SJ WorldNews - шаблон joomla Авто

ဆီးချို သွေးတိုးနှင့် ဆက်နွှယ်နေသော နှလုံးရောဂါ

Friday, 26 July 2019 09:40 Written by  font size decrease font size decrease font size increase font size increase font size

ဆီးချိုဆိုသော အသံကြားသည်နှင့် လူအများက ကြောက်လန့်ရသော ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ ထိုသို့  သတ်မှတ်ထားခြင်းမှာ ဆီးချိုရောဂါသည် သူလာလျှင်သူ၏ အပေါင်းအသင်းများကိုပါ  ခေါ်ဆောင် လာတတ်သောကြောင့်ဖြစ်သည်။ သူ၏ အပေါင်းအသင်းများမှာ သွေးတိုးနှင့် နှလုံးတို့ဖြစ်သည်။ ဆီးချိုသက်တမ်း ရင့်လာသော သူများတွင် မကောင်းသော အဆီများ ခန္ဓာကိုယ်အတွင်းတွင် များပြားလျက်ရှိရာမှ  သွေးကြောနံရံများထူလာကာ  သွေးကြောများ ကျဉ်းလာပြီး သွေးတိုးခြင်းကို ခံစားလာရသည်။

သွေးတိုးလာသည်နှင့် တစ်ပြိုင်နက် နှလုံးရောဂါသည်လည်း ဖြစ်ဖို့ အလားအလာ များလာပြီဖြစ်သည်။ အကြောင်းမှာ သွေးတိုး၏ နောက်ဆက်တွဲအနေဖြင့် နှလုံးကိုထိခိုက်ခြင်း ဖြစ်ပွားလျက်ရှိသည်။  သွေးတိုးခြင်းကြောင့် နှလုံး၏ ညှစ်နိုင်အားနည်းလာကာ ခန္ဓာကိုယ်၏ အစွန်အဖျားများသို့ သွေးရောက်မှု နည်းပါးလာရာမှ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းနှင့် လေဖြတ်ခြင်းတို့ပါ အဖြစ်များလာမည်ဖြစ်သည်။ ဆီးချိုဝေဒနာသည် ၇၅ ရာခိုင်နှုန်းသည်  နှလုံးရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေရပြီး ၆၅ ရာခိုင်နှုန်းသည် နှလုံးရောဂါကြောင့် သေဆုံးနေရသည်ကို တွေ့ရသည်။

နှလုံးရောဂါဖြစ်သူများတွင် ဆီးချိုကြောင့်ဖြစ်ခြင်းမှာ ရာခိုင်နှုန်း များပြားလျက်ရှိသည်။ နှလုံးရောဂါကြောင့် သေဆုံးမှုနှုန်းသည် ဆီးချိုဝေဒနာရှင်များတွင် နှစ်ဆမှလေးဆအထိ မြင့်တက်လျက်ရှိနေသည်။ နှလုံးရောဂါဖြစ်စေသော အကြောင်းများမှာ ရောဂါပိုးမွှား ကူးစက်ခံရခြင်း၊ လွန်ကျူးစွာ မေထုန်မှီဝဲခြင်း၊ လှုပ်ရှားမှုမရှိခြင်း၊ ဝလွန်းခြင်း၊ ဇိမ်ခံများခြင်း၊ သောကများခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း၊  ကြောက်ရွံ့ခြင်း၊ ပူလွန်းအေးလွန်းသော ဥတုများနှင့် ကြုံကြိုက်ခြင်း၊ ကော်ဖီ၊ လက်ဖက်ရည် အသောက်များခြင်း၊  အရက်သောက်များခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ သွေးတွင်း အဆီများခြင်း၊ အငန်၊ ဟင်းချိုမှုန့်များ အစားများခြင်းစသည့် အကြောင်း များဖြစ်သည်။

ရောဂါကိုပိုမိုဆိုးရွားစေသော အကြောင်းများမှာ  လေထုညစ်ညမ်းခြင်း၊ ဆင်းရဲချို့တဲ့ခြင်း၊ အစာအာဟာရချို့တဲ့ခြင်း၊  အလုပ်အကိုင် ဝင်ငွေမိသားစု ပြဿနာများ  အထက်ပါ အကြောင်းအရာများကြောင့် နှလုံးရောဂါသည် ပိုမိုဖြစ်ပွားလာရပြီး   ပိုဆိုးရွားလာသော အခြေအနေသို့ ရောက်ရှိလာသည်။

