SJ WorldNews - шаблон joomla Авто

ချော်လဲခြင်းအတတ်ပညာ

Saturday, 27 July 2019 08:28 Written by  font size decrease font size decrease font size increase font size increase font size

ချော်လဲခြင်းအတတ်ပညာဟုဆိုလိုက်တဲ့အတွက် ထူးဆန်းအံ့သြဖွယ်ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားကြည့်ပါ။ တစ်သက်တာကာလအတွင်းတစ်ခါမျှချော်လဲဖူးခြင်းမရှိတဲ့သူ ရှိပါသလား။  ချော်လဲခြင်းဟာ  ထိခိုက်ဒဏ်ရာရရှိမှုရဲ့ အဓိကအကြောင်းတရားဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ နှစ်စဉ်လူပေါင်း ၃၇ ဒသမ ၃ သန်းကျော်ဟာ ချော်လဲပြီးထိခိုက်ဒဏ်ရာတွေရရှိကြလို့ ဆေးရုံ၊ ဆေးခန်းများကိုရောက်ကြရသတဲ့။ ဒါ့အပြင် နှစ်စဉ်လူပေါင်း ၆၄၆ဝဝဝ ဦးခန့်ဟာ ချော်လဲလို့ထိခိုက်မိတဲ့ဒဏ်ရာတွေက ပြင်းထန်လွန်းလို့ အသက်ဆုံးရှုံးကြရတယ်ဆိုပဲ။ ကျန်းမာနေတဲ့သူတစ်ယောက်ဟာ ချော်လဲလိုက်တာနဲ့ တစ်စက္ကန့်အတွင်း ထိခိုက်ဒဏ်ရာရတာတွေ၊ အသက်ဆုံးရှုံးရတာတွေ၊ မသန်စွမ်းဖြစ်ကြရတာတွေနဲ့ ကြုံတွေ့သွားရနိုင်ပါတယ်။ အဲသည်လိုဖြစ်နိုင်ခြေများသော ချော်လဲခြင်းမဖြစ်ရအောင်၊ ချော်လဲခဲ့ရင် လည်း ထိခိုက်ဒဏ်ရာ အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကိုတင်ပြမှာမို့ ချော်လဲခြင်းအတတ်ပညာလို့ ဆောင်းပါးခေါင်းစဉ်ပေးလိုက်ရ ခြင်းပါ။

သတိမလွတ်ပါစေနှင့်

သတိတရားလက်ကိုင်ထားက ဘေးရန်အသွယ်သွယ်ကိုရှောင်လွှဲနိုင်စေပါတယ်။ စာဖတ်နေရင်း  သို့မဟုတ်  ဖုန်းပွတ်နေရင်း လမ်းမလျှောက်ပါနဲ့ ချော်လဲတတ်ပါတယ်။  လှေကားအတက်၊အဆင်းလုပ်ရင်   မလောပါနဲ့။ လက်ရန်းကိုကိုင်ကာ အတက်၊အဆင်းလုပ်သင့်ပါတယ်။ အလေးအပင်ပစ္စည်းများသယ်လာရင် သတိထားပါ။ ချော်လဲတတ်ပါတယ်။ ထို့အတူပဲ ဘောင်းဘီဝတ်သူများအဖို့ ဘောင်းဘီအိတ်ထဲလက်နှိုက်ကာ အလောတကြီးလမ်းလျှောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ မရှောင်ကြဉ်လို့ မတော်တဆ ခလုတ်တိုက်မိရင် ကိုယ်ခန္ဓာဟန်ချက်ပျက်တာကိုထိန်းဖို့ခက်ခဲကာ ချော်လဲတတ်ပါတယ်။

