SJ WorldNews - шаблон joomla Авто

ရောဂါစုံ ပျောက်သည်ဟု ရေပန်းစားလာသော ရေနွေး

Thursday, 11 July 2019 11:40 Written by  font size decrease font size decrease font size increase font size increase font size

ကင်ဆာရောဂါ(မြစ်ပွားနာ)နှင့် ပတ်သက်၍ ကာကွယ်ကုသနိုင်သော ဆေးဖက်ဝင်အပင်၊ အသီး၊ အရွက်များ အကြောင်းရေးသား နေရာမှ အကြောင်းတိုက်ဆိုင်သဖြင့် ''ရေနွေး''အကြောင်း ကြားဖြတ်အနေဖြင့် တင်ပြလိုပါသည်။

မိတ်ဆွေတစ်ဦးက   ဖုန်းဆက်၍ မေးလာပါသည်။ ''ခုတလော ဖေ့ဘွတ်ကတစ်ဆင့်  လူပြောများလာတဲ့ မနက်အိပ်ရာထချိန်မှာ ရေနွေးအဖြူပူပူလေး သောက်ပေးရင် အစာအိမ်က သန့်ရှင်းပြီး ရောဂါကြီးတွေတောင် ပျောက်ကင်းနိုင်တယ်ဆိုတာ ဟုတ်ပါသလား''ဟု မေးလာသည်။

ထိုမိတ်ဆွေ၏ မိခင်ကြီးသည် လွန်ခဲ့သောနှစ်ကပင် အစာအိမ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်ကို အမှတ်ရနေမိသည်။ ထိုမိတ်ဆွေသည် မျိုးရိုးတွင် တစ်ဦးကင်ဆာဖြစ်လျှင် သားစဉ်မြေးဆက် ဖြစ်တတ်သည်ဟု စိတ်စွဲလမ်းနေသူဖြစ်သည်။ အစားအသောက်ကို အထူးဆင်ခြင်စားသောက်သည်။  အရက်ဆိုလျှင်  ဝေလာဝေး။ ကင်ဆာတွင် အထူးသဖြင့် အစားအသောက် စားမဝင်တော့သည့် အစာရေမျိုနှင့် အစာအိမ်ကင်ဆာကို အကြောက်ဆုံးဖြစ်ကြောင်း သူက ပြောဖူးပါသည်။

ယခုသူမေးသည့် မေးခွန်းမှာလည်း နံနက်စောစော ရေနွေးအဖြူသောက်ပေးလျှင် ရောဂါကြီးများပျောက်ကင်းနိုင်သည်၊ တစ်နည်း ကာကွယ်နိုင်သည်ဆိုခြင်းမှာ အဓိကအားဖြင့် သူ့မိခင်ကြီးဖြစ်ခဲ့သည့် အစာအိမ်ကင်ဆာရောဂါကို ရည်ရွယ်ပြောဆိုကြောင်း  စာရေးသူက ရိပ်မိပါသည်။

ယခုတစ်လောတွင် မည်သူကစ၍ ရေးသားပြီးတင်လိုက်သည်မသိ။  ဖေ့ဘွတ်ပေါ်မှ  အကြောင်းအရာအချို့သည် ကူးစက်ပျံ့နှံ့လွယ်သည်ကို တွေ့ရသည်။ လူတိုင်းလူတိုင်း ထုံးစံအားဖြင့် နံနက်အိပ်ရာထ မျက်နှာသစ်ပြီးလျှင် ရေအေးတစ်ခွက်သောက်လေ့ ရှိကြသည်။ အိပ်ရာဝင် အိပ်ရာထရေအေးတစ်ဖန်ခွက်သောက်ပါဟု ကျန်းမာရေးအတွက် ရှေးဆရာအဆက်ဆက်ကလည်း လမ်းညွှန်ခဲ့ပါသည်။ ယခု မည်သည့်အကြောင်းကို သက်သေပြုပြီး ကောင်းကြောင်း ညွှန်းလိုက်သည်မသိ။ အိပ်ရာထချိန်တွင် အစာမစားမီ ရေနွေးတစ်ခွက် ပူပူနွေးနွေးသောက် သုံးပေးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူပြုရုံသာမက အစာအိမ်၊ သွေးတိုး၊ နှလုံး၊  ကျောက်ကပ်စသည်တို့မှ အဆိပ်အတောက်များကို ဖယ်ရှားပြီး ကင်ဆာကဲ့သို့ ရောဂါဆိုးကိုပင် မပြန့်ပွားအောင်၊ ရပ်တန့်သွားအောင် ပြုလုပ်နိုင်သည်ဟု ရည်ညွှန်းပြောဆို ရေးသားထားကြောင်း ဖတ်ရှုရပါသည်။

