ်လာပါတယ်။ တချို့ကလေးတွေမှာ နာရီပိုင်းအတွင်းမှာပင် အရည်ကြည်ဖုလေးများ ဖြစ်လာကြပါတယ်။  ဗိုင်းရပ်ပိုး ကူးစက်ခံရပြီး ရက်သတ္တတစ်ပတ်အတွင်း  အရည်ကြည်ဖုလေးတွေ တဖြည်းဖြည်း ခြောက်သွားကာ ခုနစ်ရက် ကျော်သွားပါက အရည်ကြည်ဖုအားလုံး ခြောက်လာပြီး ကွာကျသွားပါလိမ့်မယ်။  နောက်ဆုံးမှာ အမာရွတ်ပါမကျန် သူ့အလိုလို ပျောက်သွားပါတယ်။

အနီဖုလေးများ ပေါက်နေသောအချိန် တွေ့မြင်ရသော အခြားလက္ခဏာ

များမှာ  ကလေးကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊  တစ်ခါတစ်ရံ အပြင်းဖျားခြင်း၊ ကြွက်သားများနာခြင်း၊ လည်ချောင်းနာခြင်း၊ နားကိုက်ခြင်း၊ မလှုပ်ချင် မသယ်ချင်လောက်အောင် နုံးချည့်နေခြင်းစသည်တို့ဖြစ်ကြပါတယ်။

ကုသပုံ

-ရေနွေးဖြင့် ရေချိုးပါ သို့မဟုတ် ရေနွေးစိမ် အဝတ်နှင့်  ရေဖတ်တိုက်ပေးပါ။

-အဖျားဝင်နေပါက  Paracetamolူ   တိုက်ကျွေးနိုင်ပါတယ်။

(သို့သော် Aspirin, Ibuprofen တို့လို အကိုက်အခဲ ပျောက်ဆေးတွေ အသုံး မပြုသင့်ပါဘူး။)

-အဖုအပိမ့်လေးများကို Calamine  အရည်လိမ်းပေးပါ။သို့မဟုတ် အဝတ်သန့်သန့်ကို ရေနွေးတို့၍ သန့်စင်ပေးပါ။

-အခြေအနေ သိပ်ဆိုးပါက Antihistamine ခေါ် အယားပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။   (သို့သော် အရောင်ကျဆေး Steroid လိမ်းဆေးမျိုး မသုံးသင့်ပါဘူး။)

-သင်္ဘောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီးတွေက အရေပြားရောဂါတွေ အတွက် အထောက်အကူ ပြုပေးနိုင်ပါတယ်။

-အုန်းရည်က  အရေပြား ကျန်းမာရေးကို အထောက်အကူပြုသဖြင့် ရေကျောက်ရောဂါ အတွက်သာမက ကျောက်ကြီးရောဂါ၊  ဝက်သက်ရောဂါများအတွက် အုန်းရည်အဝ သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

-မုန့်လုပ်ရာမှာ သုံးသောဆိုဒါမှုန့်   လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေဖျော်၍ အဖုအပိမ့်လေးများပေါ် တို့ပေးခြင်းဖြင့် ယားယံခြင်းမှ သက်သာစေနိုင်ပါတယ်။

-ဝက်သက်၊ ရေကျောက် ခေါ် ပဲသီတာ စသည့် အပူနာရောဂါများ အတွက် ကြိုတင် ကာကွယ်ဆေးအဖြစ်  ခံတက်ရွက်ကို သကြား သို့မဟုတ် ထန်းလျက် သို့မဟုတ် ပျားရည် သင့်ရာ တစ်မျိုးမျိုးဖြင့် ပြုတ်၍ တိုက်ကျွေးသင့်ပါတယ်။

-ဗီတာမင်အေ၊ဗီတာမင်စီ၊ဗီတာမင်အီး အားဆေးတွေ တွဲသောက်ပေးပါ။

-ရေများများသောက်ခြင်း၊ သန့်ရှင်း လတ်ဆတ်သော အသီးအရွက် များများစားခြင်းက ရောဂါလက္ခဏာ သက်သာစေရုံမျှမက ကိုယ်ခံအား တက်လာစေနိုင်ပါတယ်။

