SJ WorldNews - шаблон joomla Авто

လူကိုဘေးဖြစ်စေသော ယင်ကောင်

Tuesday, 06 August 2019 10:01 Written by  font size decrease font size decrease font size increase font size increase font size

ယင်ကောင်အကြောင်းသိကောင်းစရာ

ယင်ကောင်သည် ဥဘဝမှလောက်ဘဝ၊ လောက်ဘဝမှ ပိုးတုံးလုံးဘဝ၊ ပိုးတုံးလုံးဘဝမှ ယင်ကောင်ဘဝသို့ ဘဝသုံးမျိုး ပြောင်းလဲ၍ဖြစ်ပေါ်လာသည်။ ယင်မတစ်ကောင်သည် ပျမ်းမျှအားဖြင့် ငါးရက်လျှင် တစ်ကြိမ်ကျ ဥဥချလေ့ရှိပြီး၊ တစ်ကြိမ်လျှင် ဥပေါင်း ၁ဝဝ- ၁၅ဝ ခန့်အထိရှိတတ်ပြီး အစုလိုက်အပြုံလိုက် တစ်နေရာတည်းမှာ ဥချလေ့ရှိသည်။ ယင်မများသည် သန့်ရှင်းခြောက်သွေ့သော နေရာတွင် ဥချလေ့မရှိဘဲ လူနှင့်တိရစ္ဆာန်တို့၏ မစင်များ၊ပါးစပ်မှ ထွေးထုတ်လိုက်သော ချွဲသလိပ်များ၊ တိရစ္ဆာန်အသေ အပုပ်ကောင်များ၊ သစ်သီးသစ်ရွက် အပုပ်အသိုးများ၊ အမှိုက်ပုံးများနှင့် မစင်အညစ်အကြေးရှိရာ နေရာများတွင်သာ ဥများကို ဥချလေ့ရှိသည်။ ၎င်းဥများသည် အလွန်သေးငယ်ပြီး လုံးရှည်ရှည် သဏ္ဌာန်ရှိသည်။ ယင်မတစ်ကောင်၏ အရွယ်အစားပေါ်မူတည်၍ ထိုယင်မ၏ သက်တမ်းနှစ်လတာ ကာလအတွင်း ဥပေါင်း ၁ဝဝဝ-  ၃ဝဝဝ ကျော်အထိ ဥချနိုင်စွမ်းရှိသည်။

ဥဘဝမှ လောက်ကောင်ဘဝ

ယင်ဥတွေသည် အညစ်အကြေးများ ရှိရာနေရာတွင် ဥပြီးသည့်အချိန်မှ စ၍ နောက် ၁၂ နာရီအတွင်း လောက်ကောင်ဘဝသို့ ကူးပြောင်းသွားကြသည်။ လောက်တစ်ကောင်၏ အရွယ်အစားသည် ပျမ်းမျှ ၁/၄ လက်မခန့် ရှည်မျောမျော သဏ္ဌာန်ရှိပြီး ဦးခေါင်းပိုင်းမှာ ချွန်၍အမြီးပိုင်း(ဖင်ပိုင်း)မှာ လုံးဝိုင်းနေသည်။ ခန္ဓာကိုယ်မှာအဆစ် ၁၂ ပိုင်းရှိသည်။  တစ်နေရာမှ တစ်နေရာသို့  တွားသွားလေ့ရှိပြီး အချိန်ရှိသရွေ့ အညစ်အကြေးများကိုသာ အစာအာဟာရအဖြစ် မှီဝဲနေကြသည်။ သူတို့သည် တစ်နေ့တခြား ကြီးထွားလာကြပြီး ရက်သတ္တနှစ်ပတ်၊ သုံးပတ်ကြာသောအခါ အစွမ်းကုန်ကြီးထွားလာပြီးနောက် လုံးဝအစာ မစားတော့ဘဲ သုံးလေးရက်ခန့် ငြိမ်သက်နေကြသည်။ ထိုအချိန်သည် ပိုးတုံးလုံးဘဝသို့ ရောက်ရန် အားယူချိန်ဖြစ်သည်။

