SJ WorldNews - шаблон joomla Авто

ဆင်ခြင်ဖွယ် အိုင်ဗွီအားဆေး

Wednesday, 24 April 2019 12:06 Written by  font size decrease font size decrease font size increase font size increase font size

အိုင်ဗွီအားဆေးဆိုတာ အကြောထဲက သွင်းရတဲ့ အားဆေးတွေကို ဆိုလိုတာပါ။ အားဆေးဆိုတာ့ ခန္ဓာကိုယ်ကို အားအင်ဖြစ်စေတဲ့ ဆေးတွေကို ညွှန်းတာပေါ့။ ကျွန်မတို့ငယ်ငယ်လေးကတည်းက နာမည်ကြီးတွေကတော့ မိုရီယာမင်း၊ ပယ်ရင်ထရိုဗိုလ်၊ ကော့တေးတွေပဲပေါ့။ ဈေးလည်းကြီးတယ်။

အကြောဆေးသွင်းပြီးရင်လည်း အလွန်နေလို့ကောင်းတယ်။ အားရှိသွားတယ်လို့ သွင်းဖူးတဲ့ လူတွေပြောကြပါတယ်။

ဘာဖြစ်လို့များ ဒီလိုကောင်းတဲ့အားဆေးတွေကို ''ဆင်ခြင်ဖွယ်''လို့ ပြောတာပါလိမ့်။ ဒီဆေးထိုးဖို့ညွှန်းတဲ့ ဆရာဝန်တွေကို ဆိုလိုတာလား။

အိုင်ဗွီသွင်းတာကို လက်တွေ့စောင့်ပြီးလုပ်မယ့် သူနာပြုတွေကို ပြောချင်တာလား။ ဒါမှမဟုတ် အိုင်ဗွီအသွင်းခံရမယ့် လူနာတွေအတွက်လား ဆိုတာတွေဟာ စဉ်းစားစရာဖြစ်လာပါတယ်။ ဘယ်လို အန္တရာယ်တွေများ ရှိတာပါလိမ့်။

အကြောထဲကိုသွင်းလိုက်တဲ့ အားဖြစ်စေတဲ့ ဗီတာမင်တွေ၊ အသားဓာတ်တွေ၊ အဆီဓာတ်တွေ၊ သတ္တုဓာတ်တွေကရော တကယ်အလုပ် ဖြစ်သွားရဲ့လား။

လူနာလည်းမဟုတ်၊ ဆရာဝန်လည်းမဟုတ်တဲ့ ပကတိ နေကောင်းနေတဲ့ ပုံမှန်လူတွေရော၊ ကိုယ့်ဘာသာကိုယ် အကြောဆေးအားဆေး သုံးကြပါသလား။ ပြီးခဲ့တဲ့လကပေါ့။ တရုတ်ပြည် ဟူနန်နယ်က အသက် ၅၁ နှစ် ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ သူ့အိမ်မှာပဲ ကိုယ်တိုင် အိုင်ဗွီအားဆေးကို ဖော်စပ်ပါတယ်။ အသီးအမျိုးပေါင်း ၂ဝ ကို ဖျော်ရည်ကြိတ်စက်ထဲ ထည့်ပြီး ကြိတ်ပါတယ်။ သူထင်တာက လတ်လတ်ဆတ်ဆတ် အသီးတွေမှာပါတဲ့ ဗီတာမင်ဓာတ်တွေဟာ ကျန်းမာရေး အတွက် ပိုကောင်းမယ်ပေါ့။

