SJ WorldNews - шаблон joomla Авто

မြစ်ရေကြီးခြင်းနှင့် ကျန်းမာရေး ပြဿနာများ

Monday, 05 August 2019 09:53 Written by  font size decrease font size decrease font size increase font size increase font size

ရုတ်တရက်ရေကြီးတဲ့အခါ မျှော်လင့်မထားတော့ ဘာမှပြင်ဆင်မထားတတ်ပါဘူး။ ရေမဝင်ဖူးတဲ့ နေရာတွေဆိုရင် ခြေတံရှည်အိမ်တွေလည်း မဟုတ်၊ ကုန်းမြင့်ပေါ်ဆောက်ကြတာလည်း မဟုတ်တော့  ပိုဆိုးပါတယ်။ ရေဝင်ဧရိယာတွေမှာလည်း  အချိန်မဟုတ် ရေကြီးလာတာနဲ့ကြုံရရင် အထိနာတတ်ပါတယ်။ ဒါကြောင့်မို့ ပြတင်းများ ဖွင့်ထားပါ။ သတင်းစာ နေ့စဉ်ကြည့်ရှုပါဆိုတဲ့ ဖတ်စာလေးကို အမှတ်ရနေဖို့ လိုပါတယ်။ ပြတင်းများ ဆိုတဲ့နေရာမှာ အိမ်က ပြတင်းတွေသာမကဘူး။ နားပြတင်း၊ မျက်စိပြတင်းတွေလည်း ဖွင့်ထားခိုင်းတာ ထင်ပါရဲ့။ မိုးလေဝသနဲ့ ဇလဗေဒဌာနကနေ ထုတ်ပြန်တဲ့သတင်းတွေ၊ အရေးပေါ်  ကြေညာချက်တွေကို အမြဲနားစွင့်နေဖို့ လိုပါတယ်။  ပြီးတော့ ရေတက်လာရင်၊ ရေကြီးလာရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ ကြိုတင်ဇာတ်တိုက် ထားခြင်းတွေ လုပ်ဆောင်ထားသင့်ပါတယ်။ ဒါမှ ခေါင်းအေးအေးထားပြီး အရေးကြီးတာတွေ အရင်လုပ်နိုင်မှာ မဟုတ်လား။မြစ်ရေကြီးတာပဲဖြစ်ဖြစ်၊ ရုတ်တရက် မြစ်ရေလျှံတာပဲဖြစ်ဖြစ်၊ မိုးရေဝင်တာပဲ ဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားရမယ့် အစီအစဉ်တွေရှိပါတယ်။ ဒါတွေကတော့ နေအိမ်အဆောက်အအုံတွေကို ဆောက်လုပ်မယ်ဆိုရင် ရေမနစ်နိုင်တဲ့ ကုန်းမြင့်ဒေသမှာ ဆောက်လုပ်နေထိုင်ရင် အကောင်းဆုံးပါပဲ။ ရေဝင်အရပ်မှာ ဆောက်လုပ်ရမယ်ဆိုရင် ခြေတံရှည်အိမ်၊ ဒါမှမဟုတ် ရေလွတ်အမြင့်ရှိတဲ့ အောက်ခံဖောင်ဒေးရှင်းဖြစ်ဖို့ လိုပါတယ်။ အဲဒီဒေသမှာ ရေအကြီးဆုံးနှစ်က ဝင်ရောက်ခဲ့တဲ့ ရေအမြင့်ထက် ပိုမြင့်အောင် ဆောက်ထားရမှာပါ။ ဒါတော့ မှတ်တမ်းမှတ်ရာတွေ၊ ဒေသခံတွေနဲ့ ညှိနှိုင်းတိုင်ပင်သင့်တယ် ထင်ပါတယ်။

