SJ WorldNews - шаблон joomla Авто

အထွေထွေကျန်းမာရေးတွက် ပူဒီနာရွက်

Saturday, 10 August 2019 09:45 Written by  font size decrease font size decrease font size increase font size increase font size

ပူဒီနာကို ရှေးကျသော ဆေးဖက်ဝင်ဟင်းခတ်အမွှေးအကြိုင်အဖြစ် လူသိများလျက်ရှိသည်။ ကမ္ဘာပေါ်တွင် ပူဒီနာပင်အမျိုး အစားပေါင်း ၃ဝ ခန့်ရှိပြီး အပူအအေးမျှတသော ဥရောပနှင့်အာရှတိုက်ဒေသများတွင်ကောင်းစွာ ဖြစ်ထွန်းကြသည်။ အာရှတိုက်ရှိ ပူဒီနာသည် ဥရောပ တိုက်ရှိပူဒီနာထက်  အရသာမှာ  အနည်းငယ်ပို၍စူးရှသည်။ ပူဒီနာပင်သည် ခရမ်းရောင် သို့မဟုတ် မရန်းနု ရောင်ပန်းပွင့်ကလေးများ ဝေဝေဆာဆာ ဖူးပွင့်ကာ သဲဆန်သောမြေတွင်ပိုမိုဖြစ်ထွန်းကြသည်။ ရေအလွန်ကြိုက်သော အပင်ဖြစ်ပြီး မြေပြင်ပေါ်တွင် လျှင်လျှင်မြန်မြန်အမြစ်တွယ်ဖြန့်ကြက်၍ ပေါက်ရောက်လေ့ရှိကြသည်။ ပူဒီနာရွက်ကို မိမိနှစ်သက်ရာ ငါး၊ ပုစွန်နှင့် အသားအမျိုးမျိုး တို့တွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်သော် လည်းကောင်း၊ မြန်မာ့ရိုးရာ အစားအစာ မုန့်ဟင်းခါးဖြင့် တွဲဖက်၍သော်လည်းကောင်း၊ အသုပ်၊ ချက်တနီးနှင့် ငါးပိရည်အတို့အမြုံ့အဖြစ်လည်းကောင်း  မြိန်ရှက်စွာ စားသောက်လေ့ရှိကြသည်။ ထို့ပြင် ရေနွေးဆူဆူတွင် ပူဒီနာရွက်ကို အစိမ်းလိုက်ခတ်ထည့်၍သော်လည်းကောင်း သို့မဟုတ် အခြောက်ခံ၍သော်လည်းကောင်း သို့မဟုတ် အရွက်ခြောက်ကို အမှုန့်ကြိတ်ခြေ၍သော်လည်းကောင်း လက်ဖက်ရည် ကြမ်းအဖြစ် သောက်သုံးကြသည်။ ၎င်း၏ ရှင်းသန့်လတ်ဆတ်သော ရနံ့တစ်မျိုးကြောင့် ရှေးအီဂျစ်နှင့် ရောမလူမျိုးများက  နေအိမ်နှင့် ဘုရားကျောင်းများတွင် ပူဒီနာပင်ကို  အထူးတလည် စိုက်ပျိုးခဲ့ကြသည်။ ထိုမျှမကပူဒီနာရွက်သည်  ရေကို သန့်စေသော အစွမ်းသတ္တိရှိသဖြင့် သောက်ရေသန့် လုပ်ရာတွင်လည်း အသုံးပြုလေ့ရှိကြသည်။ ထူးခြားကောင်းမွန်သော ရနံ့နှင့် အရသာတို့ကြောင့် အချို့နိုင်ငံများတွင် ပူဒီနာရွက်ကြိတ်ရည်ကို အသုံးပြု၍ ပျားရည်၊ သကြားလုံး၊ ဂျယ်လီ၊ ပီကေ၊ အချိုရည်နှင့် ရေခဲမုန့် စသည်တို့ပြုလုပ် လျက်ရှိကြသည်။

