SJ WorldNews - шаблон joomla Авто

မိုးတွင်းကာလနှင့်ဂေါက်ရောဂါ

Saturday, 03 August 2019 12:15 Written by  font size decrease font size decrease font size increase font size increase font size

ယခု အချိန်ကာလသည် မိုးတွင်းကာလဖြစ်သည်နှင့်အညီ စိုထိုင်းစွတ်စိုမှုများ လျက်ရှိ သည်။ စိုထိုင်းစွတ်စိုမှုများသော ကာလဒေသတွင် အနေများသူများ အနေဖြင့် အအေး မိခြင်း၊ လေဖြတ်ခြင်းနှင့် ဂေါက်ရောဂါများ ပိုမိုဖြစ်ပွားနိုင်သည်။

သို့ဖြစ်ပါသောကြောင့် မိုးတွင်းကာလတွင် အဖြစ်များသော ရောဂါများထဲမှ တစ်ခုဖြစ် သည့် ဂေါက်ရောဂါအကြောင်း တင်ပြပေးလိုသည်။ ဂေါက်ရောဂါကို အနောက်တိုင်း ဆေးပညာ အားဖြင့်လည်း Gout ဟုခေါ်သည်။ တိုင်းရင်း ဆေးပညာရပ် ဝေါဟာရ အားဖြင့် Vata rakta ဟုခေါ်သည်။ Vata rakta ဆိုသည်မှာ တိုင်းရင်း ဆေးပညာနည်း စနစ်အားဖြင့် Vatiated vata dosha နှင့် Vitiated rakta တို့ကြောင့်ဖြစ်ပြီး ခန္ဓာကိုယ် တွင် အဆစ်များရောင်ခြင်း၊ နာကျင်ခြင်း လက္ခဏာများနှင့် ဖြစ်ပွားလေ့ရှိသည့် ရောဂါ ဖြစ်သည်။

ဂေါက်ရောဂါသည် အမျိုးသားများတွင် အဓိကဖြစ်လေ့ရှိသည်။ အမျိုးသား ၁ဝ ဦးဖြစ် ပွားလျှင် အမျိုးသမီး တစ်ဦးလောက်သာ ဖြစ်လေ့ရှိသည်။ အမျိုးသားများဖြစ်သည်ဆို ရာတွင်လည်း လူငယ်ပိုင်းတွင် ဖြစ်လေ့မရှိဘဲ အသက် ၄ဝ ကျော်အရွယ်တွင်သာ အဖြစ်များ လေ့ရှိသည်။ အမျိုးသမီးများတွင် ဖြစ်လေ့ရှိသော ဂေါက်ရောဂါသည် အခြား ရောဂါများ ဖြစ်ပွားရာ၏ နောက်ဆက်တွဲ အနေနှင့် ဖြစ်ပွားခြင်းသာဖြစ်သည်။

ဂေါက်ရောဂါ ဖြစ်ကြောင်းများမှာ ဆန့်ကျင်ဘက် အစားအစာများ အစားများခြင်း၊ တာ ရှည်ခံစေရန် ပြုလုပ်ထားသော အသားများ၊ ရေနေသတ္တဝါများ၏ အသားများနှင့် အသားခြောက်များကို စားသောက်မှုများခြင်း၊ နှမ်းဆီဖြင့်ပြုလုပ် ထားသောမုန့်များ၊ နှမ်း မုန့်များ စသည်တို့ကို အစားများခြင်း၊ အရက်သောက်ခြင်း၊ ညတွင် အိပ်မပျော်ခြင်း၊ ဆန့်ကျင်ဘက် အစားအစာများစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ အထိုင် များခြင်း၊ ခြေတွဲလောင်းချ ထိုင်သည့်ပုံစံဖြင့် ထိုင်လျက် ယာဉ်၊ ရထားများနှင့် ခရီးသွား များခြင်း၊ ခြေကျင်ခရီး များစွာသွားခြင်း၊ သွေးအတွင်း ယူရစ်အက်စစ်များခြင်း တို့ဖြစ် သည်။ အထက်ပါ အကြောင်းများကြောင့် ပျက်စီးသည့် vata dosha နှင့် Vitiated rakta တို့သည် သွေးကြောများမှတစ်ဆင့် လှည့်ပတ်ကာ ခြေထောက်တွင် ခြေမဆစ်နှင့် လက်တွင် လက်မဆစ်တို့၌ ရောဂါဖြစ်လာခြင်း ဖြစ်သည်။