ပြီးတော့ အကြောဆေးအနေနဲ့ ထိုးလိုက်တယ်လေ။ အကြောဆေးထိုးပြီးပြီးချင်း အဖျားတွေတက်လာတယ်။ တုန်တုန်ယင်ယင် ဖြစ်လာပြီး တစ်ကိုယ်လုံး ယားပိမ့်တွေ ထွက်လာတာပါ။ သူ့ကိုအထူးကြပ်မတ် ကုသတဲ့အခန်းမှာ ထားပြီး ကုသလိုက်ရတယ်။ ကျောက်ကပ်နဲ့သွေး သန့်စင်တာလည်း လုပ်လိုက်ရတယ်။ ပိုးသတ်ဆေးတွေလည်း တော်တော် ပေးလိုက်ရတယ်လို့ ဆိုပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်အစရှိသော ထိပ်သီးလုပ်ငန်းများ အားလုံးလည်ပတ်မှု ချို့ယွင်းသွားတယ်လို့ပြောပါတယ်။ အခုတော့ ဒီလူနာဟာ နာလန်ထ အနေအထားကို ပြန်ရောက်သွားပြီတဲ့။ တကယ့်ကို မသေကောင်းမပျောက်ကောင်း ကံကောင်းလို့ပါနော်။

ဘာဖြစ်လို့များ   ဒီအမျိုးသမီးဟာ    အိမ်မှာ စမ်းသပ်တာပါလိမ့်။ ပါးစပ်ကသောက်တာဆိုရင် တော်သေးတယ်။ ပြောရရင်တော့ ပတ်ဝန်းကျင် ပယောဂလို့ ဆိုရပါမယ်။ အိုင်ဗွီအားဆေးတွေဟာ အာရှနိုင်ငံတွေ ဘက်မှာ  ဥရောပနိုင်ငံများထက်ပိုပြီး  ပေါ်ပြူလာဖြစ်တယ်တဲ့။   ဗြူတီပါလာ အလှပြင်ဆိုင်တွေမှာတောင်  အိုင်ဗွီအားဆေးတွေကို အပ်ပုန်းသဖွယ် သွင်းပေးနေတယ်လို့ ဆိုပါတယ်။ အိုင်ဗွီအားဆေး သွင်းရင် လူတွေနုံးချည့်

တာ သက်သာမယ်။  အားပိုရှိမယ်။  နေလို့ပိုကောင်းတယ်။  ကိုယ်ခံအား ပိုကောင်းတယ်။ အရေပြား(အသားအရေ) ပိုပြီးလှပမယ်။ အဆီကိုလျှော့ချရာမှာ ကူညီပေးတယ်။ အရက်သောက်ပြီး မှောက်နေတာလည်း လျော့သွားမယ်။ ကားစီး၊ လေယာဉ်စီးရင် မူးတာလည်း သက်သာတယ်။ ပိုပြီးအိပ်ပျော်မယ်။ ခံတွင်းပိုကောင်းတယ်ဆိုပြီး လုပ်ကြတာပေါ့။

ကျွန်မတော့ မရောက်ဖူးပါဘူး။ အမေရိကမှာဆိုရင် အိမ်တိုင်ရာရောက် အိုင်ဗွီအားဆေး သွင်းပေးတဲ့ စနစ်ရှိတယ်။ ပါတီတွေရဲ့ နောက်ဆက်တွဲ အခမဲ့ဝန်ဆောင်မှု ပေးတာမျိုးပေါ့။ အရက်နာကျတာ ပြန်ပြီးကောင်းအောင်လို့ပေါ့။ လူတွေအပြောအတိုင်း ဆိုရင်  ပါတီပက်ကေ့မှာ  အိုင်ဗွီအားဆေး ပါတယ်တဲ့။ နာမည်ကြီးမင်းသား၊ မင်းသမီးတွေကလည်း သူတို့ အိုင်ဗွီအားဆေး သွင်းနေတဲ့ပုံနဲ့ ကြော်ငြာ တယ်လေ။ အဲတော့ လူတွေအလွန်ပဲ သဘောကျတာပေါ့။ လိုက်လုပ်ကြတာပေါ့။ အိုင်ဗွီအားဆေးလည်း ဈေးဘယ်လောက် ကြီးသလဲဆိုတော့ တစ်ခါသွင်းရင် ပေါင် ၁၂ဝ မှ ပေါင် ၃ဝဝဝ အထိရှိတယ်လို့ လန်ဒန်မှ ဆေးခန်းတစ်ခုကဆိုပါတယ်။