နံနက်အိပ်ရာထ စိတ်လက်ကြည်သာ အေးချမ်းနေချိန်တွင် အစာမစားမီ ရေနွေးပူပူတစ်ခွက် သောက်ရမည် ဆိုသည်မှာ အရသာအားဖြင့်တော့ မကောင်းလှပါ။ သို့သော် အမှန်တကယ် ထူးခြားသော အကျိုးအာနိသင် ရှိသည်ဆိုလျှင်တော့ သောက်သင့်လျှင် သောက်ရပါလိမ့်မည်။ ထိုကဲ့သို့ သောက်သုံးသူ အတော်များများမှာ မည်ကဲ့သို့ ထူးခြားချက် ရှိသည်ကို နှစ်နှင့်ချီပြီး စောင့်ကြည့်သုတေသနပြုဖို့ လိုအပ်ပါလိမ့်မည်။

စာရေးသူသည်  လွန်ခဲ့သောနှစ်အနည်းငယ်က ''ရေနွေးညသိပ် အဆိပ်ထက်ပြင်း''ဟု စာတစ်အုပ်ရေး သားဖူး ပါသည်။ ထိုစာအုပ်မှာ ညကတည်ထားပြီး ဓာတ်ဘူးတွင် ထည့်သိမ်းထားသည့် ရေနွေး သို့မဟုတ် လက်ဖက်ခြောက်ခတ် ထားသည့် ရေနွေးကြမ်းကို နံနက်စာစား လက်ဖက်ရည်၊ ကော်ဖီသောက်သည့်အခါ ထိုရေနွေးဖြင့် ဖျော်ခြင်း၊ ညကနှပ်ထားသော ရေနွေးကြမ်းအဖန်ရည်ကို သောက်ခြင်းတို့ကြောင့် အစာအိမ်ဖောက်ပြန်ရာမှ အဆိပ်သင့်သော ရောဂါများ ဖြစ်လာနိုင်ခြင်းကို ရေးသားထားသော စာအုပ်ဖြစ်ပါသည်။ ထိုစာအုပ်သည် စိတ်ဝင်စားသူများသဖြင့် အုပ်ရေသောင်းကျော်အထိ အကြိမ်ကြိမ်ရိုက် နှိပ်ထုတ်ဝေခဲ့ရပါသည်။

ဥတုဘောဇနသင်္ဂဟကျမ်းလာ ရေနွေးနှင့်ရေကျက်အေးရေနွေးနှင့် ရေကျက်အေးဟူ၍ နှစ်မျိုးရှိရာ  ရေနွေးဟူသည်မှာ အဘယ်နည်း။   ရေကျက်အေးဟူသည်မှာ အဘယ်နည်းဟု သိရှိထားရန်လိုပါသည်။ ရေနွေးဟူသည်မှာ ရေအစိမ်းကို မီးဖြင့် ဆူပွက်အောင် ကျက်အောင်ကျိုချက်ထားသောရေကို ဆိုလိုပါသည်။ ရေကျက်အေးဆိုသည်မှာ ထိုသို့ဆူပွက်အောင် ကျိုချက်ပြီး  ရေနွေးကိုအအေးခံ၍ သောက်သုံးခြင်း ဖြစ်ပါသည်။