တိုင်းရင်း ဆေးပညာ နည်းစနစ်အရ ပုဗ္ဗရုပ်လက္ခဏာများမှာ ချွေးမထွက်ခြင်း သို့မဟုတ် ချွေးလွန်စွာ ထွက်ခြင်း၊ အရေပြားတွင် အစက်အပြောက်များ ဖြစ်ပေါ်ခြင်း၊ ထိခိုက်မိ လျှင်လွန်မင်းစွာ နာကျင်ခြင်း၊ အဆစ်များ တင်းခြင်းနှင့် လေးလံခြင်း၊ အနာပဆုပ်နှင့် သွေးစုနာများ ပေါက်တတ်ခြင်း၊ ဖြစ်သော အဆစ်များတွင် လွန်မင်းစွာနာကျင်ခြင်း၊ အရေပြား အရောင်ပြောင်းခြင်းနှင့် အရေပြားတွင် အဖုများ ပေါက်ခြင်းတို့ ဖြစ်သည်။

ရောဂါဖြစ်သည့် အဆစ်များတွင် အလွန်နာကျင်ခြင်း၊ တင်းခြင်း၊ နီမြန်းရောင်ရမ်းခြင်းနှင့် ပူနေခြင်း တို့ရှိပြီး ရုတ်တရက်ဖြစ်ပွားမှုပုံစံတွင် အများအားဖြင့် ဖျားလေ့ရှိသည်။ ထို့ အတူ ဂေါက်အဆစ် ရောဂါရှင်များတွင် အရေပြား နီမြန်းခြင်းနှင့်  အနီဖုများပေါက်ခြင်း၊ အရေပြား အရောင်ပြောင်းခြင်းနှင့် အလွန်အမင်းယားယံခြင်း စသည့်ဓာတ်မတည့်သည့် လက္ခဏာများကိုလည်း တွေ့ရှိနိုင်သည်။ ချွေးလုံးဝမထွက်ခြင်း သို့မဟုတ် ချွေးလွန်စွာ ထွက်ခြင်း၊ ကြွက်သားနှင့်  အရိုးတို့တွင်  လွန်စွာနာကျင်သည့် လက္ခဏာများလည်း ဖြစ်ပေါ်လေ့ရှိသည်။

ကျွန်မတို့ တိုင်းရင်းဆေးပညာ နည်းစနစ်အားဖြင့် ဂေါက်ရောဂါအား ဖောက်ပြန်သည့် ဒေါသကို လိုက်၍ ခွဲခြားထားပုံကို တင်ပြပေးလိုသည်။ ဝါတ(လေ) ဒေါသဖောက်ပြန် သည့်အခါ ဂေါက်ရောဂါတွင် အဓိက လက္ခဏာအဖြစ် နာကျင်မှုဖြစ်၍ လက်ချောင်းများ တွင်ပိုမိုဖြစ် ပွားလေ့ရှိသည်။ ပိတ္တ(သည်းခြေ) ဒေါသဖောက်ပြန်သည့်အခါ ဂေါက်ရောဂါ တွင် အဆစ်များ ရောင်ရမ်းခြင်း၊ အဖျားနှင့် ယှဉ်တွဲဖြစ်တတ်ပြီး ဝမ်းလျှောခြင်း၊ ချွေး ထွက်များခြင်း၊ ရေငတ်ခြင်း၊ သတိမေ့မြောတတ်ခြင်းနှင့် ကောင်းစွာ မကုသခဲ့သော် ပုပ်ဆွေး နာများဖြစ်ခြင်း၊ အနာများဖြစ်ခြင်းနှင့် အမြဲတမ်းရောဂါ အဖြစ်စွဲကပ် နေနိုင် သည်။

