အချိုမှုန့်ရာဇဝင်
အာဂျီနိုမိုတိုဟု လူသိများသော အချိုမှုန့်ဟာ ဂျပန်ပြည်မှ စတင်လာခဲ့ပါတယ်။ ၁၉ဝ၈ ခုနှစ်တွင် ဂျပန်လူမျိုး သိပ္ပံပညာရှင် Kikunae Ikedaဆိုသူက ပင်လယ်ရေညှိနှင့် ငါးပါဝင်သော ဂျပန်ရိုးရာစွပ်ပြုတ်၏ ထူးခြားသော အနံ့အရသာဟာ မိုနိုဆိုဒီယမ်ဂလူးတမိတ် ခေါ် ဓာတ်ပေါင်းတစ်မျိုးကြောင့် ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ၎င်းတွေ့ရှိချက်ကို အစပြု၍ သိပ္ပံပညာရှင်က စွပ်ပြုတ်ထဲရှိ MSG ကို ပုံဆောင်ခဲအဖြစ် အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပါတယ်။ ၁၉ဝ၉ ခုနှစ်တွင် ၎င်းသိပ္ပံပညာရှင်နှင့် သူ့မိတ်ဆွေတို့က အာဂျီနိုမိုတို လုပ်ငန်းကို စတင်တည်ထောင်ခဲ့ပြီး အစားအသောက်များ ပြင်ဆင်ချက်ပြုတ်ရာမှ သုံးစွဲရန်အတွက် အချိုမှုန့်ကို စီးပွားဖြစ် ထုတ်လုပ်ခဲ့ပါတယ်။
အချိုမှုန့်ဆိုသည်မှာ
အချိုမှုန့်၏ ဓာတုအမည်မှာ မိုနိုဆိုဒီယမ်အယ်လ်-ဂလူတာမိတ် ဖြစ်ပြီး မော်လီကျူးအလေးချိန်မှာ ၁၈၇ ဒသမ ၁၃ ဖြစ်ပါတယ်။ မော်လီကျူးတစ်ခု ပါဝင်သော အချိုမှုန့်ဟာ ပုံဆောင်ခဲသဏ္ဌာန် သို့မဟုတ် အဖြူရောင် ပုံဆောင်ခဲအမှုန့်အဖြစ် တည်ရှိပြီး အနံ့မဲ့ကာ သီးသန့်လက္ခဏာ ဆောင်သော အရသာရှိပါတယ်။ ဂလူတမစ်အက်စစ် ခေါ် Amino အက်စစ်တစ်မျိုး ပါဝင်ပြီး အစားအစာများဖြင့် ရောစပ်လိုက်သောအခါ Free Glumate အဖြစ်ပြောင်းလဲသွားကာ အစားအသောက်များ၏ အရသာကို ဓာတုနည်းဖြင့် လျှာပေါ်မှာ ဆပွားတိုးပေးလိုက်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ အစားအသောက် ဟင်းလျာများအတွက် အချိုမှုန့်ကို ဟင်းခတ်မှုန့်အဖြစ် သုံးစွဲနေကြပါတယ်။ သို့သော် Good Manufacturing Practice (GMP) ခေါ် ကမ္ဘာ့အဆင့် ထုတ်လုပ်မှုစနစ်ကောင်း GMP ၏ စံချိန်စံနှုန်းများတွင် အချိုမှုန့်ကို စားသောက်ပစ္စည်းအဖြစ် လုံးဝစာရင်းသွင်းထားခြင်း မရှိပေ။
အချိုမှုန့်မဟုတ်သော အဆိပ်မှုန့်
အချိုမှုန့်တွင် အဓိကပါဝင်သော ဂလူတမစ်အက်စစ်က လူ့ခန္ဓာကိုယ်ထဲတွင် ရှိပြီးသား အမိုင်နိုအက်စစ် တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်း လိုအပ်သလောက်သာ ထုတ်လုပ် သုံးစွဲသည့်အတွက် မရှိမဖြစ် မလိုအပ်သော အရေးမပါသော Non-Essential amino acid တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အချိုမှုန့်ကို စားလိုက်သောအခါ ခန္ဓာကိုယ်၏ လိုအပ်ချက်ပမာဏထက် များစွာ ပိုလျှံသွားသည့်အတွက် ကျန်းမာရေး ဆိုးကျိုးများဖြစ်စေပါတယ်။ အချိုမှုန့် မဟုတ်သော အဆိပ်မှုန့်ကို နေ့ရက်ကာလတာရှည် စားသုံးခြင်းကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုးများစွာကို မလွဲမသွေ ခံစားရနိုင်ပါတယ်။
