SJ WorldNews - шаблон joomla Авто

ဖြည့်စွက်အစာနှင့် မိခင် ကလေး ကျန်းမာရေး

Monday, 15 July 2019 10:41 Written by  font size decrease font size decrease font size increase font size increase font size

ကလေးဟာ မွေးကင်းစမှ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းနဲ့ လုံလောက်တယ်။   အသက် ခြောက်လ နောက်ပိုင်းမှာတော့ ကြီးထွားလာတဲ့ ကလေးရဲ့ ခန္ဓာကိုယ် လိုအပ်ချက်နဲ့အညီ အာဟာရဓာတ်တွေ ဖြည့်စွက်ပေးဖို့လိုတယ်။ မိခင်နို့အပြင်၊ လူကြီးစားတဲ့အစာ၊ သရေစာကျွေးခြင်းကို ဖြည့်စွက်စာကျွေးခြင်းဟု ခေါ်တယ်။ အသက် ခြောက်လကျော်ရင် မိခင်နို့က အင်အားနဲ့ အာဟာရ လုံလောက်စွာ မဖြည့်ဆည်းပေးနိုင်ဘူး။

အသက်ခြောက်လမှ တစ်နှစ်အတွင်း ကယ်လိုရီ လိုအပ်ချက် တစ်ဝက်ခန့် တစ်နှစ်ကျော်တဲ့အခါ သုံးပုံတစ်ပုံခန့် မိခင်နို့မှ ရရှိနိုင်ပါသေးတယ်။ အသက်ခြောက်လမှ တစ်နှစ်ကာလဟာ ကြီးထွားမှု အမြန်ဆုံးအချိန်ဖြစ်တယ်။

အဖတ်ကိုမျိုဖို့၊ အဖတ်ချေဖျက်ဖို့ အသင့်ဖြစ်လာတယ်။ မိခင်နို့နဲ့အတူ အခြားအစာတွေ ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်။ ဖြည့်စွက်အစာကျွေးရင်၊ မိခင်နို့ကို နှစ်နှစ်ထိ ဆက်တိုက်ကျွေးနိုင်သည်။

ဖြည့်စွက်အစာကျွေးရာမှာ ပြည့်ဝစွာ ရရှိစေဖို့ အစာမျိုးစုံ လုံလုံလောက်လောက် ကျွေးမွေးဖို့လိုတယ်။ ဘေးဥပဒ်ကင်းအောင် သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ် ကျွေးမွေးရမယ်။ကလေး အစာစားချင်လာအောင် စားနိုင်အောင် ဖန်တီးကာ  စိတ်ပါလက်ပါ ကျွေးမွေးသင့်ပါတယ်။

အာဟာရဓာတ်စုံလင်စွာ ရရှိစေဖို့ အင်အားဖြစ်စေတဲ့ အစာအုပ်စု၊ ခန္ဓာကိုယ် ကြီးထွားစေတဲ့ အစာအုပ်စု၊ ရောဂါကာကွယ်စေတဲ့ အစာအုပ်စုတို့မှ အစာတွေ စုံလင်မျှတစွာပါဝင်ဖို့ ပြင်ဆင်ကျွေးမွေး ရပါတယ်။

အာဟာရဓာတ်ပြည့်ဝစေဖို့ အစာမျိုးစုံ လုံလုံလောက်လောက် ကျွေးသင့်ပါတယ်။ ဆန်ပြုတ်ပျစ်ပျစ်၊ ထမင်းပျော့ပျော့၊ ထမင်းကို ဇွန်းနဲ့ခြေပြီး ကျွေးခြင်း၊ ဆန်မှုန့်သို့မဟုတ် အာဟာရမှုန့်ကျိုပြီး ကျွေးခြင်း စတဲ့နည်းတွေ စတင်နိုင်တယ်။ အင်အားဓာတ် ကယ်လိုရီအပြည့်အဝ ရရှိစေဖို့ ဆီအနည်းငယ် ထည့်ဖို့လိုတယ်။ အသား၊ ငါး၊ဥနဲ့ပဲအမျိုးမျိုး ရောပြီး ကျွေးသင့်ပါတယ်။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်တွေ နေ့စဉ်ကျွေးသင့်ပါတယ်။

သစ်ဥ၊ သစ်ဖု၊ အာဟာရဖြစ်တဲ့ မုန့်သရေစာကျွေးသင့်တယ်။ အိုင်အိုဒင်းဆားကို ကျွေးသင့်တယ်။ အငန်ကျွေးရာမှာ ဆင်ခြင်သင့်တယ်။ အစားကျွေးရာမှာ တစ်ခါတည်းအပြီး မကျွေးသင့်ဘူး။ အကြိမ်များများ ကျွေးရမယ်။ ဘဝတစ်လျှောက်လုံး အကျင့်လုပ်ပြီး ကျွေးသင့်ပါတယ်။