ကဖ္ဖ(သလိပ်) ဒေါသဖောက်ပြန်သည့် ဂေါက်ရောဂါတွင် အဆစ်များသည် အသင့် အတင့်သာ နာကျင်သော်လည်း အဓိကလက္ခဏာမှာ အဆစ်များရောင်ရမ်း မှုများစွာ ဖြစ်ပြီး တောင့်တင်းခြင်း၊ လေးလံခြင်းများ ဖြစ်ပေါ်တတ်သည်။  ရတ္တဖောက်ပြန်သည့် ပုံစံတွင် နာကျင်ခြင်းနှင့် ဖောရောင်ခြင်းတို့သည် အဓိက လက္ခဏာဖြစ်သည်။ ရတ္တဖောက် ပြန်သည့် ပုံစံတွင် စွဲကပ်ဖြစ်ပွားသည့် အင်္ဂါရပ်ကို လိုက်၍ နှစ်မျိုးခွဲခြား ထားသည်။ ဥတ္တန ဝါတရတ္တ ပုံစံငယ်တွင် အပေါ်ယံ အရေပြားကို စွဲကပ်သည့် ပုံစံဖြစ်ကာ လက္ခဏာများ အနေဖြင့် အပေါ်ယံ အရေပြားများ နီပုပ်သောအ ရောင်ရှိခြင်း၊ အနက်ရောင်ပြောင်းခြင်း၊ နာကျင်ခြင်း၊ အတွေ့အထိပူခြင်း၊ အလွန်ယား ယံခြင်းတို့ကို တွေ့ရသည်။ ဂမ္ဘီရဝါတရတ္တ ပုံစံတွင်အရိုး၊ ကြွက်သားနှင့် အာရုံကြောတို့ တွင်စွဲကပ်ဖြစ်ပွားသည့် ပုံစံဖြစ်ကာ လက္ခဏာများအနေဖြင့် အဆစ်များ ရောင်ရမ်းခြင်း၊ တင်းမာခြင်း၊ လွန်စွာနာကျင်ခြင်း၊ ပူလောင်သော ခံစားမှုနှင့် ရောဂါဖြစ်ပွားသည့် အဆစ် များတွင် သွေးတိုးနှုန်းမြင့် နေခြင်းကို တွေ့ရသည်။

ဂေါက်ရောဂါကို တိုင်းရင်းဆေးပညာ နည်းစနစ်အရ ဆေးတိုက်ကျွေးမည်ဆိုလျှင် ဝါတ(လေ) ဒေါသ ဖောက်ပြန်ခြင်းကို ပြေပျောက်စေရန် ဆေးဝိဇ္ဇာ တစ်ပဲသားကို တစ်နေ့ နှစ်ကြိမ်တိုက် ကျွေးနိုင်သည်။ နာကျင်ကိုက်ခဲမှုကို သက်သာစေရန်အတွက် တိုင်းရင်းဆေးခန်း သုံးဆေးနံပါတ်(၁၃) နှစ်ပဲသားနှင့် (၂၇)နှစ်ပဲသားတို့ကို ရေနွေးနှင့် တိုက်ကျွေး နိုင်သည်။