ဒီလိုမျိုးဈေးကြီး၊ မင်းသား၊ မင်းသမီးတွေ သုံးပြလို့ လူကြီး၊ လူငယ်အများစု လိုက်သုံးနေကြတဲ့ အိုင်ဗွီအားဆေးဟာ ကျွန်မတို့ခန္ဓာကိုယ်အတွက် အကျိုးအာနိသင် မရှိပါဘူးလို့ အင်္ဂလန်မှ အာဟာရ သုတေသီအဖွဲ့က ပြောပါတယ်။

အန္တရာယ်ပဲရှိတယ်လို့ ဆိုပါတယ်။ အကြောဆေးထဲမှာပါတဲ့ ဗီတာမင်တွေ၊ အသားဓာတ်တွေ၊ အဆီဓာတ်တွေ၊ ဓာတ်ဆားဓာတ်တွေ၊ သတ္တုဓာတ်တွေဟာ ကျွန်မတို့ရဲ့ အသည်းနဲ့ကျောက်ကပ်ကို အန္တရာယ်ပြုနိုင်ပါတယ်။ ကိုယ်နဲ့ မတည့်တဲ့ ဗီတာမင်(ဥပမာ-ဘားပလက်ဓာတ်)ကို အကြောဆေးထိုးရင် ချက်ချင်းသွေးပေါင်ကျပြီး အသက်ထွက် သွားနိုင်ပါတယ်။ သွင်းလိုက်တဲ့ ဗီတာမင်ရဲ့ ၁ဝ ရာခိုင်နှုန်းပဲ ခန္ဓာကိုယ်က သုံးနိုင်ပြီး ကျန်တဲ့ ၉ဝ ရာခိုင်နှုန်းကတော့ ဆီးထဲမှာပါသွားတာလေ။ အိုင်ဗွီအားဆေးကလည်း ဈေးကြီးတာ ဆိုတော့ ထွက်လာတဲ့ဆီးကလည်း ဈေးကောင်းမှာပေါ့နော်။

အဓိကကတော့လူရဲ့စိတ်ပဲဖြစ်မှာပါ။ အိုင်ဗွီအားဆေး သွင်းရင် ကိုယ့်ရဲ့မျက်စိရှေ့မှာတင်ပဲ ပုလင်းထဲက အားဆေးတွေက ကိုယ့်သွေးကြောထဲ ဝင်သွားတာမြင်နေရတာလေ။ ဘာမှအလေအလွင့် မရှိဘူးပေါ့။ နောက်ပြီး ကိုယ့်အချင်းချင်း ပြောကြတာကလည်း အားဆေးသွင်းပြီးရင် နေလို့ကောင်းတယ်။

တုပ်ကွေးဖြစ်ရင်  ဘာမှမစားနိုင်ဘူး။  ဒါလေးအကြောဆေး ထည့်ပြီးမှ စားကောင်းသွားတယ်။ နာလန်ထအချိန်နဲ့ တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်။ အားဆေးပုလင်းကြီးမှာ ပါတဲ့ ဓာတ်ဆားဓာတ်(ဆိုဒီယမ်၊ ပိုတက်ဆီယမ်)တွေကလည်း ဖျားနေတဲ့ အချိန်တုန်းက တော်တော်လျော့နေတာလေ။  အရည်ဓာတ်လည်း ရသွားတာပါမှာပေါ့။ ဒီလိုနဲ့ပဲ အိုင်ဗွီအားဆေးက နာမည်ကြီးပြီးရင်း ကြီးနေတာပေါ့။