လောက်ကောင်ဘဝမှ ပိုးတုံးလုံးဘဝ

ပိုးတုံးလုံးဆိုသည်မှာ   လောက်ကောင်ဘဝမှ ငြိမ်သက်စွာနေပြီးနောက် ဖြစ်ပေါ်လာသော အဖြူရောင် ရှည်ရှည်ဝိုင်းဝိုင်းလေးများ ဖြစ်သည်။ အစပထမတွင် အရောင်ဖြူနေရာမှ နောက်ပိုင်းမှာ အရောင်ညိုလာသည်။  ပိုးတုံးလုံး ဘဝမှာ  အစာမစားတော့ဘဲ အသက်ပဲရှူသည်။ ပိုးတုံးလုံး၏ အပေါ်ယံအခွံသည် အနည်းငယ်မာလာပြီးနောက်  ယင်းအခွံအတွင်းမှာ ယင်ကောင်၏ ခြေ၊လက်၊ ဦးခေါင်းအင်္ဂါရပ်များ တဖြည်းဖြည်း ပီပြင်လာရန် ခုနစ်ရက်မျှ အချိန်ယူရသည်။ ယင်ကောင်၏ အင်္ဂါရပ်များ ပြည့်စုံသွားသောအခါ ၎င်းယင်ကောင်ပေါက်စသည် ပိုးတုံးလုံး၏ အခွံကိုဖောက်ထွင်းပြီး  ပြင်ပသို့ အတောင်ပံခတ်၍ ပျံသန်းသွားသည်။

ပိုးတုံးလုံးဘဝမှ ယင်ကောင်ဘဝ

ယင်ကောင်များသည် အထက်ပါဖြစ်စဉ်အတိုင်း ပိုးတုံးလုံး၏ အခွံမာကို ဖောက်ထွက်လာသည့် အချိန်မှစ၍ သက်တမ်းကုန်ဆုံးသွားသည့် အချိန်အထိ မစင်နှင့်အညှီအဟောက် အပုပ်အသိုးများပေါ်တွင်  နားလိုက်၊ စားလိုက်၊ အန်ချလိုက်ဖြင့် ဤနည်းအတိုင်း အရပ်ရှစ်မျက်နှာသို့ လူးလာခေါက်ပြန် ပျံသန်းလေ့ရှိကြသည်။ ယင်ကောင်များသည် ၎င်းတို့ကိုယ်ပေါ်ရှိ နှုတ်သီး၊ ဦးမှင်၊ ခြေထောက်တို့ဖြင့် မစင်ရှိရာ အပုပ်အသိုးရှိရာများတွင် ရပ်နားလိုက်စဉ် ရောဂါပိုးမွှားများသည်  ယင်ကောင်နှင့်တစ်ပါတည်း တွယ်ကပ်ပါသွားကြသည်။

မိုးရာသီနှင့် ယင်ကောင်အန္တရာယ်

ယင်ကောင်များသည် နွေ၊ မိုး၊ ဆောင်းတစ်နှစ်ပတ်လုံး လူသားတွေကို ရောဂါဖြစ်အောင် အမြဲဆောင်ကြဉ်းပေးနေသော မိစ္ဆာသတ္တဝါများ ဖြစ်ကြပြီး အထူးသဖြင့် မိုးဦးရာသီမှာ အလွန်ပေါများစွာ တွေ့ရသည်။ မိုးဥတုတွင် သရက်၊ နာနတ်၊ ပိန္နဲ၊ ဒူးရင်း၊ ကနစိုးစသည့် ရာသီစာ သစ်သီးဝလံများ ပေါများကြသလို၊ သားငါးပုစွန်များလည်း ပေါများချိန်ဖြစ်သည်။ အညှီအဟောက် ကြိုက်တတ်သော ယင်ကောင်များအတွက် မိုးရာသီမှာ အထူးများပြားစွာ ပေါက်ပွားလာကြသည်။

