SJ WorldNews - шаблон joomla Авто

ကိုယ်ဝန်ဆောင်မိခင်နှင့် ငှက်ဖျားရောဂါ

Tuesday, 23 July 2019 09:23 Written by  font size decrease font size decrease font size increase font size increase font size

'ယောက်ျားဖောင်စီး၊ မိန်းမမီးနေ'လို့  ဆိုရိုးစကားရှိတဲ့ အတိုင်းပါပဲ။

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်ဝန်ဆောင်စဉ်ကာလ၊ မွေးဖွားစဉ်ကာလ၊ မွေးဖွားပြီးကာလတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ဟာ တစ်နေ့မှာ သင်္ချိုင်းကို မျက်စောင်းသုံးခါ ထိုးရတယ်လို့လည်း ပြောစမှတ် တွင်ပါတယ်။ အနာဂတ် သားကောင်းရတနာ၊ သမီးကောင်း ရတနာတွေကို မွေးဖွားသန့်စင်ပေးမယ့် မိခင်လောင်းအတွက် ဘေးကင်းလုံခြုံမှုရှိဖို့ အထူးလိုအပ်ပါတယ်။ ကိုယ်ခန္ဓာဖွဲ့စည်းပုံ အရ၊ စိတ်ခံစားမှုအရ အားနွဲ့တတ်ကြတဲ့  မိန်းမသားတစ်ယောက်ဟာ ကြီးလေးတဲ့ တာဝန်တစ်ရပ်ကို  ထမ်းဆောင်နေရတဲ့  အချိန်ကာလဖြစ်ပါတယ်။ ဒါကို ခွန်အားကြီးလှပါတယ်။ အမြော်အမြင် ကြီးလှပါတယ်ဆိုတဲ့ ယောက်ျား သားတွေက အစစအရာရာ ဖေးမကူညီဖို့ လိုအပ်ပါတယ်။ ရင်သွေးရတနာဆိုတာ မိမိရင်က သွေးနဲ့ဖွဲ့စည်းထားတဲ့ အဖိုးထိုက် ရတနာပဲမဟုတ်ပါလား။

အခြေခံကျန်းမာရေး ဝန်ထမ်းများရဲ့ လုပ်ငန်းဆိုင်ရာ အမှတ်စဉ် (၁ဝ-၂ဝ)မှာ ဖော်ပြထားတဲ့ ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်၊ မီးတွင်းကာလအတွင်း (မွေးဖွားပြီး ၄၂ ရက်အတွင်း) သားဖွားခြင်းဆိုင်ရာ ရောဂါများကြောင့် သေဆုံးခြင်း၊ အမှတ်စဉ် (၁ဝ- ၂၁)မှာဖော်ပြထားတဲ့ ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်၊ မီးတွင်းကာလအတွင်း သားဖွားခြင်းဆိုင်ရာ ရောဂါများကြောင့် မဟုတ်ဘဲ ယခင်ရှိနေသောရောဂါ သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်လာသော ရောဂါများကြောင့် သေဆုံးခြင်းနဲ့ အမှတ်စဉ် (၁ဝ- ၂၂)မှာ ဖော်ပြထားတဲ့ ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်၊ မီးတွင်းကာလအတွင်း ထိခိုက်ဒဏ်ရာရခြင်း၊ မတော်တဆမှုများနှင့်  မိမိကိုယ်ကို သတ်သေခြင်း၊  အသတ်ခံရခြင်းတို့ကြောင့် သေဆုံးခြင်း၊ ၎င်းသုံးမျိုးထဲက ဘယ်အကြောင်းနဲ့မဆို သေဆုံးခဲ့ရင် သားဖွားမိခင် သေဆုံးခြင်းလို့ သတ်မှတ်ပါတယ်။