ဒါကြောင့်မို့လို့ တရုတ်(တိုင်ပေ)မှာဆိုရင် ကိုယ်လိုချင်တဲ့ အားဆေးအမျိုးအစားကို စိတ်ကြိုက်ရွေးလို့ရတယ်တဲ့။ နယူးဒေလီမှာ ဆိုရင်လည်း ကြိုက်တာရွေးတဲ့။ သူတို့အခေါ်ကတော့ အရည်ဓာတ်/အခြေခံပုလင်း၊ အရေပြား အလှအပအတွက် ပုလင်းစသည်ဖြင့် အမျိုးမျိုး ရှိတယ်တဲ့။ လန်ဒန်မှာလည်း အဆိပ်ပြေဆေး၊ အရေပြားဆံပင် အလှအပဆေး၊ စိတ်ပျော်အားဆေး စသည်တို့ဟာ အင်မတန်ရောင်းရတယ်တဲ့။ တရုတ်ပြည်မှာရှိတဲ့ အချို့သော အထက်တန်းကျောင်းတွေ၊ ကောလိပ်တွေမှာဆိုရင် ကျောင်းသားတွေဟာ စာကျက်လို့ ကောင်းအောင် စာမေးပွဲဖြေရင် ဉာဏ်တွေထွက်လာအောင် ဆိုတာမျိုး အိုင်ဗွီအားဆေးတွေ သွင်းကြတယ်။ စာမေးပွဲဖြေနေတုန်း စာမေးပွဲခန်းထဲမှာတောင် သွင်းနေရင်းနဲ့ စာမေးပွဲဖြေကြတယ်တဲ့။ တကယ်တော့ ကျွန်မတို့ အိုင်ဗွီ အကြောဆေးသွင်းရင် ဆရာဝန်၊ ဆရာမ မျက်စိအောက်မှာပဲ သွင်းရမှာလေ။

ဆေးမသွင်းခင် လူနာနဲ့ဆေး တည့်၊ မတည့်။ ရောဂါရာဇဝင်။ ကျောက်ကပ်၊ နှလုံးရောဂါရှိလားဆိုတဲ့ ရောဂါရာဇဝင်တွေဟာ အရေးကြီးပါတယ်။

အကြောဆေးစပ်တဲ့အခါ အကြောထဲသွင်းမယ့် နေရာတွေကို သန့်ရှင်းရေး လုပ်တဲ့အခါ ရောဂါပိုးကင်းအောင် သန့်သန့်ပြန့်ပြန့်ဖြစ်ဖို့ အရေးကြီးပါတယ်။

မသန့်ပြန့်ရင် အဖျားတက်တတ်ပါတယ်။ ဒါ့အပြင် အကြောဆေးသွင်းတဲ့နှုန်းကိုလည်း အသေးစိတ် ချိန်ဆရပါမယ်။ သွင်းတာမြန်ရင်လည်း အမောဖောက်ပြီး အသက်အန္တရာယ် ဆုံးပါးသွားနိုင်ပါတယ်။ ဒီလိုမျိုး အစစအဆင့်ဆင့် အတော်သတိပြုရမယ့် အကြောဆေးကို ဆေးရုံ၊ ဆေးခန်းပြင်ပမှာ အလွယ်တကူ သွင်းနေကြတာ အန္တရာယ် အတော်ကြီးပါတယ်။ တကယ်တော့ ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ ထမင်း၊ ဟင်းနဲ့ အာဟာရတွေအားလုံးကို ကျွန်မတို့ရဲ့အူထဲကပဲ  အကုန်စုပ်နိုင်အောင်၊   လိုအပ်သလောက်ပဲ စုပ်နိုင်အောင်၊ မလိုအပ်တဲ့ အပိုပစ္စည်းတွေကို ကျောက်ကပ်၊ အသည်း၊ အူမကြီးတို့မှ စွန့်ပစ်နိုင်အောင်  သဘာဝက ဖန်တီးထားပြီးသားပါ။  ပုံမှန်အားဖြင့် ထမင်း၊  ဟင်းမှာ  ကစီဓာတ်၊  အသားဓာတ်၊  အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတဲ့အတွက်  လူအများစုမှာ   ဗီတာမင်မလိုပါဘူး။

