SJ WorldNews - шаблон joomla Авто

ပျိုမေတို့ အလှတိုးစေဖို့

Wednesday, 10 July 2019 10:24 Written by  font size decrease font size decrease font size increase font size increase font size

မိန်းမသားအများစုတွင် ကိုယ်စီအလှများ ရှိကြသကဲ့သို့ အလှများ တိုးစေရန်အတွက်လည်း ပြင်ဆင်လေ့ရှိကြသည်။ ပျိုမေတို့ အလှတိုးစေရာတွင် ထိရောက်သော ပန်းပေါင်းတစ်ထောင်အကြောင်း တင်ပြပေးလိုသည်။ကျွန်မတို့ တိုင်းရင်းဆေးပညာတွင် စာပေကျမ်းဂန်များအရ ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါကတည်းက အဓိကပါဝင် သုံးစွဲခဲ့သော ပန်းပေါင်းတစ်ထောင်ဟု တင်စားခေါ်ဝေါ်နိုင်သော ဆေးဖက်ဝင်သည့် သဘာဝဆေး တစ်ခုရှိသည်။ထိုအရာမှာ ပျားရည်ပင်ဖြစ်သည်။ ပျားရည်ကို မင်းတုန်းမင်းလက်ထက်တော်အခါတွင် အသက်ရှည်ဆေးအဖြစ် သုံးစွဲခဲ့ကြောင်းကို ပရန္နဝါပါးပါးလွှာ၊ သကာပျားနှင့်ထွေး၊ ဘိုးတော်မင်းခေါင်သူသုံးဆောင် မဟာအားပြောင်ဆေး ဟု ရေးသားထားသည်ကို စာပေကျမ်းဂန် အထောက်အထားများအရ သိရသည်။ အာယုဗေဒ ဆေးကျမ်းများတွင် Natures Elixir of Health သဘာဝနတ်ဆေး ဟူ၍ တင်စားခေါ်ဝေါ်ထားသည်။

တိုင်းရင်းဆေးပညာ အားဖြင့် ပျားရည် အမျိုးအစား ရှစ်မျိုးရှိသည်။

၁။ မက္ခိက (ပျားရည်ကြီး)

၂။ ခုဒ္ဒ (ယင်းပျားငယ်)

၃။ ပုတ္တိက (သစ်ခေါင်းပျား)

၎။ ဒါလ (ပန်းရက်ရည်)

၅။ ဘမရ (ပန်းသင်းပျား)

၆။ ဥဒ္ဒလကပျား (မြေပျား)

၇။ ဆတ္တ (ထီးအုံပျား)

၈။ အဂ္ဃြပျား (ပိတုန်းပျား)တို့ရှိကြောင်း သက္ကတ ဆေးကျမ်းတို့တွင် ပြဆိုထားကြောင်း သိရသည်။

တိုင်းရင်းဆေးပညာအရ ပျားရည်၏ ဂုဏ်သတ္တိ အာနိသင်

ပျားရည်သည် မူလအရသာမှာ ချိုသော်လည်း အဖန်ဓာတ်သည် အတွင်းတွင် ကိန်းအောင်းလျက်ရှိ၏။ ဒေါသသုံးပါးကို ကင်းစေတတ်၏။ နှုတ်ကိုမြိန်စေတတ်၏။ ဝမ်းမီးကိုတောက်စေ၏။ ပျို့အန်ခြင်းကို တားမြစ်စေတတ်၏။

ရေငတ်ကိုပြေစေ၏။ ခြောက်ကပ်စေ၏။ တွန့်ရှုပ်စေ၏။ သွေးယိုစီးခြင်း၊ ဝမ်းသက်ခြင်းကို ပိတ်စေတတ်၏။ ဝမ်းတွင်းရှိ ပိုးကိုသေစေ၏။ ကြေကျက်လွယ်၏။

ထို့အတူပျားရည်သည် ရံခါလေကိုပြုတတ်သော်လည်း လေဖောက်ပြန်ရာတွင် လည်းကောင်း၊ ဆောင်းဥတုတွင်လည်းကောင်း သုံးဆောင်သင့်သည်။

ပျားရည်ကိုသောက်သော် အသံကိုကောင်းစေတတ်၏။ အရောင်အဆင်းကို ဖြစ်စေတတ်၏။သုက်ကို ပွားစေတတ်၏။ ခွန်အား အသိဉာဏ်နှင့် ကာမသတ္တိကို ပေး၏။ သည်းခြေဖောက်ပြန်ခြင်း၊ ပူလောင်ခြင်း၊ သွေးဖောက်ပြန်ခြင်းနှင့် အဆုတ်ရောဂါကို သက်သာပျောက်ကင်းစေ၏။