သားဖွားမိခင် သေဆုံးနှုန်း (Maternal Mortality Ratio)ကို အရှင်မွေး တစ်သိန်းနဲ့တွက်ချက်ကြပြီး ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်း တစ်ခုအဖြစ်နဲ့ နှိုင်းယှဉ်သုံးစွဲကြပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ချမှတ်ခဲ့တဲ့ ထောင်စုနှစ်ရည်မှန်းချက်၊ ဆက်လက် ထိန်းသိမ်းရမယ့် ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်တို့မှာ သားဖွားမိခင် သေဆုံးနှုန်းကို ထည့်သွင်း နှိုင်းယှဉ်ထားပါတယ်။ သားဖွားမိခင် သေဆုံးနှုန်းကို ၂ဝ၃ဝ ပြည့်နှစ်ရောက်တဲ့အခါမှာ ကလေးအရှင်မွေး တစ်သိန်းမှာ ၇ဝ  ဦးအောက် လျှော့ချဖို့ ရည်မှန်းထားပါတယ်။  ကမ္ဘာ့သားဖွား မိခင်သေဆုံးနှုန်းကို လေ့လာကြည့်မယ်ဆိုရင် ၁၉၉ဝ ပြည့်နှစ်မှာ ၃၈၅ ဦး ရှိခဲ့ပြီး အရှေ့အာရှနဲ့ ပစိဖိတ်ဒေသများမှာ ၁၅၉ ဦး၊ ဥရောပဒေသမှာ ၁၈ ဦး ရှိခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်ရောက်တော့ တစ်ကမ္ဘာလုံးအနေနဲ့ ၂၁၆ ဦး၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသများမှာ ၅၉ ဦးနဲ့ ဥရောပဒေသမှာ ရှစ်ဦးပဲ ရှိပါတော့တယ်။ လျော့ကျလာတဲ့ အနေအထားပေါ့။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အခြေအနေကို  လေ့လာကြည့်တဲ့အခါ ၁၉၉ဝ ပြည့်နှစ်မှာ မြန်မာ ၄၅၃ ဦး၊ တရုတ် ၉၇ ဦး၊ ထိုင်း ၄ဝ ဦး၊ အိန္ဒိယ ၅၅၆ ဦး၊ ဘင်္ဂလားဒေ့ရှ် ၅၆၉ ဦး၊ လာအို ၉ဝ၅ ဦး ရှိခဲ့ပါတယ်။ အဲဒီတုန်းက လာအိုက ပထမ၊ ဘင်္ဂလားဒေ့ရှ်က ဒုတိယပေါ့။ ၂ဝ၁၅ ခုနှစ် ရောက်လာတော့ မြန်မာ ၁၇၈ ဦး၊ တရုတ် ၂၇ ဦး၊ ထိုင်း ၂ဝ ဦး၊ အိန္ဒိယ ၁၇၄ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၇၆ ဦး၊ လာအို ၁၉၇ ဦးရှိခဲ့ပါတယ်။ လာအိုက ပထမ၊ မြန်မာက ဒုတိယ ရခဲ့ပါတယ်။