နေအိမ်ကို ရေမဝင်လောက်အောင် ဆောက်လုပ်ထားပေမယ့် ကူးသန်းသွားလာဖို့အတွက် လှေ၊ ပဲ့ထောင်တွေလည်း လိုပါတယ်။ အရေးအကြောင်း တွေ့ကြုံလာရင် ဒီလှေတွေနဲ့ပဲ သွားလာရမှာ မဟုတ်လား။ နောက်တစ်ခုက ရေဝင်ဒေသက လူတွေပဲဖြစ်ဖြစ်၊ ရေကြီးနေချိန် အဲဒီဒေသကို သွားရောက်ကြမယ့် လူတွေပဲဖြစ်ဖြစ် အသက်ကယ်အင်္ကျီတွေ ရှိနေသင့်ပါတယ်။ ပူလို့၊အိုက်လို့၊ရှက်လို့ဆိုပြီး လက်ကကိုင်ထားလို့တော့ မဖြစ်ပါဘူး။ အန္တရာယ်ကြုံလာရင်  ပျာယာခတ်တတ်ကြတယ် မဟုတ်လား။

ဒေသခံတွေအနေနဲ့ကလည်း ဝါး၊ ဝါးဖောင်၊ ငှက်ပျောတုံး၊ သစ်တုံးတွေကို ဆောင်ထားသင့်ပါတယ်။ အမြဲတမ်း ရေဝင်အရပ်တွေမှာတော့ လှေတွေဘာတွေ ဆောင်ထားတတ်ပေမယ့် တချို့က လှေက ကရိကထများလို့ မဆောင်ထားပါဘူး။ နောက်တစ်ခုက လူ (အထူးသဖြင့်ကလေး၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို)၊ ကျွဲနွားတိရစ္ဆာန်တွေ အတွက် ရေလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းနိုင်မယ့် လမ်းကို ကြိုတင်ရွေးချယ် သတ်မှတ်ထားသင့်ပါတယ်။ ရေဝင်ဒေသ၊ မြစ်ကမ်းနားက လူတွေကတော့ ရေကူးအထူးသင်ပေးစရာ မလိုပါဘူး။ ဖြစ်နိုင်ရင်တော့ လူတိုင်း ရေကူးတတ်ဖို့ လိုပါတယ်။ ရေနဲ့မစိမ်းဖို့၊ ရေမကြောက်ဖို့ပေါ့။ ဒါမှရေထဲမှာ ဘယ်လိုအသက်ရှင်နေနိုင်မလဲ ဆိုတာ သိရှိထားကြမှာပါ။ ရေဝင်လာပြီ ပြောင်းရွှေ့ရတော့မယ် ဆိုတာနဲ့ ဘယ်ပစ္စည်းတွေကို သယ်ဆောင်ရမယ်။ အရေးကြီးတယ် ဆိုတာကို ပြောပြထားသင့်ပါတယ်။ မဟုတ်ရင်  လဲမှို့အိတ်ကြီး မ လာတာမျိုးတွေ ကြုံလာနိုင်ပါတယ်။

အရေးကြီးတဲ့ မရှိမဖြစ် ပစ္စည်းတွေ ဥပမာ- လက်နှိပ်ဓာတ်မီး၊ ဓာတ်ခဲသုံး ရေဒီယို၊ သောက်ရေ၊ အစားအစာ၊ အရေးပေါ်ဆေးသေတ္တာတွေကို ကြိုတင်စုဆောင်းထားရန် လိုပါတယ်။ မြစ်ရေကြီးပြီဆိုတာနဲ့ လျှပ်စစ်မီးတွေက ဖြတ်တောက်ထားမှာ အသေအချာပဲဖြစ်ပါတယ်။ ဒီတော့ လျှပ်စစ်အားနဲ့ ပတ်သက်ရင် ဓာတ်ခဲတွေပဲဖြစ်ပါမယ်၊ ဖုန်းအားသွင်းနိုင်တဲ့ ပါဝါဘဏ်တွေကိုလည်း အားသွင်းထားသင့်ပါတယ်။ အရေးပေါ် ဆေးသေတ္တာထဲမှာဆိုရင် ပိုးသတ်ထားတဲ့ ဂွမ်း၊ စက္ကူတိတ်၊ အနာကပ်ပလာစတာ၊ ပတ်တီးလိပ်၊ အရက်ပြန်၊ ပိုးသတ်ဆေး၊ အနာကျက်ဆေးရည် (ဥပမာ- ဘီတာဒိုင်း)၊ ဇာဂနာ၊ ကတ်ကြေး အသေး၊ သာမိုမီတာ၊ တစ်ခါသုံးလက်အိတ်၊ ကိုယ်ပူကျ၊  အကိုက်အခဲပျောက်ဆေး (ဥပမာ- ပါရာစီတမော)၊ ချောင်းဆိုးပျောက်ဆေး (အရည်/သောက်ဆေး)၊ အစာအိမ်နဲ့ လေထိုးလေအောင့်အတွက် အစာအိမ်လေဆေး (ဥပမာ- Kremil S)၊ ဓာတ်မတည့်မှုနဲ့ ယားယံခြင်းအတွက် လိမ်းဆေး (ဥပမာ- Loratidine)၊ ဒဏ်ကြေလိမ်းဆေး (ဥပမာ- ပရုတ်ဆီ)၊ ဇင့်သောက်ဆေး၊ ဓာတ်ဆားထုပ်များ စတာတွေ ပါဝင်သင့်ပါတယ်။

