SJ WorldNews - шаблон joomla Авто

အရိုးကျီးပေါင်းရောဂါကာကွယ်နည်းများနှင့်ကုထုံး

Sunday, 21 April 2019 12:42 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့ခေတ်၏ အဖြစ်များသော ရောဂါများထဲတွင် အရိုးကျီးပေါင်း ရောဂါသည်လည်း တစ်ခု အပါအဝင်ဖြစ်နေသည်။ အရိုးကျီးပေါင်း ရောဂါသည်များ ပေါများသည်လည်း မပြောနှင့်။ အရိုးကျီးပေါင်း ဖြစ်စေသော လက်နက်များကိုလည်း ကျွန်မတို့ လက်ထဲတွင် အချိန်ပြည့် ကိုင်တွယ်နေကြသည်ကိုဖြင့် ကျွန်မတို့ အများစု မေ့လျော့နေတတ် ကြသည်။

ထိုသို့ မေ့လျော့နေခြင်းများ နှင့်အတူ အရိုးကျီးပေါင်း ရောဂါ မဖြစ်စေရန် မည်သို့ နေထိုင်ရမလဲဆိုသော မေးခွန်းများကို မကြာခဏကြားနေရသည်။

သို့ဖြစ်ပါသောကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဆိုသော ဆောင်ပုဒ်အတိုင်း အရိုးကျီးပေါင်း ရောဂါ ကာကွယ်နည်းများ ကိုတင်ပြ ပေးလိုက်ရသည်။ အရိုးကျီးပေါင်းများ ဖြစ်ရခြင်း အကြောင်းနှစ်ခုရှိသည်။ အစားအသောက်နှင့် အနေအထိုင်၊အပြုအမူတို့ ဖြစ်သည်။

အရိုးကျီးပေါင်း ရောဂါမဖြစ်စေရန် ကြိုတင်ကာ ရှောင်ထားသင့်သော အစားအစာများကို ဦးစွာ တင်ပြပေးလိုသည်။ ကျွန်မတို့ စားသုံးနေသော အစားအစာများကို အမျိုးအစား ခွဲကြည့်မည် ဆိုလျှင် ချို၊ ချဉ်၊ ငန်၊ စပ်၊ ခါး၊ ဖန် ဟူသော အရသာခြောက်မျိုးသာ ရှိကြောင်း သိရသည်။သို့ဖြစ်ပါသောကြောင့် တစ်ဖက်လွန် အစာများဖြစ်သည့် ချိုလွန်းသော အစားအစာ၊ ငန်လွန်းသော အစားအစာများစားခြင်းမှရှောင်ကြဉ်သင့်သည်။

ထို့အတူ အရိုးကျီးပေါင်းရောဂါမဖြစ်စေရန် ဆိမ့်သော အရသာရှိသည့် အစားအစာများ၊ အဆီအစေးများသော အစားအစာများ၊ လေးချွဲ၍ အစေးဓာတ်များသော အစားအစာများ၊ မြေတွင်းအောင်း ဥများဖြစ်သည့် မြေဥ၊ အင်ဥ၊ မြေပဲ၊ ဝမ်းတွင်းကလီစာများ၊ အကြောတက်စေသည့် အစားအစာများ(တညင်းသီး၊ မျှစ်၊ မှို)၊ စားအုန်းဆီများ နှင့် ဟင်းခတ်မှုန့် အမျိုးမျိုးတို့ ဖြစ်သည်။

ထို့အတူ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကိုပါ ရှောင်ကြဉ်သင့်သည်။  အစာမကြေခြင်းသည်လည်း အရိုးကျီးပေါင်း ဖြစ်စေသည့် အကြောင်းများထဲမှ တစ်ခု အပါအဝင်ဖြစ်သည်ကို မမေ့စေလိုပါ။

သို့ပါသောကြောင့် ပထမ အစာမကြေမီ တစ်ဖန်စားခြင်း၊ လက်လုပ်ချဉ်များ အစားများခြင်း၊ မကြေညက် လွယ်သော အစားအစာများ စားခြင်း၊ ပဲအမျိုးမျိုး အစားများခြင်း၊ အသင့်စား အစားအစာများ အစားများခြင်းနှင့် ဆီကြော်စာများအစား များခြင်းတို့ပါ ရှောင်ကြဉ်ထားသင့် သည်။

အထက် ဖော်ပြပါ အစားအစာများကို စားသုံးမှုများလာသည့်အခါ ပထဝီနှင့် အာပေါဓာတ်များ ဦးစီးလာသည့် အတွက် အရိုးဓာတ်သည် ပွားစီးခြင်း အဆင့်သို့ ရောက်သွားနိုင်သည်။ အရိုးပွားစီးခြင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အရိုးအတက် ထွက်ခြင်း၊ အရိုးပွခြင်း၊ အရိုးကျီးပေါင်းများကိုဖြစ်လာနိုင်သည်။