ဥတုဘောဇနသင်္ဂဟကျမ်း အလိုအရ...ရေကျက်အေးသည် ဒေါသသုံးပါးလုံးကိုနိုင်၏။ အေး၏။ သွေးလေအရ သာကြောတို့ မလေးလံစေတတ်။ နွမ်းနယ်ခြင်း၊ ရေငတ်ခြင်း၊ အဖျားတို့ကိုနိုင်၏။  ကြေလွယ်၏။ ပေါ့၏ဟု ဆိုထားပါသည်။

ထိုကျမ်း၌ ဆက်၍ဖော်ပြသည်မှာ ရေကျက်ဟူသည်လည်း နေ့၌ချက်သောရေကို နေ့၌သာသောက်ကောင်းသည်။ ညဥ့်၌ချက်သောရေကို  ညဥ့်၌သာသောက်ကောင်းသည်။ နေ့၌ချက်သောရေကို  ညဥ့်၊ ညဥ့်၌ချက်သော ရေကိုနေ့ ဤကဲ့သို့ အေးအောင်ထား၍ သောက်လျှင် ထိုရေ၌တေဇောဓာတ်ညံ့သောကြောင့် ကြေခဲ၏။ ဝမ်းမီးချက်၍ ကျက်လျှင်ချဉ်၏။   ဝမ်းချုပ်၏။ ဒေါသသုံးပါးလုံးကို  ပျက်စေတတ်၏။  ရောဂါခပ်သိမ်းတို့၌ မသင့်။ ရေကျက်အေးကို တစ်ဖန်ရေနွေးလုပ်၍ သောက်လျှင် မသင့်၊ အဆိပ်နှင့်အတူဖြစ်၏။  (ဥတုဘောဇနသင်္ဂဟကျမ်း- ရေတို့၏ ဂုဏ်ကိုပြခြင်း၊ ဥတုအားလျော်စွာ ရေနွေးသောက်ခြင်းအကျိုးမှ ကောက်နုတ်ချက်)သိမ်ဖြူဆရာတော်၏အမြင်ရှုထောင့်

မြန်မာ့အာယုဗေဒ ဆေးသိပ္ပံဆရာတော် အရှင်နာဂသေနာဘိဝံသ(သိမ်ဖြူဆရာတော်)ပြုစုသော အခြေခံကျန်းမာရေး သင်တန်းစာအုပ်တွင် ဖော်ပြထားသည်မှာ... ရေနွေး၏ဂုဏ်သတ္တိ။   ။ကောင်းစွာကျိုချက်ထားသော (မပူလွန်းသော) ရေနွေးသည် ဆီးကိုရွှင်စေ၏။ ဝမ်းမီးကိုတောက်စေ၏။ အစာကိုကြေစေကုန်၏။ လည်ချောင်း ၌ရှိသော အပြစ်ဒေါသတို့ကို သန့်ရှင်းစေတတ်၏။ ပေါ့ပါးသွက်လက်စေ၏။   ဆီးအိမ်အညစ်အကြေးများကို သုတ်သင်တတ်၏။

ရောဂါအနေဖြင့် ဝေဖန်ရသော် သလိပ်ဖျား၊ လေဖျား၊ ချောင်းဆိုး၊ ပန်းနာ၊ လေနာ၊ အစာမကြေရောဂါ၊ အဆီခဲနာ၊ ကြို့ထိုးရောဂါ၊ ဝမ်းရောင်၊ ဝမ်းသက်၊ ဝမ်းကိုက်၊ကြက်မျက်သင့်ရောဂါ၊ ဂူလုံးနာ၊ နှုတ်မမြိန်၊ ဘေးထိုးရင်ကျပ်၊ နှာစေးရောဂါများအတွက် ရေနွေးကို အသုံးပြုသင့်၏။