သန့်ရှင်းစွာ ချက်ပြုတ်စီစဉ်တတ်ရမယ်။ ရောဂါပိုးများ၊ ပိုးသတ်ဆေးများ၊ ဓာတုပစ္စည်းများ၊ အဆိပ်အတောက် ကင်းဖို့အတွက် ဆန်ကျက်မှုန့်ကို သန့်ရှင်းခြောက်သွေ့တဲ့ နေရာမှာ လုံခြုံစွာ သိမ်းဆည်းဖို့ လိုပါတယ်။ ကလေးကို ရေသန့် သို့မဟုတ် ရေကျက်အေးပဲ တိုက်သင့်တယ်။

နို့ဘူးထဲမှာ နို့၊ ရေ၊ ရေကျက်အေး၊ အချိုရည်နဲ့ အခြားအရည်တွေ ထည့်တိုက်ခြင်းဟာ ကလေးတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်လို့ ရှောင်ရမယ်။ အစားအစာထည့်မယ့် ခွက်၊ ဇွန်း၊ အိုးခွက်၊ ပန်းကန်၊ လက်၊ ချက်ပြုတ်တဲ့ ပတ်ဝန်းကျင်၊ သန့်ရှင်းမှု ဂရုပြုသင့်ပါတယ်။ ယင်လုံအိမ်သာ အသုံးပြုသင့်ပါတယ်။

ကလေးငယ်က ဆီး၊ ဝမ်းမလွတ်သေးရင် ကလေး ဆီး၊ ဝမ်းပေနေတာ ဖယ်ရှားသုတ်သင်ပြီးရင် အဝတ်သန့်သန့် ပြန်ဝတ်ပေးသင့်တယ်။ ကလေး ဆီး၊ ဝမ်းပေတဲ့အဝတ်စ၊ အင်္ကျီတွေကို ဆပ်ပြာရည်တို့နဲ့  သေချာစွာလျှော်ဖွပ်၊ နေလှန်း၊ မီးပူတိုက်ထားသင့်တယ်။ မိခင်က  ကလေးဆီး၊ ဝမ်းကိုင်ပြီး လက်ကိုဆပ်ပြာရည်နဲ့ စက္ကန့် ၂ဝ ကြာ ဆေးရမယ်။

ကလေးနို့စို့သန်ရင် တစ်နေ့နှစ်ကြိမ်ပဲ မနက်၊ ညနေကျွေးသင့်ပါတယ်။ မိခင်နို့စို့နည်းလာရင် တစ်နေ့ သုံးကြိမ်၊ လေးကြိမ်ကျွေးသင့်ပါတယ်။  မိခင်ဟာ  နောက်ထပ်ကိုယ်ဝန်ရလာရင် နို့နည်းသွားတတ်ပါတယ်။ မိခင်နို့အပြင် အခြားအစာကို အကျင့်ပြု စကျွေးရာမှာ ထမင်းပျော့ပျော့၊ ကြက်စွပ်ပြုတ်ရည်နဲ့ စသင့်ပါတယ်။ ထမင်းပျော့ပျော့ကို ကြေညက်အောင်ခြေပြီး ကျွေးသင့်ပါတယ်။

ငါးကို အရိုးနွှင်ပြီး ထမင်းနဲ့ဝါးကာ ခွံ့ကျွေးနိုင်ပါတယ်။ ပါးစပ်နဲ့လက်ကို စင်ကြယ်စေဖို့လိုတယ်။ ဆန်ပြုတ်ရည်လည်း တိုက်နိုင်တယ်။ အိမ်မှာ ထမင်းချက်တဲ့အခါ ဆူပွက်လာရင် ဆန်အချို့နဲ့ ထမင်းရည်ကို လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာယူကာ အိုးတစ်လုံးထဲ ထည့်ပြီး ရေလိုသလောက်ဖြည့်ကာ ဆန်ပျော့ပျောင်းတဲ့ အထိပြုတ်ပြီး ဆန်ပြုတ်တိုက်နိုင်တယ်။

ကြက်ဥပြုတ်အနှစ်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာမှ စတင်ကျွေးသင့်တယ်။ ဖီးကြမ်းငှက်ပျောသီးမီးကင် သို့မဟုတ် အမှည့်ပျော့ပျော့ကို ခြေကာ ကြွေဇွန်းနဲ့စပြီး ကျွေးသင့်တယ်။ ရေတိုက်၊   နို့တိုက်သင့်ပါတယ်။

အသက် ရှစ်လမှ တစ်နှစ်မှာ တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ် လက်ဖက်ရည် ပန်းကန်တစ်လုံးစာ ကျွေးသင့်တယ်။