မြစ်ရေကြီးမယ့် သတိပေးချက် ရပြီဆိုရင်တော့  မိမိရဲ့မိသားစု၊ ကျွဲ၊ နွား တိရစ္ဆာန်များကို ရေလွတ်ရာကိုအမြန် ရွှေ့ပြောင်းပေးရမှာပါ။ မသေချာသေးပါဘူး လုပ်မနေပါနဲ့။ ရေဒီယိုကနေ ထုတ်ပြန်တဲ့ သတိပေးချက်တွေကို အမြဲနားထောင် လိုက်နာဖို့လိုပါတယ်။ အန္တရာယ်ရှိမယ့် နေရာတွေကို သွားရောက်စူးစမ်းတာမျိုး မလုပ်သင့်ပါဘူး။ သောက်ရေကို ရသလောက် သယ်ယူထားပါ။ အရေးကြီးတဲ့ ကိုယ်ပိုင်ပစ္စည်း (ဥပမာ- မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ စာချုပ်စာတမ်း၊ ရွှေငွေ)များကို လုံခြုံတဲ့နေရာကို ပြောင်းရွှေ့သိမ်းဆည်းထားပါ။ ပိုမိုလုံခြုံစိတ်ချရတဲ့ နေရာကို ပြောင်းရွှေ့နေထိုင်သင့်ပါတယ်။

မြစ်ရေကြီးနေပြီဆိုရင် ရေနစ်မြုပ်နေတဲ့ နေရာများကို လမ်းလျှောက်သွားတာမျိုး မလုပ်သင့်တော့ပါဘူး။ ဘယ်နေရာကျင်း၊ ဘယ်နေရာချောက်မှန်း မသိနိုင်တော့လို့ပါ။ ရေစပ်စပ်ဆိုပြီး ခြေဗလာနဲ့သွားလို့ ငုတ်ထိုးမိတတ်ပါတယ်။

ရေကြီးတော့ လူတွေတင်မကဘူး မြွေတွေ၊ ကင်းတွေစတဲ့ အဆိပ်ရှိတဲ့ သတ္တဝါတွေလည်း ရေလွတ်ရာပြောင်းကြပါတယ်။ ဒီတော့ ရေလွတ်ရာမှာ လူနဲ့မြွေတွေ့ပြီး မြွေကိုက်ခံရတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်အိမ်ပေါ်မှာ၊ အိပ်ရာထဲမှာ မြွေဝင်မခွေနေအောင် ရှင်းလင်းထား၊ အိပ်ခါနီး သေချာခါထုတ်၊ အိပ်နေရင်း အကိုက်မခံရအောင် ခြင်ထောင်အောက်ခြေကို သေချာဖိထားရပါမယ်။မိမိဒူးထက်မြင့်တဲ့ ရေစီးကြောင်းကိုဖြတ်ကူးဖို့ မကြိုးစားသင့်ပါဘူး။ ရေအရှိန်နောက် ပါသွားနိုင်သလို မမြင်မစမ်းနဲ့မို့ ဒုက္ခရောက်တတ်လို့ပါ။

