SJ WorldNews - шаблон joomla Авто

အဆုတ်ကင်ဆာ ကြိုတင် ရှာဖွေနိုင်သလား

Thursday, 01 August 2019 11:59 Written by  font size decrease font size decrease font size increase font size increase font size

ဆရာရှင့်။ ။ ကျွန်မရဲ့ဖခင်ဟာ အသက် ၆ဝ ရှိပါပြီ။ လွန်ခဲ့တဲ့ခြောက်လလောက်က ပုံမှန်ဆေးစစ်တဲ့ အနေနဲ့ ရင်ဘတ်ဓာတ်မှန်၊ တီဗွီဓာတ်မှန်နဲ့ သွေးဖောက်စစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဘာမှထူးခြားချက် မရှိပါဘူး။

အဲလိုစစ်ဆေးပြီး လေးလအကြာမှာ လမ်းလျှောက်ရင် မောပြီး အစားအသောက် ပျက်လာတာကြောင့် အီးစီဂျီဆွဲပြီး ဓာတ်မှန်ပြန်ရိုက်တဲ့အခါမှာ အဆုတ်ထဲ ရေဝင်နေတာကိုတွေ့ရလို့ ကွန်ပျူတာဓာတ်မှန် ထပ်ရိုက်ရပါတယ်။ အဲဒီမှာ အဆုတ်ကင်ဆာ အကျိတ်ကို ရှာတွေ့ပါတယ် ဆရာ။ ကျွန်မသိချင်တာက ဓာတ်မှန်မှာမပေါ်ဘဲ လေးလအတွင်း ကင်ဆာဖြစ်လာနိုင်လားဆရာ။ အခြားကင်ဆာတွေမှာ ရောဂါမရှိခင်ကတည်းက ကြိုတင်စစ်ဆေးနိုင်သလို အဆုတ်ကင်ဆာမှာရော ကြိုပြီးမရှာနိုင်ဘူးလားရှင့်။ အဆုတ်ဓာတ်မှန် ရိုက်တာကရော မပြည့်စုံဘူးလားဆရာ။ ပြီးတော့ အဖေက ဆေးလိပ်မသောက်တတ်သူ ဖြစ်လျက်နဲ့ အဆုတ်ကင်ဆာ ဘာလို့ဖြစ်ရတာပါလဲ။ အခုတော့ အဆုတ်လေပြွန်ထဲ မှန်ပြောင်းကြည့်ပြီး အသားစ ယူထားပါတယ်ဆရာ။ အသားစအဖြေကိုစောင့်နေပါတယ်။

ဖြေ။  ။ ကြားရတာ စိတ်တော့ မကောင်းစရာပါပဲ။ အဆုတ်ကင်ဆာလူနာတွေမှာဒီလိုဖြစ်တတ်တာအကြိမ်ကြိမ် ကြုံဖူးပါတယ်။ဆေးလိပ် မသောက်တတ်တဲ့သူဆိုတော့ ပိုဆိုးတာပေါ့။ မြန်မာပြည်မှာ မပြောနဲ့ အမေရိကန်ပြည်ထောင် စုမှာတောင် အဆုတ်ကင်ဆာ လူနာများရဲ့ ၇ဝ ရာခိုင်နှုန်းဟာ အဆင့်(၃)၊ အဆင့်(၄)ရောက်မှ နောက်ကျမှ သိကြရတာမျိုးပါ။ ဒီလိုအဆင့်မျိုးဆိုရင်လည်း လူနာ ၁ဝ ဦးမှာ တစ်ဦးလောက်ပဲ နောက်ထပ်ငါးနှစ် အသက်ရှင်နိုင်ခြေရှိပါတယ်။

