SJ WorldNews - шаблон joomla Авто

ထောင့်သန်းရောဂါ အကြောင်း သိကောင်းစရာများ

Thursday, 23 May 2019 10:55 Written by  font size decrease font size decrease font size increase font size increase font size

ထောင့်သန်းရောဂါ ဆိုသည်မှာ မြေကြီးထဲရှိ Bacillus Antharcis (ခေါ်) ဗက်တီးရီးယား ရောဂါပိုးကြောင့်ဖြစ်လာရသော အန္တရာယ်ရှိ ဗက်တီးရီးယား ကူးစက်ရောဂါ တစ်မျိုးဖြစ်သည်။  ပုံမှန်အားဖြင့်  ၎င်းဗက်တီးရီးယားပိုးက အသက်မဝင်သေးသော spore လေးတွေကိုသာ ထုတ်ပေးပြီး  ၎င်း spore များက မြေဆီလွှာထဲတွင်  သဘာဝအလျောက် နေထိုင်ကြသည်။ ထို spore  များသည် တိရစ္ဆာန် သို့မဟုတ် လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသောအခါ စတင် အသက်ဝင်လာသည်။  သက်ဝင်လှုပ်ရှားလာပြီ ဖြစ်သော spore တွေ ပွားများလာပြီးနောက် အဆိပ်အတောက်တွေ ထုတ်လွှတ်လိုက်သဖြင့် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ ဆိုးဝါးသော ရောဂါတွေကိုဖြစ်ပေါ်စေနိုင်သည်။

 မှတ်တမ်းများအရ ၂ဝဝ၁ ခုနှစ်တွင် ရောဂါပိုးမွှား လက်နက်အဖြစ် အမေရိကန်နိုင်ငံကို စာအိတ်ကတစ်ဆင့် ပေးပို့ခြင်း ခံခဲ့ရပြီး လူငါးဦးသေဆုံးကာ ၁၇ ဦး နာမကျန်း ဖြစ်ခဲ့ရတာကြောင့် ပိုပြီးသတိထားမိလာကြခြင်း ဖြစ်ကြောင်း လေ့လာသိရှိရသည်။

ထောင့်သန်းရောဂါတွေ့ရှိမှု

ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ် ဆေးရုံတွင် ထောင့်သန်းရောဂါ သံသယရှိသော အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို မေ ၄ ရက်တွင် စတင်တွေ့ရှိခဲ့သည်။  ၎င်းတို့အနက် တစ်ဦးသည်  ဆေးရုံ၌ အနီးကပ် ဆေးကုသမှု ခံယူနေပြီး  လူနာ၏ သူငယ်ချင်းများနှင့် ဆွေမျိုးများကို ကာကွယ်ဆေး ထိုးထားကြောင်း သိရသည်။   အဆိုပါရောဂါကို  ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ် ချောင်းဝအုပ်စု ငါ့လင်းပုတ်ကျေးရွာမှာ ဧပြီ ၂၇ ရက် က ဦးမင်းဆွေ နေအိမ်အနီး သေဆုံးသွားသော နွားတစ်ကောင်ကိုဖျက်ပြီး ကိုင်တွယ် စားသောက်ကြရာမှ ရောဂါစတင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ညောင်ဦးခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ထောင့်သန်းရောဂါ ကာကွယ်ဆေးများကို လိုက်လံထိုးနှံ ပေးလျက်ရှိရာ မေ ၄ ရက်မှာ ငါ့လင်းပုတ်ကျေးရွာတွင် နွား ၁၇၈ ကောင်၊ ချောင်းဝကျေးရွာတွင် နွား ၈၁ ကောင်၊ မေ ၅ ရက်မှာ သဲကွင်းကုန်းရွာတွင် နွား ၂၅၁ ကောင်၊ ငါ့လင်းပုတ်ရွာတွင် ဆိတ် ၁၅၈ ကောင်၊ မေ  ၆ ရက်မှာ ပျဉ်တိုင်းရွာတွင် နွား ၂၆၆ ကောင်၊ ပန်းကုန်းပင်ရွာတွင် နွား ၁၁၅ ကောင်၊ ရွာသစ်တောင်ရွာတွင် နွား ၂၅၁ ကောင်နှင့် အုတ်လှေကားကျေးရွာတွင် နွား ၇၁ ကောင် စသည်ဖြင့် တိရစ္ဆာန်ကောင်ရေ စုစုပေါင်း ၁၃၈၈ ကောင်တို့အား ထောင့်သန်းရောဂါ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။

