SJ WorldNews - шаблон joomla Авто

အဆိပ်ငွေ့ကင်းစင်သည့် နေရာကို ရွေးချယ်ကြပါစို့

Thursday, 08 August 2019 10:19 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့ခေတ်တွင် လက်ဖက်ရည်ဆိုင်ထိုင်ခြင်း ဆိုသော  ယဉ်ကျေးမှုတစ်ခု ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလျက်ရှိသည်။ လက်ဖက်ရည်ဆိုင် ထိုင်ရခြင်း၏ ရည်ရွယ်ချက်များလည်းရှိသည်။ မိမိတို့စားသောက်ချင်သည့် အစားအသောက်များကို လွယ်ကူစွာ စားသုံးနိုင်သကဲ့သို့   မိမိတို့၏ ဧည့်သည်များကိုလည်း ကောင်းမွန်စွာ ဧည့်ခံနိုင်ခြင်း စသည်ဖြင့် ရည်ရွယ်ချက် အမျိုးမျိုးရှိကြသည်။

ထိုသို့သွားသည့်အခါတိုင်း ကျွန်မတို့ပထမဆုံး ရင်ဆိုင်ရမည့် အဆိပ်ငွေ့တစ်မျိုး ရှိသည်။ယင်းအဆိပ်မှာ  ကိုယ်တိုင်မသောက်တိုင် သူတစ်ပါးသောက်သော ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းဖြစ်သည်။

ကျွန်မတို့တွင် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းနှင့် ပတ်သက်၍  အားနည်းချက် အချို့လည်းရှိနေကြသည်။ ဆေးလိပ်ကင်းစင်သည့် လက်ဖက်ရည်ဆိုင်ဟုတ်၊ မဟုတ်ဂရုပြု ရွေးချယ်၍ မထိုင်ကြခြင်းဖြစ်သည်။ထို့ကြောင့် အထက်ဖော်ပြပါ အဆိပ်ငွေ့ကိုရှူမှန်းမသိ ရှူဖြစ်နေကြခြင်းဖြစ်သည်။ဆေးလိပ်ငွေ့ ရှူသွင်းခြင်းကြောင့် ပထမဦးစွာနှလုံးကို ပျက်ယွင်းစေသည်။၂ဝ၁၅ခုနှစ် တစ်နှစ်တည်းတွင် ဆေးလိပ်ငွေ့ရှူသွင်းမိခြင်းကြောင့်  သေဆုံးသူဦးရေ ၅၆ ဒသမ  ၁ သန်း ရှိသည်။

ဆေးလိပ်ငွေ့များ ရှူရှိုက်မိသောအခါ သွေးအတွင်းတွင်  သွေးခဲလေးများ ဖြစ်သွားပြီး ကျဉ်းမြောင်းသော နှလုံးသွေးလွှတ်ကြောများ အတွင်း ဝင်ရောက်ကာ နှလုံးသွေးကြောပိတ်ခြင်း ဖြစ်ပေါ်စေသည်။ ယင်းနှလုံး သွေးလွှတ်ကြောမှ ထောက်ပံ့နေသော နှလုံးကြွက်သားများသည် သွေးငတ်ခြင်း၊ အောက်ဆီဂျင် ငတ်ခြင်းကြောင့် နှလုံးကြွက်သားများ ပုပ်သွားတော့သည်။ နှလုံးကြွက်သားပုပ်ရာမှ နှလုံး၏ အရေးကြီးသောနေရာများဆီ မရောက်တော့ဘဲ  နှလုံးခုန်ရပ်ကာ သေဆုံးသွားနိုင်သည်။

ကမ္ဘာပေါ်တွင် နှလုံးရောဂါကြောင့် သေဆုံးသူများ၏ ၁၂ ရာခိုင်နှုန်းသည် ဆေးလိပ် ကိုယ်တိုင်သောက်၍ လည်းကောင်း၊ ဒုတိယအဆင့် ဆေးလိပ်ငွေ့ ရှူရသူ သို့မဟုတ် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ရခြင်းကြောင့် ဖြစ်နေသည်ကို သုတေသီများ၏ လေ့လာချက်အရ သိရှိရသည်။

ဆေးလိပ်သောက်သူ အချို့သည် ဆေးလိပ်သောက်ခြင်းကို ကိုယ်ပိုင်အခွင့်အရေး တစ်ခုဟုယူဆကာ အနီးအနားတွင် လူရှိနေသည်ကို ဂရုမပြုဘဲ သောက်နေသော အကျင့်ဆိုးများ ပြုလုပ်နေကြသည်။ အခြားနိုင်ငံများတွင် ဆေးလိပ်သောက်ခြင်းကို သတ်မှတ်ထားသော ဧရိယာအတွင်းတွင်သာ သောက်ရမည်ဖြစ်သည်။ ထိုအကျင့်ကောင်းလေးကို ကျွန်မတို့နိုင်ငံရှိ ဆေးလိပ်သောက်သူများ အားလုံး အတုယူကာ လိုက်နာ ကျင့်သုံးသင့်သည်။

တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်မိခြင်းကြောင့် လူသားတို့၏ ကျန်းမာရေးကို နှစ်စဉ်   ကိုးသိန်းနီးပါး ဒုက္ခရောက်နေသည်ကို   သတိပြုစေလိုသည်။

ဆေးလိပ်ငွေ့ရှူရှိုက်ရသော ကလေးများတွင်လည်း ပြင်းထန်သော အဆုတ် ရောဂါကို ရရှိစေသည်။ သုတေသီအချို့၏ အပြောအရ ဆေးလိပ်ငွေ့ကြောင့် သေဆုံးသူလူတစ်သိန်းတွင် ခုနစ်ဦးသည်  ကလေးများ ဖြစ်နေကြောင်း သိရသည်။  လက်ဖက်ရည်ဆိုင်များတွင် ငယ်လွန်းသော ကလေးများကိုလည်း ခေါ်ဆောင်ခြင်း မပြုသင့်ပါ။   ဆေးလိပ်ငွေ့ရှူရှိုက်ရသော  ကလေးများသည် အဆုတ်အပြည့်အဝ မဖွံ့ဖြိုးခြင်း၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ မျက်စိတိမ်စွဲရောဂါ တို့ဖြစ်သည်။  ကလေးများသည် ဆေးလိပ်ငွေ့ ရှူရှိုက်ရခြင်းကြောင့် သွားပိုးစားခြင်း၊ မျက်စိယားခြင်း၊ နမိုးနီးယား၊ နှာစေးနှာပိတ်ခြင်းတို့ ဖြစ်တတ်သည်။

တစ်ပတ်လျှင် ၁ဝ နာရီထက်ပိုပြီး ဆေးလိပ်သောက်သူများနှင့် ထိတွေ့နေထိုင်မည်ဆိုလျှင် နှလုံးရောဂါဖြစ်နှုန်း၂၇ ရာခိုင်နှုန်း၊ လေဖြတ်နိုင်မှု ၂၃ရာခိုင်နှုန်း၊ ပြင်းထန်သော အဆုတ်ရောဂါဖြစ်ပွားနိုင်နှုန်း ၄၁ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ ဆေးလိပ်ငွေ့တွင် ပါဝင်သော  ဓာတုအဆိပ်များကိုလည်း ဖော်ပြပေးလိုသည်။ ဆေးလိပ်ငွေ့ထဲတွင် ဘင်ဇိုပိုင်ရင်းပါသည်ကို တွေ့ရသည်။ ဘင်ဇိုပိုင်ရင်းသည် ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းဖြစ်သည်။ ဖောမောဒီဟိုက်ဆိုသည့် လူသေကောင်များကို မပုပ်မသိုးစေရန် တာရှည်ခံအောင် သုံးသည့် ဓာတုအငွေ့လည်း ထွက်သည်။ ဆေးလိပ်ငွေ့ထဲမှ ထွက်သောအငွေ့များတွင် ဟိုက်ဒရိုဂျင်ဆိုင်ယာနက် ဆိုသော ကြွက်သတ်ဆေးအဖြစ် သုံးသော ဓာတုပစ္စည်းလည်း ပါသည်။  အမိုးနီးယား ဆိုသောကြမ်းပြင်များ၊  အိမ်သာများတွင် သန့်ရှင်းရေးပစ္စည်း အဖြစ်သုံးသော  ဓာတုပစ္စည်းလည်း ပါသည်။

ဤသည်ကိုကြည့်ခြင်းဖြင့် ဆေးလိပ်ငွေ့တွင် ပါဝင်သော ဓာတုအဆိပ်များသည် လူတို့၏ ကျန်းမာရေးကို မည်မျှဆိုးဝါးနိုင်သည်ကို တွေ့နိုင်သည်။

