SJ WorldNews - шаблон joomla Авто

မိုဘိုင်းဖုန်း လွန်ကဲစွာ အသုံးပြုခြင်းနှင့် နှလုံးရောဂါ

Sunday, 11 August 2019 08:37 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့ခေတ်တွင် လူမှုကွန်ရက် အသုံးပြုခြင်းနှင့် ဂိမ်းဆော့ခြင်းတို့သည် ခေတ်၏ရေစီးကြောင်း တစ်ခုသဖွယ် ဖြစ်နေသည်။ အထက်ပါရေစီးကြောင်းများအရ မိုဘိုင်းဖုန်းကို လွန်ကဲစွာ အသုံးပြုလာကြသည်။ ဖုန်းကို လွန်ကဲစွာ အသုံးပြုမည်ဆိုလျှင် တိုင်းရင်းဆေးပညာနည်းစနစ်အရ အပေါ်ပင့်လေ(ဥဒ္ဓင်္ဂမဝါယော) လွန်သော လက္ခဏာများ ခံစားရနိုင်သည်။

ခံစားရမည့်လက္ခဏာများမှာ အိပ်မပျော်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ညှစ်အားပြု၍စွန့်ရခြင်း၊ ခေါင်း မူးခြင်း၊ ခေါင်းမကြည်လင်ခြင်း၊ ရင်ပြည့်ခြင်း၊ အစာချဉ်ပြန်ခြင်း၊ နှလုံးတုန်ခြင်း၊ နှလုံးအောင့်ခြင်း၊ ရုပ်ပေါ့၍ ဖောရောင်ခြင်း၊ အထက်ပိုင်းဖောရောင်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွေးအန်ခြင်း၊ မျက်စိနာခြင်း၊ မျက်စိစူး ခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ စိတ်နောက်ရူးတတ်ခြင်း၊ ချောင်းဆိုးခြင်း၊ ကြို့ထိုးခြင်း၊ လည်ချောင်းနာခြင်း၊ လည် မျိုတွင် တစ်ဆို့ဆို့ဖြစ်ခြင်း၊ မျက်လုံးပြူးလာခြင်း၊ သမ်းဝေခြင်း၊ ချေခြင်း၊ ရာသီသွေးဆင်းမှုနည်းခြင်း၊ အဖြူ ဆင်းခြင်းတို့ဖြစ်ပေါ်နိုင်ပြီး နောက်ဆက်တွဲရောဂါကြီးများအထိ ဖြစ်လာနိုင်သည်။ အထက်ပါ လက္ခဏာများမှ ဖုန်းလွန်ကဲစွာ အသုံးပြုခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်မှု များနေသော နှလုံးရောဂါအကြောင်း တင်ပြ ပေးလိုသည်။ ဖုန်းလွန်ကဲစွာ အသုံးပြုရင်းမှ မိမိတို့သည် ဖုန်းမျက်နှာပြင်ပေါ်က အကြောင်းအရာများကို ကြည့်ရင်းကလောဘ၊ ဒေါသစိတ်များ၊ စိုးရိမ်ပူပန် စိတ်များ ဝင်ရောက်နိုင်သည်။ ဖော်ပြပါစိတ်ခံစားမှုများ မကြာခဏ ဖြစ်ပေါ်လာရာမှတစ်ဆင့် နှလုံးရောဂါသည်လည်း ဝင်ရောက်လာမည်ဖြစ်သည်။