မိမိကျင်လည်ရာပတ်ဝန်းကျင်မှာ ချော်လဲစရာရှိတာတွေကိုပြုပြင်ထားပါ

ကော်ဇောတွေ၊ ခြေသုတ်ဖုံတွေကို နေရာမှာမြဲအောင် လုပ်ထားရန်လိုအပ်ပါတယ်။ သို့မဟုတ်ပါက ဖယ်ထားတာအကောင်းဆုံးပါပဲ။ တက်နင်းမိလျှင် ခြေချော်ကာလဲတတ်ပါတယ်။ ညဘက်မှာ လှေကားထိပ်နဲ့လှေကားအခြေမှာ မီးထွန်းပြီးမှ အတက်၊အဆင်းလုပ်သင့်ပါတယ်။ ကြမ်းပြင်ပေါ် ဆီနဲ့ရေတွေ ဖိတ်ကျသွားရင်လည်း သုတ်သင်ဖယ်ရှားထားရပါမယ်။ အမှတ်တမဲ့တက်နင်းမိရင် သတိလက်လွတ်ချော်လဲတတ်လို့ပါ။ ဆပ်ပြာရည်တွေနဲ့ ချော်လဲနိုင်တဲ့ ရေချိုးခန်းကြမ်းပြင်ကိုလည်း ကြမ်းအောင်တိုက်ချွတ်ပေးခြင်း သို့မဟုတ် Traction strips လို့ခေါ်တဲ့ ခြေမချော်အောင်စီမံထားတဲ့အခင်းများခင်းပေးခြင်းတို့ကို ဆောင်ရွက်ရပါမယ်။ ကြွေပြားတွေပေါ် ပြောင်လက်အောင်ဆိုပြီး တချို့က ဒီဇယ်တွေနဲ့တိုက်တတ်ကြတယ်။ ကြွေပြားချောပြီး ချော်လဲမှာစိုးရတဲ့အတွက် ထိုသို့မပြုလုပ်သင့်ပါဘူး။

တစ်ကိုယ်ရေ အသုံးပြုသောပစ္စည်းများကို ဂရုပြုပါ

စီးသောဖိနပ်ဆိုလျှင်  ဖိနပ်ကြမ်းပြင်က   ကုပ်အားကောင်းရပါမယ်။ ကတ္တီပါဖိနပ်အများစု၏ အောက်ခြေကြမ်းပြင်ဟာ ပြောင်ချောပြီး ကုပ်အားမကောင်းတဲ့အတွက် ရေစိုသောသမံတလင်းကြမ်းပြင်မှာ အခန့်မသင့်ရင် ချော်လဲတတ်ပါတယ်။ အဆိုပါကြမ်းပြင်များပေါ် အမျိုးသမီးများ ဒေါက်မြင့်ဖိနပ်စီးရင်လည်း သတိထားပါ။ ချော်လဲတတ်ပါတယ်။ အသက်အရွယ် ကြီးရင့်သူများလမ်းလျှောက်လျှင် သို့မဟုတ် တောင်တက်၊ တောင်ဆင်းလုပ်ပါက တောင်ဝှေးဆောင်ထားသင့်ပါတယ်။ နားမကြားသူများဟာ ကိုယ်ခန္ဓာဟန်ချက်ပျက်က ထိန်းရခက်ပါတယ်။ ဒါကြောင့် နားကြားကိရိယာ တပ်ထားရပါမယ်။ စက်ဘီး၊ ဆိုင်ကယ်များစီးပါကလည်း သတ်မှတ်ထားတဲ့ စက်ဘီးစီးဦးထုပ်၊ ဆိုင်ကယ်စီးဦးထုပ်တို့ကိုဆောင်းထားရပါမယ်။ မတော်တဆ ဖြစ်ရင် အရေးကြီးတဲ့ဦးခေါင်းပိုင်းအကာအကွယ်ရအောင်ဖြစ်ပါတယ်။

မတော်တဆချော်လဲတတ်တဲ့ အမူအကျင့်များရှောင်ကြဉ်ပြီး ကောင်းသောအလေ့အကျင့်များကိုဆောင်ပါ

