SJ WorldNews - шаблон joomla Авто

ဆီးချို သွေးတိုး နှလုံးရောဂါများကြောင့် အသက်မဆုံးကြစေဖို့

Sunday, 19 May 2019 12:05 Written by  font size decrease font size decrease font size increase font size increase font size

ရှေးယခင်က လူသားများကို ခြိမ်းခြောက်လျက်ရှိသော ရောဂါအများစုမှာ ကူးစက် တတ်သော ရောဂါများဖြစ်ပြီး ယနေ့ခေတ်တွင် မကူးစက်တတ်သော ရောဂါများကပို၍ ဒုက္ခပေး လျက်ရှိတာကို တွေ့ရပါတယ်။ ၎င်းရောဂါဆိုးများတွင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ ပါဝင်နေကြပါတယ်။ ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့၏ ကောက်ယူထားသော စစ်တမ်းများအရ လူ ၁ဝ ဦး လျှင် တစ်ဦးနှုန်း ဆီးချိုသွေးချို ရောဂါဖြစ်ပွားပြီး လေးဦးလျှင် တစ်ဦးနှုန်း သွေးတိုး ရောဂါဖြစ်ပွားနေကြောင်း အဖြေထွက်ရှိခဲ့ပါတယ်။ ၎င်းစစ်တမ်းကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ၂ဝ၁၄ ခုနှစ်ကစတင်၍ ကောက်ယူခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၉ နှစ်ဦးတွင် ယခုလို အဖြေထွက်ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ အဖြေထွက်ရှိမှု စစ်တမ်းအရ ရန်ကုန်တိုင်း အတွင်းရှိ အသက် ၄ဝ နှင့်အထက် ခန့်မှန်း လူဦးရေ နှစ်သန်းကျော်အား အခမဲ့ စစ်ဆေးကုသပေးသော အစီအစဉ်ကို ၂ဝ၁၉ ခုနှစ်အတွင်း စတင်သွားမှာဖြစ်ပါတယ်။ ထိုအစီအစဉ်အရ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ တိုက်နယ်ဆေးရုံ၊ မိခင်နှင့် ကလေး ကျန်းမာရေး ဌာန၊ ဒေသန္တရ ကျန်းမာရေးဌာနနှင့် ဌာနခွဲများ၊ ကျေးလက် ကျန်းမာရေး ဌာနနှင့် ဌာနခွဲများစသည့် ဆေးရုံ၊ ဆေးခန်း ၆၂၉ ခုတို့ဖွင့်လှစ်၍ ကုသပေးမှာဖြစ်ပါတယ်။ ၎င်းဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးချိန်အတွင်း ဖွင့်လှစ်မည်ဖြစ်ကာ ဆီးချိုနှင့် သွေးတိုး ရောဂါစစ်ဆေးခြင်း၊ ကုသပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း တို့အပြင် လိုအပ်ပါက ဆေးရုံများသို့ လွှဲပြောင်း ကုသပေးနိုင်ရန်အတွက်ပါ စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အပါအဝင် မကူးစက်တတ်သော ရောဂါများ ကို မကိုင်တွယ်နိုင်ပါက နောင်ငါးနှစ်အကြာ ကျန်းမာရေး ဘတ်ဂျက်၏ ၇ဝ ရာခိုင်နှုန်းမှာ အဆိုပါ ရောဂါများထဲသို့ ရောက်ရှိနိုင်ကြောင်း လေ့လာသိရှိရပါတယ်။

ဆီးချိုရောဂါ

ဆီးချို ရောဂါဆိုသည်မှာ မုန့်ချိုအိတ် ခေါ် ပန်ကရိယမှ အင်ဆူလင်ဟော်မုန်း အထွက် နည်းခြင်း သို့မဟုတ် ကိုယ်ခန္ဓာမှ အင်ဆူလင်ဟော်မုန်း ခုခံအားများခြင်းကြောင့် သွေးတွင်း သကြားဓာတ် မြင့်တက်လာခြင်းကို ခေါ်ပါတယ်။