အရိုးကျီးပေါင်း ရောဂါမှ ကာကွယ်နိုင်ရန် ရှောင်ကြဉ်ရမည့် အပြုအမူများကို လည်း တင်ပြပေးလိုသည်။ ပထမဦးစွာ ခေါင်းအုံးမြင့်မြင့်အုံးခြင်း၊ ဇက်မကြာခဏချိုးခြင်း၊ လိုအပ်သည် ထက် ခေါင်းလေ့ကျင့်ခန်းများ အလုပ်များခြင်းတို့ကို ရှောင်ကြဉ်ရမည်။ ထို့အတူ အလေးအပင်များမခြင်း၊ ခါးလှုပ်ရှားမှုများခြင်း၊ သွားလာလှုပ်ရှားမှုများခြင်း၊ ပြေးလွှားလေ့ကျင့်ခြင်း၊ အိပ်ချိန်၊ စားချိန်မမှန်ခြင်း၊ ဆီး၊ ဝမ်း၊ လေများထိန်းချုပ်ခြင်း၊ ကြာမြင့်စွာထိုင်ခြင်း၊ ကြာမြင့်စွာ မတ်တတ်ရပ်ခြင်း၊ အေးလွန်း၊ ပူလွန်းသော နေရာများတွင် အနေများခြင်း၊ တစ်ဖက်သတ် စောင်းအိပ်ခြင်း၊ အနင်းအနှိပ်ခံခြင်း၊ အာရုံစူးစိုက်ရသော အလုပ်များအလုပ်များခြင်း၊ အရိုးကိုထိခိုက်မိခြင်း၊ ပက်လက်ကုလားထိုင် ပေါ်တွင် ကြာရှည်စွာထိုင်ခြင်း၊ ခါးကုန်းကာ ကြာရှည်စွာ အလုပ်လုပ်ကိုင်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှုများကို လွန်ကဲစွာ လုပ်ကိုင်ခြင်းတို့ကို ရှောင်ကြဉ်ထားရမည်ဖြစ်သည်။

သို့ဖြစ်ပါသောကြောင့် အထက်ဖော်ပြပါအစားအစာများနှင့် အပြုအမူ၊ အနေအထိုင်များကို ဆင်ခြင်ကာ အရိုးကျီးပေါင်းရောဂါမှ ကင်းဝေးနိုင်မည် ဖြစ်သည်။ အရိုးကျီးပေါင်း ရောဂါများကို မြန်မာ့ တိုင်းရင်းဆေး ပညာနှင့် သက်သာ ပျောက်ကင်းအောင် ကုသနိုင်ကြောင်းကိုလည်း သတင်းကောင်းပေးချင်သည်။ အရိုးကျီး ပေါင်းရောဂါများကို ဆေးတိုက်ကျွေးမည်ဆိုလျှင် နာကျင်ကိုက်ခဲခြင်းသက်သာစေရန် နံနက်အချိန်တွင်လေးညင်းကလပ် (၄) ပဲသားကို ရေနွေးဖြင့် တိုက်ကျွေးနိုင်သည်။ နေ့နှင့်ညနေတွင် ရောင်ရမ်းခြင်းနှင့် အာရုံကြောများ ကောင်းမွန်စေရန် ဆေးပုလဲကလပ် (၂) ပဲသားနှင့်ပြည်လုံးချမ်းသာ(၂) ပဲသားတို့ကို ဆင်တုံးမနွယ် ပြုတ်ရည်ဖြင့် ပေးနိုင်သည်။ ညအချိန်တွင်ဆီးဝမ်းမှန်စေရန် မုတ်ကဲဆေး (၄)ပဲသားကို ရေအေးနှင့်ပေးရမည်။လိမ်း ဆေးအနေဖြင့် အကင်းဆယ်ပါးနှင့် သဗ္ဗဇေယျဆေးစပ်ကြီးကို ရေနွေးဖြင့် ဖျော်ကာ လိမ်းပေး နိုင်သည်။ အထက်ဖော်ပြပါ ဆေးများကို နီးစပ်ရာ တိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးခန်းမှ ဆရာ၊ ဆရာမများ၏ လမ်းညွှန်မှုဖြင့်သာ သောက်သုံးသင့်သည်။

ပဉ္စကမ္မကုထုံးဖြင့်ကုသမည်ဆိုလျှင် Abhyanga  ဆီလိမ်းကုသပေးခြင်း၊ Nadisweda ဆေးငွေ့ပေး၍ ချွေးထုတ်ပေးခြင်း၊ ကြပ်ထုပ်ထိုးပေးခြင်း၊ ဆေးစည်းပေးခြင်း၊ ဂျုံဆီလောင်းကာ ကုသပေးခြင်းတို့ဖြင့် ကုသပေးနိုင်သည်။ Abhyanga ဆီးလိမ်းကုသခြင်းဆိုသည်မှာ  အသုံးပြုမည့်ဆေးအဆီကို ၉၇ ဒီဂရီဖာရင်ဟိုက်အထိ အပူပေးပြီး ခန္ဓာကိုယ် အတွင်းသို့ ရောက်ရှိစေရန် လိမ်းခြင်းဖြစ်သည်။ သင့်လျော်သောအဆီများမှာ ရွှေတံတိုင်းဆီ၊ လင်းနေ၊ ကြောင်ပန်းတို့ဖြစ်သည်။

