SJ WorldNews - шаблон joomla Авто

စိတ်ဖိစီးမှု ကင်းဝေးရေး တရားထိုင်ပေး

Monday, 20 May 2019 11:11 Written by  font size decrease font size decrease font size increase font size increase font size

ကျွန်မတို့သည် စားဝတ်နေရေးဆိုသည့် ခေါင်းစဉ်အောက်တွင် သွားလာလှုပ်ရှားရင်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုဆိုသော ဝေဒနာကို ခံစားနေကြရသည်။စိတ်သည် အနာရောဂါဖြစ်စေသော အကြောင်းရင်း တစ်ရပ်ပင်ဖြစ်သည်။ ယင်းစိတ်သည် ကျန်သောရောဂါအနာတို့ ဖြစ်ပေါ်ကျရောက်စေသည့် အကြောင်းတရားများကို ဦးဆောင်ထားသည့် အရာလည်းဖြစ်သည်။

သို့ဖြစ်ပါသောကြောင့် စိတ်ဖိစီးမှုဟူသည် မကိုင်တွယ်တတ်လျှင် နှလုံးရောဂါ၊ လေနာရောဂါ၊ ကာမဆက်ဆံလိုစိတ် အားနည်းသည့်ရောဂါ၊ အိပ်မပျော်သည့်ရောဂါ၊ ကိုယ်အလေးချိန် တက်ခြင်း၊ လေ့လာ သင်ယူနိုင်မှု အားနည်းခြင်း၊ စိတ်အတက်အကျ ကြမ်းခြင်း စသည်တို့ဖြစ်လာနိုင်သည်။

စိတ်ဖိစီးမှုများခြင်းကို သိရှိနိုင်သော လက္ခဏာများမှာ

ဆံပင်များကျွတ်ခြင်း၊ ကိုယ်အလေးချိန် ပုံမှန်မရှိခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ ညအချိန်တွင် တော်ရုံနှင့် အိပ်မပျော်ခြင်း၊ အလုပ်အပေါ်တွင် စိတ်ဝင်စားမှု နည်းပါးခြင်း၊ မကြာခဏ စိတ်တိုတတ်လာခြင်း၊ အမြဲလိုလို ပင်ပန်းနွမ်းနယ်နေခြင်း၊ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ အစာမျိုရ ခက်ခဲခြင်း၊  ပျို့အန်ခြင်း၊ မျက်နှာများတွင် အဖုအပိမ့်များ ထွက်လာခြင်းများပါ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတတ်သေးသည်။

စိတ်ဖိစီးမှုများ များလာသည်နှင့်အမျှ ခန္ဓာကိုယ်မှ ကော်တီစောဟုခေါ်သော Stress Hormone များ ထွက်လာပြီး ယင်းဟော်မုန်းများ၏ ခြယ်လှယ်မှုများကြောင့် သွေးတွင်းသကြားဓာတ်၊ သွေးတွင်း အဆီဓာတ်များသည်၊ မြင့်တက်လာလေသည်။ ထိုသို့ မြင့်တက်လာရာမှ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊  သွေးတိုးရောဂါများအပြင် နှလုံးရုတ်တရက် ဖောက်ခြင်း၊လေဖြတ်ခြင်း စသည့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော ပြဿနာများ အထိပါ ဖြစ်လာတတ်၏။ အချို့လူများတွင် မိမိကိုယ်ကိုယ် သတ်သေခြင်း ဆိုသည့် အန္တရာယ်ကို ရင်ဆိုင်ခဲ့ကြရသည်။

မြန်မာ့တိုင်းရင်းဆေးပညာ အရ တင်ပြရမည်ဆိုလျှင် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်အတွင်း ငုပ်လောင်တတ်သော သန္တပ္ပနတေဇောဓာတ်၊ ဝါယောဓာတ်များ ဖြစ်ပေါ်လာပြီး လောင်မြိုက်ငုပ် ဝင်နေသည့်အတွက် စိတ်ကျရောဂါ၊ ရောဂါရှာမရသော ရောဂါ၊ အစားအသောက်ပျက်ခြင်း၊ အလိုမကျမှု များခြင်းနှင့်အတူ   ဝမ်းတွင်းကလီစာများ ဖြစ်သည့် နှလုံး၊ အဆုတ်၊ အသည်း၊ အစာအိမ်၊ သားအိမ်၊ ကျောက်ကပ်၊ အူမကြီးစသော ကလာပ်စည်းနုများအတွင်း  စူးစိုက်ဝင်ရောက်ခြင်းကြောင့်  ကုသရခက်ခဲသော ရောဂါများကို ဖြစ်ပွားစေသည်။

