SJ WorldNews - шаблон joomla Авто

မိုးရာသီနှင့် မြွေအန္တရာယ်

Monday, 29 July 2019 11:55 Written by  font size decrease font size decrease font size increase font size increase font size

မုတ်သုံရာသီအတွင်း မိုးသည်းထန်ခြင်းနှင့် အတူ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ် တို့ကို နှစ်စဉ်နှစ်တိုင်း အနည်းနှင့်အများ ဆိုသလို ခံစားရနိုင်သည်။ ယခုနှစ် မုတ်သုံရာသီကာလ  မြန်မာနိုင်ငံ ဒေသ အနှံ့အပြားတွင် ဇူလိုင်လ ၁၅ ရက် နောက်ပိုင်းမှ စတင်ကာ မိုးရွာသွန်းမှု သိသိသာသာ အားကောင်းလာခဲ့ပြီး ရေဘေးကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုရှိ ၁၃ မြို့နယ်မှ လူတစ်သောင်းခန့် ရေဘေးဒုက္ခနှင့် ကြုံတွေ့နေကြရသည်။ မိုးလေဝသနှင့် ဇလဗေဒပညာရှင် တစ်ဦးကလည်း  မိုးရွာသွန်းမှု ခန့်မှန်းချက်အနေဖြင့်  ယခုနှစ် စက်တင်ဘာလအထိ မိုးဆက်လက်ကြီးနိုင်ပြီး ရေလွှမ်းမိုးမှုအတွက် သတိထားသင့်ကြောင်း အကြံပေး ပြောကြားထားသည်။

မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံခြင်းနှင့် အတူ မြွေအန္တရာယ်ကိုလည်း   ရင်ဆိုင်ကြရသော သာဓကများစွာရှိခဲ့သည်။၎င်းရေဆိုး၊ ရေညစ်များနှင့် အတူ အဆိပ်ရှိ မြွေများ၊ ကင်းများလည်း ရောနှောမျော၍ ပါလာတတ်သည်။ ထို့ကြောင့် ရေတွေ စီးဝင်ပြီးနောက် ရေပြန်ကျသွားပါကမိမိအိမ်ခြံဝင်း အတွင်းအပြင် တင်ကျန်ရစ်သော မြွေများကို သတိထားသင့်သည်။ ထို့ပြင် အိမ်ထဲသို့ ရေဝင်ပြီးနောက် အထဲမှာ ရေဆိုးရေညစ်များ၊   နုန်းမြေအနယ်အနှစ်များ တင်ကျန်နေသော အဆောက်အအုံအတွင်းသို့  သတိဖြင့် ဝင်ရောက်သင့်ပေသည်။  မြန်မာနိုင်ငံတွင် နှစ်စဉ်လူတစ်သောင်းခန့် မြွေကိုက်ခံနေရပြီး ၎င်းတို့အနက် ၁ဝ ရာခိုင်နှုန်းခန့် သေဆုံးနေရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။ မြွေကိုက်ခံရခြင်းကြောင့် အသက်ဆုံးရှုံးခြင်း၊ အရေးပေါ် ဆေးကုသမှု ခံယူရခြင်းများကို ကျေးလက်ဒေသများတွင် သာမက လူစည်ကားရာမြို့ကြီးများရှိ ဆင်ခြေဖုံး အရပ်ဒေသ များ၌လည်း တွေ့မြင်လာရသည်။