ပျိုမေတို့အလှတိုးစေဖို့အတွက် ပျားရည်အသုံးပြုပုံ အချို့ကိုလည်း တင်ပြပေးလိုသည်။ ပျိုမေတို့သည် ပျားရည်ကို မနက်တစ်ဇွန်း၊ ညနေတစ်ဇွန်း မှန်မှန်သောက်ပေးပါက အာယုဝနဆေးမျိုး ဖြစ်စေပြီး လူလည်းဝဖြိုးကာ အသားအရေကို စိုပြည်အလှတိုးစေသည်။ ထို့အတူ အပူအားကြီး၍ ပိန်ချုံးချည့်နဲ့နေကြသော အမျိုးသမီးများအတွက် ပျားရည်စစ်စစ်ကို နံနက်တစ်ဇွန်း၊ ညတစ်ဇွန်း မှန်မှန်သောက်ပြီး ရေငတ်တိုင်းရေကို အဝသောက်ပေးပါက ဆီး၊ ဝမ်း၊ လေတို့ကိုမှန်ကန်စေပြီး တစ်လနှစ်လအတွင်းတွင် အသားအရေ စိုပြည်ပြီး အလှတိုးစေနိုင်သည်။ ဝမ်းချုပ်နေသူ အမျိုးသမီးများ အနေဖြင့်လည်း ပျားရည်နှစ်ဇွန်းကို ညအိပ်ရာဝင်တွင် ရေအေးနှင့်သောက်ပေးပါက ဝမ်းမှန်စေသည်။ အမျိုးသမီးတို့ အလှတိုးစေဖို့ ပျားရည်ကိုညွှန်းရခြင်း၏ ရည်ရွယ်ချက်မှာ ပျားရည်သည် သဘာဝဓာတ်အားလုံး ပြည့်စုံစွာ ပါဝင်သောကြောင့်ဖြစ်သည်။ အမှန်တော့ပျားရည်သည် အမျိုးသမီးများ အတွက်သာမက လူသားအပေါင်း၏ ကျန်းမာရေးကို စောင့်ရှောက်ပေးသော သဘာဝ အာဟာရဖြစ်သည်။

ပန်းပေါင်းတစ်ထောင်(ပျားရည်)နှင့်ကျန်းမာရေး

(၁)စွမ်းအင်တိုးဆေး

ပျားရည်တွင်ပါဝင်သော သကြားနှစ်မျိုးအနက် ဂလူးကို့စ်သည် အစာလမ်းကြောင်းမှ စုပ်ယူနိုင်မှုမြန်နိုင်သောကြောင့် ပျားရည်ကို စားပြီးပြီးချင်း လန်းဆန်းစေသည်။ သို့ပါသောကြောင့် စွမ်းအင်တိုးဆေးအဖြစ် စားသုံးပေး နိုင်သည်။

(၂)အနာကျက်ဆေး

ပျားရည်တွင် ဗက်တီးရီးယားနှင့် မှိုများကိုသေစေနိုင်သော သတ္တိရှိသည်။

ယင်းသတ္တိကြောင့် အရေပြားတွင်ဖြစ်ပေါ်သော အနာများကို ဆေးအဖြစ်ထည့်ပါက အနာကျက်မြန်သည်ဟု ရှေးယခင်ကတည်းက သိခဲ့ကြသည်။

(၃)ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း

ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော ထိပ်ကပ်နာ၊ ပန်းနာရင်ကျပ်များကိုလည်း သက်သာပျောက်ကင်းစေသည်။

(၄)တုပ်ကွေးကို သက်သာစေခြင်း

ပျားရည်သည် ရာသီအလိုက်ဖြစ်သော အအေးမိ တုပ်ကွေးဖြစ်ခြင်းမှ သက်သာစေသော အာနိသင်လည်းရှိသည်။

(၅)အူသန့်ဆေး

၂ဝဝ၈ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သော ပျားရည်နှင့် ကျန်းမာရေး စာတမ်းဖတ်ပွဲ၏ ဟောပြောချက်များအရ ပျားရည်တွင် လူသားတို့အတွက် အကျိုးပြုသော Lactobacilli ဗက်တီးရီးယားများ ပါဝင်သည့်အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါများမှ ကာကွယ်ပေးနိုင်သည်ဟု သိရသည်။ အစာအိမ်နှင့် အူလမ်းကြောင်းရှိ ပိုးမွှားများကို သေစေနိုင်သည်။ သို့ပါသောကြောင့် ပျားရည်ကို အူသန့်ဆေးအဖြစ် သုံးစွဲနိုင်သည်။

(၆)ချောင်းဆိုးပျောက်ဆေး

ပျားရည်သည် သာမန်အားဖြင့်ကြည့်လျှင် အချိုဖြစ်၍ ပျားရည်စားလျှင် ချောင်းဆိုးနိုင်သည်ဟု အများစုက ထင်မှတ်ထားကြသည်။ သို့သော်ပျားရည်သည် ချောင်းဆိုးခြင်းဖြစ်လျှင် ရှောက်ရည်နှင့် ရောလျက်ပေးပါက သက်သာ ပျောက်ကင်းစေသည်။