-လည်ချောင်းနာပါက ဆားရည် ပလုတ်ကျင်းပေးနိုင်ပါတယ်။

မှတ်ချက်

အကယ်၍ရောဂါလက္ခဏာ ပြင်းထန်လွန်းပြီး  ကူးစက်မှုများပါက Acyclovir ဆေးပြားကို ၇၂ နာရီအတွင်း တိုက်ကျွေးဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် ကလေးကိုယ် ပူပြင်းထန်လွန်းလျှင်သော် လည်းကောင်း၊ ကလေးမနေနိုင်အောင် အဖုအပိမ့်များက   ယားယံနေလျှင်သော် လည်းကောင်း ဆရာဝန်ထံပြသပါ။ တစ်ခါတစ်ရံ အဖုအပိမ့်ထဲကို ပိုးဝင်ပြီး  ပြည်တည်နာများ ဖြစ်လာတတ်၍ လိုအပ်သော ပိုးသတ်ပဋိဇီဝ ထိုးဆေး၊ စားဆေး၊ လိမ်းဆေးများကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။

ရောဂါမဖြစ်အောင် ကာကွယ်နည်း

-တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးအလေးထား ဆောင်ရွက်ပါ။

-လက်ကိုစနစ်တကျ ဆေးကြောပါ။

-ရောဂါဖြစ်ပွားသူအား အနာဖေး ကွာကျသည်အထိ အိမ်တွင် သီးခြားထားရှိ၍ ကုသမှုခံပါ။

-လူထူထပ်သော နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။

-အသက်ငါးနှစ်အောက် ကလေးငယ်များကို တစ်နှစ်သားအရွယ်တွင် တစ်ကြိမ်၊ ငါးနှစ်သား အရွယ်တွင် တစ်ကြိမ် စုစုပေါင်း ကာကွယ်ဆေး နှစ်ကြိမ်တိတိ ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

-ရေကျောက်ရောဂါ လုံးဝမဖြစ်ပွားခဲ့ဖူးသူ ၁၈ နှစ်အောက် လူငယ်များကလည်း   ကာကွယ်ဆေး နှစ်ကြိမ်ထိုးပေးခြင်းဖြင့် ကြိုတင် ကာကွယ်ထားနိုင်ပါတယ်။ ထိုအရွယ်များတွင် တစ်ကြိမ်နှင့်တစ်ကြိမ် တစ်လခြားပြီး ထိုးပေးရမှာပါ။

-အထူးသတိပြုရန်မှာ ရေကျောက်တစ်ခါဖြစ်ဖူးရင်  နောင်လူကြီးဘဝမှာ ရေယုန်ဖြစ်ဖို့  ၂ဝ ရာခိုင်နှုန်း သေချာနေပါပြီ။ အကြောင်းမှာ ကလေးငယ်ဘဝ ရေကျောက် အနီစက်လေးတွေ  လုံးဝပျောက်ကင်းသွားသော်လည်း ဗိုင်းရပ်ပိုးကတော့   ခန္ဓာကိုယ်၏ အာရုံကြောစနစ်ထဲမှာ ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုနဲ့ အသက်ကြီးလာပြီးနောက် ခုခံအားကျဆင်းချိန်ဖြစ်စေ၊ အာဟာရ ချို့တဲ့နေချိန်ဖြစ်စေ ခန္ဓာကိုယ်ထဲမှာ ကိန်းငုပ်နေသော ပိုးဟာ ရေယုန်အနေဖြင့် ပြန်လည် ပေါ်ပေါက်လာတတ်ပါတယ်။ ထိုပြဿနာမျိုးကို  အများအားဖြင့် အသက် ၆ဝ ကျော်အရွယ်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ရေကျောက်ဖြစ်ဖူးသူတွေ အနေနဲ့ တစ်ချိန်မှာ ရေယုန်မဖြစ်အောင် ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

-ရေကျောက် ခေါ် ပဲသီတာဖြစ်သည့်အခါ  ရောဂါဖြစ်သူ၏ အဝတ်အစားများကို ရေနွေးပူပူဖြင့် သီးသန့်လျှော်ဖွပ်ပါ။ ပဲသီတာအဖုလေးတွေ ယားလွန်း၍ ကုတ်မိတတ်ပါတယ်။ အဖုလေးတွေ အနာမဖြစ်အောင် ကာကွယ်သည့် အနေဖြင့် ကလေးကို လက်သည်းညှပ်ပေးပါ။ လက်သည်းညှပ်ပြီးသော အခါမှာလည်း စူးရှမနေစေဖို့အတွက် လက်သည်းကို တံစဉ်းဖြင့် တိုက်ပေးထားပါ။   

ပေါက်ပေါက်

Read 237 times
Rate this item
(0 votes)
Last modified on Friday, 19 April 2019 10:28