SJ WorldNews - шаблон joomla Авто

ဟေမိုဂလိုဘင်အကြောင်း သိကောင်းစရာ

Tuesday, 30 July 2019 10:28 Written by  font size decrease font size decrease font size increase font size increase font size

ဟေမိုဂလိုဘင်ဆိုသည်မှာ လူ့ခန္ဓာကိုယ်သွေးတွင် ပါဝင်သော သွေးနီဥအတွင်းရှိ ပရိုတင်း တစ်မျိုးဖြစ်သည်။ ဟေမိုဂလိုဘင်သည် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အောက်ဆီဂျင်ကို ဆဲလ်များဆီသို့ ပို့ဆောင်ရာတွင် လည်းကောင်း၊ ခန္ဓာကိုယ်က မလိုအပ်၍ စွန့်ထုတ်လိုက်သည့်  ကာဗွန်ဒိုင် အောက်ဆိုက်ကို  အသက်ရှူထုတ်ခြင်းဖြင့် အပြင်သို့ စွန့်ထုတ်ရန် အဆုတ်ဆီသို့ ပို့ဆောင်ရာတွင် လည်းကောင်း အဓိက လုပ်ဆောင်ပေးသည်။

လူတစ်ဦးတွင် ရှိရမည့် ဟေမိုဂလိုဘင်ပမာဏထက် လျော့နည်းပါက အဆိုပါလုပ်ငန်းများကို အပြည့်အဝ လုပ်ဆောင်နိုင်ခြင်းရှိမည် မဟုတ်ချေ။ သို့ဖြစ်၍ ခန္ဓာကိုယ်အတွက် အောက်ဆီဂျင် လုံလောက်စွာ မရရှိခြင်း၊ အညစ်အကြေးဖြစ်သည့်   ကာဗွန်ဒိုင်အောက်ဆိုက်များ စုပုံနေခြင်းတို့ကြောင့် မောပန်းလွယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ အားနည်းခြင်း စသည့် လက္ခဏာများ ခံစားရသည့်အပြင်   သွေးအားနည်း လက္ခဏာများဖြစ်သည့် အရေပြားနှင့် သွားဖုံးအရောင် ဖျော့တော့ခြင်း၊    နှလုံးခုန်နှုန်းမမှန်ခြင်း၊ အရေပြားပေါ်တွင် သွေးကွက်များပေါ်ခြင်း     စသည်တို့ခံစားရမည် ဖြစ်သည်။

သာမန်လူတစ်ဦးအတွက်  ရှိရမည့် ဟေမိုဂလိုဘင်ပမာဏမှာ အမျိုးသား ဆိုလျှင် ၁၃.၅ g/dl ဖြစ်၍ အမျိုးသမီးဆိုလျှင်   ၁၂.၅ g/dlဖြစ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊  နာတာရှည်အသည်းနှင့် ကျောက်ကပ်ရောဂါ ခံစားနေရသူများတွင် ဟေမိုဂလိုဘင်ပမာဏ လျော့နည်းနိုင်သည်။

သာမန်လူတစ်ဦးအတွက်  ၎င်းပမာဏထက် လျော့နည်းပါက သွေးအားနည်းရောဂါ ခံစားရသည်ဟု   အကြမ်းဖျင်း မှတ်ယူနိုင်မည်ဖြစ်သည်။

သွေးအားနည်းစေသည့် အကြောင်းခြင်းရာများမှာ သွေးထုတ်ရာတွင် လိုအပ်သည့်    ဓာတ်များ (သံဓာတ်၊ ဗီတာမင်ဘီတွဲဓာတ်)၊ ဖောလိတ်ဓာတ် ချို့တဲ့ခြင်း၊ သွေးယိုစီးမှုရှိနေခြင်း (ဥပမာ-ချောင်းဆိုးသွေးပါ အကြိမ်ရေ များခြင်း၊ လိပ်ခေါင်းရောဂါကြောင့် ဝမ်းသွားတိုင်းသွေးပါခြင်း)၊ သွေးကို အဓိက ထုတ်လုပ်သည့် အရိုးများတွင် ကင်ဆာရောဂါ ခံစားနေရခြင်း၊ အသည်းရောဂါနှင့် ကျောက်ကပ်ရောဂါများ ခံစားနေရခြင်း၊ မွေးရာပါသွေးအားနည်းရောဂါ ခံစားနေရခြင်းနှင့် သိုင်းရွိုက်အကျိတ်မှ ဟော်မုန်းမထုတ်နိုင်ခြင်း စသည်တို့ဖြစ်သည်။ ဟေမိုဂလိုဘင် နည်းစေနိုင်သည့် အခြားအကြောင်း အရာများမှာ အဆုတ်ရောဂါ ခံစားနေရခြင်း၊ ဆေးလိပ်အလွန်အကျွံ သောက်သုံးခြင်း၊ မီးလောင်/ရေနွေးပူ လောင်ခြင်းနှင့် လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခြင်းတို့ဖြစ်သည်။