ကိုယ်ဝန်ဆောင်သည်များ အနေနှင့်လည်း ဆေးလိပ်ငွေ့ ကင်းစင်သော လက်ဖက်ရည်ဆိုင်မျိုးကိုသာ  ရွေးချယ်ကာ ထိုင်သင့်သည်။ အကြောင်းမှာ ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်းနှင့် ကလေး အသေမွေးခြင်းများ ဖြစ်တတ်သည်။ဆေးလိပ်တွင် ပါဝင်သော နီကိုတင်းဓာတ်သည် သားဥပြွန်ကို ကျုံ့စေခြင်းကြောင့် သားအိမ်ထဲတွင် သန္ဓေသားဖြစ်တည်မှုကို တားဆီးရာမှ သားအိမ်၏ပြင်ပတွင် သန္ဓေတည်နိုင်သည်။  လမစေ့ပေါင်မပြည့်သော ကလေးများမွေးခြင်း၊ မွေးလာသော ကလေးသည် မွေးရာပါ ကိုယ်အင်္ဂါ ချို့ယွင်းချက်ပါလာခြင်းတို့ကိုလည်း ဖြစ်စေသည်။ မွေးလာသော ကလေးတွင် အာရုံစူးစိုက်မှု အားနည်းခြင်း၊ အိပ်ပျော်နေရင်းမှ အကြောင်းရင်းမသိဘဲ  သေဆုံးနေခြင်းတို့ဖြစ်တတ်သည်။

ဆေးလိပ်သောက်သူများသော ပတ်ဝန်းကျင်တွင် အခြားပတ်ဝန်းကျင်ထက် ညစ်ညမ်းသော လေထုကိုဖြစ်စေပြီး အဆုတ်ကင်ဆာများ ဖြစ်ပွားနိုင်သည်ကိုတွေ့ရသည်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်ရခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ မျက်လုံးနှင့်နှာခေါင်း ကသိကအောက်ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် တို့ကိုပါဖြစ်စေသည်။ ဆေးလိပ်မီးခိုးငွေ့၏ ပါဝင်သော ပစ္စည်းများတွင် ကင်ဆာဖြစ်စေသော အရာများ၊ နေမထိထိုင်မသာဖြစ်စေသော အရာများ၊ နီကိုတင်းအငွေ့များနှင့် အခြားဓာတ်ငွေ့များ ပါဝင်သည်။ လက်တွေ့ဓာတ်ခွဲ စမ်းသပ်ချက်များအရ ဆေးလိပ်မီးခိုးငွေ့ကို ရှူရှိုက်မိသော သတ္တဝါများတွင် လည်ချောင်းကင်ဆာနှင့် အဆုတ်ကင်ဆာများ ဖြစ်ကြောင်း ပြသနေသည်။

သို့ဖြစ်ပါသောကြောင့် ကျွန်မတို့သည် ဆေးလိပ်ငွေ့ကင်းစင်ခြင်း မရှိသည့် လက်ဖက်ရည်ဆိုင်များသို့ သွားရမည်ဆိုလျှင် ဆေးလိပ်ငွေ့မှ ကင်းဝေးနိုင်စေရန် Mask တပ်ခြင်းကို ပြုလုပ်ထား ရမည်။ဆေးလိပ်သောက်သူ များသည်လည်းလူရှင်းသောနေရာများတွင်သာ   ဆေးလိပ်သောက်ခြင်း ပြုလုပ်သင့်သည်။

အဲကွန်းရှိသည့်နေရာ၊ တားမြစ်ထားသည့် နေရာများတွင် ဆေးလိပ်သောက်ခြင်း ကိုမပြုလုပ်သင့်ပါ။ ဆေးလိပ်သောက်သူများ အနေဖြင့် ဆေးလိပ်တွင် လူကိုအန္တရာယ်ပေးသော ကတ္တရာစေး၊ နီကိုတင်း၊ ကာပွန်မိုနောက်ဆိုက်၊ အက်ဆီတုန်း၊ အမိုးနီးယား၊ ကဒ်မီယမ်၊ အာဆင်းနစ်၊ ဗျုတိန်းတို့ ပါဝင်ကြောင်း သိရှိထားရမည်။ အချို့လူများသည် ဆေးလိပ်နှင့် ပတ်သက်ပြီး မှားယွင်းသည့် အယူအဆများ ထားရှိနေကြသည်။ အဆီခံပါသော စီးကရက်များမှာ ပိုပြီးအန္တရာယ်ကင်းသည်။ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်သည် သဘာဝအတိုင်း ထုတ်လုပ်ထားသောကြောင့် အန္တရာယ်ကင်းသည် ဆိုသော အယူအဆများကို ထားရှိနေကြသည်။ အမှန်တော့  ဆေးလိပ်ဆိုသည် မည်သည့် ဆေးလိပ်ကိုမဆို ဓာတုပစ္စည်းများနှင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ဆေးလိပ်သောက်သူများ အနေဖြင့်လည်း ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများမှာ မှတ်ဉာဏ်အားနည်းခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ သွားမည်းခြင်း၊ သွားဖုံးရောဂါ၊ လက်သည်းမည်းခြင်း၊ လည်ချောင်းကင်ဆာ၊ အဆုတ်ပွခြင်း၊ အဆုတ်ကင်ဆာ၊ နှလုံးကြွက်သား အားနည်းခြင်း၊ အသည်းကင်ဆာ၊ အစာအိမ်နာရောဂါ၊ ကျောက်ကပ်ကင်ဆာ၊ အူနာရောဂါ၊ သားအိမ်ကင်ဆာ၊ သားသမီး မရနိုင်ခြင်း၊ ဆီးအိမ်ကင်ဆာ၊ အရိုးပွခြင်းတို့ ဖြစ်နိုင်သည်ကိုလည်း သိရှိထားသင့်သည်။