ခန္ဓာကိုယ်ထဲရှိ အင်ဆူလင်ဟော်မုန်းက ဆီးချိုမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ အချိုမှုန့်က အင်ဆူလင်ဟော်မုန်း လုပ်ဆောင်မှုကို ဟန့်တား နှောင့်ယှက်မှုပြုလိုက်သဖြင့် ဆီးချိုရောဂါဖြစ်နိုင်ခြေ အလားအလာ ပိုလာပါတယ်။ ဒါကြောင့် အချိုမှုန့် စားသုံးသူများတွင် ဆီးချိုရောဂါဖြစ်စေရန် ရာနှုန်းပြည့် သေချာနေပါပြီ။ အရွယ်သုံးပါးမရွေး ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဝေဒနာများ ဖြစ်ပေါ်စေပါတယ်။ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေတတ်သဖြင့် အချိုမှုန့်စားသော ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းစေနိုင်သလို လူကြီးများမှာလည်း အရွယ်မတိုင်မီ သတိလွတ် မေ့လျော့တတ်သော ဦးနှောက်ဇရာကြို ရောဂါဖြစ်လာနိုင်ပါတယ်။ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများဖြစ်စေပါတယ်။ မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားကို ထိခိုက်စေပါတယ်။ ဂျာမနီနိုင်ငံ၏ လေ့လာဆန်းစစ်မှု တစ်ရပ်အရ အချိုမှုန့်စားသုံးလေ့ရှိသော ကိုယ်ဝန်ဆောင်များမှ မွေးဖွားလာသည့် ကလေးများဟာ ၎င်းတို့ အရွယ်ရောက်လာချိန်တွင် အစာစားချင်စိတ်ကို ထိန်းချုပ်မရသဖြင့် အဝလွန်ရောဂါနှင့် ဆီးချိုရောဂါဖြစ်ဖို့ ရာနှုန်းပြည့်နီးပါး သေချာနေကြောင်း လေ့လာတွေ့ရှိရပါတယ်။
အချိုမှုန့် လွန်ကဲစွာပါသော အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်းနှင့်တစ်ကိုယ်လုံးတွင် အနီစက်များ ထွက်လာခြင်း၊ မခံမရပ်နိုင်အောင် ခေါင်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာတွင် လေးလံတင်းကျပ်နေသလို ခံစားရခြင်း၊ စကားပြောရာတွင် လျှာလေးအာလေး ဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်းတွေ ခံစားရတတ်ပါတယ်။ ၎င်းကို ဆေးသိပ္ပံနည်းအရ Chinese Restaurant Syndromeခေါ် တရုတ်စားတော်ဆက် ရောဂါစုဟု ခေါ်ပါတယ်။ အချိုမှုန့်စားပြီးနောက် အလွန်အကျွံ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့အပြင် အချိုမှုန့်က အဝလွန်ခြင်းကို တားဆီးပေးသော ဟော်မုန်းများကိုပါ ပိတ်ဆို့နှောင့်ယှက်လိုက်သဖြင့် အဝလွန်ခြင်းကို ဖြစ်စေပါတယ်။ အချိုမှုန့်စားခြင်းကြောင့် အဝလွန်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စသည့် အသံတိတ် လူသတ်သမား ရောဂါဆိုးကြီးများကိုလည်း တွေ့ကြုံ ခံစားရနိုင်ပါတယ်။ ရင်ပူ၊ အာခြောက်ခြင်းကို ဖြစ်စေပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်လေ့ရှိသူများအတွက် အချိုမှုန့်က ဘေးဖြစ်စေပါတယ်။ ဆိုဒီယမ်ဓာတ်က သွေးတိုးရောဂါရှိသူများ အတွက် ရန်ဘက်ဖြစ်ပါတယ်။ အချိုမှုန့်က Monosodium Glutamate ဖြစ်၍ ဆိုဒီယမ် ပါဝင်နေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိသူများ အချိုမှုန့်ကိုအထူးရှောင်ကြဉ်သင့်ပါတယ်။ ပန်ကရိယ ခေါ် မုန့်ချိုအိတ်ရောင် ရောဂါရှိသူများနှင့် ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာရှိသူများ အချိုမှုန့်စားသုံးခြင်းမှ ရှောင်ရှားပါ။