ပိတ္တ(သည်းခြေ)ဒေါသ ဖောက်ပြန်ခြင်းကို  သက်သာစေရန် အတွက် တိုင်းရင်းဆေးခန်း သုံးဆေးနံပါတ်(၁၅) လေးပဲသားတို့ကို တစ်နေ့နှစ်ကြိမ် ရေနွေးနှင့် တိုက်ကျွေးနိုင်သည်။ ကဖ္ဖ(သလိပ်) ဒေါသဖောက်ပြန်ခြင်းကို သက်သာစေရန်အတွက် တိုင်းရင်းဆေးခန်းသုံး ဆေးနံပါတ်(၂၈)နှစ်ပဲသားနှင့် (၂၄) နှစ်ပဲသားတို့ကို ရေနွေးနှင့် တစ်နေ့နှစ်ကြိမ် တိုက် ကျွေးနိုင်သည်။ ရတ္တဖောက်ပြန်သည့် အမျိုးအစားတွင် တိုင်းရင်းဆေးခန်းသုံး ဆေး နံပါတ်(၁၇) နှစ်ပဲသားနှင့် တိုင်းရင်းဆေးခန်းသုံး ဆေးနံပါတ်(၃၂) နှစ်ပဲသားတို့ကို တစ် နေ့နှစ်ကြိမ် ရေနွေးနှင့်တိုက်ကျွေးနိုင်သည်။ ဂေါက်ရောဂါရှိသူများကို ဝမ်းချုပ်လျှင် တိုင်းရင်း ဆေးခန်းသုံး ဆေးနံပါတ်(၁ဝ)  သို့မဟုတ် ဆေးနံပါတ်(၁၁) တို့ကို ရေအေး နှင့်ညအိပ်ရာဝင်တွင် တိုက်ကျွေးနိုင်သည်။

နာကျင်နေသော အဆစ်များကို ကြောင်ပန်းရွက်၊ သက်ရင်းကြီး၊ ကြက်ဆူရိုးနီ၊ လင်း လေ၊  ဆင်တုံးမနွယ်၊ လေးညှင်းဆီတို့ဖြင့် လိမ်းပေးနိုင်သည်။ မိဿလင်၊ နနွင်း၊ ရှားစောင်းလက်ပပ်၊ ကြက်ဆူရိုးနီရွက်၊ ကိုယ်ရံကြီးရွက်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက် တို့ကို အသုံးပြုကာ နာကျင်နေသော အဆစ်များတွင် စည်းပေးနိုင်သည်။

ဂေါက်ရောဂါကို တိုင်းရင်းဆေးပညာ နည်းစနစ်တွင် တစ်ခုအပါအဝင်ဖြစ်သော ရတ္တ မုစ္စနနည်းအရ လျင်မြန်စွာပြန့်ပွားသည့် ရောဂါရှင်များအား သွေးကြော ဖောက်ဆောင် ရွက်ကာ မျှော့တွယ်၍ သွေးထုတ်ခြင်းနည်းသည် သက်သာသည်ကို တွေ့ရသည်။  ဂေါက်ရောဂါတွင် Abhyanga ဆီလိမ်းကုသခြင်းဖြင့်လည်း ကုသနိုင်သည်။ ဆီလိမ်းခြင်း ဆိုသည်မှာ အသုံးပြုမည့် ဆေးအဆီကို ၉၇ ဒီဂရီဖာရင်ဟိုက်အထိအပူပေးပြီး အဆစ် များ အတွင်းသို့ ရောက်ရှိစေရန် လိမ်းခြင်းဖြစ်သည်။ သင့်လျော်သော အဆီများမှာ ရွှေတံတိုင်းဆီ၊ လင်းလေ၊ ကြောင်ပန်းတို့ဖြစ်သည်။

Nad is weda ဆေးငွေ့ပေး၍ ချွေးထုတ်ခြင်းဆိုသည်မှာ အဆစ်များကို ဆေးအဆီများ လိမ်းကျံပြီး ကိရိယာ အကူအညီဖြင့် ဆေးငွေ့ပေးကုသခြင်း ဖြစ်သည်။ ထိုသို့ ဆေးငွေ့ ပေးကုသရာတွင် အသုံးပြုသော အခန်းမှာ လေလုံသော အခန်းဖြစ်ရမည်။ ဆေးငွေ့များ ပေးပြီးသည့်အခါ ထွက်ရှိလာသော ချွေးများကို သန့်စင်သော အဝတ်ဖြင့်  ပြောင်အောင် သုတ်ပေးရမည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့်  ခန္ဓာကိုယ်အတွင်း/ အပြင်ရှိ အညစ်အကြေး များသည် ချွေးအဖြစ်ထွက်ကာ အာကာသရသွားပြီး အခိုးများ ပွင့်သွားမည်ဖြစ်သည်။