နှလုံးရောဂါသည် ယနေ့ခေတ်တွင် အဖြစ်များနေသော ရောဂါတစ်ခု ဖြစ်နေသည်။  အဖြစ်များနေသော နှလုံး ရောဂါတွင် ကုလဇခေါ် မျိုးရိုးဗီဇပါ နှလုံးရောဂါကလွဲပြီး ကျန်နှလုံးရောဂါများသည် အပြုအမူ၊ အနေအထိုင် တို့ကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါသည်။ နှလုံး၏ တည်ဆောက်ပုံမှာ ဒေသနာတော် ကျမ်းများအဆိုအရ နှလုံးသည် ကိုယ်ခန္ဓာရင်ခေါင်းအတွင်းသားမြတ်နှစ်ခု၏ အလယ်တွင် တည်ရှိပြီး အသွေးအရောင်နီမြန်းပြီး ထိုနှလုံး၏ အတွင်းမှာ သွေး၏ တည်ရာပုန်းညက်စေ့ခန့်ရှိသော တွင်းငယ်(အခန်း ၄ ခန်း)ပါရှိသောသွေးတို့ ပေါင်း ဆုံရာ ကြွက်သားဆိုင်တစ်ခုဖြစ်သည်။ နှလုံးကိုပါဠိလို ဟဒယဟု ခေါ်သည်။

ဟဒယဆိုသော ပါဠိသည် သက္ကတဘာသာ ဟရိဒယဆိုသော စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဟရိဆိုသည်မှာ ဆောင်ယူခြင်းဟု အဓိပ္ပာယ်ဆောင်သည်။ ဒယဆိုသည်မှာ ဆောင်ယူခြင်းဟု အဓိပ္ပာယ် ဆောင်သည်။ သို့ပါသောကြောင့် နှလုံးသည် ဆောင်ခြင်း၊ ပေးခြင်းဆိုသော တာဝန်နှစ်ခုလုံးကို ဆောင်ရွက် ပေးသောကောဋ္ဌာသဖြစ်သည်။ ထိုနှလုံးသည် တိုင်းရင်းဆေးပညာ ခန္ဓာဗေဒအရ ပထဝီအမျိုးအစား ၂ဝ ထဲတွင် ပါဝင်သည်။ နှလုံးသည် သွေး၏တည်ရာ၊ စိတ်၏တည်ရာ၊ အသိဥာဏ်တို့ ပွားများရာ နေရာတစ် ခုဖြစ်သည်။ နှလုံး၏အလေးချိန်သည် အများအားဖြင့် ၁၂ ကျပ်သားမှ ၁၇ ကျပ်သားအထိရှိသည်။ ခြောက် လက်မခန့်ရှည်ပြီး အရင်းပိုင်းမှာ လက်လေး သစ်ခန့်ရှိသည်။ နှလုံး၏ထုမှာ လက်သုံးသစ်ခန့်ရှိသည်။ နှလုံး၏ လုပ်ဆောင်ချက်များမှာ တစ်ကိုယ်လုံးမှ ပြန်လာသော သွေးများကို ဆောင်ပြီး သန့်ရှင်းသော အောက်ဆီဂျင် အပြည့်ပါသောသွေးများကို ခန္ဓာကိုယ် တစ်ခုလုံးစီ ဖြန့်ဖြူးပေးခြင်းဖြစ်သည်။