ရေနွေးကို ချမ်းဖျား၊ တုန်ဖျား ဖျားသောအခါ၌သာ ပူလောင်သော ရေနွေးကို သောက်သင့်၏။  အခြားသော ရောဂါဝေဒနာ တစ်စုံတစ်ရာကြောင့် သောက်ရာ၌ အပူလျော့သော ရေနွေးကို သောက်သင့်၏။ အေးသွားသော ရေနွေးသည်  ရေကျက်အေးဖြစ်၍  ၄င်းသည် ရေနွေးကဲ့သို့ပင် အကျိုးရှိနိုင်၏။ သို့သော်  ညသိပ်ရေနွေးသည် အဆိပ်ကဲ့သို့ အပြစ်ရှိသည်ဟု ဆေးကျမ်းများတွင် ဆိုထားခြင်းကြောင့် ညသိပ်ရေနွေးကို မည်သည့်အခါမျှ မသောက်သင့်ချေ။ အလားတူပင် ည၌ကျိုချက်သော ရေနွေးကို နေ့မသောက်သင့်။ အဘယ်ကြောင့်နည်းဟုမူ နေ့နှင့်ည ဥတုပြောင်းလဲ ပြိုင်ဆိုင်မှုသည် ထိုရေနွေး၌ ပါဝင်ကိန်းအောင်းလာသောကြောင့်တည်း။  အထူးသဖြင့် မအေး

သော နွေးနွေးရှိသော ရေနွေးသည်   အသင့်သုံးဖြစ်၏။ ကြာရှည်စွာနွေးနွေးရရန် မြေအိုးကြွေအိုးတို့ဖြင့် လုံမြဲစွာ ထားခြင်းသည် အကောင်းဆုံးဖြစ်၏။ လက်ဖက်ခြောက်ခတ်ပြီးသောရေနွေးကို ကြွေအိုး၌လည်းကောင်း၊ ဓာတ်ဘူး၌လည်းကောင်း လေးနာရီခန့် ထားပြီးသည့်နောက် ထိုရေနွေးအရောင်ကိုကြည့်ခြင်းအားဖြင့် ကွာခြားမှုကို သိနိုင်ပေမည်။ ထို့ကြောင့်  မြေအိုးကြွေအိုးတို့ကိုသာသုံး၍ သတ္တုအိုး၊ ဒန်အိုး၊ ဓာတ်ဘူးတို့ကို  လုံးဝမသုံးသင့်ပေ။ (သိမ်ဖြူအခြေခံကျန်းမာရေးသင်တန်းစာအုပ်၊ ၁၉၆၉ ဇူလိုင်လထုတ်၊ ဒုတိယအကြိမ် စာ-၇၄) ကင်ဆာရောဂါနှင့် ရေနွေးသောက်ခြင်း ကင်ဆာရောဂါအတွက်ဟု ဆိုရာတွင် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်လိုသည့်သဘောဖြင့်  နံနက်အိပ်ရာထတွင် ရေနွေးပူပူသောက်ခြင်းသည် သင့်၊ မသင့်နှင့်နောက်အခြား တစ်ချက်အနေဖြင့် ကင်ဆာရောဂါသံသယရှိသူ ဖြစ်ပွားနေသူများတွင် ထိုရောဂါကို ဟန့်တားစေရန် သို့မဟုတ် ပျောက်ကင်းစေရန် ထို့ထက်ပို၍ ကင်ဆာရောဂါကုသနေသော ဆေးများ ပိုမိုအစွမ်းထက် ထိရောက်စေရန် ရောဂါအမြန်သက်သာစေရန် အထောက်အကူအဖြစ် နံနက်အိပ်ရာထတွင်  ရေနွေးပူပူသောက်ခြင်းသည် သင့်၊ မသင့် အကျိုးရှိ၊ မရှိဟူသော အချက်များကို စဉ်းစားသုံးသပ်ရန် ဖြစ်ပါသည်။