နှလုံးရောဂါ၏ လက္ခဏာအချို့မှာ အလိုလိုနေရင်း မောနေတတ်ခြင်း၊ အသက်ရှူမဝခြင်း၊  အသက်ရှူကျပ်ခြင်း၊  တစ်ခါတစ်ရံ နှလုံးနေရာက အောင့်ခြင်း၊ လက်ဝဲဘက်ရင်အုံက တဆစ်ဆစ်နာကျင်ခြင်း၊ ထစ်ခနဲဆို ထိတ်လန့် တတ်ခြင်း၊ အသားအရေ ဖြူဖပ်ဖြူရော်ရှိခြင်း၊ အလိုလိုနေရင်း အားငယ်တတ်ခြင်း၊  လက်သည်းခုံးများ အပါအဝင် လက်သည်းများ ညိုမည်းနေခြင်း၊ လက်ဖဝါးကိုကြည့်လိုက်လျှင် ဖြူဖပ်ဖြူရော်ဖြစ်နေခြင်း၊ အသက်ကို ရံခါရှိုက်၍ ရှိုက်၍ ရှူရခြင်း၊   လက်ဖျားခြေဖျားများသည်  နွေးထွေးမနေဘဲ  အမြဲလိုလို အေးစက်နေခြင်း၊  ရင်တုန်ခြင်း၊  စိတ်လှုပ်ရှားလျှင် နှလုံးခုန်နှုန်းများ မြန်လာခြင်း၊ အိပ်မပျော်ခြင်း၊ လေးလံ ထိုင်းမှိုင်းနေခြင်း၊ သွေးခုန်နှုန်းများကို စမ်းကြည့်လျှင် မြန်လွန်းနေခြင်း၊ နှေးလွန်းနေခြင်း၊ မူမမှန်ခြင်းတို့ဖြစ်သည်။ ထိုရောဂါ လက္ခဏာများထဲမှ တစ်ခုခုခံစားရလျှင် ပေါ့လျော့မနေဘဲ နှလုံးကို ဆောလျင်စွာပြသသင့်သည်။

ကျွန်မတို့မြန်မာ့တိုင်းရင်းဆေး ပညာအရ နှလုံးရောဂါ ဖြစ်ရခြင်းအကြောင်းနှင့် နှလုံးရောဂါကို ခွဲခြားမည်ဆိုလျှင် ဒေသနာနှင့် ဘေသဇ္ဇဆေးပညာ နှစ်ရပ်လုံးတွင် သုံးမျိုးခွဲခြားနိုင်သည်။ သီတဆိုသော အအေးဓာတ်တွေ လွန်ကဲပွားများစေသော အစာအာဟာရများ၊ အဆီအအိမ့်များ၊ ဝမ်းတွင်းကလီစာများ၊ ဝက်သား   စသော အဆီအစေးများသော အစာများ လွန်ကဲစွာ စားသောက်ကြခြင်း၊ အနေအထိုင်များဖြစ်သော ကမ္မ၊ အတ္ထ၊ ကာလများ လွန်ယုတ်လွဲမှားပြုခြင်းကြောင့် သလိပ်ဒေါသများ ပွားများလာကာ မန္ဒဝမ်းမီး ဖြစ်လာပြီး နှလုံးအဆီပိတ်သော ရောဂါ၊ နှလုံးပွသောရောဂါ၊ နှလုံးသွေးကြော ကျဉ်းခြင်း၊   နှလုံးကြီးသောရောဂါတို့ ဖြစ်တတ်သည်။ ထိုရောဂါများ၏ လက္ခဏာများမှာ အသက်ရှူမဝခြင်း၊ လေးလံမောပန်းခြင်းတို့ဖြစ်သည်။ အပူစာများဖြစ်သည့်အရက်၊ စီးကရက်၊ မျှစ်၊ မှို၊ ဆူးပုပ်၊ တညင်းသီး၊ အုန်းသီး၊ ဆိတ်သား၊ အမဲသား၊ ငရုတ်သီးမျိုးစုံ၊ မဆလာစသော အစားအစာများ ကြိမ်ဖန်များစွာစားခြင်း၊ နေပူမီးပူခံများခြင်း၊ အပူထဲမှပြန်လာပြီး ရေချိုးခြင်း၊ သောကဗျာပါဒများခြင်း၊   နေပူစပ်ခါးတွင် အသွားအလာ များခြင်းစသည်တို့ကြောင့် တိက္ခဝမ်းမီး ဖြစ်ပေါ်လာပြီး နှလုံးသွေးကြော ကျစ်ခြင်း၊ နှလုံးကျုံ့ခြင်း၊ နှလုံးကြွက်သားများ ရောင်ရမ်းခြင်း၊  နှလုံးသွေးခန်းခြင်း၊ နှလုံးစူးအောင့်ခြင်းတို့ ဖြစ်စေပါသည်။

အပူအအေးအားပြိုင်သော ဝါယောအာကာသများ ဖောက်ပြန်စေသော ချဉ်ပေါင်ရွက်၊ ပဲမျိုးစုံ၊ မကြေကျက်နိုင်သော အစားအစာများ၊ အစာမကြေမီ တစ်ဖန်အစာများ စားခြင်း၊  အပူအအေး မျှတမှုမရှိခြင်း၊  စိတ်ပူပန်ခြင်း၊ ဒေါသ၊ ဗျာပါဒများခြင်း၊ အိပ်ချိန်မမှန်ခြင်း၊အစာစားချိန်မမှန်ခြင်းတို့ကြောင့် ဝိသမဝမ်းမီးဖြစ်ပေါ်လာပြီး နှလုံးလေရပ်သော ရောဂါ၊ နှလုံးလေဖုံးသောရောဂါ၊တစ်ကိုယ်လုံး တုန်ယင်နေသကဲ့သို့ ခံစားရသော ရောဂါ၊ နှလုံးသွေးကြောပေါက်ခြင်း၊ နှလုံးသွေးကြောပြတ်ခြင်းတို့ ဖြစ်စေသည်။