အိပ်ရေးပျက်လျှင်၊ အရက်သောက်ထားလျှင်၊ အိပ်ဆေးသောက်ထားလျှင် မတော်တဆချော်လဲဖို့ အခွင့်အလမ်းများပါတယ်။   မတ်တတ်ရပ်နေရင်း ခေါင်းမူးလာမယ်၊ ကိုယ်ခန္ဓာဟန်ချက်မထိန်းနိုင်တော့ဘူးဆိုလျှင် ထိုင်ချလိုက်တာ အကောင်းဆုံးပါပဲ။ မတ်တတ်အနေအထားနဲ့လဲကျပါက ထိခိုက်ဒဏ်ရာရမှုပိုများတတ်ပါတယ်။ ကောင်းသောအမူအကျင့်များကတော့ မျှတတဲ့ အစားအစာစားသောက်ခြင်းနဲ့ ကိုယ်ကာယလေ့ကျင့်ခန်းများပြုလုပ် ပေးခြင်းဖြစ်ပါတယ်။ မျှတတဲ့အစားအစာစားပေးပါက အရိုးပွ ရောဂါဖြစ်ခြင်းကို ကာကွယ်စေပြီး ကြွက်သားများကိုသန်မာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးတာက  ကြွက်သားများ ပိုမိုသန်မာမှုကို အထောက်အကူပြုပြီး  ကိုယ်ခန္ဓာဟန်ချက်ကိုပိုမိုထိန်းနိုင်ခြင်း၊ လဲကျသွားရင်တောင် အရိုးကျိုးမှုဒဏ်မှကင်းဝေး စေခြင်းဆိုတဲ့ ကောင်းကျိုးချမ်းသာများရရှိစေမှာပါ။ အသက်အရွယ်ရလာတာနဲ့အမျှ မျှတသောအစားအစာများစားသုံးပေးခြင်းနဲ့ ကိုယ်လက်လှုပ်ရှားအားကစားကို တစ်ပိုင်တစ်နိုင်လုပ်ဆောင်ပေးခြင်းတို့ ပိုမိုလိုအပ်လှပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ပြင်သစ်အသက်ကြီးရင့်သူ ၁၂ဝဝဝ ဦးအပေါ် သုတေသနပြုလုပ်ချက်အရ အစားအသောက်ကောင်းမွန်စွာ စားသုံးမှု မရှိသောကြောင့် အာဟာရချို့တဲ့ခြင်း၊ ချော်လဲခြင်းနဲ့ အရိုးများကျိုးခြင်းတို့ဟာ ဆက်စပ်မှုရှိနေပါသတဲ့။ ကိုယ်ခန္ဓာ အပေါ်ပိုင်းသန်မာအောင် လေ့ကျင့်ခန်းလုပ်ထားလျှင် လဲကျပါက ဦးခေါင်းပိုင်းထိခိုက်မှု နည်းနိုင်တယ်ဆိုပါတယ်။ ကိုယ်ခန္ဓာ အောက်ပိုင်းသန်မာအောင် လေ့ကျင့်ခန်းလုပ်ထားပါက ချော်လဲထိခိုက်ရင် အောက်ပိုင်းထိခိုက်မှုနည်းပြီး နာလန်ထမြန်ပါသတဲ့။ လဲကျပါက ဦးခေါင်းပိုင်းကိုအကာအကွယ်ပေးထားပြီး လှိမ့်ချလိုက်ပါ ''ကြောင်ကျကျလျှင် သက်သာမယ်၊ ခွေးကျကျပါက ပိုဆိုးတယ်''ဆိုတဲ့စကား ကြားဖူးကြမှာပါ။ ကြောင်အမြင့်မှပြုတ်ကျလျှင် ဘယ်လိုကျသလဲလေ့လာကြည့်ပါ။ ကိုယ်ခန္ဓာကို လှိမ့်လိုက်တာတွေ့ရပါလိမ့်မယ်။ ဂရုပြုနေတဲ့ကြားက လဲကျပါက ပထမဦးစွာ ဦးခေါင်းကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး ကိုယ်ခန္ဓာကိုလှိမ့်ချလိုက်ပါက ထိခိုက်ဒဏ်ရာရရှိမှုနည်းပါးနိုင်တယ်လို့ဆိုပါတယ်။ သို့မဟုတ်ဘဲ လက်ထောက်မိလိုက်ပါက လက်ကောက်ဝတ်ရိုးကျိုးတတ်ပါတယ်။ ဦးခေါင်းကို လက်နဲ့မကာထားပါက ဦးခေါင်းထိခိုက်ဒဏ်ရာရတတ်ပါတယ်။ အထက်ပါ အကြောင်းအရာများကိုဖတ်ရှုကာ ဂရုပြုလိုက်နာမယ်ဆိုရင် ချော်လဲခြင်းအတတ်ပညာအကြောင်း အနည်းငယ်တီးခေါက်မိကာ မတော်တဆ ချော်လဲမိရင်တောင် ထိခိုက်ဒဏ်ရာအနည်းပါးဆုံးဖြစ်အောင် ချော်လဲတတ်ကြမှာဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

ဒေါက်တာမင်းစိုးဦး

Read 50 times
Rate this item
(0 votes)
Last modified on Saturday, 27 July 2019 08:31