SJ WorldNews - шаблон joomla Авто

ပကတိနှင့် ဝိကတိကျန်းမာရေးအသိ

Sunday, 04 August 2019 10:51 Written by  font size decrease font size decrease font size increase font size increase font size

စာရေးသူသည်  ကင်ဆာရောဂါအတွက်  အထောက် အကူပြုနိုင်သော ဆေးပင်များ အကြောင်း ရေးသား နေရာမှ မသိမဖြစ်သိအပ်သော ကျန်းမာရေး အကြောင်းအရာများ စိတ်ကူးတွင် ပေါ်လာသဖြင့် ဤဆောင်းပါးကို ရေးသား ပါသည်။ ရောဂါကြီးများ ဖြစ်သောသွေးတိုး၊ နှလုံး၊ ဆီးချိုသွေးချို၊ ကျောက်ကပ်၊ အသည်းနှင့် အဆင့်အမြင့်ဆုံး အဖြစ်  ကုသရ ခက်ခဲသော ကင်ဆာရောဂါများ အတွက် ကြိုတင်သိရှိထားသင့်သော တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပကတိ နှင့်ဝိကတိ အကြောင်းကို တင်ပြလိုပါသည်။

ရောဂါကြီးများသည် အဘယ်ကြောင့် လူသားတို့တွင် ကျရောက်လာရ သနည်း။ ကပ်ရောဂါအသွင် တစ်နေ့တခြား တိုးပွားများ ပြားလာပြီး အစိုးရ ဆေးရုံဆေးခန်းများသာမက ပြင်ပမှစီးပွားဖြစ် ဖွင့်လှစ်သောပုဂ္ဂလိကဆေးရုံ ဆေးခန်း၊ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများတွင် လူနာများဖြင့် ပြည့်နှက်ရုံ သာမက လျှံထွက်နေအောင် များပြားလျက်ရှိပါသည်။

မည်သည့်အတွက်ကြောင့် လူများ ကျန်းမာရေးချို့တဲ့ နေကြရပါသနည်း။ ရောဂါဝေဒနာဟူသည် 'ကံ၊ စိတ်၊ ဥတု၊  အာဟာရ' ကြောင့်ဟု ဆိုသော်လည်း တကယ်တမ်းတွင် အစားအသောက်နှင့် အနေအထိုင် မှားယွင်းမှုကြောင့်သာ ဤမျှလူနာများပြားနေရခြင်းဖြစ်သည်။

ရှေးကလူကြီးများသည် ရောဂါဖြစ်ခြင်း အလွန်နည်းသည်။ ဆေးရုံဟူ သည် ဝေလာဝေး၊ ဆေးတစ်ချောင်း မထိုးဘူး။ သက်တမ်း စေ့နေထိုင်ပြီးမှ သာ လူကြီးနာဖြင့် တစ်နည်းရှေးလူကြီးများ လက်သုံး စကားအရ (၉၆) ပါးသော ဝေဒနာဖြင့် ကွယ်လွန်သွားသည်ဟု သာသုံးနှုန်းကြသည်။ အမှန်လည်း ရှေး လူကြီးများ (ရှေးနှစ်တစ်ရာကျော်ကလူကြီးများ)သည် ပုံမှန်အားဖြင့် အသက် ၇ဝ ကျော် ၈ဝ တန်းမှ ကွယ်လွန်ကြ သည်သာများသည်။

ယခုခေတ်တွင် အဆိုးဆုံး ကြုံတွေ့နေရသည်မှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးပါးတွင် နောက်ဆုံးဖြစ်သော အစာ အာဟာရ ကြောင့် ရောဂါဘယ ထူပြော နေသည်သာမက ကုသ၍ခက်ခဲသောသွေးတိုး၊ နှလုံး၊ ဆီးချိုသွေးချို၊ အသည်း အဆီဖုံး၊ ကျောက်ကပ် ပျက်စီးသော ရောဂါ၊ ကုသ၍ မရသော ကင်ဆာကဲ့သို့ ရောဂါများဖြစ်ပွား လျက်ရှိသည်ကို သတိထားမိ ဖို့လိုသည်။ အစာ အာဟာရကြောင့် ရောဂါဖြစ်ရသည်ဆိုခြင်းမှာ နေ့စဉ်စားသောက်နေသောအစားအသောက် များတွင် 'ပကတိ' မဟုတ်သော ပြစ်ချက်များရှိ နေခြင်း ကြောင့်ဖြစ်သည်။