ဆီးချို၊ သွေးတိုးနှင့် ဆက်နွှယ်နေသော နှလုံးရောဂါကို ဆေးတိုက်ကျွေးမည်ဆိုလျှင် ပထမဦးစွာ မူရင်းဆီးချိုကို ကုသရမည်။ဆီးချိုအတွက် ဆေးအမှတ်(၃၂) နန်းတွင်းလျှာပွတ်ဆေး နှစ်ပဲသားနှင့်  ဆေးအမှတ်(၁၇) သွေးဆေးနီ နှစ်ပဲသားတို့ကို တိုက်ကျွေးရမည်။   သွေးတိုးအတွက် ဆေးအမှတ်(၁၇) သွေးဆေးနီ နှစ်ပဲသားနှင့် ဆေးအမှတ်(၃၃)ကြက်သွန်ဖြူဆေး နှစ်ပဲသားတို့ကို တိုက်ကျွေးရမည်။ တစ်ဖန် နှလုံးရောဂါအတွက် ဆေးအမှတ်(၁၅) သည်းခြေဆေး နှစ်ပဲသားနှင့်  ဆေးအမှတ်(၁၇) သွေးဆေးနီတို့ကို တိုက်ကျွေးရမည်။ ဆီးဝမ်းမှန်စေရန်အတွက် ဆေးအမှတ်(၉) ဆီးဒူလာဆေးကို ညအိပ်ရာဝင်ချိန်တွင် တိုက်ကျွေးရမည်။   အထက်ပါဆေးများသည် တတ်ကျွမ်းသော တိုင်းရင်းဆေးပညာရှင်များ၏ လမ်းညွှန်မှုဖြင့်သာ သောက်သုံးသင့်သည်။

ဆီးချို၊ သွေးတိုးနှင့် ဆက်နွှယ်နေသော  နှလုံးရောဂါများ မဖြစ်စေရန် သွားလာလှုပ်ရှားမှု နှေးကွေးခြင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်ခြင်းများကို ရှောင်ကြဉ်ရမည်။   စီးကရက်၊ အရက်၊ ဘီယာများ သုံးစွဲခြင်းတို့ကို ရှောင်ရမည်။  အဆီအအိမ့်များ၊ ပူလွန်းသော အစားအစာများ စားခြင်းကိုလည်း ရှောင်ရမည်။  ဆီးချိုသမားများအတွက်  အထူးထုတ်လုပ်ထားသော အစားအစာများကို အလွန်အကျွံစားခြင်းမှလည်း ရှောင်ကြဉ်ရမည်။

အိပ်ချိန်၊ စားချိန်များ ပုံမှန်ရှိအောင်လည်း ဂရုပြုကြရပါမည်။ စိတ်ငြိမ်စေရန် နံနက်စောစောနှင့် အိပ်ရာဝင်ချိန်များတွင်  အာနာပါန ရှုမှတ်ခြင်းများ ပြုလုပ်ပေးရမည်။ ဒါန၊ သီလ၊ ဘာဝနာများကို ပွားများနေရမည်။ အငန်လွန်ကဲသော အစားအစာများကိုလည်း ရှောင်ကြဉ်ရမည်။သွားနှင့်ခံတွင်းကိုလည်း ဂရုစိုက်ပေးရမည်။ အဝမလွန်စေရန် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးသင့်သည်။  နီသောအရောင်ရှိသော အသားများကို မကြာခဏစားခြင်းမျိုးကိုလည်း ရှောင်ရှားပေးရမည်။ လတ်ဆတ်သော အသီးအနှံများနှင့်  ဟင်းသီးဟင်းရွက်များကို စားသုံးပေးသင့်သည်။  နှလုံးရောဂါမှ ကာကွယ်နိုင်ရန် လမ်းများများ လျှောက်သင့်သည်။ နှလုံးရောဂါသည် များသည် တက်စေသောငါးများကလွဲပြီး ငါးများများ စားပေးသင့်သည်။

နှလုံးရောဂါသည် ပုံမှန်အားဖြင့် နှလုံးရောဂါလက္ခဏာများ မဖြစ်ခင်ကတည်းက အစပျိုးလေ့ရှိပြီး လက္ခဏာများ ပြသသည့်အချိန်တွင် နှလုံးရောဂါသည် ဆိုးရွားနေတတ်သည့် ရောဂါဖြစ်ပါသောကြောင့်  ကျန်းမာရေး အသိများလည်းရှိရန် အထူးလိုအပ်လှသည်။ ဤသို့ဖြင့်  ဆီးချို၊သွေးတိုးနှင့် ဆက်နွှယ်နေသော နှလုံးရောဂါအကြောင်း တင်ပြ လိုက်ရပါသည်။  

မုဒိသာ(တောင်သာ)

Read 114 times
Rate this item
(0 votes)
Last modified on Friday, 26 July 2019 09:42