ပူဒီနာရွက်နှင့်ကျန်းမာရေး

ကမ္ဘာပေါ်တွင် ဆေးဖက်ဝင်အပင်အမျိုးအစားပေါင်း မြောက်မြားစွာရှိသည့်အနက် ပူဒီနာရွက်သည်လည်း တစ်ခုအပါအဝင် ဖြစ်ကာ အနာရောဂါများကို သူမတူအောင် ကုသနိုင်စွမ်းရှိသည်။ WHFoods မှ ဆေးသုတေသီများ၏   ဓာတ်ခွဲစမ်းသပ်ချက် များအရ ၁ဝဝ ဂရမ်ရှိသော ပူဒီနာရွက်လတ်လတ်ဆတ်ဆတ်ထဲတွင် လူသားတို့ကျန်းမာရေးကို အထောက်အကူပြုစေသော ကယ်လိုရီ ၇ဝ၊ အဆီဓာတ် သုည ဒသမ ၉၄ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၈ ဂရမ်၊ ဗီတာမင်အေ ၁၄၁ ရာခိုင်နှုန်း၊ ဗီတာမင်စီ ၅၃ ရာခိုင်နှုန်း၊ ကော့ပါး ၃၆ ရာခိုင်နှုန်း၊ သံဓာတ် ၆၃ ဒသမ ၅ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် ၂ဝ ရာခိုင်နှုန်း၊ မဂ္ဂနီးစ် ၅၁ ရာခိုင်နှုန်း၊ ဇင့် ၁ဝ ရာခိုင်နှုန်းတို့ အသီးသီးပါရှိနေကြကြောင်း လေ့လာတွေ့ရှိကြသည်။ ထို့ပြင် အရွယ်ရောက်ပြီးသူ လူတစ်ယောက် အတွက် တစ်နေ့တာလိုအပ်သော ဖောလစ် ၂၈ ရာခိုင်နှုန်းနှင့် ကယ်လ်စီယမ် ၂၄ ရာခိုင်နှုန်းတို့ကို ပူဒီနာရွက် ၁ဝဝ ဂရမ်ထဲမှ အပြည့်အဝရရှိနိုင်မည်ဖြစ်သည်။ ပူဒီနာထဲတွင်ပါရှိသော ဗီတာမင်စီနှင့် ဗီတာမင်အေတို့က ဓာတ်တိုးဆန့်ကျင် ပစ္စည်းများအဖြစ် စွမ်းဆောင်ပေးသည်။ ထို့ပြင် မဂ္ဂနီးစ်ဓာတ်သည် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေရုံသာမက ပူဒီနာရွက်သည် omega-3 ဖက်တီးအက်စစ်တို့ စုဝေးရာအရင်းအမြစ်ဖြစ်၍ ကင်ဆာရောဂါများကို ကြိုတင်ကာကွယ် ပေးနိုင်သည်။ ပူဒီနာထဲတွင် phytonutrient ခေါ် perillyl alcohol ပါရှိ၍ ကင်ဆာအဖုအကျိတ် ကြီးထွားလာမှုကို နှေးကွေးစေကာ အထူးသဖြင့်အဆုတ်၊ အူမကြီးနှင့် အရေပြားကင်ဆာတို့ကို ကာကွယ်ပေးနိုင်ကြောင်း ဆေးသုတေသီများက ဆိုသည်။ ပူဒီနာရွက်သည် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဆီးအဖြစ်ဖယ်ရှားသုတ်သင်ပေးသဖြင့် ဆီးရွှင်ဆေးအဖြစ် အသုံးပြုနိုင်သည်။ အသည်းနှင့်သည်းခြေအိတ် တို့ကိုလည်း လွန်စွာကောင်းကျိုးပြုသည်။ ပူဒီနာရွက်ထဲတွင် anti-spasmodicç anti-fungal နှင့် rosmarinic acid ခေါ် anti-inflammatory အစွမ်းသတ္တိများ ပါရှိနေကြသဖြင့် သဘာဝပိုးသတ်ဆေးအဖြစ် မှိုပိုးများကိုသေစေနိုင်သော အစွမ်းရှိသည်။ ထို့ကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိ၊ တုပ်ကွေးနှင့် ချောင်းဆိုးချွဲကျပ် ရောဂါများကို သက်သာလာစေနိုင်ကြောင်း၊ နားအုံအတွင်း ရောင်ရမ်းခြင်းနှင့်နားတွင်းအနာများကို ကျက်စေနိုင်ကြောင်း အိန္ဒိယဆေးပညာရှင်များကဆိုထားသည်။ ထိုအဆိုပြုချက်ကို  WHFoods နှင့် အနောက်ဗာဂျီးနီးယား တက္ကသိုလ်တို့မှလည်း အတည်ပြုထောက်ခံထားသည်။ ပူဒီနာရွက်ထဲရှိ သဘာဝ ဓာတုဓာတ်ပေါင်းစုများက ခံတွင်းထဲရှိ ဗက်တီးရီးယားပိုးများကို သေစေပြီး ခံတွင်းရောဂါအမျိုးမျိုးနှင့်  ခံတွင်းရနံ့ဆိုးများကို ပျောက်ကင်းစေသည်။ တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပူဒီနာကို မှန်မှန်ဝါးပေးရုံဖြင့် သွားများကိုဖြူဖွေး စေရုံသာမက အသက်ရှူလမ်းကြောင်းကို ပွင့်စေနိုင်သည်။ ထို့ကြောင့် သုံးစွဲဖူးသူတိုင်းက ပူဒီနာရွက်ဖြင့် ဖော်စပ်ထားသော သွားတိုက်ဆေးနှင့် ခံတွင်းသန့်စင် ဆေးရည်များကို လူကြိုက်များ ရေပန်းစားလျက်ရှိသည်။ ပူဒီနာရွက် ၂ဝဝ ဂရမ်ကို ရေ ၃ လီတာဖြင့်ရောစပ်၍ အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်တွင်ပြုတ်ပါ။ ထိုပြုတ်ရည်ကို ခပ်နွေးနွေးအနေအထားတွင် ရေချိုးပေးခြင်းဖြင့် အကြောဆွဲခြင်းနှင့် ဒူလာပါဒရက်ရောဂါဝေဒနာများကို သက်သာလာစေနိုင်သည်။ ပူဒီနာရွက်ထဲတွင်  အမျှင်ဓာတ်အမြောက်အမြား ပါရှိသဖြင့် မကောင်းသော LDL ကိုလက်စထရောကို လျှော့ချပေးပြီး ကောင်းသော HDL ကိုလက်စထရောကို မြှင့်တင်ပေးနိုင်သည်။ ထို့ကြောင့် နှလုံးရောဂါမဖြစ် စေနိုင်ပါ။  ထို့ပြင် မဂ္ဂနီစီယမ်ဓာတ်ပါရှိ၍ နှလုံးခုန်နှုန်းကို ပုံမှန်ထိန်းသိမ်းပေးနိုင်သည်။ သွေးသန့်စေပြီး  ကာမအားကို တိုးပွား လာစေသည်။ ပူဒီနာရွက်ထဲတွင် ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ အလုံအလောက်ပါရှိသဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက် မြင့်မားစေကာ အရိုးကိုသန်စွမ်းစေသည်။ မဂ္ဂနီစီယမ် အစွမ်းကြောင့် သွေးထဲရှိ သကြားပမာဏကို ထိန်းညှိပေးခြင်း၊ သွေးခုန်နှုန်းကိုပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်တစ်သျှူးများကို ပြန်လည်အားဖြည့်ပေးခြင်း၊ ကြွက်သားနှင့်အာရုံခံ အင်္ဂါအဖွဲ့ အစည်းကို  ကောင်းစွာ အလုပ်လုပ်စေခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။ လေချုပ်ခြင်း၊ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ ဝမ်းသွားခြင်း၊ လေထိုးလေအောင့်ခြင်းနှင့် အစာအဆိပ်သင့်ခြင်းတို့မှ ပျောက်ကင်းစေပြီး အစာအိမ်၊ အူသိမ်၊ အူမနှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများကို ကောင်းစွာကုသပေးနိုင်သည်။ ပူဒီနာရွက်ခြောက်ကို လက်ဖက်ရည်ကြမ်းခတ်၍ သောက်သုံးခြင်းဖြင့်  အစာခြေစနစ်ကိုတိုးတက်ကောင်းမွန်စေကာ အစာအိမ်နာအမျိုးမျိုးမှ ကာကွယ်ပေးနိုင်သည်။