မြို့လယ်ကောင် တိုက်ခန်းများတွင် မြွေသတ္တဝါကို မြင်တွေ့ရခဲသော်လည်း သစ်ပင်၊ လယ်မြေ၊ မြက်ချုံပေါများကာ ရေစပ်စပ်ရှိသောမြို့နယ်များတွင် မြွေကိုတွေ့ရတတ်သည်။ ထို့ကြောင့် ရေမြောင်းရေကန်များ၊ ရေစပ်စပ်ရှိသော ခြံဝင်းခြံပြင်၊  မှောင်၍ စိုစွတ်ထိုင်းမှိုင်းသော အိမ်အတွင်းပိုင်းများကို မြွေအန္တရာယ် သတိရှိစွာဖြင့် နေထိုင်သင့်သည်။ မြန်မာပြည်ရှိ အဆိပ်ပြင်းသောမြွေနှစ်မျိုးမှာ မြွေပွေးနှင့်မြွေဟောက်တို့ဖြစ်ကြပြီး   မြွေပွေးအဆိပ်က လူ့ခန္ဓာကိုယ် သွေးခဲသောစနစ်ကို ထိခိုက် ပျက်စီးစေတတ်သည်။ထို့ကြောင့် မြွေပွေးကိုက်ခံရပါက သွေးမတိတ်ဘဲ ဦးနှောက်နှင့် အစာခြေစနစ် လမ်းကြောင်းများတွင် သွေးယိုစိမ့်ခြင်းအပြင် ဆီးထဲသွေးပါပြီး ကျောက်ကပ်ပျက်စီးတတ်သည်။ မြွေဟောက်အဆိပ်က  အာရုံကြောစနစ်ကို ထိခိုက်စေသဖြင့် လူနာက မှိန်းလာပြီး အာရုံခံစားမှု မရှိတော့ဘဲ ထုံကျဉ်လာကာ နောက်ဆုံးတွင် အာရုံကြောများ ပျက်စီးပြီး ကြွက်သားလှုပ်ရှားမှု အားပျော့သွားကာ အသက်ရှူခြင်းနှင့် အဆုတ်ကို ထိခိုက်လာသည်။

သဘောသဘာဝအရ  မြွေဆိုသော သတ္တဝါတို့သည် လူကိုမြင်တိုင်းလိုက် ကိုက်တတ်ကြသည် မဟုတ်ပေ။ ၎င်းတို့ကိုထိမိ၍ သို့မဟုတ် မလွှဲမရှောင်သာသော အချိန်ကျမှသာ သို့မဟုတ် ၎င်းတို့ကိုတစ်စုံတစ်ခုက အန္တရာယ်ပြုမည်ဟု ထင်မိသောအခါမှာ သူ့ကိုယ်သူ ကာကွယ်သည့်အနေဖြင့် လူကိုကိုက်လိုက်ခြင်းသာ ဖြစ်သည်။ သို့သော် အဆိပ်ရှိသော မြွေဖြစ်စေ၊ အဆိပ်မရှိသောမြွေဖြစ်စေ မြွေကိုမြင်ရင် လူတိုင်းနီးပါး ကြောက်လန့်လေ့ရှိပြီး  မြွေအကိုက် ခံရသော ဒဏ်ရာမှ နာကျင်မှုဖြစ်စေသည်။ မြွေအစွယ်ကြောင့် ဒဏ်ရာအပေါက်မှ သွေးထွက်တတ်ပြီး အဆင်မသင့်ပါက ၎င်းဒဏ်ရာပေါက်မှ တစ်ဆင့် မေးခိုင်ပိုး ဝင်နိုင်သည်။ အကယ်၍ အဆိပ်ပြင်းသောမြွေအကိုက် ခံရပါက ဒဏ်ရာပတ်ဝန်းကျင်မှာ ငါးမိနစ်အတွင်း ပြင်းထန်စွာ ရောင်ရမ်းနာကျင်မှုဖြစ်ကာ  မီးလောင်ဒဏ်ရာကဲ့သို့ အရည်ကြည်ဖုများ ပေါ်ထွက်လာတတ်သည်။  ထို့ပြင် ကိုက်ခံရသောနေရာတစ်ဝိုက်  ကြွက်သားနှင့် အရေပြားတွေ ပျက်စီးသွားပြီးနောက်ဆုံးတွင်   ပုပ်သွားသည်အထိ အခြေအနေ ဆိုးရွားနိုင်သည်။  ကိုက်လိုက်သော မြွေ၏ အစွယ်အနက်၊  သူထုတ်လိုက်သည့် အဆိပ်ပမာဏနှင့် အကိုက်ခံရသော နေရာပေါ်တည်ပြီး အဆိပ်ပျံ့နှံ့မှု ဖြစ်စဉ်မှာလည်း အနှေး၊ အမြန် ကွာခြားသွားသည်။ ဥပမာ ဦးခေါင်းပိုင်း၊ မျက်နှာ၊ လည်ပင်းတို့ကို အကိုက်ခံရပါက နှလုံးသွေးပြန်ကြောနှင့် နီးစပ်သဖြင့် အဆိပ်ပြန့်တာလည်း ပို၍မြန်ဆန်သည်။