ပကတိဆိုသည်မှာ အရှိအတိုင်းဖြစ်သည်ဟုဆိုလိုသည်။ အရှိအတိုင်းဟူသည် သဘာဝ အတိုင်း ပင်ကိုအတိုင်း ဟုဆိုလိုသည်။  ပင်ကို သဘာဝဟူသည် အရောင်မဆိုး၊ အရသာအပိုမထည့်၊ မလိုအပ်သောဆေးဝါးမရော မူရင်း မပျက်သည့် အရာဖြစ်သည်။ လူတို့သည် စိတ်ကူး စိတ်သန်းဆန်းကြယ်သည်။ တီထွင်လိုစိတ်ရှိသည်။ ပြုပြင်လိုစိတ်ရှိသည်။ ပြိုင်ဆိုင်လိုစိတ်ရှိသည်။ ထိုအကြောင်းအရာများကို အခြေခံပြီး ရှေ့တစ်ဆင့် တက်ရာမှ ကောင်းကျိုးကို လွန်ပြီးဆိုးကျိုးဖြစ်လာသည်။ တီထွင်မှုကြောင့်၊ အကျယ်ချဲ့မှုကြောင့် ပကတိ ပျက်ရသည်။

ပကတိ၏ ဆန့်ကျင်ဘက်မှာဝိကတိဖြစ်သည်။ ဝိကတိဆိုသည်မှာရှင်းရှင်း ပြောရလျှင် ပကတိမဟုတ်။ မူလသဘာဝပျက်သောအရာဖြစ်သည်။ လိုချင် အောင် အလှဆင်ထားသော်လည်း အတွင်းတွင် ဓာတ်ပျက်သော အရာ၊ ပုပ်သိုးသော အရာသာဖြစ်သည်။ သို့သော် အမြင်အားဖြင့်လှပပြီး ဖုံးကွယ်ထားသည့် ပုပ်သိုးမှုကိုမမြင်အောင်ပြုလုပ်ထားသည်။ ထိုသို့ပြုလုပ်ထားသောအရာသည် အန္တရာယ်ရှိသည်ကို မမြင်နိုင်။ ချက်ချင်းအကျိုးမပေးသော်လည်း ကြာလျှင် အကျိုးပေးမည်။ ပေးသည့်အကျိုးမှာ ဆိုးကျိုးဖြစ်သည်။ ဝိကတိဟူသည် ဆိုးကျိုး ဖြစ်သည်ဟု စွဲမှတ်ထားရန်လိုသည်။

ယနေ့ ဆေးရုံဆေးခန်းများတွင် ရောက်ရှိလာသော ထိမိခိုက်မိခြင်း မဟုတ် သောဝေဒနာများ၊ ကူးစက်ခြင်းကြောင့်ဖြစ်သော ရောဂါများမှလွဲလျှင် ကျန် လူနာများမှာ မကူးစက်သော ရောဂါဟုခေါ်သည့် သွေးတိုး၊ နှလုံး၊ လေငန်း၊ ဆီးချိုသွေးချို၊ ကျောက်ကပ်၊ မြစ်ပွားနာ(ကင်ဆာ)စသည်များဖြစ်သည်။ အချို့နာတာရှည်လူနာများကို သူဌေးနာဟုခေါ်ကြသည်။ အသက်မသေ သော်လည်း တစ်သက်စာ ငွေကုန်ကြေးကျခံပြီး ကုသနေရမည့် ရောဂါများ ဖြစ်ခြင်းကြောင့်ဖြစ်သည်။

သူဌေးနာဟု အခေါ်ခံရသူများမှာ ချမ်းသာ၍ အစားကောင်း အသောက် ကောင်းများများစားရာမှ ဇိမ်ခံရာမှ ရောဂါရလာသည် မှန်သော်လည်းထိုကဲ့သို့ ရောဂါမျိုးကို ယနေ့ခေတ်တွင် လူလတ်တန်းစားနှင့် သူဆင်းရဲများတွင်ပါ ဖြစ်နေရခြင်းမှာ အစား အသောက်များတွင်ပါဝင်သော မသုံးသင့်မသုံးထိုက် သည့် ဆိုးဆေး၊ အရောင်တင်ဆေး၊ ကြာရှည်ခံဆေး၊ မပုပ်မသိုးဆေးများ ကြောင့် ဖြစ်ရသည်။ ထိုဆေးများသည် အစား အသောက်များတွင် သိအောင် တစ်မျိုး၊ မသိအောင် တစ်မျိုး တွင်တွင်ကျယ်ကျယ် ထည့်သွင်း အသုံးပြုလာ သည်ကို အာဏာပိုင်အဖွဲ့အစည်းများမှ လည်း သတိမပြုမိခြင်း၊ အကြောင်း ကြောင်းကြောင့် မတားမြစ်နိုင်ခြင်း၊ မပိတ်ပင်နိုင်ခြင်းတို့ကြောင့် စားသုံးသူ တို့တွင် နှစ်လရှည်ကြာသော အခါ ကုရခက်သောရောဂါ၊ နာတာရှည်ရောဂါ များ ဖြစ်ပွားလာရခြင်းဖြစ်သည်။