စားတာနဲ့တင် ဗီတာမင်ကို သောက်ဆေးအနေနဲ့ သုံးရင် လုံလောက်ပါပြီ။ အကယ်၍ အူမှာအာဟာရတွေ မစုပ်နိုင်အောင် ရောဂါဖြစ်ပြီ (ဥပမာ- အူတီဘီ၊ အူကင်ဆာ)ဆိုရင်တော့ အိုင်ဗွီအားဆေး လိုပြီပေါ့။

ဒါ့ပြင်  အိုင်ဗွီအားဆေးလိုမျိုးဆန်ဆန် အသားထဲထိုးတဲ့ အားဆေးနဲ့ အသက်ကယ်နိုင်တဲ့ ရောဂါလေးတွေတော့ ရှိပါတယ်။  ဥပမာ-  ဗီတာမင်ဘီဝမ်း ဓာတ်နည်းရင် ကယောင်ကတမ်း ပြောသလိုဖြစ်နိုင်ပါတယ်။ နို့စို့ကလေးတွေဆိုရင် အသံတိမ်သွားပြီး အမောဖောက် တတ်ပါတယ်။ ဘီဝမ်းဓာတ် အမြန်ထိုးမှ အသက်ရှင်နိုင်မှာပါ။ ဒီလိုဆိုရင် ဘယ်လိုလူမျိုးတွေမှာ ဗီတာမင်ဓာတ် ထပ်ဖြည့်စားဖို့လိုသလဲဆိုတာ မသိချင်ဘူးလား။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်နေတဲ့မိခင်တွေဟာ ဗီတာမင်ဒီဓာတ် ပိုလိုပါတယ်။

ကိုယ်ဝန်ဆောင်ခါနီး မိခင်လောင်းတွေဟာ သန္ဓေမတည်ခင် အချိန်ကစပြီး  ကိုယ်ဝန်သုံးလအချိန်အထိ   ဖောလစ်အက်စစ် စားပေးမယ်ဆိုရင် ကလေးတွေကို အာရုံကြော ပြဿနာမှ ကာကွယ်ပေးမှာပါ။ အသားညိုသူတွေ၊ နေနဲ့ထိတွေ့မှု နည်းပါးသူတွေလည်း ဗီတာမင်ဒီ သောက်သင့်ပါတယ်တဲ့။

ကလေးငယ်များ ခြောက်လမှ ငါးနှစ်အရွယ်အထိ ဗီတာမင်အေ၊စီနဲ့ ဒီဓာတ်လိုပါတယ်တဲ့။ ဒါတွေဟာ ဒီဆောင်းပါးရဲ့လမ်းညွှန်ချက်ပါ။ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်မိခင်မှာ သံဓာတ်အားနည်းရင် သံဓာတ်အားဆေး သောက်ရမှာပေါ့။

သူများပြောတိုင်း နားမယောင်အောင်၊ ကြော်ငြာတွေကိုလည်း အယုံမလွယ်လေအောင်၊ ကိုယ့်ဘာသာကိုယ်လည်း စမ်းမသုံးအောင် ဆင်ခြင်ဖွယ် အိုင်ဗွီအားဆေး ဆောင်းပါးလေးကို ရေးလိုက်တာပါ။ ကျန်းမာရေး ဝန်ထမ်းများသာမက ကျွန်မတို့ပြည်သူအားလုံး အကြောဆေးအားဆေးကို သတိပြုကြပါ။ နေ့စဉ်ထမင်း၊ ဟင်း၊ အသီးအရွက် စားသုံးမှုကို ပိုပြီးအာရုံပြု အလေးထားကြပါလို့ တိုက်တွန်း လိုက်ရပါတယ်။   

ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

Read 136 times
Rate this item
(0 votes)
Last modified on Wednesday, 24 April 2019 12:07