စာရေးသူ၏ လေ့လာခဲ့ဖူးသမျှ ဆေးပညာအမြင်အရ  နံနက်စောစောအိပ်ရာထချိန်တွင်  ကြည်လင်လန်းဆန်း စေရန်အတွက် ရေအေးဖြင့်မျက်နှာသစ်ရသည်။ ရေအေးဖြင့်ပင် သွားတိုက်ခြင်း၊  အာလုတ်ကျင်းခြင်း ပြုလုပ်၍ အာခံတွင်းမှ  အပုပ်နှင့်အပူ အခိုးအငွေ့များကို စင်ကြယ်စေရသည်။ ညအိပ်ပျော်နေစဉ် အစာသစ်အိမ်နှင့် အစာရေမျို တစ်လျှောက်တက်နေသော ဝမ်းတွင်းအောင်းအပူအခိုးအငွေ့များကို   ငြိမ်းစေရန်အတွက်   ကြည်လင်အေးချမ်းသော ရေ၊ သန့်စင်သောရေကို သောက်သုံးရမည် ဖြစ်သည်။ နံနက်အိပ်ရာထတွင် အေးသောရေကို သောက်သုံးခြင်းဖြင့်   နှလုံးကိုလည်းချမ်းမြေ့စေသည်။ ပူလောင်မှုကင်းစေသည်ဟုဆိုသည်။

ဥတုဘောဇနကျမ်းတွင် ရေအေး၏အစွမ်းကို ဖော်ပြထားရာ၌ ရေအေးသည် သေအရက်ယစ်မူးခြင်း၊ မူးဝေမိန်းမောခြင်း တို့ကိုနိုင်၏။ အော့အန်ခြင်း၊ သည်းခြေဖျားခြင်းတို့ကိုနိုင်၏။ ပင်ပန်းခြင်း၊ ရေငတ်ခြင်း၊ ပူလောင်ခြင်း

တို့ကို နိုင်၏။ အဆိပ်သင့်ခြင်းတို့ကိုနိုင်၏ဟု ဖော်ပြထားသည်။

ထို့ကြောင့် လူငယ်လူရွယ်နှင့်လူလတ်အရွယ် ပကတိကျန်းမာနေသူများသည် နံနက်စောစောအိပ်ရာထတွင် ရေအေးကိုသာသောက်သုံးသင့်သည်ဟု စာရေးသူအနေဖြင့် သုံးသပ်မိပါသည်။

မည်သူများက ရေနွေးကိုသောက်သုံးသင့်ပါသနည်းဟုဆိုလျှင် ရောဂါဝေဒနာဖြစ်ရန် လမ်းစပေါ်နေသူ၊ အသက်အရွယ်ရလာပြီး အစာမကြေသည့်ဝေဒနာရှိနေသူ၊ အခြားဝေဒနာကြီးများဖြစ်သည့်  နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် စသည့် ကိုယ်တွင်းအင်္ဂါများတွင် အားနည်းချက်ရှိနေသူများ၊ ကင်ဆာ(မြစ်ပွားနာ) ဖြစ်ပွားသည်ဟု သံသယရှိနေသူများ၊ နံနက်စောစောအိပ်ရာထတွင် ရေနွေးပူသောက်သုံးခြင်းသည် ကောင်းကျိုးဖြစ်နိုင်သည်ဟု ယူဆရပါသည်။

ဥတုဘောဇနကျမ်းတွင် ဖော်ပြချက်အရ ရေနွေးနှင့်သင့်သူများမှာ ဘေးထိုးရင်ကျပ်ရှိသူ၊ နှာစေးသောသူ၊ လေနာရှိသောသူ၊ ကုပ်ခိုင်တောင့်သောသူ၊ ဝမ်းရောင်သောသူ၊ ကြက်မျက်သင့်သောသူ၊ ဝမ်းသက်သောသူ၊ အဖျားသစ်ရှိသောသူ၊ ရှူဟိုက်သောအနာရှိသောသူ (မောဟိုက်သောသူ)၊ ဆီထောပတ်များစွာစားသောသူ၊ သလိပ်နာ ရှိသောသူ၊ ဝမ်းကိုက်သောသူ၊ ဂူနာရှိသောသူ (ကင်ဆာကဲ့သို့ ဝမ်းတွင်းအလုံးအကျိတ်မျိုးကို ဆိုသည်။) ချောင်းဆိုးနာ ပန်းနာရှိသောသူ၊  နှုတ်မမြိန်သောသူ၊ အမာပေါက်သောသူတို့သည်  ရေအေးကို ကြဉ်ရှောင်အပ်ကုန်၏။ ထိုသူတို့သည် ရေအေးသောက်ခြင်း၊ ချိုးခြင်းကို မပြုအပ်ကုန်၊ ရေနွေးကိုသာ သုံးဆောင်အပ်ကုန်၏။