ကူးစက်ပုံ

  ထောင့်သန်းရောဂါသည် လူတွေထက် တိရစ္ဆာန်တွေမှာပိုဖြစ်တတ်သည်။ ထောင့်သန်း ရှိသော တိရစ္ဆာန်တွေနှင့်  ထိတွေ့မိခြင်း၊ ပိုးကိုရှူရှိုက်မိခြင်း၊ ပိုးပါသော အသားကို မကျက်တကျက် စားမိခြင်း၊ ထောင့်သန်းရောဂါ ဖြစ်နေသူ၏ အနာနှင့်  မိမိ၏ ပေါက်ပြဲပွန်းရှထားသည့် အရေပြားကို တိုက်ရိုက် ထိတွေ့မိခြင်း စသည်တို့ကြောင့် ထောင့်သန်းရောဂါဟာ တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးစက်လာနိုင်သည်။

ထောင့်သန်းရောဂါပိုးကို   လယ်သမားများ၊ တိရစ္ဆာန်မွေးမြူရေးသမားများ၊  ၎င်းပိုးကို ဓာတ်ခွဲစမ်းသပ်လေ့လာသူ ပညာရှင်များ၊  တိရစ္ဆာန်ဆေးကု ဆရာဝန်များ၊ ထောင့်သန်းရောဂါအဖြစ် များသော နေရာဒေသက တိရစ္ဆာန်နှင့်   အထိအတွေ့များသူ၊ ထောင့်သန်းအဖြစ် များသည့် နေရာဒေသတွင် တာဝန်ကျနေသော ဝန်ထမ်းများတွင် ရောဂါကူးစက်ခြင်း အလားအလာများသည်။

ရောဂါလက္ခဏာများ

ထောင့်သန်းရောဂါကို (၁) အရေပြားထောင့်သန်း ရောဂါ၊ (၂) အစာအိမ် အူလမ်းကြောင်း ထောင့်သန်းရောဂါ၊ (၃) အသက်ရှူလမ်းကြောင်း ထောင့်သန်းရောဂါ ဟူ၍ သုံးမျိုးခွဲခြားထားသည်။ ထိတွေ့မိသည့် ပုံစံပေါ်မူတည်၍ ရောဂါလက္ခဏာမှာလည်း အောက်ပါအတိုင်း ကွဲပြားသွားနိုင်သည်။

အရေပြားထောင့်သန်းရောဂါ

ထောင့်သန်းပိုးနှင့် ထိတွေ့မိပါက အနာဖုတက်လာပြီး ယားယံလာသဖြင့် အင်းဆက်ပိုး ကိုက်ခံရခြင်းနှင့် ဆင်တူသည်။ ၎င်းအနာက အရည်ကြည်ဖုထွက်လာပြီး အဖု၏ အလယ်ပိုင်းတွင် မည်းနေသော အနာကြီးဖြစ်လာသည်။ နာကျင်မှုမရှိပေ။ ထောင့်သန်းပိုးနှင့် ထိတွေ့ပြီးနောက် ၁ ရက်မှ ၅ ရက်အတွင်း ထိုအနာများ ဖြစ်ပေါ်နိုင်သည်။  များသောအားဖြင့် မျက်နှာ၊ လည်ပင်း၊ လက်မောင်း၊ လက်တွေမှာ အနာဖြစ်တတ်သည်။ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှူမဝခြင်းတွေ ခံစားရသည်။

အစာအိမ်အူလမ်းကြောင်း ထောင့်သန်းရောဂါ

ထောင့်သန်းရောဂါပိုး ပါသော တိရစ္ဆာန်အသားနှင့် ကလီစာတို့ကို မကျက်တကျက် စားမိပြီးနောက် တစ်ပတ်အတွင်း ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမျိုချလျှင် လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ လည်ပင်းအကျိတ်ထွက်ခြင်း၊ သွေးဝမ်းသွားခြင်း၊ မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း စသည့် လက္ခဏာများ ပြတတ်သည်။

အသက်ရှူလမ်းကြောင်း ထောင့်သန်းရောဂါ

ထောင့်သန်းပိုးကို ရှူရှိုက်မိပြီးနောက် ပျမ်းမျှ နှစ်ရက်မှ တစ်ပတ်အတွင်းမှာပင် လည်ချောင်းနာခြင်း၊ အအေးမိသကဲ့သို့ ဖျားနာခြင်း၊ ကြွက်သားနာခြင်း၊ ချောင်းဆိုးခြင်း၊  မောပန်းခြင်း၊ နုံးချည့်ခြင်း၊ ချမ်းတုန်နေခြင်း၊ အန်ခြင်း  စသည့် လက္ခဏာများ ပြတတ်သည်။