သားဖွားမိခင် သေဆုံးမှုတွေမှာ မွေးပြီးသွေးသွန်၊ ကိုယ်ဝန်ပျက်၊ ကိုယ်ဝန်ဆောင် သွေးတိုး၊ မီးတွင်းပိုးဝင်၊ မွေးချိန်ကြာစတာတွေက အများဆုံးဖြစ်ပေမယ့် ငှက်ဖျား၊ သွေးအားနည်း၊ အေ့စ်(အေအိုင်ဒီအက်စ်)၊ နှလုံးသွေးကြောရောဂါ စတာတွေကြောင့်လည်း သေဆုံးနိုင်ပါတယ်။ ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေး  လက်စွဲစာအုပ်ထဲမှာလည်း ငှက်ဖျားရောဂါအဖြစ် အများဆုံး လူနာစာရင်းထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ထည့်သွင်း ဖော်ပြထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာသာ ငှက်ဖျားရောဂါဖြစ်ရင် အသက်နှစ်သက် ဆုံးရှုံးနိုင်ပါတယ်။ သူတို့တစ်တွေမှာ ငှက်ဖျားဖြစ်မယ်ဆိုရင် ရောဂါပိုမို ပြင်းထန်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ငှက်ဖျားဘာကြောင့်ဖြစ်ရသလဲဆိုရင် လူတိုင်းသိကြတဲ့အတိုင်း ခြင်ကိုက်လို့ဖြစ်ရတာပါ။ အနောဖလိ၊ အေးဒိစ်၊ ကျူးလက်စတဲ့ခြင်တွေထဲမှာ ငှက်ဖျားခြင်ဟာ အနောဖလိ(Anopheles) ဖြစ်ပါတယ်။ ခပ်ကြီးကြီးခြင်ကောင်တွေပေါ့။ မြန်မာနိုင်ငံ အတွင်းမှာ ငှက်ဖျားပိုး သယ်ဆောင်ပေးတဲ့ အဓိကခြင်တွေကတော့ အနောဖလိ မီးနီးမတ်စ်(An.minimus)၊ အနောဖလိ ဒိုင်းရပ်စ် (An.dirus)၊ အနောဖလိအင်နျုလားရစ်(An.annularis)၊ အနောဖလိဆန်ဒေးကပ်စ် (An.sundaicus)၊ အနောဖလိ ကျူလီစီဖေးစီး (An.culicifaicies) ဆိုတဲ့ ငါးမျိုးပဲဖြစ်ပါတယ်။ အဲဒီခြင်တွေက စိမ့်၊ စမ်း၊ ရေကြည်ရေအိုင်၊ ရေကန်၊ ဆည်မြောင်းလက်တံ၊ လယ်ကွင်း၊ ရေချိုရေငန် စပ်လျက်ရှိတဲ့ တွင်းများ၊ အိုင်များ၊ ရေကန်များ၊ လက်ယက်တွင်း၊ ရေသွင်းစိုက်ပျိုးတဲ့ စိုက်ခင်း၊ ရေတိမ်တွင်းငယ်များမှာ ပေါက်ပွားလေ့ ရှိပါတယ်။

ငှက်ဖျားက ခြင်ကိုက်လို့ ဖြစ်တယ်ဆိုပေမယ့်  အဲဒီကိုက်တဲ့ခြင်ထဲမှာ ငှက်ဖျားရောဂါပိုးတွေ ရှိနေရပါမယ်။ ငှက်ဖျားရောဂါပိုးတွေက အဓိကအားဖြင့် ပလတ်စ်မိုဒီယမ်  ဖယ်လ်ဆီပရမ် (Plasmodium falciparum)၊ ပလတ်စ်မိုဒီယမ် ဗိုင်းဗက်စ်(Plasmodium vivax)၊ ပလတ်စ်မိုဒီယမ် မလေးရီယေး (Plasmodium malariae)၊ ပလတ်စ်မိုဒီယမ် အိုဗေလီ (Plasmodium ovale)တို့ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖယ်လ်ဆီပရမ်ကြောင့် ၇ဝ ရာခိုင်နှုန်းကျော်၊ ဗိုင်းဗက်စ်ကြောင့် ၂၉ ရာခိုင်နှုန်းအောက် ဖြစ်ပွားတယ်လို့ သိရပါတယ်။ မလေးရီယေးနဲ့ အိုဗေလီတို့ကြောင့် အဖြစ်ရနည်းပါးပါတယ်။ ဦးနှောက်တွင်း ငှက်ဖျားပိုးဝင်ရောက်မှု စတဲ့ ပြင်းထန်ငှက်ဖျားဆိုတာ အဓိကအားဖြင့် ဖယ်လ်ဆီပရမ်ကြောင့် ဖြစ်ရတာပါ။

ဒီနေရာမှာ  တချို့က အယူအဆအမှားတွေကို လက်ခံထားကြပါတယ်။

ဒါတွေက ငှက်ဖျားဖြစ်တယ်ဆိုတာ စိမ့်စမ်းရေသောက်လို့၊ စိမ့်စမ်းရေချိုးလို့၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ မျှစ်စတာတွေစားလို့၊ စုန်း၊ နတ်ပြုစားလို့ ထင်မြင်ယူဆကြပါတယ်။ ဒါတွေကြောင့် လုံးဝမဟုတ်ပါဘူး။ ငှက်ဖျားရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်ကိုက်လို့ဖြစ်ရတာပါခင်ဗျာ။  နောက်တစ်မျိုးက ငှက်ဖျားပိုးပါတဲ့သွေးကို သွင်းလိုက်မိတာ၊ ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားဆီ ကူးစက်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ရှားတော့ အလွန်ရှား ပါတယ်။