ကြောက်စရာအချိုမှုန့်
MSGစားသုံးမှုနှင့်ပတ်သက်၍ ကင်ဆာရောဂါ အပါအဝင် အသက်အန္တရာယ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ကြောင်းနှင့် ဦးနှောက်အာရုံကြော စနစ်ကို ထိခိုက်စေပြီး ဆက်စပ်ရောဂါများ ရရှိစေနိုင်သည့် အကြောင်းနှင့် ဆက်စပ်ပြီး အမေရိကန်အစားအစာနှင့် ဆေးဝါးကွပ်ကဲ ကြီးကြပ်ရေးအဖွဲ့(USFDA)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာအဖွဲ့ အရသာဖြည့်စွက် ပစ္စည်းဆိုင်ရာ ပူးတွဲကျွမ်းကျင် ပညာရှင်များအဖွဲ့ Joint
FAO/WHO Expert Committe on Food Additive(JECFA)၊ သြစတြေးလျ၊ နယူးဇီလန် အစားအစာ စံချိန်စံညွှန်း သတ်မှတ် ထိန်းသိမ်းရေးအဖွဲ့ Food Standard Australia New Zealand-FSANZ ၊ ဥရောပသမဂ္ဂအဖွဲ့၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး EU Food Safety Authority-EUFSA၊ အမေရိကန်ပြည်ထောင်စု ဇီဝဗေဒ သုတေသနအဖွဲ့များ သမဂ္ဂ- The Federation of American Societies for Exeprimental Biology-FASEB စသည့် နိုင်ငံတကာအဆင့် သြဇာအာဏာကြီး အဖွဲ့အစည်းများအပြင် ပုဂ္ဂလိက အဖွဲ့အစည်းများစွာကလည်း MSG ကို နှစ်လရှည်ကြာ စားသုံးမှုဟာ အဝလွန်ခြင်း၊ သက်ကြီးအာရုံကြောနှင့် မှတ်ဉာဏ်လျော့ပါး ထိခိုက်မှုရောဂါ၊ ခြေတုန်လက်တုန်ရောဂါ၊ ကလေးငယ် အာရုံကြော၊ မှတ်သိဉာဏ်စွမ်းအင် လျော့နည်းထိခိုက်ခြင်း ရောဂါများဖြစ်ကြသော ပန်းနာရောဂါ၊ နှလုံးလေသင်တုန်းဖြတ်ခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိအမြင် ကွယ်ပျောက်ခြင်းတို့နှင့် ဆက်စပ်ကြောင်း သိပ္ပံနည်းကျ လေ့လာတွေ့ရှိရကြောင်း ထုတ်ဖော် ကြေညာထားကြပါတယ်။
အချိုမှုန့်စားသုံးမှု လျှော့ချနည်း
MSG ကို ၁၉ဝ၉ ခုနှစ်တွင် စတင်တီထွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် နှစ်ပေါင်း ၁၁ဝ ရှိခဲ့ပြီဖြစ်၍ ဈေးကွက်ခိုင်ခိုင်မာမာ ရရှိထားသော ကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာလည်း ပြည်သူပြည်သားများ၏ ရသာခံအာရုံမှာ အချိုမှုန့်ပါမှ ခံတွင်းတွေ့နေကြပါတယ်။ အောက်ဖော်ပြပါ အလေ့အကျင့်ကောင်းများဖြင့် အချိုမှုန့်စားသုံးမှုကို လျှော့ချနိုင်မှသာ လျှင် ရောဂါဘယ လျော့ပါးလာစေမှာဖြစ်ပါတယ်။
-လျှော့သုံးခြင်းဖြင့် စတင်ပါ။ ယခင်စားသုံးမှု ပမာဏထက် နည်းနိုင်သမျှနည်းအောင် လျှော့သုံးပါ။
-အချိုမှုန့်ဟာ အသားဟင်းလျာများ၏ အရသာကိုသာ မြှင့်တင်ပေးတာဖြစ်၍ အသီးအနှံတွေမှာ လုံးဝမသုံးပါနှင့်။
-အစားအသောက် တစ်ကီလို ၂ ဒသမ ၂ ပေါင်ကို အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထက် ပိုမသုံးပါနှင့်။
-အသင့်စားအစားအသောက် အားလုံးနီးပါးမှာ အချိုမှုန့်ပါပြီးသား ဖြစ်ပါတယ်။ ထို့ကြောင့် ၎င်းအစားအသောက်ထဲ အချိုမှုန့် ထပ်မထည့်ပါနှင့်။