(၇)အစာကြေဆေး

ပျားရည်သည် ဝမ်းနှင့်အထူးတည့်သော ဆေးဖြစ်သည်။ အကြောင်းမှာ ပျားရည်သည် အစာကိုကြေကျက်စေခြင်းကြောင့်ဖြစ်သည်။ အစာအိမ်အချဉ်ပေါက်၍ လေထိုးလေအောင့်ဖြစ်သူများတွင် ပျားရည် သောက်သုံးပေးခြင်းဖြင့် သက်သာစေသည်ကို တွေ့ ရသည်။

(၈)အားကစားသမားများနှင့် အထူးသင့်လျော်ခြင်း

အားကစားမောင်မယ်များ အနေဖြင့် ပျားရည်သည် အဓိကအခန်းတွင် ပါဝင်သည်။ ကမ္ဘာ့ဆေးဝါးပါရဂူများ၏ ပြောကြားချက်အရ အားကစားသမားများအတွက် ပျားရည်ထက်ကောင်းသော ဆေးဝါးမရှိကြောင်း သိရသည်။

(၉)ရုပ်ပျိုကိုယ်နုဆေး

ပျားရည်ကိုမသေဆေးဟုလည်း တင်စားထားသည်ကို တွေ့ရသည်။ အထူးအားဖြင့် ပန်းပေါင်းတစ်ထောင် ဟူသော အခေါ်အရ အသက်ကြီး၍ ကျားကန်ရသည့် အရွယ်ရောက်သွားစေကာမူ ပျားရည်ကိုနေ့စဉ် စားသုံးပေးခြင်းအားဖြင့် ရုပ်ပျိုကာ ကိုယ်နုနေစေမည်ဖြစ်သည်။

ဆေးဖက်ဝင်ပန်းပေါင်းတစ်ထောင်နှင့် ဓာတ်ကြီးငါးပါး

ပျားရည်တွင် စူးရှသော အာနိသင်ရှိသည့်အတွက်ကြောင့် တေဇောဓာတ် ပါဝင်သည်ကို တွေ့ရသည်။ ယင်းတေဇောဓာတ် ပါဝင်ခြင်းကြောင့် ဝမ်းမီးတောက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်းများကိုဖြစ်စေခြင်း ဖြစ်သည်။

ပျားရည်သည်ချိုဆိမ့် အရသာရှိပြီး ပျစ်ချွဲချွဲဖြစ်နေခြင်းကြောင့် အာပေါဓာတ် ပါဝင်သည်ကို တွေ့ရသည်။ ယင်းအာပေါဓာတ်ကြောင့် သွေးသားကို တိုးပွားစေခြင်း၊  စိုပြည်စေခြင်း၊ ကြည်လင်စေခြင်းစသည့် ဂုဏ်သတ္တိများကို ပိုင်ဆိုင်စေသည်။

ပျားရည်တွင် စပ်ရှိမ်းရှိမ်း အရသာရှိခြင်းကြောင့် အာကာသဓာတ် ပါဝင်သည်ကိုလည်း တွေ့ရသည်။

ပျားရည်သည် လက်လေးလက်ဆ ရှိခြင်းကြောင့် ပထဝီဓာတ်ပါဝင်သည်ကို တွေ့ရသည်။ ပျားရည်တွင် အမြှုပ်စီကလေးများ အထက်သို့အမြဲတက်နေသော သဘောရှိခြင်းကြောင့်  ဝါယောဓာတ် ပါဝင်သည်ကို တွေ့နိုင်သည်။

ယင်းဝါယောဓာတ်ပါဝင်ခြင်းကြောင့် ဆီးဝမ်းတို့ကို ကုန်စင်အောင် သက်လျှောစေခြင်း ဖြစ်သည်။

ပန်းပေါင်းတစ်ထောင်(ပျားရည်)နှင့် သတိပြုရမည့် အချက်များ

ပျားရည်သည်ပန်းဝတ်မှုန်၊ ပန်းဝတ်ရည်၊ သစ်စေးတို့ စုဝေးရာဖြစ်သည့် အတွက် သူ၏အာနိသင်သည် အပင်တို့၏ လုပ်ဆောင်ချက်များပေါ်တွင် မူတည်သည်။ ပျားရည်သန့်ခြင်း၊ မသန့်ခြင်းသည် ကိုင်တွယ်သူတို့ အပေါ်တွင်လည်း မူတည်နေနိုင်သည်။ သို့ပါသောကြောင့် ပျားရည်ကို အသက် ၁ နှစ်အောက် ကလေးများတွင် တိုက်ကျွေးခြင်း မပြုသင့်ပါ။ အသက် ၁၂ နှစ်အထက် ကလေးများနှင့်  အရွယ်ရောက်သော လူကြီးများအတွက်သာ အန္တရာယ်ကင်းကင်း အသုံးပြုနိုင်သော သဘာဝဆေး တစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ 

မုဒိသာ (တောင်သာ)

Read 266 times
Rate this item
(0 votes)
Last modified on Wednesday, 10 July 2019 10:25

Latest from ကေတု