ယင်ကြောင့်ဖြစ်သောရောဂါများ

မြန်မာပြည်သူပြည်သားများ အနေဖြင့် ယင်ကောင်တွေကို နေ့စဉ်မြင်တွေ့ နေကျဖြစ်၍ အထူးတလည်  ကြောက်စရာမလိုဟု ထင်မှတ်နေကြသော်လည်း ကျန်းမာရေး ရှုထောင့်မှကြည့်မြင်တတ်မှသာ မိမိအန္တရာယ်ကို သိမြင်နိုင်မှာဖြစ်သည်။ လူတို့စားသောက်မည့် ထမင်းဟင်းလျာများ၊  သစ်သီးဝလံများ၊ မုန့်ပဲသရေစာများပေါ်ကို  ယင်ကောင်များ  လာရောက်နားလိုက်သောအခါ ၎င်းသတ္တဝါတို့၏ ခန္ဓာကိုယ်ပေါ်မှာ တွယ်ကပ်ပါလာသော ပိုးမွှားတို့သည်လည်း  လူတို့၏ အစားအစာပေါ် ကျန်ရစ်နေခဲ့သည်။ ထို့ကြောင့် ယင်နားထားသော အစားအစာကို စားမိသောအခါ ကာလဝမ်းရောဂါ၊ တိုက်ဖွိုက်(ခေါ်)အူရောင်ငန်းဖျားရောဂါ၊   အထက်လှန်အောက်လျှော (ခေါ်)ရေငတ်ဝမ်းကျ ရောဂါ၊ ဝမ်းဖောဝမ်းရောင်၊ သွေးဝမ်း (ခေါ်)ဝမ်းကိုက် ရောဂါတို့ဖြစ်ပေါ်လာသည်။ ၎င်းရောဂါများသည် ကပ်ရောဂါသဖွယ် လူသားမျိုးနွယ်တွေကို ဒုက္ခပေးတတ်သည်။ ၎င်းကူးစက်ရောဂါတွေ ကင်းဝေးစေနိုင်သည့် အဓိကသော့ချက်မှာ ထိုရောဂါတွေမဖြစ်ခင် ကြိုတင်ကာကွယ်နည်းသာဖြစ်သည်။ထိုသို့ကြိုတင် ကာကွယ်ရန်အတွက် မူလတရားခံဖြစ်သော ယင်ကောင် အန္တရာယ်ကို ရှေးဦးစွာ ကာကွယ် ထားကြရမည်ဖြစ်သည်။

ရှောင်ရှားကြပါ ယင်နားစာ

ယင်ကောင်တစ်ကောင်သည် ဗက်တီးရီးယားများ၊ ဗိုင်းရပ်များ၊ ကပ်ပါးကောင်ဥများ အပါအဝင် ရောဂါများစွာဖြစ်စေနိုင်သော ပိုးမွှားကောင်ရေ ၁ဝဝ ထက်မနည်းကို သယ်ဆောင်ထားလေ့ ရှိသည်။ အစားအစာများပေါ် ယင်ကောင်နားပြီးသည်နှင့် တစ်ပြိုင်နက် ၎င်းယင်ကောင်သည်  သူ၏ညစ်ပေသော လက်တံများဖြင့် အစားအစာတွေကို ပွတ်သပ်၍   စူးစမ်းသည်။ ပြီးနောက် ထိုအစားအစာကို အလွယ်တကူ စုပ်ယူနိုင်ရန်အတွက်၊ ယင်ကောင်က ဦးစွာအန်ထုတ်ကာ အစားအစာတွေကို  အရည်အဖြစ် ပြောင်းလဲလိုက်သည်။ ယင်ကောင်၏ အန်ဖတ်များထဲမှာ ၎င်းနောက်ဆုံးစားထားသော အနိဋ္ဌာရုံအစာများ ဖြစ်တာကြောင့် ယင်ကောင်၏ ခန္ဓာကိုယ်တွင်ကပ်ပါလာသော ပိုးမွှားများထက်ပင် ယင်ကောင်၏အန်ဖတ်က  ပို၍ အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့ပြင် ယင်ကောင်၏ အစာအိမ်ထဲမှာ ရောဂါပိုးမွှားတွေ အများအပြား ရှိကြသည်။ ၎င်း၏ အန်ဖတ်အစအနများနှင့် တကွ မတူညီသော နေရာများစွာပေါ်မှာ ရပ်နားခဲ့ခြင်းတို့ကြောင့် ၎င်းယင်နားစာများကို စားသောက်မိသူများ အတွက် ကျန်းမာရေး အန္တရာယ် အမျိုးမျိုး ဖြစ်စေနိုင်သည်။ သတိပြုရမည့် အချက်မှာ ယင်ကောင်များသည် အစားအစာပေါ်များတွင်သာ   နားလေ့ရှိတာမျိုး မဟုတ်ဘဲ၊   အစားအစာများနှင့် ဆက်စပ်နေသော အခြားမသန့်ရှင်းသော နေရာတွေပေါ်မှာလည်း နားလေ့ရှိသည်။ ထို့ကြောင့် ယင်ကောင်ဆိုသော သတ္တဝါသည် ရောဂါပိုးမွှားများကို  အဓိက သယ်ဆောင်သည့် အင်းဆက်ပိုးဖြစ်သည်။ အထူးသဖြင့် ယင်ကောင်များ  အလွယ်တကူ နားနေနိုင်သော လမ်းဘေးဈေးသည် အစားအစာများသည် သန့်ရှင်းမှု လွန်စွာအားနည်းသည့်အတွက် ရှောင်ရှားသင့်ပါသည်။