မြွေကိုက်ခံရသောအခါ  အလွန်တရာ စိတ်တုန်လှုပ် ချောက်ချားခြင်း ဖြစ်မသွားပါနှင့်။ အောက်ပါနည်းနာများ အတိုင်း သတိဆောင်ထားပါ။- monovalent နှင့်  polyvalent ဟူ၍ မြွေဆိပ်ဖြေဆေး နှစ်မျိုးရှိသည်။ monovalent က သတ်မှတ်ထားသော မြွေအမျိုးအစား တစ်မျိုးတည်း အတွက်သာ သုံးနိုင်ပြီး polyvalent က  မြွေအမျိုးအစား တစ်မျိုးမကသော အဆိပ်များကို  ပြေပျောက်စေသည်။ ထို့ကြောင့် သုံးစွဲရမည့် မြွေဆိပ်ဖြေဆေးသည်လည်း မတူနိုင်၍ မြွေကိုက်ခံရပါက(ဖြစ်နိုင်ပါက) ကိုက်သည့်မြွေကို   တစ်ပါတည်း ဆေးရုံယူသွားပြဖို့ လိုအပ်သည်။

- မြွေဟူသော သတ္တဝါသည် လူကိုကိုက်ပြီးသည်နှင့် အပြေးမြန်ကြသည်။ ထို့ကြောင့် မိမိအကိုက်ခံရသည့် မြွေ၏အဆင်းသဏ္ဌာန်ကို  မှတ်မိအောင် ကြည့်ထားပါ။ (မြွေဟောက်က ပါးပျဉ်းထောင်လေ့ရှိ၍ ခြေမျက်စိအပေါ်ကို ကိုက်တတ်ပြီး မြေပွေးက ခြေမျက်စိအောက်ကို ကိုက်လေ့ရှိသည်။ အဆိပ်ရှိ မြွေ၏ဦးခေါင်းသည်  များသောအားဖြင့်  တြိဂံပုံ သဏ္ဌာန်ဖြစ်သည်)

-  ဒုတိယအကြိမ် ထပ်မံ၍ အကိုက်မခံရအောင် မြွေနှင့် ဝေးရာသို့ ရှောင်ထွက်သွားပါ။  ချုံပုတ်နှင့်ဝေးရာ သို့မဟုတ် ညီညာပြန့်ပြူးသော မြေက စိတ်ချရသည်။

သို့သော် ဟိုးအဝေးကြီးဆီသို့ တစ်ရှိန်ထိုး ထွက်ပြေးဖို့ မလိုအပ်ပေ။ ပြေးလွှားခြင်းက နှလုံးခုန်မြန်ဆန်ကာ ခန္ဓာကိုယ်ထဲသို့ အဆိပ်ပြန့်လွယ်သည်။

-  စိတ်ချရသည့်နေရာဟု ယူဆပါက ငြိမ်ငြိမ်လေး လှဲချ၍ အသက်ကိုမှန်မှန်ရှူပါ။ စိတ်ငြိမ်ငြိမ်ထားပါ။ စိုးရိမ်ထိတ်လန့်ခြင်းက နှလုံးခုန် မြန်ဆန်စေပြီး မြွေဆိပ်တွေ မိမိခန္ဓာကိုယ်အတွင်း မြန်မြန်ပြန့်လာစေတတ်သည်။