Nadisweda  ဆေးငွေ့ပေး၍ချွေးထုတ်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်ကို ဆေးအဆီများ လိမ်းကျံပြီး ကိရိယာ အကူအညီဖြင့် ဆေးငွေ့ပေးကုသခြင်းဖြစ်သည်။ ထိုသို့ ဆေးငွေ့ပေးကုသရာတွင် အသုံးပြုသော အခန်းမှာ လေလုံသော အခန်းဖြစ်ရမည်။ ဆေးငွေ့များပေးပြီးသည့်အခါ ထွက်ရှိလာသော ချွေးများကို သန့်စင်သော အဝတ်ဖြင့် ပြောင်အောင်သုတ်ပေးရမည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း၊ အပြင်ရှိ အညစ်အကြေးများသည် ချွေးအဖြစ်ထွက်ကာ အာကာသရသွားပြီး  အခိုးများ ပွင့်သွားမည် ဖြစ်သည်။

ကြပ်ထုပ်ထိုးခြင်းတွင် အသုံးပြုနိုင်သောအရွက်များမှာ   ကြက်ဆူ၊ လင်းနေ၊ ကြောင်ပန်း၊ သက်ရင်းကြီးတို့ဖြစ်သည်။ ဆေးစည်း၊ ဆေးကပ်ပေးခြင်းဆိုသည်မှာ အကင်းဆယ်ပါး၊ သဗ္ဗဇေယျဆေးစပ်ကြီး၊ ခုနစ်ပါးဆေးဝါလေးတို့ကို ကျောက်ချဉ်ဖြင့်ရောကာ ကျီးပေါင်းဖြစ်သော နေရာတွင်ကပ်ပေးခြင်း၊ စည်းပေးခြင်းဖြစ်သည်။ ထို့အတူ သက်ရင်းကြီးရွက်၊ ကိုယ်ရံကြီးရွက်တို့ကို မီးကင်ကာလည်း အုံပေးနိုင်သည်။

ဂျုံဆီလောင်း၍ ကုသပေးခြင်းဆိုရာတွင် အရိုးကျီးပေါင်း ဖြစ်သောနေရာ တွင် ဂျုံကိုတမံသဖွယ်ပြုလုပ်၍ ကြောင်ပန်း၊သက်ရင်းကြီး၊ လင်းနေတို့ကို နှမ်းဆီ သို့မဟုတ် မုန်ညင်းဆီဖြင့်ချက်၍ရသော  ဆေးအဆီတို့ကိုတမံ အတွင်း  လောင်း၍ ကုသခြင်းဖြစ်သည်။  ကျီးပေါင်းဖြစ်သောနေရာပေါ်မူတည်၍  သင့်လျော်သော အကြောထောက်ကွက်များကို အသုံးပြုကာ အကြောပြင်ပေးနိုင်သည်။ ထို့အတူ အထောက်အကူပြုကုထုံးအနေဖြင့် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ T raction ဆွဲပေးခြင်းတို့  ပြုလုပ်ပေးနိုင်သည်။

အရိုးကျီးပေါင်းရောဂါသည် သက်ဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊သောက်ဆေး၊ လိမ်းဆေး၊ အပြုအမူများ နေထိုင်ဆင်ခြင်ခြင်းဖြင့် သက်သာစေနိုင်သည်။ သို့သော် လိုအပ်သော ကုသမှုခံယူခြင်းမပြုလျှင် ထိုကျီးပေါင်းများမှ အာရုံကြောများကို ပြင်းထန်စွာဖိမိပြီး အာရုံကြောများ ဖြန့်ကြက်ရာနေရာတွင် နာကျင်မှုများ ပိုမို ဆိုးရွားလာ နိုင်သည်။ တစ်ဆက်တည်းအတွေ့ အထိမသိခြင်း၊ လှုပ်ရှားမှုများမပြုလုပ်နိုင်ခြင်း၊ အာရုံကြောများသေခြင်း၊အဆစ်အကွေးအဆန့်လုံးဝလုပ်မရခြင်း၊  ကျောရိုးတန်းကုန်းသွားခြင်း၊

ကျောရိုးတန်းကော့သွားခြင်း၊ ကျောရိုးတန်း စောင်းသွားခြင်း၊ ကျောရိုးတန်းမှာ ဝါးဆစ်ပိတ်ကဲ့သို့ ဖြစ်သွားခြင်း  စသည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရလာနိုင်သည်။

အရိုးကျီးပေါင်း ရောဂါသည်   အသက် အန္တရာယ်ကို ထိခိုက်စေနိုင်သော ရောဂါ မဟုတ်သော်လည်း မကုသဘဲထားပါက အာရုံကြောသေခြင်း ဆိုသော ဆိုးဝါးသော နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားနိုင်ပါသည်။ ဤသို့ဖြင့် အရိုးကျီးပေါင်း ရောဂါ ကာကွယ်နည်းများနှင့်   ကုထုံးအကြောင်းတင်ပြလိုက်ရပါသည်။   

မုဒိတာ(တောင်သာ)

Read 386 times
Rate this item
(0 votes)