ဆီးချိုရောဂါများတွင် အမျိုးအစား-၁ ဆီးချိုရောဂါ၊ အမျိုးအစား-၂ ဆီးချိုရောဂါ၊ ကိုယ်ဝန်ဆောင် မိခင်များတွင် တွေ့ ရသော ဆီးချိုရောဂါနှင့် အခြားဆီးချို အမျိုးအစား များ ဖြစ်ကြပါတယ်။ ကမ္ဘာတစ်ဝန်း အဖြစ်များသော အမျိုးအစားမှာ အမျိုးအစား- ၁ နှင့် အမျိုးအစား - ၂ ဆီးချိုရောဂါတို့ဖြစ် ကြပါတယ်။ ၎င်းနှစ်မျိုးအနက် အမျိုးအစား-၂ က ပို၍ အဖြစ်များ ပါတယ်။

အမျိုးအစား-၁ ဆီးချိုရောဂါဟာ အသက် ၁၈ နှစ်အောက် ကလေးများတွင် ဖြစ်ပွားပြီး အမျိုးအစား-၂ ဆီးချိုရောဂါက လူကြီးလူရွယ်များတွင် ဖြစ်ပွားကြပါတယ်။ အမျိုးအစား-၁ ကလေး ဆီးချိုရောဂါဟာ ကိုယ်ခန္ဓာအတွင်း အင်ဆူလင်လုံလောက်စွာ မရရှိခြင်း ကြောင့် အင်ဆူလင်ကို နေ့တိုင်းဆေးထိုးပေးခြင်းဖြင့်သာ ကုသနိုင်သည့် ရောဂါဖြစ်ပါ တယ်။ တစ်နည်းအားဖြင့်ဆိုသော် ကိုယ်ခံအားစနစ်က သရက်ရွက်ထဲရှိ အင်ဆူလင် ထုတ်လုပ်သော ဆဲလ်များကို မှားယွင်းစွာ တိုက်ခိုက်သောကြောင့် အမျိုးအစား-၁ ဆီးချိုရောဂါဖြစ်ပေါ် လာရပါတယ်။ အမျိုးအစား-၂ ဆီးချိုရောဂါဟာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ကို တုံ့ပြန်နိုင်အားကျ ဆင်းလာသည့်အတွက် အင်ဆူလင် မလိုအပ်ဘဲ အင်ဆူလင်ကို တုံ့ပြန်ပေးနိုင်စွမ်းသော ဆေးဝါးများ လိုအပ်ခြင်းကြောင့် ဖြစ်တဲ့ရောဂါ တစ်မျိုးပါ။

ယနေ့ကမ္ဘာ့လူသားများတွင် အမျိုးအစား-၂ ဆီးချိုရောဂါ အဖြစ်များကြပြီး သက်ကြီးပိုင်း တွင်ဖြစ်လေ့ရှိသော ဆီးချိုရောဂါသည် အားလုံး၏ ၉၅ ရာခိုင်နှုန်းက အမျိုးအစား-၂ ဖြစ် ပါတယ်။ ၎င်းရောဂါကို 'ဆီးချိုရောဂါ' ဟုအတိုကောက် ခေါ်လေ့ရှိပါတယ်။ ပျမ်းမျှ အသက် ၃၅ နှစ် အထက်မှာ အမျိုးအစား-၂ ဆီးချို ရောဂါစတင်ဖြစ်လေ့ရှိပြီး သွေးတိုး ရောဂါ၊ နှလုံးရောဂါ ပြဿနာတို့နဲ့လည်း ဆက်စပ်နေပါတယ်။

လေ့လာတွေ့ ရှိချက်များအရ ဆီးချိုသွေးချို ရောဂါဟာ အမျိုးသားများထက် အမျိုးသမီး တွေမှာပို၍ အဖြစ်များပါတယ်။ ဒါ့အပြင် ဆီးချိုသွေးချို ရောဂါရှိသူ အမျိုးသမီးတွေဟာ ယင်းရောဂါရှိသော အမျိုးသားများထက် လေဖြတ်နိုင်ခြေ သုံးဆခန့် ပိုများနေတတ်ပါ သေးတယ်။ အကြောင်းမှာ အမျိုးသမီးများရဲ့ သွေးကြောဆိုင်ရာ လုပ်ဆောင်ချက်များ နှင့် သွေးရည် အပျစ်အကျဲ ပြောင်းလဲမှုစနစ်များဟာ အမျိုးသားများလောက် ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးများဟာ အမျိုးသားများ ထက် ကိုယ်အလေးချိန် လျော့ကျရန် ယေဘုယျအားဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို ရွေးချယ်စားသောက် တတ်ကြသော်လည်း ကိုယ်လက် လှုပ်ရှားမှု အပိုင်းမှာတော့ လွန်စွာ အားနည်းနေတာကို တွေ့ရပါတယ်။