ဆေးလိပ်သောက်ခြင်းသည် ခံတွင်းအနံ့ဆိုးခြင်း၊ သွားကြွေလွှာ ပျက်စီးခြင်း၊ သွားများဝါခြင်းတို့လည်းဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် ဆေးလိပ်သောက်ပါက  သန္ဓေသား ပုံမမှန်ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ဆေးလိပ်သောက်ခြင်းကြောင့်   ခြေလက်များ သွေးမလျှောက်ခြင်း၊ အရိုးများကြွပ်ဆတ် ကျိုးလွယ်ခြင်းတို့ ဖြစ်နိုင်သည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ် မသောက်သူ များထက်  သွေးကြောပိတ်နိုင်ခြေ ၁ဝ ဆမှ ၁၆ ဆအထိများသည်။ ထို့အတူ မျက်စိနှင့် ပတ်သက်သော ရောဂါများ  ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့် သွားဖုံးရောင်ခြင်း၊  သွားဖုံးသွေးထွက်ခြင်းများ၊  သွားပိုးစားခြင်း၊ သွားဖုံးကင်ဆာ၊ အသက်အရွယ်နှင့် မလိုက်သော နှုတ်ခမ်းများပြာ၍  ရုပ်အင်္ဂါရင့်ခြင်းတို့သည် ဆေးလိပ်သောက်သူများတွင် ဖြစ်ပွားနိုင်သည်။

ဆေးလိပ်ကြောင့် သေဆုံးသူများသည် အရက်၊မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ထိခိုက်မိခြင်းများ၊ AIDS ရောဂါများထက် နှစ်စဉ် များပြားလျက်ရှိသည်ကို  WHO စာရင်းများအရ သိရှိရသည်။ နှစ်စဉ်ကမ္ဘာကြီးတွင် ဆေးလိပ်ငွေ့ကြောင့် လူခြောက်သိန်း သေဆုံးနေသည်ကိုလည်း တွေ့ရသည်။ဆေးလိပ်သောက်ခြင်းကြောင့် လေဖြတ်ခြင်းနှင့် လေဖြတ်၍ ဦးနှောက်ကြွက်သားများ ပုပ်ဆွေးကာ သေဆုံးရလေ့ရှိသည်။

သို့ပါသောကြောင့် ကျန်းမာရေး ဆိုးကျိုးများစွာ ပေးသည့်  ဆေးလိပ်ကို ဖြတ်သင့်သည်။  ဆေးလိပ်ဖြတ်ရန် စိတ်ပြတ်သားရန်လိုသည်။ ဆေးလိပ်ဖြတ်မည့်ရက်ကို သတ်မှတ်ထားပြီး ဆေးလိပ်သောက်ချင်စိတ် ပေါက်သည့်အခါ ခံတွင်းချဉ် သက်သာစေရန် ပီကေဝါးသင့်သည်။

ဆေးလိပ်ဖြတ်လိုက်ခြင်းဖြင့် ကောင်းမွန်သော အကျိုးရလဒ်များ လက်ဆောင်ရနိုင်သည်။  ဆေးလိပ်ဖိုး အကုန်အကျ သက်သာခြင်း၊ မိမိဆေးလိပ်ငွေ့ကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု ကင်းဝေးခြင်း၊ လေထုညစ်ညမ်းမှု ကင်းဝေးခြင်း၊ မီးဘေးမတော်တဆ လျော့နည်းခြင်း၊  ကျန်းမာရေး ကောင်းမွန်ပြီး အမောခံနိုင်လာခြင်း၊ အိမ်ထောင်ရေးသုခ လျော့နည်းခြင်းမှ ကောင်းမွန်လာခြင်း၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အဆုတ်ရောဂါများ လျော့နည်းသွားမည် ဖြစ်သည်။သို့ပါသောကြောင့် ကျွန်မတို့သည် ဆေးလိပ်ငွေ့ ကင်းစင်သည့် လက်ဖက်ရည်ဆိုင်များကို ရွေးချယ် ထိုင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။  

မုဒိတာ (တောင်သာ)

Read 34 times
Rate this item
(0 votes)
Last modified on Thursday, 08 August 2019 10:21