ပကတိမဟုတ်သော ပြုပြင်ထားသောအစားအသောက်များကို ဝိကတိ အစားအစာများဟုခေါ်ဆိုနိုင်သည်။ ဝိကတိအစားအသောက်များတွင် တန်ဖိုး ကြီးသည့် လူ့အကျိုးပြုသည့် 'သြဇာ' ဓာတ်ပျက်လျက်ရှိသည်။ လူ၏ခန္ဓာကိုယ် ကို တည်ဆောက်ထားသည့် ရုပ်ရှစ်မျိုး ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာစသည်တို့တွင် သြဇာ ဓာတ်ပျက်သွားခြင်းကြောင့် နောက် ကျန်ခဲ့သည့် ခုနစ်မျိုးသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် ပျက်သွားနိုင်သည်ဟု ယူဆနိုင်သည်။

သြဇာဓာတ်ပျက်ခြင်းသည် ပကတိပျက်ခြင်းကြောင့်ဖြစ်ပြီး ဝိကတိအစား အသောက်များကိုနေ့စဉ် စားသုံးခြင်းကြောင့်ဖြစ်သည်။ သြဇာဓာတ်ပျက်ခြင်း ကို ငယ်ရွယ်သောအချိန်တွင် တောင့်ခံနိုင်သော်လည်း အသက်ကြီးလာသော အခါ၊ အိုသောအခါ တောင့်မခံနိုင်။ မူရင်းဓာတ်ကြီးလေးပါးဖြစ်သည့် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောတို့ကိုပါ ပျက်စီးစေပြီးအသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။

ပကတိနှင့် ဝိကတိအစာများနှိုင်းယှဉ်ချက်

သိမ်ဖြူဆရာတော်ကြီး၏ အခြေခံကျန်းမာရေးသင်တန်းစာအုပ်ပါ ပကတိ နှင့် ဝိကတိ နှိုင်းယှဉ်ချက်များကိုကူးယူဖော်ပြလိုပါသည်။

ပကတိပစ္စည်းဟူသည်  မူလသဘာဝပင်ကိုအတိုင်း တည်ရှိသောပစ္စည်း များဖြစ်၏။ ဝိကတိပစ္စည်းဟူသည် ပြုပြင်ဖန်တီးထားသောအတုပြုထားသော ပစ္စည်းမျိုးဖြစ်သည်။ ထိုပစ္စည်း နှစ်မျိုးကို အောက်ပါသဲလွန်စပြထားအပ် သော ခွဲထားနည်းကိုလေ့လာခြင်းဖြင့် သိနိုင်ပေသည်။

          ပကတိ                       ဝိကတိ

ပကတိသဘာဝရေ                 ရေခဲရေ

ပကတိကြက်ဥ၊ ဘဲဥ               ဓာတ်ကြက်ဥ+ ဓာတ်ဘဲဥ

ပကတိငါး+အသား                 ရေခဲစိမ်ငါး+ အသား

ပကတိသစ်သီးမျိုးစုံ                ရေခဲစိမ် စည်သွတ်သစ်သီးမျိုးစုံ

ပကတိလေ+ ရပ်လေ             ပန်ကာလေ

ပကတိထင်းမီး                      လျှပ်စစ်မီး

ပကတိသစ်ရိပ်                      အအေးဓာတ်ဆင်ထားသော

                                      အအေး(အဲယားကွန်ဒစ်ရှင်း)