- အဆိပ်ပြင်းသော မြွေအကိုက်ခံရပါက ချက်ချင်းဆိုသလို ရောင်ကိုင်းလာစေသည်။ ဥပမာ  ခြေထောက်ကို ကိုက်ခံရပါက  ဖိနပ်ချွတ်ပါ။  ဘောင်းဘီရှည်ဝတ်ထားပါက ခေါက်တင်လိုက်ပါ။  အကယ်၍ လက်ကို အကိုက်ခံရပါက လက်စွပ်၊ လက်ပတ်နာရီကို ချွတ်ပါ။ အင်္ကျီလက်ကို အပေါ်သို့ခေါက်တင်ပါ။

- မြွေကိုက်ဒဏ်ရာ၏ အထက်နားမှ ကြိုးဖြင့်ကြပ်ကြပ် စည်းနှောင်ပါ။ ဓားသန့်သန့်ကို မီးကင်ပြီး ဒဏ်ရာ အနာပေါက်ကိုချဲ့ကာ  မြွေဆိပ်များကို  ပါးစပ်ဖြင့် စုပ်ထွေးထုတ်ပစ်ရမည်ဟု ရှေးယခင်ခေတ်က ဆိုထားကြသော်လည်း ယခုမျက်မှောက်ခေတ်တွင် ဒဏ်ရာကို ဓားဖြင့်ခွဲစိတ်ခြင်းက သွေးထွက်လွန်၍ မြေဆိပ်လည်း ပိုမိုပြန့်တတ်ပြီး မေးခိုင်ပိုးဝင်တတ်၍  ရှေးနည်းကို မသုံးသင့်ပေ။ ထို့ကြောင့် မြွေကိုက်ခံရသောအခါ-

  (က) သွေးနှင့် အဆိပ်ရည်တွေကို ကုန်စင်အောင် ညှစ်ပါ။

  (ခ )  အဆိပ်မပြန့်စေဖို့အတွက်  ဒဏ်ရာ၏ ၂-၃ လက်မအထက်အပေါ်နားက နေ၍ အဝတ်ပတ်တီးကို ခပ်တင်းတင်း စည်းနှောင်ပါ။(နိုင်လွန်ဆွဲသား အဝတ်စတွေကိုမသုံးပါနှင့်၊ သွေးတိတ်ပတ်တီး မစည်းပါနှင့်)

  (ဂ ) ပြင်ပကူးစက်ပိုး မဝင်စေရန် မြွေကိုက်ခံရသော နေရာကို ဆပ်ပြာ၊ ရေသန့်တို့ဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ ကာဘော်လစ်ဆပ်ပြာ သို့မဟုတ် ဒတ်တောလ်ပိုးသတ် ဆပ်ပြာရနိုင်ရင် ပိုကောင်းပါသည်။

  (ဃ) ဒဏ်ရာပေါ် ရေခဲမအုံပါနှင့်။

  (င ) အထက်ဖော်ပြပါ ရှေးဦးသူနာပြုစုပြီးပါက အဆိပ်တွေ မပြန့်အောင်  ငြိမ်ငြိမ်လေးနေပါ။ ဆေးရုံ၊ဆေးခန်းသို့ သွားသောအခါတွင်လည်း ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ငြိမ်ငြိမ်လေးထားပြီး နေပါ။

- တောရွာဓလေ့ ''ပိုးထိတယ်'' ''အကောင်ရှည်ကိုက်တယ်''ဟု ခေါ်ဆိုလေ့ရှိသည်။ အောက်ပါအိမ်တွင်း ကုထုံးလေးများကလည်း မြွေဆိပ်အန္တရာယ်မှ ကာကွယ်ပေးနိုင်သဖြင့် အရေးပေါ် အသုံးပြုနိုင်ရန် မှတ်သားထားသင့်ပါသည်။

  (က) မြင်းခွာရွက်စားပါ။  မြင်းခွာရွက်ကိုကြိတ်၍ ရလာသောအရည်ကို ဒဏ်ရာပေါ်လူးအုံပေးပါ သို့မဟုတ် ဆေးမြင်းခွာရွက် အနီပင်ကို ကျင်ငယ်ရေ(ဆီး)နှင့်သွေး၍   မြွေကိုက်ဒဏ်ရာပေါ် လူးပေးပါ။