စောစောသိပါက ပိုးသတ်ဆေးများနှင့် ကုသနိုင်ပြီး မကုသဘဲ ထားပါက အရေပြားထောင့်သန်းကြောင့်  သေဆုံးနှုန်း ၂ဝ ရာခိုင်နှုန်း၊ အစာအိမ်အူလမ်းကြောင်း ထောင့်သန်းကြောင့် သေဆုံးနှုန်း ၂၅- ၆ဝ ရာခိုင်နှုန်း၊ အသက်ရှူလမ်းကြောင်း ထောင့်သန်းကြောင့် သေဆုံးနှုန်း ၇၅ ရာခိုင်နှုန်း ရှိသည်။

ရောဂါကုသပုံ

အထက်ပါ လက္ခဏာဖြစ်နေသော   လူနာအား သွေးစစ်ခြင်း၊ အရေပြား စစ်ဆေးခြင်း၊ ဝမ်းစစ်ဆေးခြင်း၊ အူမှန်ပြောင်းကြည့်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း နည်းတို့ဖြင့် ထောင့်သန်းရောဂါပိုး ကူးစက်ခံရခြင်း ဟုတ်၊ မဟုတ်ကို စစ်ဆေး အတည်ပြုနိုင်သည်။ လိုအပ်ပါက ခါးဆစ်ရိုးဖောက်ပြီး ဦးနှောက်နှင့်ကျောရိုး အာရုံကြောမကို ဝန်းရံထားသည့် အရည်အနည်းငယ်ကို စစ်ဆေးနိုင်သည်။

အတည်ပြုပြီးပါက လူနာအားပိုးသတ်ဆေးနှင့် ထောင့်သန်း ကာကွယ်ဆေးများ ထိုးနှံခြင်း၊ ဆေးသောက်ခြင်းတို့ဖြင့် ကုသမှု ခံယူရမည်။ ပိုးသတ်ဆေးကို ရက်ပေါင်း ၆ဝ တိုင်အောင် သောက်ရမည်ဖြစ်၍ ရောဂါအနည်းငယ် သက်သာလာပါက မိမိသဘောဖြင့် ဆေးဖြတ်ခြင်း မပြုသင့်ပေ။

ကြိုတင်ကာကွယ်ခြင်း

၎င်းရောဂါ ကာကွယ်ဆေးကို အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြားလူများအား ထိုးပေးနိုင်ပြီး ဆေးဓာတ်မတည့်သူများနှင့် ကိုယ်ဝန်ဆောင်မိခင်များကို မထိုးသင့်ပေ။ ရောဂါပိုး ကူးစက်ခံရသော ကျွဲ၊ နွား တိရစ္ဆာန်များက မိနစ်ပိုင်းအတွင်း သေစေနိုင်သည်။  ထို့ကြောင့်လည်း   ကျန်းမာရေး ဝန်ကြီးဌာနက ဦးစီး၍ ကျေးလက်ဒေသများတွင် စဉ်ဆက်မပြတ် အသိပညာပေး ဟောပြောကာ ကျွဲ၊ နွား၊ ဆိတ်၊ သိုးများကို  ကူးစက်ရောဂါ ကာကွယ်ဆေးများ ပုံမှန်ထိုးနှံရန်  အပြင်းအထန် တိုက်တွန်းနှိုးဆော်လေ့ ရှိသည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သဖြင့်   မွေးမြူရေးသမားများ အနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးဌာနက လမ်းညွှန်မှုအတိုင်း လိုက်နာကြဖို့ အထူးလိုအပ်သည်။ ထောင့်သန်းရောဂါဖြစ်ပြီး သေသွားသော တိရစ္ဆာန်များကို

အမဲဖျက်၍အသားစိမ်းများအဖြစ်မရောင်းချသင့်ပေ။စားသုံးသူများ အနေဖြင့်လည်း အသား များကို သေချာရွေးချယ်ကာလုံလောက်သော မီးအပူရှိန်ဖြင့် နူးနပ်သွားသည်အထိ   ချက်ပြုတ် စားသုံးသင့်ပါကြောင်း   အကြံပြု လိုက်ရပါသည်။  

Read 89 times
Rate this item
(0 votes)
Last modified on Thursday, 23 May 2019 10:57