ဟေမိုဂလိုဘင်ပမာဏ လျော့နည်းခြင်းအား ကာကွယ်နိုင်ရန် အောက်ပါ အချက်လေးချက်ကိုဂရုပြု ဆောင်ရွက်သင့်သည်။

သံဓာတ်များစွာ ပါဝင်သည့် အစားအစာများ စားခြင်း

သံဓာတ်သည် ဟေမိုဂလိုဘင် ထုတ်လုပ်ရာတွင် အားပေးကူညီသော အဓိက ဓာတ်တစ်မျိုးဖြစ်သည်။ သံဓာတ်ကြွယ်ဝသော အစားအစာများမှာ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊  အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်များ(ကန်စွန်း၊ ကိုက်လန်၊ မုန်ညင်း)နှင့် ပဲနို့ စသည်တို့ဖြစ်သည်။  ဟေမိုဂလိုဘင် မလျော့နည်းစေရန် နေ့စဉ်စားသုံးသော အစားအစာများတွင် သံဓာတ်ြ<ွကယ်ဝသော အစားအစာများ ပါဝင်အောင် စားသုံးသင့်သည်။

ဖောလိတ်ဓာတ်များ ပါဝင်သည့် အစားအစာများ စားခြင်း ဖောလိတ်သည် ဗီတာမင်ဘီ တစ်မျိုးဖြစ်၍ ဟေမိုဂလိုဘင် ထုတ်လုပ်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သည်။  ခန္ဓာကိုယ်သည် ဖောလိတ်ဓာတ်အား ဟေမိုဂလိုဘင်မှ ဟေမို(ဟေမင်) အပိုင်းကို ထုတ်လုပ်

ရာတွင်အသုံးပြုသည်။ ၎င်းအပိုင်းသည် အောက်ဆီဂျင်ကို သယ်ဆောင်သော အစိတ်အပိုင်းဖြစ်သည်။ ဖောလိတ်ဓာတ် လျော့နည်းပါက သွေးနီဥများမှာ စံချိန်မမီခြင်းနှင့် ပြိုကွဲလွယ်ခြင်းများဖြစ်စေကာ ဟေမိုဂလိုဘင် ပမာဏကို လျော့နည်းစေသည်။ ထို့ကြောင့် ဖောလိတ်ဓာတ်ကြွယ်ဝသည့် အစားအစာများဖြစ်သော အနီရောင်ရှိသည့် အသား (ဥပမာ-  အမဲသား)၊  ထမင်း၊ မြေပဲ၊ ပဲကြီး၊ ထောပတ်သီးနှင့် ဆလတ်ရွက်တို့ကို စားသုံးပေးရမည်ဖြစ်သည်။

ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို အားပေးစေခြင်း

ဟေမိုဂလိုဘင် မနည်းစေရန် သံဓာတ်ကြွယ်ဝသည့် အစားအစာများ စားသုံးရန် လိုအပ်သကဲ့သို့ ခန္ဓာကိုယ်မှ ထိုသံဓာတ်များကို စုပ်ယူရန်မှာလည်း အရေးကြီးသော အချက်တစ်ချက်ဖြစ်သည်။ ဗီတာမင်စီ နှင့် ဗီတာမင်အေ တို့သည် ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို အားပေးစေသော ဓာတ်များဖြစ်သည်။ သို့ဖြစ်၍ ဗီတာမင်စီ ကြွယ်ဝသည့် အစားအစာများ (ဥပမာ- လိမ္မော်သီး၊ သံပရာသီး၊ စတော်ဘယ်ရီသီး၊ ရှောက်သီး)နှင့် ဗီတာမင်အေ ကြွယ်ဝသည့် အစားအစာများ (ဥပမာ-ငါးအမျိုးမျိုး၊ အသည်း၊ ကန်စွန်းဥ၊ အစိမ်း