  (ခ ) ကြက်သဟင်းရွက် စားပါ။  ကြက်သဟင်းပင် အမြစ်ကိုထောင်းထု၍ ရေစိမ်သောက်ပါ။

  (ဂ ) ဆေးခါးကြီးပင် ခေါ်  ရှမ်းဆေးခါးကြီးပင် အခြောက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်းကို ရေနွေးဆူဆူ မတ်ခွက်ကြီးတစ်လုံးနှင့် ဖျော်၍  လက်ဖက်ရည်ကြမ်း ပန်းကန်  နှစ်လုံးသောက်ပါ။

အကယ်၍ ဆေးခါးကြီးပင်အစိမ်း လတ်လတ်ဆတ်ဆတ် ရရှိပါက  ဆေးပင်လက်တစ်ဆုပ်ကို ရေသုံးပုလင်းထည့်၍  တစ်ဝက်ခန်းအောင် ကျိုပြီးသောက်ပါ။  မြွေကိုက်ခံရသူသည်  ရေအလွန်ဆာတတ်၍ ရေကျက်အေး အသင့် ထားပြီး ဆေးရည်တစ်ဇွန်းခန့် သောက်ပြီးနောက်ရေဆာတိုင်း ၎င်းရေကျက်အေး တိုက်ပါ။ (သတိလစ်၍  သွေးအန်နေသူ လူနာပင်ပြန်လည် ကောင်းမွန်လာနိုင်သည်)

  ( ဃ) မြွေကိုက်ခံရသောအခါ မြွေအစွယ်ရာ နှစ်ပေါက်ဖြစ်သည့်အတွက်  ကြက်ဥ(အစိမ်း)ကို  ၎င်းဒဏ်ရာဖြင့် တိုင်းထွာပြီး  အပေါက်နှစ်ပေါက် ဖောက်၍ ကပ်ပေးပါ။ ကြက်ဥက ဒဏ်ရာထဲက အဆိပ်ကို မိနစ်ပိုင်းအတွင်း စုပ်ယူသွားပါလိမ့်မည်။ လိုအပ်ပါက နောက်ထပ် ကြက်ဥ အသစ်ကို သုံးနိုင်သည်(ကြက်ဥကိုခွဲကြည့်ပါက မြွေဆိပ်တွေ့နိုင်သည်။ ထိုကြက်ဥကို  သေသေချာချာ  စွန့်ပစ်ရန် လိုအပ်သည်)

  (င ) ဣဿရမူလီ အမြစ်ကို  သွေးလိမ်းပေးခြင်းဖြင့် မြွေဟောက်အဆိပ်ကို တစ်မုဟုတ်ချင်း ပြေစေနိုင်သည်။

  (စ ) သကြားသီးအစေ့နှင့် အရွက်တို့ကို ထောင်းထုကာ သတ္တုရည် လိမ်းကျံပေးခြင်းဖြင့် အဆိပ်ပြေစေနိုင်သည်။

  (ဆ ) နေအိမ်ခြံဝင်းထဲတွင်  ပင်စိမ်းပင် စိုက်ပျိုးထားခြင်းဖြင့် မြွေအန္တရာယ်မှ ကင်းဝေးစေနိုင်သည်။မြေကိုက်ဒဏ်ရာပေါ် ပင်စိမ်းရွက်ကို ကြိတ်အုံပေးခြင်းဖြင့် အဆိပ်ပြေစေသည်။

  ( ဇ ) မြွေကိုက်ခံရပါက ဆေးရုံ၊ ဆေးခန်းသို့မသွားခင် အဆိပ်၏စုဖွဲ့မှုကို  အပူနှင့် တိုက်ထုတ်သည့် အနေဖြင့်  ဆားရည်ပျစ်ပျစ် ဖျော်သောက်ပေးပါ။