-အသင့်စား အစားအသောက်များ၏ ဘူးခွံ(အထုပ်ခွံ)ပေါ်တွင် အချိုမှုန့်(MSG) ပါဝင်မှုပမာဏကို ဖော်ပြထားလေ့ ရှိပါတယ်။ MSG ပါဝင်မှုနည်းသော ပစ္စည်းမျိုးကို ရွေးဝယ်ပါ။
Ä-ပြင်ပစားသောက်ဆိုင်များ(အထူးသဖြင့် တရုတ်အစားအစာများ)တွင် အချိုမှုန့် အများအပြား အသုံးပြုလေ့ရှိသဖြင့် ၎င်းဆိုင်များတွင် မကြာခဏ စားသုံးခြင်းကိုရှောင်ကြဉ်ပါ။
-အချိုမှုန့် အသုံးမပြုကြောင်း အတိအလင်း ကြေညာထားသော စားသောက်ဆိုင်မျိုးကို ရွေးချယ် စားသောက်ပါ။
အထူးသတိပြုရန်
ယနေ့ကုန်တိုက်ကြီးများ၊ ဈေးများ၏ စားသောက်ကုန်ဈေးကွက်တွင် ကြက်သားမှုန့်၊ ငါးမှုန့်၊ ဟင်းသီးဟင်းရွက်မှုန့်များကို တွင်ကျယ်စွာ ရောင်းချလျက်ရှိပြီး အိမ်ရှင်မများကလည်း ၎င်းအသား၊ ငါး၊ ဟင်းရွက်မှုန့်များကို အချိုမှုန့်အစားထိုး ဟင်းခတ်အဖြစ် သုံးစွဲနေကြပါတယ်။ အထက်တွင် ရေးသား ဖော်ပြထားသည့်အတိုင်း အချိုမှုန့်ကို ကျန်းမာရေး ရှုထောင့်အရ အဆိပ်မှုန့်အဖြစ် သတ်မှတ်ပါတယ်။ ကြက်သားမှုန့်၊ ငါးမှုန့်၊ ဟင်းသီးဟင်းရွက်မှုန့်များက အချိုမှုန့်ထက်ပင် ပို၍ ကြောက်စရာကောင်းနေပါတယ်။ ၎င်းအသား၊ ငါး၊ ဟင်းရွက်မှုန့်များထဲတွင် အချိုမှုန့် ပါဝင်နေသည့်အပြင် တာရှည်ခံ ပိုးသတ်ဆေးများနှင့် ဓာတုပစ္စည်းများစွာလည်း ပါဝင်နေကြပါသေးတယ်။ ဒါကြောင့် ကြက်သားမှုန့်၊ ငါးမှုန့်၊ ဟင်းသီးဟင်းရွက်မှုန့်များက အချိုမှုန့်ထက် သုံးဆပို၍ အန္တရာယ်ရှိပါတယ်။ အဆိုပါ ဟင်းခတ်မှုန့်များကို နေ့စဉ်စားသုံးပါက ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အရိုးပွ၊ အရိုးပါး၊ အရိုးကြွပ်ဆတ်ရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါနှင့် ကျောက်ကပ်ပျက်စီးသော ရောဂါများဖြစ်စေနိုင်ပါတယ်။ သို့ပါ၍ အချိုမှုန့်၊ကြက်သားမှုန့်၊ ငါးမှုန့်၊ ဟင်းသီးဟင်းရွက်မှုန့်များ အားလုံး သုံးစွဲခြင်းမှ အထူးရှောင်ရှားကြပါရန် အကြံပြုလိုက်ရပါတယ်။
အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံ၏ အသုံးများသော ဟင်းခတ်ပစ္စည်းများထဲတွင် အချိုမှုန့်က သူမပါလျှင် မပြီးဆိုသလို စားဖိုဆောင်အတွင်း နေရာရလျက်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အချိုမှုန့်၏ ဆိုးကျိုးများကို မကြာခဏ အသိပေး ကြေညာလျက်ရှိသော်လည်း လူအများစုက တွင်ကျယ်စွာ အသုံးပြုနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် အချိုမှုန့်ကို လမ်းဘေး စားသောက်ဆိုင်မျိုးစုံနှင့် မုန့်ဟင်းခါးရောင်းသော ဆိုင်တော်တော်များများတွင် အသုံးများနေတာကို တွေ့ရပါတယ်။ သို့ပါ၍ မိမိ၊ မိသားစု ကျန်းမာရေးအတွက် အချိုမှုန့်ကို သတိနှင့်ဆင်ခြင်ပြီး ရှောင်ရှားနိုင်ကြပါစေကြောင်း ထပ်လောင်း၍ အကြံပြုလိုက်ရပါတယ်။ ။
ပေါက်ပေါက်