အဆိပ်နှင့်တူသော ရေနွေးနှစ်မျိုးစာရေးသူ၏လက်ဝယ်ရှိသော   ရှေးဟောင်းကျမ်းတစ်ဆူဖြစ်သည့် ''စတုသာရသင်္ခေပ၊  ဆန္ဒသင်္ဂဟဘေသဇ္ဇ''ဆေးကျမ်းတွင် ရေနွေးအကြောင်းကို စုံလင်စွာ ဖော်ပြထားသည်။ (ထိုကျမ်းဝဇ္ဇကမ္မပဘေဒနယ ကဏ္ဍ၊ ရေနွေးအကျိုးရှစ်ပါး၊ အဆိပ်ဖြစ်သည့် ရေချက်ပုံ၊ ဥတုအားလျော်စွာရေချက်ပုံ)။

ရေချက်နည်းဥပဒေသ။ ။ ရေနွေးဟူ၍ပင် ဆိုသော်လည်း မီးဖြင့်ရေကိုပူရုံနွေးရုံသာချက်သောရေသည် ဆေးဖြစ်သော ရေနွေးမဟုတ်ပါ။  ရှစ်ခွက်တစ်ခွက်၊  လေးခွက်တစ်ခွက်၊ နှစ်ခွက်တစ်ခွက်တင်အောင်  ချက်ပြီးသော ရေသည်သာလျှင် ဆေးဖြစ်သောရေနွေးဟု မှတ်သားရမည်။

အဆိပ်ဖြစ်သည့်ရေဖြစ်ပုံ။ ။ ဤသို့ စီရင်ကျိုချက်သောရေနွေးသည် ဆေးဖြစ်သည်ဟု ဆိုသော်လည်း ရေနွေးမှန်သမျှကို မမှတ်အပ်။ အချို့သောရေနွေးသည် ဆေးမဖြစ်သည့်အပြင် ဘေးဖြစ်စေတတ်သော အဆိပ်ပင်ဖြစ်ပါ

သေးသည်ဟု အထူးသဖြင့်မှတ်ယူထားရမည်။ ၄င်းတို့မှာ၁။ အေးသောရေနွေးကို  ပူအောင် တစ်ဖန်ပြန်၍ နွှေးသောက်သောရေနွေး။

၂။ ဆူပွက်အောင် မကျိုချက်ဘဲ ပူရုံနွေးရုံသာ ချက်ထားသောရေနွေး။

ဤသို့သော အဆိပ်နှင့်တူသည့်ရေနွေးကိုလည်း သတိထား၍ မှတ်သားထားရမည်။ (စတုသာရ သင်္ခေပဆေးကျမ်း၊ ဆရာကြီး ဦးပဏ္ဍဝခေါ် ဆရာခင် ၁၃၁၇ ခု) အထက်ပါအချက်အလက်များကို ထောက်ရှုခြင်းဖြင့် နံနက်စောစော အိပ်ရာထတွင် လူငယ်နှင့်ကျန်းမာနေသူများသည် ရေအေးကိုသာ သောက်သင့်ပြီး  ကိုယ်တွင်းရောဂါ တစ်စုံတစ်ရာ စွဲကပ်နေသူ သံသယရှိသူများသာ ရေနွေးပူကို သောက်သုံးသင့်သည်ဟု    သုံးသပ်မိပါသည်။   

ကြည်လွင်မြင့်(မုဒြာ)

Read 133 times
Rate this item
(0 votes)
Last modified on Thursday, 11 July 2019 11:41