ဂေါက်ရောဂါများတွင် ဆောင်ရန်အနေဖြင့် ကြေကျက်လွယ်သော အစားများကို စား သောက်ခြင်း၊ သင့်တင့်သော ကိုယ်လက် လှုပ်ရှားမှုများကိုပြုခြင်း၊ လေဝင်လေထွက် ကောင်းသော နေရာများတွင်  ထိုင်ခြင်း၊ စိတ်တည်ငြိမ် အေးချမ်းစွာ နေထိုင်ခြင်း၊ စွတ်စို မှုနည်း၍ ခြောက်သွေ့သော နေရာများတွင် ရွေးချယ်ကာနေထိုင်ခြင်းတို့ကို လိုက်နာ ဆောင်ရွက်သင့်သည်။ ယူရစ်အက်စစ် လျှော့ချပေးနိုင်သော ပန်းသီး၊ စတော် ဘယ်ရီသီး၊ သစ်တော်သီး၊ နာနတ်သီး၊ ငါးကြီးဆီ၊ ငရုတ်ပွ၊ သံပရာသီး၊ သံလွင်ဆီ၊ အင်တီအောက်ဆီးဒင့် ကြွယ်ဝသော ဟင်းသီးဟင်းရွက်တို့ကို စားပေးနိုင်သည်။ ဂေါက် ရောဂါသမားများသည်  တစ်နေ့လျှင်ရေ ၁၂ ခွက်အထိသောက်ပေးဖို့လိုအပ်သည်။

ရှောင်ရန်အနေဖြင့် အစာငတ်ခံခြင်း၊ အိပ်ရေးပျက်ခံခြင်း၊ အချိန်လွန် အစားအစာများ လွန်ကဲစွာစားခြင်း၊ ဆန့်ကျင်ဘက် အစားအစာများ လွန်ကဲစွာစားခြင်း၊ ယူရစ်အက်စစ် မြင့်မားစေသော အစားအစာများ ဖြစ်သည့် တညင်းသီး၊ ပုစွန်ချဉ်၊ ဝက်သားချဉ်၊ ရေခဲ မုန့်၊ ခရု၊ ငါးခြောက်၊ ဟင်းအနှစ်များ၊ မျှစ်၊ အနီရောင် အသားများဖြစ်သည့် ဝက်သား၊ ဆိတ်သား၊ ဘဲသားနှင့် အတွင်းကလီစာများ၊ အသင့်စားအစားအစာများ၊ ပျုရင်း ဓာတ်ကြွယ်ဝသော မြေအောက်ဥ အမျိုးမျိုး၊ ခရမ်းချဉ်သီးစေ့တို့ကို ရှောင်ကြဉ်ရမည်။ ဘီယာ၊ အရက်များ လွန်စွာသောက်ခြင်းကိုလည်း ရှောင်ကြဉ်ရမည်။ ဂေါက်ရောဂါ သမားများ အနေဖြင့် လွန်မင်းစွာ အနှိပ်ခံခြင်းကိုလည်း ရှောင်ကြဉ်ရမည်။

ဂေါက်ရောဂါမှ ကင်းဝေးစေရန်အတွက် သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ် ပေးပြီး ရေအလုံအလောက် သောက်ပေးဖို့ လိုအပ်သည်။ ယူရစ်အက်စစ် မြင့်မားသော အစားအစာများကိုလည်း အထူးသဖြင့် ရှောင်ကြဉ်ရမည်။ ဂေါက်ရောဂါ၏ နောက်ဆက် တွဲအနေဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါတို့ဖြစ်တတ်သည်ကိုလည်း သတိချပ်စေလိုသည်။ ဤသို့ဖြင့် မိုးတွင်းကာလများတွင် ဖြစ်ပွားမှုများသော ဂေါက် ရောဂါအကြောင်း တင်ပြလိုက်ရပါသည်။   

မုဒိတာ(တောင်သာ)

Read 109 times
Rate this item
(0 votes)
Last modified on Saturday, 03 August 2019 13:52