ဒီတော့ ခြင်တွေမရှိအောင်လုပ်ရပါမယ်။ ခြင်မကိုက်အောင် နေရပါမယ်။ ခြင်တွေမရှိအောင် လုပ်ဖို့ဆိုရင် လောက်လမ်းဘဝကတည်းက နှိမ်နင်းနိုင်ပါတယ်။ သက်ကြီးကောင်ခြင်ဘဝ ရောက်မှနှိမ်နင်းနိုင်ပါတယ်။ လောက်လမ်း ဘဝကတည်းက နှိမ်နင်းထားတာမျိုးက သက်ကြီးကောင်ဘဝ ရောက်မှ နှိမ်နင်းတာထက် ပိုကောင်း၊ ပိုသေချာပါတယ်။ ကိုယ့်လက်ခုပ်ထဲက ရေကိုး။ သက်ကြီးကောင်ဖြစ်သွားပြီဆိုရင် မနည်းနှိမ်နင်းရမှာပါ။ ခြင်လောက်လမ်းကို နှိမ်နင်းတဲ့နေရာမှာ ခြင်လောက်လမ်းစား ငါးထည့်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ခြင်းတွေက အရေးကြီးပါတယ်။ လောက်လမ်းဆိုတာမျိုးက ရေထဲမှာ ရှင်သန်တာဖြစ်တဲ့အတွက် ရေဝပ်တဲ့ ရေအိုင်တွေကိုဖို့ခြင်း၊ ဖောက်ထုတ်ခြင်း၊ ရေမြောင်းတွေကို ရေစီးရေလာကောင်းအောင် ဆောင်ရွက်ခြင်း၊ ပေါင်းပင်၊ မြက်ပင်တွေကို ရှင်းလင်းရပါမယ်။

သက်ကြီးကောင်ခြင်တွေကိုတော့  မာလာသီယွန် ပိုးသတ်ဆေးဖျန်းပြီး နှိမ်နင်းနိုင်ပါတယ်။ မာလာသီယွန် ပိုးသတ်ဆေးဖျန်းပြီဆိုရင် ဆေးဖျန်းနံရံ မျက်နှာပြင်ဧရိယာ တစ်စတုရန်းမီတာမှာ ဆေးတင်ကျန်မှုနှုန်း နှစ်ဂရမ်ရှိရပါမယ်။ ဖျန်းရမယ့် မျက်နှာပြင်အားလုံး  ပြည့်စုံအောင်၊ ဖျန်းရမယ့် အဆောက်အအုံအားလုံး မကျန်အောင် ဖျန်းရမယ်လို့ဆိုပါတယ်။  ဒါမှ သက်ကြီးကောင်ခြင်ကို ပိုးသတ်ဆေးယဉ်ပါးမှု မရှိဘဲ ထိရောက်စွာ နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိရောက်မှု နည်းပါးခြင်း၊ ပိုးသတ်ဆေးတန်ဖိုး ကြီးမားခြင်းနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းစေနိုင်ခြင်းတို့ကြောင့် နေရာတိုင်း ဆေးမဖျန်းပါဘူး။ ငှက်ဖျားကပ်ရောဂါ အသွင်ဖြစ်ပွားနိုင်တဲ့ဒေသ၊ ငှက်ဖျားဒေသရှိ နိုင်ငံတော် ဖွံ့ဖြိုးရေး စီမံကိန်းများ၊ ငှက်ဖျားကပ်ရောဂါ ဖြစ်ပွားနေတဲ့ နေရာဒေသ၊ ငှက်ဖျားဆေးယဉ်ပါးမှု ပြဿနာများတဲ့ နေရာဒေသတွေမှာ ပိုးသတ်ဆေးဖျန်းပြီး ခြင်နှိမ်နင်းလေ့ရှိပါတယ်။