ဒါကြောင့် အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်ပြုလုပ် သင့်ပြီး ကိုယ်အလေးချိန် မတက်အောင်လည်း ကျန်းမာရေး အသိသတိတို့ဖြင့် မိမိကိုယ်ကို ထိန်းသိမ်း စောင့်ရှောက်သင့်ပါတယ်။

၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလဆန်း စာရင်းမှတ်တမ်းအရ ရန်ကုန်ကလေး ဆေးရုံကြီးတွင် ဆီးချိုကလေးငယ် ၁၈ဝ ကျော်ကို လက်ခံကုသပေးနေပြီး လိုအပ်သော အင်ဆူလင်၊ အခြား ဆေးဝါးများနှင့် အခြား ထောက်ပံ့ပစ္စည်းများကိုပါ အခမဲ့ ထုတ်ယူနိုင်ပါတယ်။ ရန်ကုန် ကလေးဆေးရုံကြီးတွင် တစ်နိုင်ငံလုံးမှ ဆီးချိုကလေးငယ်များကို ဆေးကုသမှု ပေးနေပြီး နယ်ဝေးမှဆေးထုတ်ယူမည့် လူနာရှင်များ အနေဖြင့် ရန်ကုန်ကလေး ဆေးရုံ ကြီးသို့ လာစရာမလိုဘဲ နီးစပ်ရာ ဆေးရုံများတွင် ဆေးထုတ်ယူနိုင်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးဆီးချိုရောဂါကို ၂ဝ၁၄ ခုနှစ်တွင် ၂၃ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် ၁၅ ဦး၊ ၂ဝ၁၆ ခုနှစ်တွင် ၁၂ ဦး၊ ၂ဝ၁၇ ခုနှစ်တွင် ၄၉ ဦး၊ ၂ဝ၁၈ ခုနှစ်တွင် ၇၂ ဦးဖြင့် စုစုပေါင်း ၁၇၁ ဦးအား ကုသပေးလျက်ရှိပြီး ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ အတွင်း ကလေးခြောက်ဦးကိုလည်း ကုသပေးနေပါတယ်။ အဆိုပါ မှတ် တမ်းအရ ၂ဝ၁၉ ခုနှစ် နှစ်ဦးပိုင်းအတွင်း တစ်နိုင်ငံလုံး အနေဖြင့် ကလေးဆီးချို ဝေဒနာ ရှင် ၁၇၇ ဦးတို့အား ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်)မှ ကုသပေးနေကြောင်း သိရပါတယ်။

ကလေးဆီးချို ဖြစ်ပွားပါက ရန်ကုန် ကလေးဆေးရုံကြီး (ဟယ်လ်ပင်) ကလေး ဆီးချိုဌာန ဖုန်း-ဝ၉-၄ဝ၄၄၇၇၁၄၇ သို့ ရုံးချိန်အတွင်း တိုက်ရိုက် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

သွေးတိုးရောဂါ

ယနေ့ အမေရိကန်နိုင်ငံတွင် သွေးတိုးရောဂါကြောင့် ကြီးမားသော ကျန်းမာရေး ဆိုင်ရာ စိုးရိမ်စရာ အခြေအနေဖြစ်ပြီး လူသန်း ၁ဝဝ ကျော်ကို ထိခိုက်နေကြောင်း အမေရိကန် နှလုံးရောဂါ အဖွဲ့အစည်းက သတိပေးထားပါတယ်။ သွေးတိုးရောဂါကြောင့် နှလုံးသွေး ကြောများ မာကျောကျစ်လျစ်လာပြီး နှလုံးသွေးကြောကျဉ်းခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း၊ နှလုံးကြွက်သားများ ထူထဲလာခြင်း၊ နှလုံးညှစ်အား လျော့နည်းလာခြင်း စသည့် နှလုံး ရောဂါ အမျိုးမျိုးဖြစ် လာနိုင်ပါတယ်။ လေ့လာဆန်းစစ် ချက်များအရ သွေးတိုးရောဂါ၏ ၃ ရာခိုင်နှုန်းခန့်ဟာ နှလုံးရောဂါကိုပါ တွဲဖြစ်လာလေ့ရှိပါတယ်။ သွေးမတိုးစေဖို့အတွက် အဓိကအားဖြင့် ဆား(အငန်)တွေ လျှော့စားရမှာဖြစ်ပြီး အိပ်ရေးဝဝအိပ်ပေးဖို့နဲ့ အမျက် ဒေါသမထွက်စေဖို့လည်း လိုအပ်ပါတယ်။