ပူဒီနာရွက်အဆီနှင့်ကျန်းမာရေး

ပူဒီနာရွက်မှရရှိသောအဆီသည် လူကိုလန်းဆန်းတက်ကြွစေကာ  ခွန်အားဖြစ်စေသည်။  ထို့ကြောင့် စိတ်ပင်ပန်းနွမ်းလျခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ခေါင်းကိုက်ဝေဒနာအမျိုးမျိုးတို့အတွက် ပူဒီနာရွက်အဆီကို နားထင်နှင့် ဇက်ပိုးများတွင် ပွတ်လိမ်းပေးခြင်းဖြင့် ဝေဒနာများ သက်သာကောင်းမွန်လာစေနိုင်သည်။ လည်ချောင်းနာ ရောဂါများနှင့် အသံဝင်၊ အသံကွဲ၊ အသံပြာခြင်းတို့အတွက် ပူဒီနာရွက်အဆီအနည်းငယ်ကို ရေနွေးဖြင့်ရောစပ်၍ ပလုတ်(အာလုတ်) ကျင်းပေးနိုင်သည်။ ပူဒီနာရွက်အဆီ ၅ ဂရမ်ကို အရက် ၉၅ ဂရမ်ဖြင့် ရောစပ်၍ လိမ်းကျံပေးခြင်းဖြင့်  ဒူလာရောဂါကြောင့် အဆစ်အမျက်ရောင်ရမ်းကိုက်ခဲခြင်းနှင့် ကိုယ်လက်ယားယံခြင်းတို့ကို သက်သာလာစေနိုင်သည်။ ပူဒီနာရွက် အဆီကို  အရေပြားပေါ်လိမ်းကျံ၍ အသာအယာနှိပ်ပေးရုံမျှဖြင့်  အေးမြစေကာ ချွေးထွက်လွန်ခြင်းကို သက်သာလာစေနိုင်သည်။ အင်းဆက်ပိုးမွှားများ ကိုက်ခံရပါက ပူဒီနာရွက်အဆီကို လိမ်းပေးနိုင်သည်။ ကြွက်တက်ခြင်း၊ အဆစ်လွဲခြင်း တို့ကိုလည်း   သက်သာပျောက်ကင်းစေသည်။