မြေအိုး                              ကြေးအိုးသတ္တုအိုး

ရေနွေး                               လျှပ်စစ်ရေနွေး

မြေကရား                             ဓာတ်ဘူး

နောက်ချေးမြေနှင့်                  ဓာတ်မြေသြဇာနှင့် စိုက်ထား

စိုက်ထားသောသစ်သီးသစ်ရွက်             သောသစ်သီးသစ်ရွက်

ခူးယူစဖြစ်သောဟင်းသီးဟင်းရွက်                ရေခဲစိမ်ဟင်းသီးဟင်းရွက်

နောက်ချေးမြေသြဇာ                      ဓာတ်မြေသြဇာ

သစ်ရိပ်+ ဝါးရိပ်                           ပြုပြင်ထားသောတိုက်ရိပ်

                                             +အဆောက်အအုံအရိပ်

ဝမ်းမီးမှချက်လုပ်ပြီးနောက်                  အငှားကိတ္တိမသွေး

ရရှိသောသွေး            

ကျန်းမာလို သူတိုင်း အသက် ရှည်လို သူတိုင်း  ပကတိပစ္စည်း အာဟာရ အသုံးအဆောင် အရပ်ရပ်တို့ကို သုံးဆောင် မှီဝဲသင့်ကြပေသည်။ (ရှင်နာဂသိန် အခြေခံ ကျန်းမာရေး သင်တန်းစာအုပ် မြန်မာပြည် စာအုပ်တိုက်ထုတ်၊ ဒုတိယ အကြိမ်၊ ၁၉၆၉ ခုဇူလိုင်လထုတ်မှ) စာရေးသူကိုယ်တွေ့ စာရေးသူသည် တိုင်းရင်းဆေးနှင့် အကြောပြင် တွဲဖက် ကုသသော ဆေးခန်း ကို ၁၉၈၄ ခုနှစ်မှစတင်ပြီး မန္တလေးမြို့တွင် ဖွင့်လှစ်ကုသခဲ့သည်။ ထိုသို့ မကုသမီ နှစ်နှစ်ခန့် စက်ဘီးဖြင့် မန္တလေးမြို့ အရှေ့ပြင်၊ အနောက်ပြင်၊ တောင်

ပြင်၊ မြောက်ပြင် နှံ့စပ်အောင်လှည့်လည်ဆေးကုခဲ့သည်။ အဓိကကုသသော လူနာများမှာ လေဖြတ်ထားသူများဖြစ်သည်။  လူကြီး၊ လူလတ်၊ အမျိုးသား၊ အမျိုးသမီးဘုန်းကြီးရဟန်းများအထိ အမျိုးစုံကုဖူးသည်။ အရပ်ထဲတွင် နေထိုင် သူများမှာ များသောအားဖြင့် ဆင်းရဲသူများဖြစ်ပြီးဆေးမကုနိုင်သဖြင့် လေဖြတ် ရာမှ မသန်မစွမ်း ဒုက္ခိတဘဝရောက်နေကြသူများသည်။ ထိုကဲ့သို့သောသူများကို စာရေးသူသည်  ငွေမရသည့်တိုင် ပညာရသည်ဟုယူဆပြီး အခမဲ့ကုသ ပေးခဲ့သည်။ အကြောပြင် ဆေးစည်းပုံမှန် ရက်မပျက်ရအောင် နေပူမရှောင် မိုးရွာမရှောင် ပုံမှန်သွားရောက်ကုသပေးခဲ့သည်။ အချို့လူနာများမှာ လေဖြတ်

ပြီးနောက် အိမ်ထဲတွင်လဲနေပြီး လေ့ကျင့်ခန်းလုပ် လမ်းတွဲလျှောက်ပေးမည့် သူမရှိသဖြင့် ကောင်းသင့်ပါလျက် မကောင်းနိုင်ဖြစ်နေခဲ့သည်။ ထိုသို့သော လူနာများကို စာရေးသူသည် အိမ်အပြင်သို့တွဲထုတ်ပြီး ကိုယ်တိုင်လမ်း

လျှောက် လေ့ကျင့်ပေးခဲ့သည်။ ထိုသို့ လေဖြတ်နေရာမှ အရပ်ထဲတွင် လမ်းပြန် လျှောက်နိုင်သော လူနာများရှိလာသဖြင့်  စာရေးသူ ဆေးခန်းဖွင့်သော အခါ လေဖြတ်လူနာများစွာ လာရောက် ကုသမှုခံ ယူခဲ့ကြပါသည်။

ရောဂါတစ်ခု ဖြစ်လာလျှင် ကံကို ယိုးမယ်ဖွဲ့ကြသည်။ ကံမကောင်းလို့ ဖြစ်တာပဲဟု ထင်ကြသည်။ စာရေးသူ၏ အမြင်မှာဤသို့ ကံတစ်ခုထဲကိုပုံချ၍ မရနိုင်။ ရှေးကံထက် ယခုကံဖြစ်သည့် မိမိအပြုအမူကပို၍ လက်ငင်းအကျိုး ပေးသည်ဟုထင်မြင်မိသည်။

