SJ WorldNews - шаблон joomla Авто

လူတိုင်းသတိပြု ကာကွယ်ရမည့် ကင်ဆာရောဂါ အန္တရာယ်

Wednesday, 07 August 2019 10:18 Written by  font size decrease font size decrease font size increase font size increase font size

ကင်ဆာရောဂါသည်   မြန်မာနိုင်ငံတွင်သာမက    ကမ္ဘာတစ်ဝန်း၌ အများဆုံးဖြစ်ပွားနေရာ ၂ဝ၁၈ ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါ လူ ၁၈ ဒသမ ၁ သန်းဖြစ်ပွားခဲ့ပြီး ၉ ဒသမ ၆ သန်း သေဆုံးခဲ့သည်။ ကမ္ဘာတွင် သေဆုံးမှု ဒုတိယအများဆုံး ရောဂါဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၈ ခုနှစ်စာရင်းအရ ကင်ဆာရောဂါ အသစ်ဖြစ်ပွားသူ ၆၉၅၅၄ ဦးရှိကြောင်း သိရသည်။ အမျိုးသားငါးဦးတွင် တစ်ဦး၊ အမျိုးသမီး ခြောက်ဦးတွင်တစ်ဦး ကင်ဆာရောဂါဖြစ်ပွားနေပြီး သေဆုံးသူများ၏ ၇ဝ ရာခိုင်နှုန်းသည် ဝင်ငွေနိမ့်သူ၊ အလယ်အလတ် ရှိသူများဖြစ်သည်။

ကင်ဆာရောဂါဖြစ်ပွားရခြင်းမှာ  နေထိုင်စားသောက်မှု ပုံစံမမှန်မှုနှင့် မျိုးရိုးဗီဇကြောင့်လည်း ဖြစ်ပွားနိုင်သည်။ မြို့ပြများတွင် သဘာဝ ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် လေထုညစ်ညမ်းမှု၊ နေထိုင်စားသောက်မှုနှင့် သက်ဆိုင်သည့် အစားအသောက်များကြောင့်  ဖြစ်ပွားနေသည်ကို တွေ့ရှိရသည်။

ကင်ဆာရောဂါ၏ သုံးပုံတစ်ပုံကို ကာကွယ်မရနိုင်သဖြင့် စောစီးစွာ ရှာဖွေစမ်းသပ်ခြင်း၊ ကာကွယ်ကုသခြင်းကြောင့် လူ့အသက် ၃ ဒသမ ၇ သန်းခန့် နှစ်စဉ်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် နိုင်ငံသားများ အတွက် ဘေးကင်းလုံခြုံသော စားသောက်ကုန်များကိုသာ    တင်သွင်းရောင်းချခွင့် ပြုကြသည့်အပြင် ကျန်းမာရေးကို ထိခိုက်စေသည့် စားသောက်ကုန်များ လုံးဝရောင်းချခွင့် မပြုဘဲ အစဉ်အမြဲကြပ်မတ်စိစစ်သည်။ နိုင်ငံသားများ ကင်ဆာရောဂါ ဘေးဆိုးမှ ကင်းဝေးပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြသည်။   မြန်မာနိုင်ငံသည်  ဖွံ့ဖြိုးပြီး နိုင်ငံမဟုတ်သော်လည်း ရောဂါကင်းဝေးရေးကို ရှေးရှုပြီး အသိပညာ ပေး၍ ကာကွယ်ပေးသင့်သည်။

အခြေခံလူတန်းစား ပြည်သူလူထုမှာ ဝင်ငွေနည်းပါးသူများ ဖြစ်၍ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို မရွေးချယ်နိုင်ဘဲ ဈေးနှုန်းသက်သာပြီး ဝမ်းဝရေးကို ဦးစားပေး စားသောက်နေကြရသည်။

ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကို နေ့စဉ်စားသုံးရာမှ ကင်ဆာရောဂါ ဖြစ်ပွားလာကြသည်။ အစားအစာ ရောင်းချသူများ အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ကုသိုလ်လည်းရ ဝမ်းလည်းဝသည့် စေတနာဖြင့် ရောင်းချပေးသင့်သည်။

၂ဝ၁၄ ခုနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားမှု  ၄၉၃ဝဝ  ဦးရှိသည်။  ၂ဝ၁၈ ခုနှစ်တွင် ၆၉၅၅၄ ဦးရှိသဖြင့် ဖြစ်ပွားမှု ၂ဝဝဝဝ ကျော် မြင့်တက်လာသည်ကို တွေ့ရသည်။ ကမ္ဘာ့ကင်ဆာရောဂါ ဖြစ်ပွားမှုအဆင့် သတ်မှတ်ချက်တွင် မြန်မာသည် ၆၅ နေရာ၌တည်ရှိသည်။