သွေးပေါင်ချိန် မြင့်တက်လာပါက နှလုံးခုန်နှုန်းပါ မြင့်တက် လာလေ့ရှိတာကြောင့် သွေးပေါင် ချိန်တိုင်းတာခြင်းဖြင့် နှလုံးခုန်နှုန်းကိုပါ တစ်ပါတည်း သိနိုင်ပါတယ်။ ဒါကြောင့် သင့်နှလုံးကို ကာကွယ်သည့် အနေဖြင့် သွေးပေါင်ချိန် မတက်အောင် ထိန်းသိမ်းပါ။

ကျွမ်းကျင်ဆေးပညာရှင်များက သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမား (Silent Killer)ဟု ခေါ်ဝေါ်ကြပါတယ်။ အကြောင်းမှာ ၎င်းရောဂါရှိနေခြင်းကို နှစ်ပေါင်း များစွာ လက္ခဏာ တစ်စုံတစ်ရာ မပြဘဲ ရှိတတ်သော ရောဂါဖြစ်ပါတယ်။ သွေးတိုး ရောဂါဟာ အသက်အရွယ် မရွေး ကျား၊ မ မရွေးဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် လူလေး ဦးလျှင် တစ်ဦးနှုန်းသွေးတိုးရောဂါ ခံစားနေရပါတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကောက်ယူခဲ့သော စစ်တမ်းများအရ ၂ဝ၁၈ ခုနှစ် နှစ်ကုန်ခါနီးကာလအထိ ပြည်တွင်းရှိ အသက် ၂၅ နှစ်နှင့် ၆၅ နှစ်အကြား စုစုပေါင်း လူဦးရေ၏ ၂၆ ဒသမ ၅ ရာခိုင်နှုန်းခန့်တွင် သွေးတိုးရောဂါဖြစ်ပွားနေ ကြောင်းသိရပါတယ်။

အသက်အရွယ်ကြီးလေ သွေးတိုးဖြစ်ပွားမှုများ လေဖြစ်ရာ အသက် ၇ဝ အရွယ်တွင် ၄ဝ မှ ၅ဝ ရာခိုင်နှုန်းခန့်ဟာ နာတာရှည် သွေးတိုးလူနာများ ဖြစ်ကြပါတယ်။ ကိုယ်ဝန် ဆောင်များလည်း သွေးတိုးတတ်ပါတယ်။ သွေးတိုးရောဂါ ရှိစဉ်ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေဆိပ်တက်၍ မိခင်နှင့်ကလေးကိုပါ အသက် အန္တရာယ်ရှိစေနိုင်ပါတယ်။ မိခင်တွင် သန္ဓေဖောရောင်ခြင်း၊ သန္ဓေဆိပ်တက်ခြင်းဖြစ်၍ သန္ဓေသားတွင်လည်း ခန္ဓာကိုယ်ချို့ ယွင်းမှုများ ဖြစ်လာနိုင်ပါတယ်။

လူတစ်ဦးတွင် သွေးပေါင်ချိန် ၁၄ဝ/၉ဝ နှင့်အထက်ရှိပါက သွေးတိုး ရောဂါဖြစ်ပွား နေသည်ဟု သတ်မှတ်ထားပြီး အများအားဖြင့် အသက်ငယ်ရွယ်သူများက ရောဂါအခံ တစ်စုံတစ်ရာကြောင့် သွေးတိုးရောဂါဖြစ်လေ့ရှိသော်လည်း အသက်ကြီးသူများတွင် ရောဂါ အခံမရှိဘဲနဲ့လည်း သွေးတိုးရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ကျန်းမာရေးနှင့် ညီညွတ် မျှတစေရန် နေထိုင်စားသောက်မှု မရှိသူများတွင် သွေးတိုးရောဂါအဖြစ်များပြီး ကိုယ်လက် လေ့ကျင့်ခန်း မလုပ်သူများ၊ အဝလွန်သူများ၊ အဆီများသူများနှင့် ဆီးချို ရောဂါရှိသူများတွင် သွေးတိုးရောဂါ ဖြစ်နိုင်ခြေပိုများ ပါတယ်။