သို့ပါသောကြောင့် ကျွန်မတို့သည် စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာသည့်အခါ ပေါ့ပေါ့တန်တန် သဘောမထားဘဲ ချက်ချင်း ကိုင်တွယ်သင့်သည်။ စိတ်ဖိစီးမှု ဖြစ်ပွားကာစတွင် ရောဂါကြီးများ မဖြစ်ပွားမီ လည်ပင်းနာခြင်း၊ နားအူခြင်း၊ မူးခြင်း၊ ကြွက်သားများနာခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အာရုံကြော အားနည်းခြင်းများကို ခံစားရနိုင်သည်။ လူတိုင်းနီးပါး ရှောင်လွှဲ၍မရသော စိတ်ဖိစီးမှုကို ဖြေရှင်းရာတွင် လူတစ်ဦးနှင့်တစ်ဦး ဖြေရှင်းနည်းမတူနိုင်ပေ။ စိတ်ဖိစီးမှုများကို အချို့က သီချင်းနားထောင်ခြင်း၊ အချို့က ကခုန်ခြင်း၊ အချို့က အော်ဟစ်ခြင်း စသည်ဖြင့် ဖြေရှင်းတတ်ကြသည်။

စိတ်ဖိစီးမှုများ လျော့နည်းစေသော နည်းများတွင် အကျိုးသက်ရောက်မှု ရှိစေသော နည်းလမ်းတစ်ခုမှာ တစ်ကိုယ်တည်း သီးသန့်နေထိုင်ခြင်းထက် အများနှင့်ရောနှောကာ နေထိုင်ခြင်းဖြစ်သည်။  မိမိယုံကြည်စိတ်ချရသော မိတ်ဆွေကို မိမိခံစားနေရသော စိတ်ဖိစီးမှုဖြစ်ပေါ်နေသော  အကြောင်းအရာများကို ပြောပြသင့်သည်။ စိတ်ရွှင်လန်း တက်ကြွစေရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း(ရေကူးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ တောင်တက်ခြင်း)တစ်ခုခုကို လုပ်ပေးသင့်သည်။ စိတ်ဖိစီးမှု လျော့ပါးစေရန် နည်းများထဲတွင်  အဖွဲ့လိုက် သီချင်းဆိုခြင်းလည်း ပါဝင်သည့်အတွက် မကြာခဏလည်း  သီချင်းဆိုပေးသင့်သည်။

သီချင်းဆိုခြင်းဖြင့် အဆုတ်နှင့် ဝမ်းဗိုက်မှ ကြွက်သားများကို ခန္ဓာကိုယ်မှ ပိုမိုအသုံးချပြီးသား ဖြစ်သွားကာ အသက်ရှူလေ့ကျင့်ခန်း လုပ်ပြီးသားပါဖြစ်သွားမည်။ ထို့အတူ သီချင်းဆိုနေစဉ် အချိန်တွင် ခန္ဓာကိုယ်မှ စိတ်ကို ပျော်ရွှင်စေသော ဟော်မုန်းတစ်မျိုး ထုတ်ပေးခြင်းကြောင့် စိတ်ဖိစီးမှုများကို အဝေးသို့ မောင်းထုတ်ပေးနိုင်သည်။ နည်းအမျိုးမျိုး ရှိသည့်အနက်မှ တရားထိုင်ခြင်းဆိုသည့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သော အကောင်းမွန်ဆုံး ဖြေရှင်းနည်းအကြောင်းကို တင်ပြပေးလိုသည်။

တရားထိုင်ခြင်းဖြင့် တင်းမာနေသော ကြွက်သားများကို လျော့ကျစေခြင်း၊ စိုးရိမ်ပူပန်မှုများ လျော့ပါးစေခြင်း၊Stress များ လျော့ပါးစေခြင်းတို့တွေ့ရသည်ဟု ဟားဗက်ဆေးတက္ကသိုလ်မှ  နှလုံးရောဂါပါရဂူ ဒေါက်တာဟားဗက်ဂျွန်ဆင်၏ လေ့လာချက်၊ ပြောပြချက်များအရ သိရသည်။

တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေရုံသာမက ကင်ဆာရောဂါများကိုလည်း သက်သာပျောက်ကင်း စေသည်။  တရားထိုင်ရာမှ ဦးနှောက်၏ စွမ်းရည်ကို  ကောင်းမွန်စေသည်။ ယင်းသို့ ကောင်းမွန်လာသည့် အတွက် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ၊  သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းတို့ကို ထိန်းချုပ်ပေးသော အာရုံကြောစနစ် ကောင်းမွန်လာသည်။ သို့ဖြစ်ပါသောကြောင့် ကင်ဆာရောဂါသည်များသည် တရားထိုင်ခြင်းကြောင့် မိမိတို့၏ စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ပြီး ခံစားရသော ဝေဒနာများသည်လည်း  တဖြည်းဖြည်းချင်း သက်သာလာစေခြင်း ဖြစ်သည်။