အဆုတ်ကင်ဆာတွေကိုကြိုသိအောင် ရင်ဘတ်ဓာတ်မှန်နဲ့ ခန့်မှန်းဖို့ သတ်မှတ်ထားတာ မရှိသေးပါ။ ရောဂါလက္ခဏာတွေရှိမှ ဓာတ်မှန်ရိုက်ကြလေ့ ရှိပါတယ်။ အနောက်နိုင်ငံများမှာတော့ ကွန်ပျူတာ ဓာတ်မှန်(CTScan) နဲ့ အဆုတ်ကင်ဆာကို ကြိုတင်ရှာဖွေဖို့ ကြိုးစားခဲ့ကြဖူးပါတယ်။ ထင်သလောက် မအောင်မြင်ပါ။ကင်ဆာမဟုတ်တဲ့ အခြားအကျိတ်အလုံးတွေသာ တွေ့ရလေ့ရှိပြီး မလိုအပ်ဘဲ ဆေးကုသခံရပြီး များပြားတဲ့ ပြဿနာနဲ့ကြုံတွေ့ ရပါတယ်။ ကွန်ပျူတာဓာတ်မှန်ထဲမှာ အဆုတ်ထဲ အကျိတ်ကလေးတွေ့ရလို့ အဲဒီအကျိတ်ဟာ တစ်စင်တီမီတာအောက် သေးရင်  ကင်ဆာဖြစ်နိုင်ခြေ ၁ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိပါသတဲ့။

ကင်ဆာရောဂါများဟာ သူတို့သန္ဓေတည်လာတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများ အပေါ်မူတည်ပြီး သဘောသဘာဝ မတူညီကြပါဘူး။ အချို့ကင်ဆာများဟာ ကင်ဆာရောဂါ ပီပီပြင်ပြင်ဖြစ်လာဖို့ သုံး၊ လေးနှစ်လောက် အချိန်ယူရတယ်။ အချို့ကင်ဆာများ ကျတော့ လအနည်းငယ်ပဲ အချိန်ယူရပါတယ်။

ကြီးထွားမှုနှုန်းမြန်တဲ့ ကင်ဆာတွေပေါ့လေ။ အဲဒီလ အနည်းငယ်အတွင်းမှာကိုပဲ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတတ်ကြပါတယ်။ Screening ခေါ်တဲ့ ကြိုတင်ရှာဖွေနိုင်တဲ့ ကင်ဆာအချို့ကိုဖော်ပြရရင် သားအိမ်ခေါင်းကင်ဆာနဲ့ အူမကြီး ကင်ဆာတွေဖြစ်ပါတယ်။

အဲဒီကင်ဆာတွေဟာ ဖြည်းဖြည်းချင်း ဖြစ်လာတတ်တာမို့ တစ်နှစ်မှာ တစ်ကြိမ်စစ်ဆေးရင်တောင်  ကင်ဆာကိုမိပါတယ်။  အဆုတ်ကင်ဆာလို ရောဂါမျိုးကျတော့ တစ်နှစ်မှာ တစ်ကြိမ်ရောဂါရှာရင် အဲဒီတစ်နှစ် အတွင်းမှာကို ကင်ဆာက ပျံ့နှံ့ဖြစ်ပွား သွားတတ်တာမျိုးပါ။ မမီနိုင်ဘူးပေါ့လေ။ ကင်ဆာ ပီပီပြင်ပြင်ကြီးဖြစ်ဖို့ လအနည်းငယ်ပဲလိုတဲ့ သဘောပေါ့။ ဒါကြောင့်လည်း အခုလူနာမှာ ဓာတ်မှန်ရိုက်ပြီး လအနည်းငယ်အတွင်းမှာပဲ ကင်ဆာဖြစ်သွားတာပေါ့။ အဲဒါကြောင့်မို့လည်း အဆုတ်ကင်ဆာတွေကို ကြိုတင်ရှာဖွေလို့ မရတာ၊ မအောင်မြင်နိုင်တာဖြစ်ပါတယ်။