၂ဝ၁၈ ခုနှစ်အတွင်း     ကင်ဆာရောဂါအသစ်(လူနာသစ်) ဖြစ်ပွားသူ ၇ဝဝဝဝ နီးပါးရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကင်ဆာရောဂါဖြစ်ပွားမှု မည်မျှရှိသည်ကို အတိအကျပြောနိုင်ရန် လူဦးရေ အခြေပြု ကင်ဆာရောဂါ ဖြစ်ပွားမှုမှတ်ပုံတင်ခြင်းကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးပြည်သူ့ဆေးရုံကြီး တို့၌ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

WHO Global Health Estimatesတွင် ဖော်ပြချက်အရ မကူးစက်နိုင်သော ရောဂါများအနက် မြန်မာအမျိုးသားများတွင် သေဆုံးမှုနှုန်း အများဆုံး ရောဂါမှာ နှလုံးသွေးကြောကျဉ်းရောဂါ ၃၉ ရာခိုင်နှုန်း၊ ကင်ဆာရောဂါ ၂၁ ရာခိုင်နှုန်း၊ အခြားနာတာရှည်ရောဂါများ ၂၄ ရာခိုင်နှုန်း၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ၁၂ ရာခိုင်နှုန်း၊ ဆီးချိုသွေးချို ၄ ရာခိုင်နှုန်းခန့် ရှိပြီး အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်း ရောဂါ ၄၅ ရာခိုင်နှုန်း၊  ကင်ဆာ၊   နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ၁၄ ရာခိုင်နှုန်း၊ ဆီးချိုသွေးချို ၇ ရာခိုင်နှုန်းခန့် အထိရှိကြောင်း သိရသည်။

ကင်ဆာရောဂါအမျိုးအစားများမှာ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ အသည်းကင်ဆာတို့ဖြစ်သည်။ အမျိုးသားများတွင် အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အစာမျိုပြွန်ကင်ဆာနှင့် ခံတွင်းကင်ဆာ အဖြစ်များ၍ အမျိုးသမီးများတွင်မူ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် အသည်းကင်ဆာ အဖြစ်များသည်။   အမျိုးသမီးများသည်   အမျိုးသားများထက် ပိုမိုဖြစ်ပွားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကင်ဆာရောဂါကြောင့် အသက် ၇ဝ မတိုင်မီ သေဆုံးမှုသည် ကမ္ဘာ့နိုင်ငံများအနက် ၉၁ နိုင်ငံတွင် ပထမ အများဆုံးဖြစ်နေပြီး ဖြစ်ပွားမှု၏ ၆၇ ရာခိုင်နှုန်းသည် အသက် ၃၅ နှစ်မှ ၆၄ နှစ်ကြားအရွယ်များ ဖြစ်နေကာ ကင်ဆာဝေဒနာရှင် ထက်ဝက်ခန့်သည် ရောဂါကျွမ်းမှဖြစ်နေသည်ကို သိရကြောင်း ဆိုထားသည်။

ကင်ဆာဖြစ်ပွားမှုသည် လာမည့် ၂ဝ၃၅ ခုနှစ်တွင် လက်ရှိဖြစ်ပွားနှုန်း ၁၈ ဒသမ ၁ သန်းထက် နှစ်ဆ တိုးလာနိုင်ကြောင်း  ခန့်မှန်းထားသည်။

ကင်ဆာရောဂါကြောင့် နှစ်စဉ်တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၁၆ ထရီလီယံခန့် ကုန်ကျနေသည်ဟုဆိုသည်။ ကင်ဆာရောဂါကို ကာကွယ်ရန်  ကင်ဆာဆိုင်ရာ အချက်အလက်သည် အရေးကြီးပြီး မဖြစ်မနေလိုအပ်သည်။ အချက်အလက်ရှိမှသာ မည်သည့်ကင်ဆာ အမျိုးအစားကို ရည်ရွယ်၍ ဦးစားပေး ဆောင်ရွက်ရမည့် အစီအမံများ၊ ကုသမှုကုန်ကျစရိတ်နှင့် လိုအပ်သော အထောက်အပံ့များ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ကင်ဆာရောဂါ ဖြစ်ပွားမှု လျှော့ချရန်   အသိပညာပေးခြင်း၊  ကုသခြင်းတို့ဖြင့် ဆောင်ရွက်နေပြီး အားကစားသိပ္ပံကျောင်းများတွင် ဆေးလိပ်၊ ကွမ်း၊ အရက်သုံးစွဲပါက ချက်ချင်း ထုတ်ပယ်ရန် ညွှန်ကြားချက် ထုတ်ထားကြောင်း၊ ဥပဒေအနေဖြင့်လည်း ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေများ၊ နှီးနွှယ်ဥပဒေများကိုလည်း ထုတ်ပြန်ထားသည်။