ခြင်မကိုက်အောင် ဘယ်လိုနေထိုင်မလဲဆိုရင်  အဲဒီငှက်ဖျားခြင်တွေက ညကိုက်တဲ့ ခြင်တွေဖြစ်တာကြောင့် ညအချိန်ခြင်ကိုက် မခံရအောင် ဘယ်အချိန်အိပ်အိပ်၊ဘယ်နေရာအိပ်အိပ် ခြင်ထောင်နဲ့အိပ်ဖို့ လိုပါတယ်။ ခြင်ထောင်တော့ ထောင်ပါတယ်။  ခြင်ထောင်ပေါက်ပြဲနေမယ်။ ဒါမှမဟုတ် ခြင်ထောင်အောက်နားစွန်းတွေကို သေချာဖိမထားရင် ခြင်တွေက ဝင်လာမှာပါပဲ။ ညအိပ်ပျော်နေရင် ခြင်ထောင်နံရံနဲ့ ထိကပ်မိရင် ခြင်က အပြင်ကနေ လှမ်းကိုက် ပါလိမ့်မယ်။ အိပ်ရာမဝင်မီ၊ နံနက်မလင်းမီ စောစော အိပ်ရာထရင် ခြင်ကိုက်ခံရတာကြောင့် အဲဒီအချိန်တွေမှာ ခြင်ကိုက်မခံရအောင် လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်၊ ပုဆိုးရှည်ရှည် ဝတ်ထားသင့်ပါတယ်။ ခြင်ဆေး လိမ်းထားသင့်ပါတယ်။ မိမိနေအိမ်နဲ့ ပတ်ဝန်းကျင်မှာ ခြင်တွေမခိုအောင်းနေစေဖို့ ချုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလင်းထားသင့်ပါတယ်။  ကောင်းတာကတော့  ခြင်ထောင်ဟာ  ဆေးစိမ်ခြင်ထောင်ဖြစ်ရင် ပိုကောင်းပါတယ်။ အိမ်ကို ခြင်လုံဆန်ခါတွေ တပ်ထားသင့်ပါတယ်။ တောထဲတောင်ထဲ   ညဥ့်အိပ်ညဥ့်နေ သွားလာရမယ်ဆိုရင် ခြင်တွေပေါက်ပွားနိုင်တဲ့ ရေအိုင်၊ ကျောက်ခွက်စတဲ့ နေရာတွေနဲ့ မိုင်ဝက်ခန့်ဝေးတဲ့ နေရာမှာပဲ စခန်းချသင့်ပါတယ်။

ငှက်ဖျားရောဂါပိုးပါတဲ့ ခြင်ကိုက်ခံရပြီဆိုရင် ရောဂါပျိုးရက်က ယေဘုယျအားဖြင့် ၁ဝ ရက်ကနေ ၁၅ ရက်ထိကြာပါတယ်။ ဗိုင်းဗက်စ်၊ အိုဗေးရောဂါပိုးတွေဆို ပိုကြာတတ်ပါတယ်။  ငှက်ဖျားရောဂါ မဖြစ်ဖူးတဲ့သူတွေ ငှက်ဖျားဒေသရောက်ပြီး တစ်ပတ်ကျော်မှာ ဖျားလာရင် ငှက်ဖျားလို့ သတ်မှတ်နိုင်ပါတယ်။ တကယ်လို့ ငှက်ဖျားရောဂါကို မကုဘဲနေရင်၊ အမြစ်ပြတ်အောင် မကုသရင်၊ ဆေးပတ်ပြည့်အောင် မစားရင်၊ လူနာကလည်း ငှက်ဖျားနဲ့ မသေဆုံးခဲ့ဘူး ဆိုရင်တော့ ဖယ်လ်ဆီပရမ်ပိုးက တစ်နှစ်မှ တစ်နှစ်ခွဲအတွင်း၊ ဗိုင်းဗက်စ်က သုံးနှစ်မှ လေးနှစ်အတွင်း၊ မလေးရီယေးက ဆယ်နှစ်မှ နှစ်ပေါင်းငါးဆယ်အတွင်း ထပ်မံဖြစ်ပွားနိုင်ပါတယ်။