မြစ်ရေကြီးနေတုန်းရော၊ ကြီးပြီးတဲ့နောက်မှာရော သောက်သုံးရေ သန့်ရှင်းဖို့ အရေးကြီးပါတယ်။ ရေသန့်ဘူးတွေဆိုရင်တော့ ကောင်းတာပေါ့။ မရခဲ့ရင် ရေကိုကျိုချက်ပြီး သောက်သင့်ပါတယ်။ အစားအစာလည်း သန့်ရှင်းဖို့လိုပါတယ်။ လတ်လတ်ဆတ်ဆတ် မရတော့တဲ့အခါ ယင်မနားစာဖြစ်ဖို့ အရေးကြီးပါတယ်။ ချက်ပြုတ်တဲ့အခါလည်း ကျက်အောင်၊ ဆူပွက်အောင်ချက်ပြုတ်၊ စားတဲ့အခါ ထည့်တဲ့အိုးခွက်ပန်းကန်တွေကလည်း သန့်ရှင်းဖို့ လိုပါတယ်။ ဒါမှရေကြီးတဲ့အခါ အဖြစ်အများဆုံးဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ရေကုန်းတက်နေတဲ့အခါ သုံးဖို့ ယင်လုံအိမ်သာတွေလည်း ဆောက်ထားရင် ကျန်းမာရေး ပြဿနာတွေ အတော်ကာကွယ်နိုင်မှာပါ။

ရေကြီးရေလျှံတာနဲ့အတူ ထိခိုက်ဒဏ်ရာတွေလည်း ရတတ်ပါတယ်။ အိမ်က ကြမ်းကျွံကျတာတို့၊ ထုပ်တန်းနဲ့ ဆောင့်မိတာတို့၊ ငုတ်စူးမိတာတို့၊ အလောတကြီး လုပ်လို့ ဒဏ်ရာရတာတွေလည်း ဖြစ်တတ်ပါတယ်။ အရေးကြီးတာက အနာသန့်ရှင်းအောင်၊ သွေးအများကြီး မထွက်အောင်ပါပဲ။ ဒါကြောင့်ထိခိုက် ဒဏ်ရာတွေ ရထားရင် ရေသန့်နဲ့ဆေး၊ အနာပတ်လည်ကို အရက်ပြန်နဲ့ဆေး၊ အနာထဲကို အနာထည့်ဆေးရည်နဲ့ဆေး၊ အနာထဲက ဆူးတွေ၊ ငုတ်တွေ၊ အညစ်အကြေးတွေကိုဖယ်၊ ဂွမ်းသန့်သန့်နဲ့အုပ်၊ ပတ်တီးစည်းထားဖို့ လိုပါတယ်။

ပြီးတော့မှဆေးခန်း (အရေးပေါ်ဆေးခန်း)၊ ဆေးရုံ သွားပြသင့်ပါတယ်။

ကြောက်စရာကောင်းတာက  အဆိပ်ရှိမြွေကိုက်တာနဲ့ ဘာမှန်းမသိတဲ့ အကောင် ကိုက်တာပါပဲ။ မြွေကိုက်ခံရရင် အရေးပေါ် ရှေးဦးသူနာပြု လုပ်ငန်းတွေ လုပ်ထားဖို့လိုပါတယ်။ ဒါကြောင့် ရွာတိုင်းမှာ ရှေးဦးသူနာပြု သင်တန်းတက်ထားတဲ့ တကယ်အားကိုးရမယ့် သူတွေရှိနေသင့်ပါတယ်။

တချို့က သင်တန်းမှန်သမျှ တက်ထားတယ်။ ရွာမှာမနေတော့တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ မြွေကိုက်ခံရရင် မြွေရာကိုကြည့်ပြီး အဆိပ်ရှိ၊ မရှိသိနိုင်ပါတယ်။ အစွယ်ရာက နှစ်ပေါက်လည်းဖြစ်မယ်၊ နစ်မယ်ဆိုရင် မြွေဆိုးဖြစ်ဖို့ များပါတယ်။ ဘာမြွေပဲဖြစ်ဖြစ် ရှေးဦးသူနာပြုလုပ်ပေးပြီး ဆေးခန်း ပို့ပေးသင့်ပါတယ်။ မြွေကိုက်ခံရပြီဆိုရင် ဒဏ်ရာကို ရေသန့်နဲ့ဆေး၊ ရေသန့်မရနိုင်ရင် အဝတ်သန့်နဲ့ သန့်ရှင်းပေးရပါမယ်။ ပြီးရင် ဒဏ်ရာပေါ်ကို ပတ်တီးခေါက် ထူထူတင်၊ ပတ်တီးခပ်တင်းတင်း ပတ်ပေးရပါမယ်။ အကိုက်ခံရတဲ့ခြေ၊ လက်ကို အလှုပ်အရှားနည်းအောင် ဝါးခြမ်း၊ သစ်သားချောင်းနဲ့ ကျပ်စည်းပေးရပါမယ်။ ပြီးရင် ဆေးခန်းပို့ပေးလိုက်ပါ။ လူနာကအချိန်ကြာလေ၊ လှုပ်ရှားမှုများလေ အဆိပ်ပြန့်မှု များလေပါပဲ။