ယင်ကောင်သုတ်သင်နည်း

ယင်ကောင်အန္တရာယ်မှ ကင်းဝေးဖို့အတွက် တစ်ဦးတစ်ယောက်တည်းနှင့် မရနိုင်ပါ။ အိမ်ထောင်စုတိုင်း၏ စုပေါင်းအားဖြင့် လုပ်ဆောင်ပေးကြဖို့ လိုပါသည်။

၁။ ယင်ကောင်တွေနှစ်သက်သော ဥပမာ သရက်သီးအခွံနှင့်  နာနတ်သီးခွံတို့လို စွန့်ပစ်အစားအစာတွေကို ပလတ်စတစ်အိတ်နှင့် လုံအောင်ထုပ်၍ အမှိုက်ပုံးထဲ စနစ်တကျစွန့်ပါ။ ချက်ချင်း မစားဖြစ်သေးပါက ရေခဲသေတ္တာထဲတွင် သိမ်းပါ သို့မဟုတ် လေဝင်လေထွက်ကောင်းကာ ယင်မနားနိုင်သည့် အုပ်ဆောင်းဖြင့် ဖုံးအုပ်ထားပါ။

၂။  သဘာဝ အော်ဂဲနစ်နည်းဖြင့် ယင်ကောင်တွေကို နှိမ်နင်း၍ ရနိုင်ပါသည်။ ငှက်ပျောခွံ အနည်းငယ်ကို ရှလကာရည်နှင့် ရောပြီး ငှက်ပျောသီးနံ့ ထွက်လာအောင် လှုပ်ပေးပါ။ ပြီးနောက် သောက်ရေသန့်ဘူး အလွတ်တစ်လုံးထဲကို ယင်ကောင်တွေ ဝင်နိုင်လောက်သည့် အပေါက်ငယ်တွေ ဖောက်ထားပါ။ ငှက်ပျောခွံနှင့်  ရှလကာရည် ဖျော်ရည်ကို သောက်ရေသန့်ဘူး အလွတ်ထဲ ထည့်ပါ။ ၎င်းဘူးကို ယင်ကောင်တွေ လာတတ်သည့် နေရာမှာ ထားပေးပါ။(ထိုနည်းကို  အင်းဆက် ထောင်ချောက်အဖြစ် ဥယျာဉ်ခြံတွေမှာလည်း အသုံးပြုနိုင်ပါသည်)

၃။ အစားအစာအားလုံးကို ယင်ကောင်၊ ပိုးဟပ်၊ ပုရွက်ဆိတ်၊ ကြွက်စသည့် ပိုးမွှား တိရစ္ဆာန်များနှင့် ခွေး၊ ကြောင်စသည့် အိမ်မွေးတိရစ္ဆာန်များ လက်လှမ်းမမှီနိုင်အောင် သိမ်းဆည်းပါ။ ကြောင်အိမ်ကို လုံအောင် ပိတ်ထားပါ။

၎။ စားသောက်ပြီးနောက် ပန်းကန်ခွက်ယောက်များကို အကြွေးမထားဘဲ ချက်ချင်းဆေးပါ။ သို့မဟုတ်ပါက ပေကျံနေသော ၎င်းပန်းကန်ခွက်ယောက်တွေက ကြွက်၊ ပုရွက်ဆိတ်၊ ယင်ကောင်တွေကို ဖိတ်ခေါ်ရာရောက်သည်။ အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် ချက်ချင်း မဆေးကြောနိုင်သေးပါက ကြောင်အိမ် သို့မဟုတ် အုပ်ဆောင်းဖြင့် လုံခြုံအောင် သိမ်းထားပြီးနောက် အသိုးနံ့ပျောက်အောင် ရေနွေးလောင်း၍ ဆေးကြောသန့်စင်ပါ။

၅။ မီးဖိုချောင်ထွက် စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်သရိုက်တွေကို ရေမြောင်းများတွင် မစွန့်ပစ်ဘဲ သတ်မှတ်ထားသော အမှိုက်ပုံးများသို့ စနစ်တကျ စွန့်ပစ်ပါ။