ငှက်ဖျားကိုဖြစ်ဖူးသူတိုင်း တိတိကျကျ သိနေတတ်ပါတယ်။ ငှက်ဖျားတက်ပြီဆိုရင် ပုံမှန်အားဖြင့် အဆင့်သုံးဆင့် ဖြစ်လေ့ရှိပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ ချမ်းစိမ့်စိမ့် ဖြစ်လာခြင်းတို့နဲ့ စတင်လာပြီး တစ်နာရီအတွင်း ချမ်းတုန်လာတဲ့ အေးသောအဆင့် စဖြစ်လာပါတယ်။ ၁၅ မိနစ်ကနေ ၃ နာရီအတွင်းမှာ လူနာက ပူလောင်လာပါတယ်။ အရေပြားတွေပူလောင်၊ ကိုင်ကြည့်ရင် ခြောက်သွေ့နေပါလိမ့်မယ်။ ခေါင်းတအားထိုးကိုက်၊ သွေးခုန်နှုန်းပြင်း၊ အသက်ရှူမြန်လာပါတယ်။ အဲဒီအဆင့်ကို ပူသောအဆင့်လို့ခေါ်ပြီး နာရီဝက်ကနေ ခြောက်နာရီအထိ ကြာတတ်ပါတယ်။ နောက်တစ်ဆင့်ကတော့ ချွေးထွက်လာတဲ့ အဆင့်ဖြစ်ပါတယ်။ ပူတဲ့အဆင့်ပြီးသွားရင် ချွေးအလွန် ထွက်လာပါတယ်။ အဲဒီအဆင့်က တစ်နာရီလောက် ကြာနိုင်ပါတယ်။ လူနာက သက်သာသွားပြီး အိပ်ပျော်သွားနိုင်ပါတယ်။ လူနာက တစ်ကြိမ် အဖျားတက်ပြီးရင် နှစ်ရက်သုံးရက်လောက် မဖျားဘဲ လူကောင်းလို နေနိုင်ပါတယ်။

တခြားလက္ခဏာတွေကတော့ ခေါင်းကိုက်၊ ပျို့အန်၊ ကယောင်ကတမ်းဖြစ်၊ သွေးအားနည်း၊ မျက်စိနဲ့ အသားဝါခြင်း ဖြစ်တတ်ပါတယ်။ ပြင်းထန်ငှက်ဖျားကတော့ ခံနိုင်ရည်မရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသူငယ်တွေမှာ ဖြစ်ပွားနိုင်ပါတယ်။ အကူအညီမပါဘဲ မထိုင်နိုင်၊ မရပ်နိုင်၊ မလျှောက်နိုင်ခြင်း၊ ဆေးမသောက်နိုင်အောင် အန်ခြင်း၊ အလွန်ဖျားခြင်း၊ အလွန်သွေးအားနည်းခြင်း၊ မျက်လုံးဝါ အသားဝါခြင်း၊ အမူအရာပြောင်းလဲခြင်း၊ ပတ်ဝန်းကျင် စိတ်မဝင်စားခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်တိုလွယ်ခြင်း၊ ရန်လိုခြင်း၊ ငိုက်မျဉ်းခြင်း၊ မှိန်းလွယ်ခြင်း၊ ဂနာမငြိမ်ကယောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ မေ့မြောခြင်း၊ အသက်ရှူခက်ခြင်း၊ ရင်ကျပ်ခြင်း၊ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ ဆီးနည်း ဆီးမသွားခြင်း၊ ဆီးမည်းမည်းသွားခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ကိုယ်ခန္ဓာအနှံ့အပြား သွေးယိုစီးခြင်း စတာတွေဖြစ်နိုင်ပါတယ်။

အထက်မှာပြောခဲ့တဲ့ အတိုင်း ကိုယ်ဝန်ဆောင်မိခင်မှာ အသက်နှစ်သက် ပါပါတယ်။ ဒါကြောင့် ငှက်ဖျားမဖြစ်အောင် နေထိုင်တတ်ဖို့၊ ဖြစ်ရင်လည်း ဆေးရုံဆေးခန်းတွေမှာ ပျောက်ကင်းအောင် ကုသပေးဖို့ လိုအပ်တဲ့ အကြောင်း ပြောကြားချင်ပါတယ် ခင်ဗျား။    

ဇော်သစ်ကြည်

Read 76 times
Rate this item
(0 votes)
Last modified on Tuesday, 23 July 2019 09:24