ပူဒီနာရွက်နှင့်အသားအရေထိန်းသိမ်းနည်း

၎င်း၏ ထူးခြားသောရနံ့နှင့် ကောင်းမွန်သော အစွမ်းသတ္တိများကြောင့် ကရင်မ်၊ လိုးရှင်း၊ ခေါင်းလျှော်ရည်၊ မျက်နှာသန့်စင် ဆေးရည်၊ အလှဆီ၊ ဆပ်ပြာ စသည့် အလှကုန်ပစ္စည်းအမျိုးမျိုးနှင့် ရေမွှေးများထုတ်လုပ် ရောင်းချလျက်ရှိကြသည်။ ပူဒီနာရွက်တွင် Antibacterial အစွမ်းသတ္တိများ ပါရှိနေသဖြင့် မျက်နှာပေါ်ရှိ ဝက်ခြံ၊ တင်းတိတ်နှင့် အမည်းစက်များကို သက်သာပျောက် ကင်းသွားစေနိုင်သည်။ ပူဒီနာရွက်ဖြင့် ငွေကုန်ကြေးကျ မများဘဲ အလွယ်တကူ  မိမိအိမ်မှာပင်  အောက်ပါနည်းလမ်းတို့ဖြင့် အသားအရေထိန်းသိမ်းနိုင်သည်။ သဘာဝအသားအရေပိုင်ရှင်များအတွက် ကြိတ်ခြေထားသော ပူဒီနာရွက် ၁/၃ ခွက်၊ သဘာဝဆားစားပွဲ တင်ဇွန်းတစ်ဇွန်းတို့ကို မိမိသုံးနေကျ မျက်နှာသစ်ဆပ်ပြာရည်ထဲရောမွှေကာ မျက်နှာအနှံ့စက်ဝိုင်းပုံသဏ္ဌာန် လိမ်းကျံပေးပြီးနောက် ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးပါ။ မကြာခဏဝက်ခြံပေါက်သော  အသားအရေပိုင်ရှင် များသည် ကြိတ်ခြေထားသော ပူဒီနာရွက်ကို ဂျုံမှုန့်ဖြင့် ရောနယ်လိမ်းပေးပြီးနောက် မိနစ်၂ဝ အကြာတွင် ရေနွေးနွေးဖြင့်  သန့်စင်ဆေးကြောပေးပါ။ မျက်နှာပေါ်တွင်  အမည်းအစက်အပြောက်ရှိသူများအတွက် ပူဒီနာရွက်ခြောက်ကို  မန်ကျည်းသီးအနှစ်၊ ရေအနည်းငယ်တို့ဖြင့် ခပ်ပျစ်ပျစ်ဖျော်ကာ အမည်းအစက်အပြောက်များပေါ်သို့ လိမ်းကျံပေးနိုင်သည်။ ခန္ဓာကိုယ်အသားအရေ  ညက်ညောလိုသူများသည် ပူဒီနာရွက်နှင့်  ဗာဒံစေ့တို့ကို ကြိတ်ခြေကာ ရေနွေးအနည်းငယ်ရော၍ ရရှိလာသောအနှစ်ဖြင့် တစ်ကိုယ်လုံးကိုလိမ်းကျံပြီး ခြောက်သွားသောအခါ ရေနွေးဖြင့် ရေချိုးသန့်စင်ပေးပါ။ ပူဒီနာရွက်ပြုတ်ဖြင့် ရေချိုးပေးခြင်းဖြင့် အသားအရေ ခြောက်သွေ့ ခြင်းမှကင်းဝေးကာ စိုပြည်လှပလာပါလိမ့်မည်။

အထူးသတိပြုရန်

ပူဒီနာရွက်အဆီသည် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ရင်ခွင်ပိုက်ကလေးငယ်များအတွက် မသင့်လျော်ပါ။ အဆီကိုသောက်သုံး၍မရပါ။  (External Use အတွက်သာဖြစ်သည်) အသားလှဆီအဖြစ် အရေပြားကို လိမ်းကျံရာတွင် အစက် ၃ဝ ထက်ပို၍ မသုံးသင့်ပါ။ အချုပ်အားဖြင့်ဆိုသော် ပူဒီနာရွက်သည် သဘာဝ ဆေးစွမ်းသတ္တိများစွာ စုဝေးရာ အရင်းအမြစ် ဖြစ်သောကြောင့် လူသားတို့ကျန်းမာရေးကို များစွာအထောက်အကူ ပြုစေနိုင်သည်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ ကောင်းမွန်သော  သဘာဝဆေးဖက်ဝင် ပူဒီနာရွက်ကို လက်လွတ်မခံဘဲ အလေ့အကျင့်ကောင်း တစ်ခုအဖြစ် လုပ်ယူကာ စားသုံးပေးကြပါရန်  တိုက်တွန်းအပ်ပါသည်။

ပေါက်ပေါက်

Read 52 times
Rate this item
(0 votes)
Last modified on Saturday, 10 August 2019 09:49