ရောင်ရှိ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဖျော်ရည်များ)ကို နေ့စဉ်စားသုံးရမည်ဖြစ်သည်။ ထို့ပြင် ဘီတာ-ကယ်ရိုတင်း ဓာတ်သည်လည်း သံဓာတ်စုပ်ယူမှုကို အားပေးသည်။ ဘီတာ-ကယ်ရိုတင်းဓာတ်သည် အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်ရှိသော အစားအစာများ ဖြစ်သည့် မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ သရက်သီးမှည့်နှင့် ခရမ်းချဉ်သီး စသည်တို့တွင် များစွာပါဝင်သည်။

သံဓာတ်အားဖြည့်ဆေးများ သောက်သုံးခြင်း

သံဓာတ်ကို ဆေးဝါးမှ တစ်ဆင့်လည်း ရယူနိုင်မည်ဖြစ်သည်။ ဟေမိုဂလိုဘင် အလွန်အမင်း လျော့နည်းနေပါက သံဓာတ် အားဖြည့်ဆေးများကို သောက်သုံးရမည်ဖြစ်သည်။ သို့သော် ခန္ဓာကိုယ်တွင် သံဓာတ်ရှိသင့်သည့် ပမာဏထက် ပိုနေပါက အန္တရာယ်ရှိနိုင်သည်ကို   သတိပြုရမည်ဖြစ်သည်။ သံဓာတ်များပြားနေပါက ဝမ်းချုပ်ခြင်း၊ ပျို့အန်ခြင်း စသည်တို့ ခံစားရကာ အသည်း ပျက်စီးစေနိုင်သည်။ သို့ဖြစ်၍ အစားအစာမှ ရသော သံဓာတ် သည် ဘေးကင်းစိတ်ချရပြီး သံဓာတ် အားဖြည့်ဆေးများကို အလွန်အကျွံ သောက်သုံးခြင်းမပြုဘဲ ဆရာဝန်/တတ်ကျွမ်း နားလည်သူများ၏ ညွှန်ကြားချက်အတိုင်းသာ သောက်သုံးသင့်ပါသည်။

အထက်ပါဆွေးနွေးခဲ့သည့် အချက်လေးချက်ကို သိရှိခြင်းဖြင့် ဟေမိုဂလိုဘင် လျော့နည်းခြင်း မဖြစ်စေရန် ဆောင်ရွက်နိုင်မည်ဖြစ်သည်။  ထိုအချက်များကို လိုက်နာဆောင်ရွက်သော်လည်း ဟေမိုဂလိုဘင် ပမာဏလျော့နည်းနေပါက ဆရာဝန်နှင့်ပြသပြီး လိုအပ်သည့်ကုသမှုများ( ဥပမာ- သွေးသွင်းခြင်း)ကို ခံယူရမည်ဖြစ်သည်။

လူတစ်ဦးသည် ခွဲစိတ်ကုသမှုခံယူရပါက ဟေမိုဂလိုဘင်သည် အရေး

ကြီးသော  သွေးစစ်ဆေးချက်ဖြစ်သည်။   ဟေမိုဂလိုဘင် နည်းနေပါက ခွဲစိတ်မှုအတွက် ကြိုတင်ပြင်ဆင်သည့်အချိန်  ပိုမိုကြာမြင့်မည်ဖြစ်သည်။ အရေးပေါ် ခွဲစိတ်မှုများတွင်လည်း   ပုံမှန်ဟေမိုဂလိုဘင် ရှိသောသူထက် သွေးပိုသွင်းရခြင်း၊ အနာကျက်နှုန်း နှေးခြင်းနှင့် အောက်ဆီဂျင်များ ပိုမိုအပေးခံရခြင်း စသည်တို့ ကြုံတွေ့လာနိုင်သည်။ ဆေးလိပ်သောက်သုံးခြင်းသည် ဟေမိုဂလိုဘင် နည်းစေနိုင်သော အချက်တစ်ချက် ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသကဲ့သို့ နေ့စဉ် စားသုံးနေသော အစားအစာများတွင် လတ်ဆတ်သော အသား၊ငါးနှင့် ဟင်းသီးဟင်းရွက် များကို စုံလင်အောင် စားသုံးရမည်ဖြစ်သည်။ သို့မှသာ သွေးအားနည်းခြင်း၊   ဟေမိုဂလိုဘင်နည်းခြင်းတို့မှ ကင်းဝေးပြီး ကျန်းမာရွှင်လန်းသော  ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။   

ကိုလွင်ဘို (မေ့ဆေး)

Read 70 times
Rate this item
(0 votes)
Last modified on Tuesday, 30 July 2019 10:29