နှလုံးခုန်ခြင်းသည် နှလုံးသည် ကြွတစ်ခါ၊ ကျုံ့တစ်လှည့်နှင့် သွေးများကို လက်ခံခြင်း၊  ထုတ်လွှတ်ခြင်း ပြုလုပ်နေခြင်းဖြစ်သည်။ ခန္ဓာကိုယ်၏ အပူချိန်တေဇောဓာတ်သည် မှန်နေပါက နှလုံးခုန်နှုန်းသည်လည်း မှန်နေမည်ဖြစ်သည်။ တေဇောဓာတ်မြင့်လာပါက နှလုံးခုန်နှုန်းသည်လည်း မြင့်တက်လာမည်ဖြစ်သည်။တေဇောဓာတ်နည်းသွားပါက နှလုံးခုန်နှုန်းသည်လည်း လျော့ကျသွားမည်ဖြစ်သည်။ ထို့အတူ တိုင်းရင်းဆေး ပညာ (ဘေသဇ္ဇဆေးပညာ) ဒေါသ သုံးပါးအလိုက် နှလုံး၏ ဖြစ်ပေါ်ပြောင်းလဲနေသည်များရှိသည်။  နှလုံးအိမ်တွင် သည်းခြေဒေါသများ ဦးဆောင်လွန်ကဲနေချိန်တွင် နှလုံးခုန်နှုန်းသည် မြန်နေမည်ဖြစ်သည်။ သလိပ်ဒေါ သများဦးဆောင်လွန်ကဲနေချိန်တွင် နှလုံးခုန်နှုန်း သည် နှေးကွေးလေးလံနေမည်ဖြစ်သည်။ လေဒေါသများ ဦးဆောင်လွန်ကဲနေချိန်တွင် နှလုံးခုန်နှုန်းသည် မူမမှန်ခြင်း ဖြစ်နေတတ်သည်။ သည်းခြေဒေါသ၊ သလိပ် ဒေါသ၊ လေဒေါသများ ညီညွတ်နေပါက နှလုံးခုန်နှုန်းသည် မျှတနေ မည်ဖြစ်ပြီး ပုံမှန်အတိုင်း လှုပ်ရှား နေမည် ဖြစ်သည်။

နှလုံးမှာတည်နေသောသွေးကို ဗဒ္ဓသွေးဟုခေါ်သည်။ သွေးသည် ကျွန်မတို့နေ့စဉ် စားသောက်နေသော အစာအာဟာရတွေကို ပါစကဝမ်းမီးမှ ချက်ထုတ်လိုက်သောအခါ ရရှိလာသော ရသရည်မှတစ်ဆင့် ဖြစ်ပေါ် လာခြင်းဖြစ် သည်။ နှလုံးရောဂါရှိလား၊ မရှိလားကိုကြိုတင်သိနေဖို့ နှလုံးရောဂါဖြစ်နိုင်သော လက္ခဏာအချို့ကို သိရှိထားရမည်။ နှလုံးရောဂါဖြစ်လာနိုင်သော လက္ခဏာအချို့မှာ အလိုလိုနေရင်း မောနေတတ် ခြင်း၊ အသက်ရှူမဝခြင်း၊ အသက်ရှူကျပ်ခြင်း၊ တစ်ခါတစ်ရံ နှလုံးနေရာက အောင့်ခြင်း၊ လက်ဝဲဘက်ရင်အုံ တဆစ်ဆစ်နာကျင်ခြင်း၊ ထစ်ခနဲဆို ထိတ်လန့်တတ်ခြင်း၊ အသားအရေဖြူဖပ်ဖြူရော်ရှိခြင်း၊ အလိုလိုနေရင်း အားငယ်တတ်ခြင်း၊ လက်သည်းခုံးများ အပါအဝင် လက်သည်းများ ညိုမည်းနေခြင်း၊ လက်ဖဝါးကိုကြည့် လိုက်လျှင် ဖြူဖပ်ဖြူရော်ဖြစ်နေခြင်း၊ အသက်ကိုရံခါရှိုက်၍ ရှိုက်၍ရှူရခြင်း၊ လက်ဖျားခြေဖျားများသည် နွေး ထွေးမနေဘဲ အမြဲလိုလိုအေးစက်နေခြင်း၊ ရင်တုန်ခြင်း၊ စိတ်လှုပ်ရှားလျှင် နှလုံးခုန်နှုန်းများ မြန်လာခြင်း၊ အိပ်မပျော်ခြင်း၊ လေးလံထိုင်းမှိုင်းနေခြင်း၊ သွေးခုန်နှုန်းများကို စမ်းကြည့်လျှင် မြန်လွန်းနေခြင်း၊ နှေးလွန်း နေခြင်း၊ မူမမှန်ခြင်းတို့ဖြစ်သည်။ ထိုရောဂါလက္ခဏာများထဲမှ တစ်ခုခုခံစားရ လျှင် ပေါလျော့မနေဘဲ နှလုံးကို ဆောလျင်စွာ ပြသသင့်သည်။