လေ့လာမှုများအရ တရားထိုင်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုလည်း သက်သာစေသည်ဟု သိရသည်။ အကြောင်းမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာ ခံစားရသူတို့၏ ၃၂ ရာခိုင်နှုန်းသည် ဝေဒနာ သက်သာသွားသည်ကို တွေ့ရသောကြောင့် ဖြစ်သည်။ တရားထိုင်ခြင်းသည် လွယ်ကူသော အလုပ်မဟုတ်သော်လည်း အကျင့်ရသွားလျှင်  အစဉ်အမြဲ လုပ်နိုင်သွားမည့် အရာဖြစ်သည်။

တရားထိုင်ခြင်းဖြင့် အသက်ကို ရှူသွင်း၊ ရှူထုတ်လုပ်ရာမှ စိတ်ဖိစီးမှု ဆိုသော အရာသည် ပျောက်ခြင်းမလှ ပျောက်သွားမည်ဖြစ်သည်။ ဒေါက်တာ ဟားဗက်ဂျွန်ဆင်၏ လေ့လာမှုများအရ တရားထိုင်ခြင်းဖြင့် သွေးတိုးမှုများကို သိသာစွာ ပျောက်ကင်းနိုင်ကြောင်းကိုလည်း သိရသည်။  ထို့အတူ တရားထိုင်ခြင်းသည် နာတာရှည် ကိုက်ခဲနာကျင်မှုများကိုလည်း သက်သာစေကြောင်း သိရသည်။ အထက်ပါအချက်များသည် တရားထိုင်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများဖြစ်သည်။

စိတ်ဖိစီးမှုများနေသည့် အချိန်တွင် စိတ်ဖိစီးမှု လျော့ကျစေရန် များများရယ်ပေးသင့်သည်။ စိတ်ဖိစီးမှုများစေသည့် အပြုအမူများဖြစ်သည့် ဆေးလိပ်သောက်ခြင်း၊ ဘီယာသောက်ခြင်း၊ အရက်သောက်ခြင်းများ၊ မိတ်ဆွေများနှင့် ငြင်းခုံခြင်း၊ အငြင်းပွားခြင်းမှလည်း ရှောင်ရှားရမည်။ စိတ်ဖိစီးမှုများသူများ အနေဖြင့် လေကောင်းလေသန့် ရသည့်နေရာများသို့ မကြာခဏ သွားရောက်ပေးသင့်သည်။ အကြောင်းမှ လေထုညစ်ညမ်းမှုသည် စိတ်ဖိစီးမှုများကို ပိုမိုခံစားစေနိုင်သောကြောင့် ဖြစ်သည်။ အာဟာရပြည့်ဝစေရန် အလို့ငှာ အစားအစာကို အချိန်မှန်၊ ပုံမှန်စားသောက် ပေးသင့်သည်။

စိတ်ဖိစီးမှုများသူများ အနေဖြင့် ညဘက်အချိန်တွင် ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ရန် အိပ်ရာဝင်ခါနီးချိန်တွင် ငှက်ပျောသီး၊နွားနို့နှင့် နို့ထွက်ပစ္စည်းများကို  စားသုံးပေးသင့်သည်။  အိပ်ခါနီးအချိန်တွင် ငှက်ပျောသီးစားပေးခြင်းဖြင့် စိတ်ဖိစီးမှုများ လျော့နည်းစေသည့် အပြင် အာရုံစူးစိုက်မှုကိုလည်း  ပိုမိုကောင်းမွန်စေသည်။  အိပ်ခါနီးအချိန်တွင်   ကော်ဖီသောက်ခြင်း၊ လက်ဖက်ရည်သောက်သုံးခြင်း၊ လက်ဖက်သုပ်စားခြင်းကိုဖြင့် ရှောင်ကြဉ်ရမည်။

ဤသို့ဖြင့် စိတ်အားများပြည့်နေမည် ဆိုလျှင် ရုပ်အားသည် အလိုလို ကျန်းမာနေနိုင်စေဖို့ စိတ်ဖိစီးမှုများကို အကောင်းဆုံး တွန်းလှန်နိုင်သည့် တရားထိုင်ခြင်းကို ကျင့်သုံးကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။   

မုဒိသာ (တောင်သာ)

Read 217 times
Rate this item
(0 votes)
Last modified on Monday, 20 May 2019 11:13