၆။ ဖြစ်နိုင်ရင် ရေလောင်းအိမ်သာကိုသာ သုံးပါ။

၇။ အကယ်၍ ရေလောင်းအိမ်သာ မသုံးစွဲနိုင်ပါက၊ 'ယင်လုံမြေတွင်း အိမ်သာ' ကိုသုံးပါ။ (ယင်လုံမြေတွင်း အိမ်သာဆိုသည်မှာ မြေကြီးအတွင်းသို့ ခပ်နက်နက် တူးထားသောအိမ်သာဖြစ်ပြီး၊ မြေကြီးတွင်းဝနှင့်  အိမ်သာအောက်ခြေတို့ အကြား ယင်ကောင်များ မဝင်စေရန်   မြေကြီးများဖို့ခြင်း သို့မဟုတ် လဝါး၊ ကျူထရံများ ကာရံထားခြင်းဖြစ်သည်။ အိမ်သာအတွင်းရှိ လူထိုင်သော ယိုပေါက်ကို အဖုံးဖြင့်ပြန်ပိတ်ထားခဲ့ခြင်းအားဖြင့် ယင်ကောင်ပေါက်ပွားခြင်းမှ ကာကွယ်နိုင်မှာဖြစ်သည်)

၈။ ယင်ဥများ၊ လောက်ကောင်များ၊ ပိုးတုံးလုံးများ  သေစေနိုင်သည့် ပိုးသတ်ဆေးသုံးပါ။ (ဥပမာ ဘယဆေးဆိုင်တွေမှာ ရနိုင်သော  လက်ချား ပိုးသတ်ဆေး တစ်ပေါင်ကို ရေ ၆ ဂါလန်ရော၍ အိမ်သာတွင်းထဲသို့ လည်းကောင်း၊ အိမ်အပြင်ဝန်းကျင်ရှိ ရေမြောင်းများ၊  အမှိုက်ပုံးနှင့် အမှိုက်ပုံများသို့ သုံးရက်လျှင်တစ်ကြိမ် ဆေးပက်ဖျန်းပေးပါ )

၉။ အကယ်၍ ပိုးသတ်ဆေး အလွယ်တကူမရနိုင်ပါက ထုံးမှုန့် သို့မဟုတ်  ရေနံချေး သို့မဟုတ် မီးဖိုမှပြာ သို့မဟုတ် ဖွဲဆပ်ပြာတို့ကို မြေတွင်းအိမ်သာထဲသို့ နေ့စဉ်သော် လည်းကောင်း၊ သုံးရက်လျှင် တစ်ကြိမ်ခန့် ဖြူးပေးပါ။

၁ဝ။ မိမိနေထိုင်ရာအိမ်တွင် ခမ်းနားသော အိမ်ထောင်ပရိဘောဂများ ထားရှိနိုင်သည့် ဂုဏ်ထက် ယင်လုံဆန်ခါ၊ ခြင်လုံဆန်ခါ တပ်ဆင်နိုင်သည့်ဂုဏ်ကို ပို၍တန်ဖိုးထားတတ်ပါစေ။ တစ်အိမ်လုံး  ယင်လုံဆန်ခါ မတပ်နိုင်သည့် တိုင်အောင် ထမင်းစားခန်းကိုတော့ ဦးစားပေး တင်ဆင်ကြပါရန် တိုက်တွန်းလိုပါသည်။

၁၁။ ထမင်းစားခန်းနှင့် မီးဖိုဆောင်သို့ ရောက်လာကြသော ယင်ကောင်များကို နားမိသည်နှင့် ကပ်၍ သေစေနိုင်သော ကော်သုတ် စက္ကူလိပ်ကလေးများကို နေရာအနှံ့ချိတ်ဆွဲထားပါ သို့မဟုတ် ဆန်ကောချပ်ဖြစ်စေ၊ ဒန်အိုးအဖုံး တစ်လုံးတွင်ဖြစ်စေ သကြားရည်၊ အမဲဆီ နှင့် ပိုးသတ်ဆေး တစ်မျိုးမျိုးတို့ကို ရောနှောသုတ်၍ ကလေးများ လက်လှမ်းမမှီသော နေရာမှာ  ကြိုးဖြင့်ချိတ်ဆွဲထားပါ။

၁၂။ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ယင်ကောင်ရိုက်တံကို အိမ်တွင် ဆောင်ထားသင့်ပါသည်။

၁၃။ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ လမ်းညွှန်မှုများနှင့် အညီ လုပ်သားပြည်သူတိုင်းကလည်း အသိစိတ်ဓာတ် ပြည့်ဝစွာ တက်ညီလက်ညီ ပူးပေါင်း ပါဝင်ကြစေလိုပါသည်။   

ပေါက်ပေါက်

Read 104 times
Rate this item
(0 votes)
Last modified on Tuesday, 06 August 2019 10:02