ကမ္ဘာတစ်ဝန်း လူသန်းပေါင်းတစ်ထောင်မှာ သွေးတိုးရောဂါ ခံစားနေကြရပြီး နှစ်စဉ် ၇ ဒသမ ၁ သန်း သေဆုံးနေပါတယ်။ မြန်မာနိုင်ငံမှာလည်း သွေးတိုး ရောဂါခံစားနေရသူ ဦးရေဟာ တစ်နှစ်ထက်တစ်နှစ် ပို၍မြင့်တက်လာနေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများမှာ ဖော်ပြထားပါတယ်။

နှလုံးရောဂါ

သွေးတိုး ရောဂါရှိခြင်း၊ သွေးထဲတွင် မကောင်းသော LDL ကိုလက်စထရောတွေ များပြား နေခြင်း၊ သွေးကြောများ အနည်ကျ ပိတ်ဆို့ ခြင်းတို့က သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများကို ပျက်စီးစေကာ နှလုံးနှင့် နှလုံး သွေးကြောရောဂါ အမျိုးမျိုးတို့ကို ထိခိုက်စေပါတယ်။ ဆီးချိုရောဂါရှိသူများဟာ ၎င်းရောဂါမရှိသူတွေထက် နှလုံးရောဂါဖြစ် နိုင်ခြေ အလားအလာ သုံးဆမျှပိုပါတယ်။ အထူးသဖြင့် အမျိုးအစား-၂ ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ဆင့်ပွားရောဂါများအဖြစ် နှလုံးရောဂါနှင့်အတူ ခြေဖျားလက်ဖျား သွေးကြောကျဉ်းခြင်း၊ လေဖြန်းခြင်း၊ လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

သာမန်ထက် ကိုယ်အလေးချိန်ပိုများသော ကလေးများဟာ အရွယ်ရောက်ချိန်တွင် နှလုံး သွေးကြောဆိုင်ရာ ရောဂါဖြင့် သေဆုံးနိုင်သည့် အန္တရာယ် သုံးဆမြင့်မားကြပါ တယ်။ အဝလွန်ခြင်းက ကလေးများတွင် အရွယ်မတိုင်မီ နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ် မြင့်မားစေ၍ လူကြီးမိဘများအနေဖြင့် ဂရုစိုက်ပေးဖို့ အရေးတကြီး လိုအပ် နေပါတယ်။ ကလေးများမှာ လိုအပ်သလောက် ခန္ဓာကိုယ်လှုပ်ရှားခြင်းမရှိဘဲ ကယ်လိုရီ စားသုံးမှု များလွန်းရာမှ အဝလွန်ဖြစ် လာနိုင်ပါတယ်။ ကလေးများ ကိုယ်လက် လှုပ်ရှား မှုပုံမှန် လုပ်လာစေရန်နှင့် ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင်ရန် မိဘများ၊ စာသင်ကျောင်းနှင့် အသိုက်အဝန်း၏ အခြား အစိတ်အပိုင်းများနှင့်အတူ ပြင်ဆင်မှုများ လုပ်ဆောင်ပေးသင့်ပါတယ်။ ကလေး အဝလွန်ခြင်းကြောင့် ကြီးကောင်ဝင်စ အရွယ် တွင် နှလုံးထိခိုက်မှု ဖြစ်ဖွယ်မရှိသော်လည်း ၎င်းကလေးများ အသက်ကြီးပြင်းလာ သည့် အချိန်တွင် နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်နဲ့ မလွဲမသွေကြုံ တွေ့ရနိုင်ပါ တယ်။

အချုပ်အားဖြင့်ဆိုသော် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများ၏ အဓိက ပြဿနာဟာ ခန္ဓာကိုယ်ကြီး အဝလွန်အဆီ ပိုဖြစ်ခြင်းမှ အစပြုပါတယ်။ အဝလွန် ကလေးများတွင် လည်း ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့လေဖြတ်နိုင်သည့် အန္တရာယ်ရှိနေ၍ အထူး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့ဟာ တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေတာကြောင့် သင့်ခန္ဓာကိုယ်တွင် ထိုရောဂါများ မဖြစ်ပေါ် မခံစားရစေရန် သတိမူ၍ ကျန်းမာစွာ ကျင့်ကြံပြုမူ နေထိုင်သင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

ပေါက်ပေါက်

Read 102 times
Rate this item
(0 votes)
Last modified on Sunday, 19 May 2019 12:07