စာရေးသူသတိပြုမိသမျှ လေဖြတ်သူအတော်များများသည် အအေးကြိုက်

သူများဖြစ်သည်။ အအေးစာ ကို စားသည်။ အေးသော နေရာတွင် အိပ်သည်။ လေတိုက်ခံအိပ်သည်။ ငွေကြေး ပြည့်စုံ ချမ်းသာသူများမှာ အဲယားကွန်း(ခေါ်) လေအေးစက်ဖြင့် ရာသီမရွေးအိပ်သည်။ ရေခဲသေတ္တာမှ ရေခဲရေကိုသောက် သည်။ ရက်ရှည် သိမ်းဆည်း ထားသော အအေးခံ၊ အေးခဲအစားအစာများကို ချက်ပြုတ် စားသောက်သည်။ နှစ်သက်သော အစာမှန်သမျှကို အအေးခံသိမ်း ဆည်းထားပြီး ကြိုက်နှစ်သက်သော အချိန်တွင် ယူ၍စားသောက်သည်။ ဤကဲ့သို့ အအေးကြိုက်သော အလေ့အထရှိသူများသည် ကိုယ်တွင်း အပူဓာတ် ဝမ်းမီး(ခေါ်) သက်စောင့် ဓာတ်ပျက်ပြီး အမြစ်တွယ်သော ရောဂါများဖြစ်လာ တတ်သည်။ စဉ်းစားဆင်ခြင်ပြီး အစားအသောက်များကို ပကတိ(သဘာဝအတိုင်း) စားသောက်သင့်သည်။

ရှေးကစာရေးသူကုသဖူးသောဂေါက်(ခေါ်)အဆစ်ရောင်ရောဂါရှိသူတစ်ဦး သည် အစားအသောက် မရှောင်ဖြစ်လာလျှင် ဆေးလာကုသည်။ ဆေးစည်း သည်။ သူစားသမျှ မေးမြန်းကြည့်သောအခါ အအေးစာများ၊ ရေခဲရိုက် အသားများ၊ ရေခဲသေတ္တာတွင် သိမ်းဆည်းထားသော အသီးအရွက်များကို တစ်ပတ်စာ ကြိုတင် ဝယ်ယူထားပြီး အလိုရှိသောအချိန်မှ ထုတ်ယူပြီး ချက်ပြုတ်စားသောက် သည်။ ထိုသူကို အစားအသောက် လတ်လတ်ဆတ်ဆတ်ဝယ်ယူ နေ့ချင်း ချက်ပြုတ်စားသောက်ဖို့ တိုက်တွန်းဖူးသည်။ သူကလည်း ရောဂါပျောက်ချင် သဖြင့် နောက်ပိုင်းတွင် သတိထားပြီး တတ်နိုင်သမျှ လတ်လတ်ဆတ်ဆတ်စား သောက်လာသည်။ သူ၏ရောဂါမှာ ပျောက်ကင်းသလောက် သက်သာလာသော် လည်းအခန့်မသင့်လျှင် ပြန်ဖြစ်သည်။ အထူးသဖြင့်  ခြေမဆစ်ရောင်ပြီး လမ်းမလျှောက်နိုင်ဖြစ်သည်။ ဆေးစည်းလိုက်လျှင် ပျောက်သွားပြန်သည်။ စာရေးသူမကျေနပ်။ တစ်နေ့တွင် သူ၏အစားအသောက်စားပုံနှင့်လတ်ဆတ် သောအသီးအနှံစားသုံးမှု ရှိ၊ မရှိကိုမေးမြန်းပြီး ချို့ယွင်းချက်ကိုရှာကြည့် သည်။ နောက်ဆုံးတော့ အရေးကြီးသောရောဂါမပျောက်နိုင်သည့် ပြစ်ချက် ကိုတွေ့ရသည်။ ထိုပြစ်ချက်မှာ 'ရေခဲရေ'ပင်ဖြစ်သည်။ လတ်ဆတ်သော အသီးအနှံ၊ အသားနေ့စဉ်စားသုံးသော်လည်း အစာစားပြီးတိုင်း ရေခဲရေ သောက်လေ့ရှိသည့်ပြစ်ချက်ကြောင့် သူ၏ဂေါက်ရောဂါမှာအမြစ်မပြတ်ရခြင်း ဖြစ်လေသည်။ တကယ်တော့ ရေခဲ၊ ရေခဲရေသည် ရေခဲသေတ္တာ သို့မဟုတ်  ရေအေးစက်မှ ထွက်သည်။ 'ပကတိ' မဟုတ် 'ဝိကတိ'ပစ္စည်းဖြစ်သည်ကို သတိပြုဖို့လိုသည်။           

ကြည်လွင်မြင့်(မုဒြာ)

Read 27 times
Rate this item
(0 votes)