  (ဈ ) သင်္ဘောသီးအကင်းကို ထိပ်မှဖြတ်ပြီး မြွေအကိုက်ခံရသည့် နေရာတွင်ကပ်ပေးခြင်းဖြင့်   အဆိပ်ပြေကာ အနာအမြန်ဆုံး ကျက်စေသည်။

  (ည) ခြံနှင့်အိမ် ပတ်ဝန်းကျင်ကို ဆီးဖြူသီး ဖြန့်ပစ်ထားပါ။

  (ဋ )  ခြံပတ်ပတ်လည်ကို Kiss me quick ပင်၊ ရှဥ့်မတက်ပင်၊ နှင်းဆီပင် စသည့် ဆူးခက်များ ပါရှိသောအပင်များ စိုက်ပျိုးထားခြင်းဖြင့် မြွေမလာနိုင်အောင် တားဆီးနိုင်သည်။

  (ဌ ) ရှေးမြန်မာကြီးများက မြွေကိုက်ခံရသော လူနာအား  ကျည်းနီသီး၏ အဆန်ကို  မှုန့်ညက်နေအောင်ကြိတ်၍ မျက်စိနှစ်ဖက်စလုံးမှာ ခတ်ပေးခြင်းဖြင့်  အသက်ချမ်းသာရာ ရစေသည်ဟု အဆိုရှိသည်။

  (ဍ ) ရှေးမြန်မာကြီးများ လက်ထက်က ပိုးထိသော သူ၏ဒဏ်ရာမှ အဆိပ်ကို ရှေးဦးသူနာပြုစုနည်း ပါးစပ်ဖြင့်စုပ်ထုတ်စဉ် ၎င်းအဆိပ်သည် ပါးစပ်ထဲသို့   မတော်တဆဝင်၍ မျိုချမိပါက  ထိုပြဿနာအတွက် ဆင်ချေး(မစင်)ကို သွေး၍ သောက်ခြင်းဖြင့် အဆိပ်ဖြေခဲ့ကြသည်။

  (ဏ) အဆိပ်ရှိသော မြွေ၊ ကင်း အကိုက်ခံရပါက ၎င်းဒဏ်ရာပေါ်သို့ ကျည်ဆန်ကို ကပ်ထားပေးပါ။  ၎င်းကျည်ဆန်က ဒဏ်ရာထဲရှိ အဆိပ်များကို  ပြင်ပသို့  အလိုအလျောက် ထွက်ရှိလာအောင် စုပ်ယူပေးနိုင်သည်။

မြွေအကိုက်မခံရအောင် မြက်ဖုတ်များ၊ မြေတွင်းများနှင့် သစ်ခေါင်းပေါက်များကို ဝေးဝေးရှောင်ပြီး သွားလာပါ။အိမ်မွေးခွေးများက မြွေအန္တရာယ်ကို  ကြိုသိမြင်တတ်သဖြင့်  ခွေးတွေ စူးစူးဝါးဝါးဟောင်သောအခါ  ဂရုတစိုက် စစ်ဆေးပါ။ ညဘက်အပြင်ထွက်သည့်အခါ  လက်နှိပ်ဓာတ်မီး ဆောင်ထားပါ။ ထို့ပြင် မြွေကို အသံဖြင့်ခြောက်လှန့်သည့် အနေဖြင့်  တုတ်ရှည်ရှည် ဆောင်သွားပါ။ရေမြောင်းများ ဆယ်၍ ခြံအစပ်များကို ခုတ်ထွင် ရှင်းလင်းပါ။ မြွေရှိတတ်သည့် တချို့မြို့နယ်များတွင် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်ကို သန့်ရှင်းရေး ဂရုစိုက်ကြပါရန်နှင့် မိမိအိပ်ရာခုတင်အပေါ်၊ အောက်တို့ကို သတိနှင့်ဆင်ခြင်၍ မြွေအန္တရာယ်မှ ကာကွယ်ကြပါရန်  သတိပေး နှိုးဆော်လိုက်ရပါသည်။     

ပေါက်ပေါက်

Read 120 times
Rate this item
(0 votes)
Last modified on Monday, 29 July 2019 12:15