ဆေးလိပ်အသောက်များတဲ့သူတွေက ငွေကြေးတတ်နိုင်လွန်းလို့ ကွန်ပျူတာ ဓာတ်မှန်ပုံမှန်ရိုက်ပြီး အဆုတ်ကင်ဆာကို စစ်ဆေးသင့်သလားလို့ မေးလာရင် မြန်မာပြည်လက်ရှိ အခြေအနေနဲ့ မရိုက်သင့်သေးပါလို့ပဲ ဖြေရပါမယ်။ အမေရိကန် ပြည်ထောင်စုမှာ ပြုလုပ်ထားတဲ့ သုတေသနတစ်ခုမှာ  ကွန်ပျူတာ ဓာတ်မှန်ရိုက်တဲ့လူနာ ၆၉ဝဝ မှာ ရင်ဘတ်ထဲ သံသယဖြစ်ဖွယ် အကျိတ်တွေ တွေ့တဲ့အခါ လူနာ ၆၇ဝဝ ကျော်က အဆုတ်ကင်ဆာ တကယ်မရှိသူတွေ ဖြစ်နေပါတယ်တဲ့။ သဘောက ကွန်ပျူတာဓာတ်မှန်ဟာ အဆုတ်ကင်ဆာ မရှိဘဲ ရှိတယ်လို့ အမြင်မှားမှုတွေဖြစ်စေတာကို ပြပါတယ်။

ဒါကြောင့်မို့ ယနေ့ခေတ်မှာ အဆုတ်ကင်ဆာ လူနာအားလုံးကို အသားစ အဖြေရအောင် ယူကြရတာပါ။ လည်ပင်းမှာ အကျိတ်ရှိနေရင် အဲဒီအကျိတ်က အသားစယူမယ်။ လေပြွန်ထဲကို မှန်ပြောင်းထည့်ပြီး လေပြွန်အသားစယူမယ်။ အဆုတ်အမြှေးပါးတွေထဲမှာ  ရေရှိနေရင် အဆုတ်အမြှေးပါးကို ဖောက်ပြီး အသားစယူမယ်။  အသားစရမှသာလျှင် ကင်ဆာလို့ သေချာပြီး ဆေးကုနေကြပါတယ်။ ရင်ဘတ်ဓာတ်မှန်၊ ကွန်ပျူတာ ဓာတ်မှန်အဖြေတွေနဲ့ပဲ ဆေးကုဖို့ မည်သည့်ကင်ဆာကိုမဆို အခက်အခဲရှိပါတယ်။ အသားစအဖြေတွေအပေါ်မူတည်ပြီးတော့ ဆေးကုသမှု ပုံစံတွေ၊ လူနာအသက်ရှင်မှုနှုန်းတွေ အများကြီး ကွာခြားသွားနိုင်ပါတယ်။

အဆုတ်ကင်ဆာလူနာ ၁ဝ ဦးမှာ တစ်ဦး သို့မဟုတ် နှစ်ဦးက ဆေးလိပ်မသောက်သူတွေ ဖြစ်နေတတ်ပါတယ်။  ဒီကနေ့ခေတ်မှာ  ကိုယ်တိုင်က ဆေးလိပ်မသောက်သော်လည်းပဲ ဘေးပတ်ဝန်းကျင်က ဆေးလိပ်ငွေ့တွေကြောင့် Second hand smoke လည်း အဆုတ်ကင်ဆာ ဖြစ်နိုင်တယ်ဆိုတဲ့ သက်သေတွေရှိနေပါပြီ။    ဆေးလိပ်ငွေ့ကြောင့် မဟုတ်ဘဲ    အရှေ့တောင်အာရှသားတွေမှာ အဖြစ်များတဲ့ အဆုတ်ကင်ဆာ တစ်မျိုးရှိပါတယ်။ Adenocarcinoma လို့   အသားစအဖြေမှာ ထွက်ပါတယ်။   အဲဒီလို ကင်ဆာမျိုးဆိုရင်တော့ အသေးပိုစိတ်တဲ့ စစ်ဆေးမှု(EGFR)ဆိုတာကို လုပ်ရပါတယ်။

မြန်မာပြည်မှာ လုပ်လို့ရနေပါပြီ။ ငွေကျပ် ၁ဝဝဝဝဝ ဝန်းကျင်ခန့် ကျသင့်ပါတယ်။ အဲဒီလိုကင်ဆာမျိုးဆိုရင်တော့ အသက်ကို နှစ်နှစ်မှ လေးနှစ်လောက်အထိ ပိုရှည်အောင် ကုသတဲ့ဆေးဝါးသစ်တွေ ရှိနေပါတယ်လို့  ဖြေကြားလိုက်ပါရစေ။   

ဒေါက်တာ လွှမ်းမိုးဟန်

Read 67 times
Rate this item
(0 votes)
Last modified on Thursday, 01 August 2019 12:00