ကျွန်မတို့ မြန်မာ့တိုင်းရင်း ဆေးပညာအရ နှလုံးရောဂါဖြစ်ရခြင်း အကြောင်းနှင့် နှလုံးရောဂါကို ခွဲခြားမည်ဆိုလျှင် ဒေသနာနှင့် ဘေသဇ္ဇဆေးပညာ နှစ်ရပ်လုံးတွင် သုံးမျိုးခွဲခြားနိုင်သည်။ သီတဆိုသော အအေး ဓာတ်လွန်ကဲပွားများေ စသော အစာအာဟာရများ၊ အဆီအအိမ့်များ၊ ဝမ်းတွင်းကလီစာများ၊ ဝက်သားစသော အဆီအစေးများသော အစာများလွန်ကဲစွာ စားသောက်ကြခြင်း၊ အနေအထိုင်များဖြစ်သော ကမ္မ၊ အတ္ထ၊ ကာလများ လွန်ယုတ်လွဲမှားပြုခြ င်းကြောင့် သလိပ်ဒေါသများ ပွားများလာကာ မန္ဒဝမ်းမီးဖြစ်လာပြီး နှလုံး အဆီပိတ်သောရောဂါ၊ နှလုံးပွသောရောဂါ၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးကြီးသော ရောဂါတို့ဖြစ်တတ် သည်။ ထိုရောဂါများ၏ လက္ခဏာများမှာ အသက်ရှူ မဝခြင်း၊ လေးလံမောပန်းခြင်းတို့ဖြစ်သည်။

အပူစာများဖြစ်သည့်အရက်၊ စီးကရက်၊ မျှစ်၊ မှို၊ ဆူးပုပ်၊ တညင်းသီး၊ အုန်းသီး၊ ဆိတ်သား၊ အမဲသား၊ ငရုတ်သီးမျိုးစုံ၊ မဆလာစသော အစားအစာများ ကြိမ်ဖန်များစွာစားခြင်း၊ နေပူမီးပူခံများခြင်း၊ အပူထဲမှပြန် လာပြီး ရေချိုးခြင်း၊ သောကဗျာပါဒများခြင်း၊ နေပူစပ်ခါးတွင် အသွားအလာများခြင်း စသည်တို့ကြောင့် တိက္ခဝမ်းမီးဖြစ်ပေါ်လာပြီး နှလုံးသွေးကြောကျစ်ခြင်း၊ နှလုံးကျုံ့ခြင်း၊ နှလုံးကြွက်သားများ ရောင်ရမ်းခြင်း၊ နှလုံးသွေးခန်းခြင်း၊ နှလုံးစူးအောင့်ခြင်းတို့ ဖြစ်စေသည်။

အပူအအေးအားပြိုင်သော ဝါယောအာကာသများ ဖောက်ပြန်စေသော ချဉ်ပေါင်ရွက်၊ ပဲမျိုးစုံ၊ မကြေကျက်နိုင် သောအစားအစာများ၊ အစာမကြေမီတစ်ဖန် အစာများစားခြင်း၊ အပူအအေးမျှတမှုမရှိခြင်း၊ စိတ်ပူပန်ခြင်း၊ ဒေါသ၊ ဗျာပါဒများများခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ အစာစားချိန်မမှန်ခြင်းတို့ကြောင့် ဝိသမဝမ်းမီးဖြစ်ပေါ်လာပြီး နှလုံးလေရပ်သောရောဂါ၊ နှလုံးလေဖုံးသောရောဂါ၊  တစ်ကိုယ်လုံး တုန်ရီနေကဲ့သို့ ခံစားရသောရောဂါ၊ နှလုံး သွေးကြောပေါက်ခြင်း၊ နှလုံးသွေးကြောပြတ်ခြင်းတို့ ဖြစ်စေသည်။

နှလုံးရောဂါများမဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်သည်။ ရေချိုးခြင်းကအစ ဆင်ခြင်ရပါမည်။ သွားလာလှုပ် ရှားမှုနှေးကွေးခြင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်ခြင်းများကို ရှောင်ကြဉ်ရမည်။ စီးကရက်၊ အရက်၊ ဘီယာများ သုံးစွဲခြင်း တို့ကို ရှောင်ရမည်။ အဆီအအိမ့်များ၊ ပူလွန်းသော အစားအစာများ စားခြင်းကိုလည်း  ရှောင်ရ မည်။ အိပ်ချိန်၊ စားချိန်များပုံမှန်ရှိအောင်လည်း ဂရုပြုကြရမည်။

စိတ်ငြိမ်စေရန် နံနက်စောစောနှင့်  အိပ်ရာဝင်ချိန်များတွင် အာနာပါန ရှုမှတ်ခြင်းများ ပြုလုပ်ပေးရပါမည်။ ဒါန၊ သီလ၊ ဘာဝနာများကို ပွားများနေရမည်။ အငန်လွန်ကဲသောအစားအစာများကိုလည်း ရှောင်ကြဉ်ရမည်။  သွားနှင့်ခံတွင်း ကိုလည်း ဂရုစိုက်ပေးရမည်။ အဝမလွန်စေရန် ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးသင့်သည်။ နီသောအရောင်ရှိသော အသားများကို မကြာခဏစားခြင်းမျိုးကိုလည်း ရှောင်ရှားပေးရမည်။ လတ်ဆတ်သော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပေးသင့်သည်။ နှလုံးရောဂါမှ  ကာကွယ်နိုင်ဖို့  လမ်းများများလျှောက်သင့်သည်။ နှလုံးရောဂါရှင်များသည် တက်စေသောငါးများကလွဲပြီး ငါးများများ စားပေး သင့်သည်။ ယခုခေတ် ရေစီးကြောင်းအရ ဖုန်းလွန်ကဲစွာ အသုံးပြုခြင်းကို ရှောင်ကြဉ်ကာ ဖုန်းအသုံးပြုချိန် ကိုအတိအကျ သတ်မှတ်ထားသင့်သည်။

နှလုံးရောဂါသည် ပုံမှန်အားဖြင့် နှလုံးရောဂါ လက္ခဏာများ မဖြစ်ခင်ကတည်းက အစပျိုးလေ့ရှိပြီး လက္ခဏာများပြသသည့် အချိန်တွင် နှလုံးရောဂါသည် ဆိုးရွားနေတတ်သည့် ရောဂါဖြစ်သောကြောင့် ကျန်းမာရေး အသိများ လည်းရှိရန် အထူးလိုအပ်လှသည်။ နှလုံးရောဂါ၏ နောက်ဆက်တွဲ အန္တရာယ်များကိုလည်း သိရှိထားရမည်။  နောက်ဆက်တွဲ အန္တရာယ်များမှာ ရုတ်တရက်နှလုံးခုန်ရပ်ပြီး မူးဝေသွားခြင်း၊  သတိလစ်မေ့ မြောသွားခြင်း၊ လေငန်း၊ သွက်ချာပါဒဆိုသော တစ်ဝက်သေဘဝများသို့ ရောက်သွားနိုင်သည်။ ထို့ပြင် အသက်အန္တရာယ်ဆုံးပါးသည်အထိ ဖြစ်စေနိုင်သည်။ သို့ဖြစ်ပါသောကြောင့် နှလုံးရောဂါမဖြစ်စေရန် ကြိုတင်ကာ ဖုန်းအသုံးပြုချိန်ကို သတ်မှတ်ထား သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ မုဒိတာ(တောင်သာ)

Read 85 times
Rate this item
(0 votes)
Last modified on Sunday, 11 August 2019 08:44