စားနေကျအစာ၊ ရာသီအလိုက်၊ ဒေသအလိုက်၊ ဈေးပေါတဲ့၊ နှစ်သက်တဲ့အစာကို ကျွေးသင့်တယ်။ မိခင်ဟာ ကလေးကို ထမင်းနဲ့ ခရမ်းချဉ်သီး ထောင်းကျွေးရင် စားနေကျအစာဖြစ်လို့ ဆက်ကျွေးနိုင်ပါတယ်။ ထမင်းကို ဆီချက်လေးဆမ်းကာ ကြက်ဥ၊ ဘဲဥ မကျက်တကျက်ကြော်ကာ ခရမ်းချဉ်သီးထောင်းနဲ့ ကျွေးသင့်တယ်။

ထမင်းကို ဆီချက်နဲ့ဆမ်းကာ ငါးပိနဲ့လည်း ကျွေးနိုင်တယ်။ ငါး၊ ငါးပိ၊ ပုစွန်ငါးပိ၊ ငါးပိကောင်ဆားပေါ့ရင် များများစားလာနိုင်လို့ အာဟာရဖြစ်စေပါတယ်။ ငါးပိရည်၊ ငါးကင်၊ ငါးပြုတ် သို့မဟုတ် ပုစွန်ခြောက်မှုန့်ကို ငါးပိနဲ့ရောကျွေးရင် ပိုပြီးအာဟာရ ဖြစ်စေတယ်။  ဒေသအလိုက်၊ ရာသီအလိုက်ပေါများကာ စားနေကျအရွယ် မိသားစုဟင်းလျာတွေကနေ ကလေးကို ကျွေးသင့်တယ်။

ပါးစပ်ကို ရေနွေး သို့မဟုတ် ရေသန့်နဲ့ဆေးပြီးမှ ကျွေးသင့်တယ်။

ထမင်းပျော့ပျောင်းစေဖို့ခြေကာ အင်အားပြည့်ဝစေဖို့ ဆီချက်ဆမ်းကာ ဟင်းချိုအိုးထဲက ငါးကို အသားထွင်ကာ ထမင်းဆီဆမ်းနဲ့ ရောနယ်သင့်ပါတယ်။ ဟင်းချိုထဲက ဟင်းရွက်ဖတ်တွေ ခြေထည့်ရမယ်။

ထမင်းကို ပဲနဲ့ရောရင် အာဟာရပိုဖြစ်တယ်။ ဘယ်ပဲမဆို စားနေကျပဲနဲ့ ထမင်းဆီချက် ဆမ်းကာ ပဲပြုတ်နဲ့ ကျွေးသင့်ပါတယ်။ အပူအစပ် မထည့်သင့်သေးပါဘူး။

စပ်ရင် ကလေးမစားနိုင်လို့ နောက်ကျွေးရင် မစားတော့ဘူး။ ငါးရံ့ခြောက် မီးဖုတ်ထောင်း၊ ငါးခြောက်ထောင်းကြော်၊ ပုစွန်ခြောက်ထောင်း၊ အသားခြောက်မီးဖုတ်ထောင်းတို့နဲ့ ကျွေးနိုင်ပါတယ်။

ငှက်ပျောသီးဖီးကြမ်း ပျော့ပျော့၊ သင်္ဘောသီးမှည့်၊ သရက်သီးမှည့် စတဲ့ရာသီထွက် သီးနှံတွေ ကျွေးနိုင်တယ်။ ကလေးတစ်နှစ်နဲ့အထက်မှာ တစ်နေ့အနည်းဆုံး ထမင်း သုံးကြိမ်၊ သရေစာနှစ်ကြိမ် ကျွေးသင့်တယ်။

အချို့မိခင်နို့ပြတ်သွားတဲ့ အချိန်ဖြစ်လို့ သာမန်ကလေး တစ်ယောက်ကျွေးသလို   ပျော့ပျော့ပျောင်းပျောင်းနဲ့ လတ်လတ်ဆတ်ဆတ်ပြင်ဆင်ကာ ကျွေးသင့်ပါတယ်။

ပဲအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ဟင်းရွက်ရည်၊ စွပ်ပြုတ်ရည်၊ အသားနဲ့ ဟင်းသီးဟင်းရွက်မျှတအောင် ကျွေးသင့်ပါတယ်။ အသားတွေပဲကျွေးရင် ဝမ်းချုပ်တတ်တယ်။ ဟင်းသီးဟင်းရွက်တွေပဲ ကျွေးရင် အသားဓာတ် (Protein)ချို့တဲ့ရောဂါ ရတတ်ပါတယ်။

ဒါတွေကတော့ မိခင်တိုင်း  မဖြစ်မနေ သိထားသင့်တဲ့ အချက်အလက်များ အဖြစ် ရေးသား တင်ပြလိုက်ပါတယ်။  

ဒေါက်တာ လွင်သန့်

Read 55 times
Rate this item
(0 votes)
Last modified on Monday, 15 July 2019 10:42