ကင်ဆာဖြစ်ရခြင်း အကြောင်းရင်းများအနက် အစားအသောက်ကြောင့် ဖြစ်ပွားနှုန်း ၃၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးနေရာတွင်ရှိပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ၃ဝ ရာခိုင်နှုန်း၊ ဗိုင်းရပ်ပိုးများကြောင့် ၁ဝ ရာခိုင်နှုန်း၊ လိင်ဆက်ဆံမှုကြောင့် ၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အချို့ကင်ဆာများသည် ကာကွယ်၍ မရသော်လည်း ကုသ၍ပျောက်ကင်းသည်။ အဖြစ်များသည့် ကင်ဆာရောဂါ၏ သုံးပုံတစ်ပုံသည် ကာကွယ်၍ ရသည်ဟုဆိုထားသည်။ ကာကွယ်တားဆီးခြင်း၊ စောစီးစွာ ရှာဖွေစမ်းသပ်ခြင်းနှင့် ကုသမှုခံယူခြင်းတို့ကို သတိထား ဆောင်ရွက်ပါက ကင်ဆာရောဂါ အန္တရာယ်မှ ကင်းဝေးနိုင်သည်။

ကင်ဆာရောဂါကြောင့် လူတစ်ဦးချင်းသာမက ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ အမျိုးသမီး မီးယပ်ကင်ဆာရောဂါ ကာကွယ်ရေး အသိပေး လှုပ်ရှားမှုများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာ ဦးစီးဌာန၊ ဆေးတက္ကသိုလ်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်း၍ ပြည်သူလူထုသို့ အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရင်သားကင်ဆာသည် အဖြစ်အများဆုံးဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာသည် ဒုတိယ အများဆုံးဖြစ်သည်။ ကင်ဆာရောဂါ ရှာဖွေကုသရေး လုပ်ငန်းများကို ပြည်သူလူထု အခြေပြုဆောင်ရွက်ခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားနှုန်း ကျဆင်းရေးကို အထောက်အပံ့ ဖြစ်စေနိုင်သည်။

ကင်ဆာရောဂါ ခံစားနေရသည့် ကလေးလူနာများအတွက် နာကျင်မှု ဝေဒနာများအပြင် အခြားခံစားနေရသည့် ဝေဒနာများ သက်သာစေရန် ကုသပေးမည့် စင်တာများကို ရန်ကုန်မြို့ရှိ ဆေးရုံကြီးသုံးခုတွင် စတင် လုပ်ဆောင်နေကြောင်း၊ အဆိုပါစင်တာများကို ရန်ကုန်ကလေး ဆေးရုံကြီး သွေးရောဂါ နှင့် ကင်ဆာကုသဆောင်၊ ရန်ကုန်ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပဆေးရုံကြီးတို့တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ နာကျင်မှုဝေဒနာ သက်သာစေရန်အတွက် လုပ်ဆောင်ချက်များကို ယခင်နှစ်များက လုပ်ဆောင်ခဲ့သော်လည်း သတ်သတ်မှတ်မှတ် ကုသပေးသည့် နေရာမရှိဘဲ ယခုနှစ်မှစ၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ကလေးကင်ဆာအသစ် ဖြစ်ပွားသူ တစ်နှစ်လျှင် ၂ဝဝဝခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ၈ဝဝ ခန့်သာ ဆေးကုသမှု ခံယူနေကာ ကျန် ၁၂ဝဝ ခန့်သည် ကင်ဆာဖြစ်မှန်း မသိဘဲ နေထိုင်နေရကြောင်းနှင့် လက်ရှိရန်ကုန် ကလေးဆေးရုံကြီးတွင် ကလေးကင်ဆာ အတွင်းလူနာ ၇၅ ဦးခန့် နေ့စဉ်တက်ရောက်ကုသမှု ခံယူနေပြီး ပြင်ပလူနာနေ့စဉ် ၇ဝ မှ ၁ဝဝ ကြားကုသပေးလျက်ရှိသည်။

ကျား၊မ အသက်အရွယ်မရွေး မိမိတွင်ရောဂါတစ်ခုခု ခံစားနေရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီ သွားရောက်ပြသသင့်ပါသည်။

တိုးတက်လာသော ယနေ့ခေတ်တွင် ကြိုတင် ကာကွယ်ခြင်းဖြင့် ရောဂါများကို အနိုင်ယူနိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော ကင်ဆာရောဂါ အန္တရာယ်မှ  ကင်းဝေးကြပါစေလို့ ဆန္ဒပြု ရေးသားလိုက်ရပါသည်။ 

မေယု-မျိုးအောင် (MANA)

Read 58 times
Rate this item
(0 votes)
Last modified on Wednesday, 07 August 2019 10:19