ရေကြီးရေဝင်တဲ့နေရာမှာ အအေးမိ၊ တုပ်ကွေး၊ နမိုးနီးယားရောဂါ အဖြစ်များတတ်ပါတယ်။ ဒါကြောင့် ရေဘေးကယ်ဆယ်ရေး သွားတဲ့သူတွေဟာ အနွေးထည်တွေ၊ စောင်တွေပါ လှူသင့်ပါတယ်။ နွေးနွေးထွေးထွေး နေသင့်ပါတယ်။ ရေပေါတိုင်း ရေဆင်းကူးလိုက်၊ ငါးမျှားလိုက် မလုပ်သင့်ပါဘူး။

မတော်တဆထိခိုက်မှု အနေနဲ့ ကလေးငယ်တွေ ရေနစ်တာလည်း သတိထားရမယ့် အချက်ပါပဲ။ သေဆုံးတတ်ပါတယ်။ တချို့ဆိုကြမ်းပေါက်က ကျွံကျလို့ ရေနစ်သေတာတောင် ကြားဖူးပါတယ်။ အအေးမိပြီဆိုရင် နောက်ဆက်တွဲ နမိုးနီးယား အဆုတ်ရောင် ဝင်လာတတ်ပါတယ်။ မပေါ့ဆသင့်ပါဘူး။ ပါလာတဲ့ သာမိုမီတာနဲ့တိုင်းကြည့်၊ ဖျားရင် ပါရာစီတမောလေး ဘာလေး တိုက်ထားနိုင်ပါတယ်။ ပိုးသတ်ဆေး (Antibiotic) တော့ ကျန်းမာရေး ဝန်ထမ်းတွေက လိုအပ်ရင် တိုက်ပါလိမ့်မယ်။ မီတွန်တော့မီတွန်ပဲ ဘာမီတွန်မှန်း မသိဘူးဆိုပြီး ဆရာတော့ သွားမလုပ်လိုက်ပါနဲ့။ တော်ကြာနေ ဆေးပုံးလိုက်ကြီး ထိုးအပ်နေပါလိမ့်မယ်။ အဖျားကြီးရင်လည်း အသက်အန္တရာယ်ရှိပါတယ်။ အဆုတ်ရောင် အသက်ရှူကျပ်ရင်လည်း အသက်အန္တရာယ် ရှိပါတယ်။

မြစ်ရေကြီး မြစ်ရေလျှံတဲ့ နေရာမှာ မိုးသည်းထန်လို့၊  ဆည်၊ တမံကျိုးပေါက်လို့၊ ပင်လယ်ပြင်အောက်ခြေ မြေငလျင်လှုပ်ပြီး ဒီလှိုင်းတွေ ဖြစ်ပေါ် လာတာတွေကြောင့်ဖြစ်တတ် ပါတယ်။ နေအိမ်အဆောက်အအုံတွေ နစ်မြုပ် ပျက်စီးနိုင်ပါတယ်။ ရေစီးကြောင်းမှာ မျောပါသွားတတ်ပါတယ်။လူတွေသာမက ကျွဲ၊ နွားတိရစ္ဆာန်တွေလည်း ရေနစ် သေဆုံးနိုင်ပါတယ်။ လယ်ယာစိုက်ပျိုးမြေတွေလည်း ပျက်စီးဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ရေဘေးမဖြစ်အောင် ရေဝင်ဒေသတွေမှာရော၊ ကုန်းမြင့်ဒေသတွေမှာပါ အသိနဲ့သတိယှဉ်တွဲရှိနေကြဖို့ နှိုးဆော်တိုက်တွန်း လိုက်ပါရစေ။ 

ဇော်သစ်ကြည်

Read 62 times
Rate this item
(0 votes)
Last modified on Monday, 05 August 2019 10:05