SJ WorldNews - шаблон joomla Авто

သစ်သီးစားသူတိုင်း မလွဲမသွေ လိုက်နာသင့်သည့် အချက်အလက်များ

Tuesday, 13 August 2019 13:22 Written by  font size decrease font size decrease font size increase font size increase font size

သစ်သီးများသည် သဘာဝအတိုင်း အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်အမျိုးမျိုး   စသည့် လူ့ခန္ဓာကိုယ်အတွက်  သက်စောင့်ဓာတ်များ ပေါကြွယ်ဝသဖြင့် ကိုယ်တွင်းကိုယ်ပ ကျန်းမာရေးအတွက် ရောဂါ အမျိုးမျိုး ကုစားရာတွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေသည်။ ၎င်းသက်စောင့်ဓာတ်များအပြင်  သစ်သီးများသည်  ကယ်လိုရီ နည်းပါးသောကြောင့် ပြင်းထန်သော ရောဂါများ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးသည်။ထို့ပြင် သစ်သီးများကို ပုံမှန်စားသုံးသူများသည် ကိုယ်အလေးချိန် လျော့ကျနိုင်ခြေ အလားအလာပိုများပြီး မှတ်ဉာဏ်ပိုမို ကောင်းမွန်စေနိုင်ကြောင်းနှင့် အာရုံစူးစိုက်မှုကိုလည်း အားကောင်းစေကြောင်း လေ့လာတွေ့ရှိရသည်။

သို့သော် သစ်သီးများကို အချိန်မရွေး စားသုံးခြင်းသည်  မှန်ကန်သော နည်းလမ်းမဟုတ်ပေ။    သစ်သီးများ စားသုံးရန် အကောင်းဆုံး အချိန်နှင့် သစ်သီးစားသုံးခြင်းအား လုံးဝရှောင်ရှားသင့်သည့် အချိန်ကို သိဖို့လိုအပ်ကြောင်း ကျန်းမာရေး သုတေသီများက အောက်ပါအတိုင်း အထူးအကြံပြုထားသည်။

သစ်သီးစားရန် အသင့်လျော်ဆုံးအချိန်

ဗီတာမင်အမျိုးမျိုး၊ သတ္တုဓာတ်များနှင့် ပြည့်ဝနေသော သစ်သီးများကို စားသုံးရန် အကောင်းမွန်ဆုံး နည်းလမ်းသည် ဗိုက်ဆာနေချိန် ရေတစ်ခွက်ဖြင့် စားသုံးခြင်းဖြစ်သည်။ သစ်သီးဝလံတွေ စားသုံးရန် အသင့်လျော်ဆုံးအချိန်များမှာ -

(၁) နံနက်အိပ်ရာထ ရေသောက်ပြီးချိန်

(၂) နေ့လယ် သို့မဟုတ်  ညစာ ထမင်းမစားခင် တစ်နာရီခန့် အလို

(၃) နေ့လယ် သို့မဟုတ်  ညစာထမင်းစားပြီးနောက် အချိန်နှစ်နာရီ   အကြာစသည့် အချိန်များ ဖြစ်ကြသည်။

အထက်ဖော်ပြပါ အချိန်သုံးမျိုးအနက် သစ်သီးစားရန် အကောင်းဆုံး အချိန်သည် အမှတ်စဉ်(၁)ဖြစ်သော နံနက် အိပ်ရာထချိန်ဖြစ်သည်။

အကြောင်းမှာ နံနက်ပိုင်းတွင် လူသားတို့၏ ခန္ဓာကိုယ်စနစ်သည် အားအင်ပြည့်ဝနေပြီး အစာခြေစနစ်ကလည်း အသီးမှ သကြားဓာတ်ကို လျင်မြန်စွာ ချေဖျက်ကာ ခန္ဓာကိုယ်က လိုအပ်သော အာဟာရဓာတ်အားလုံးကို စုပ်ယူနိုင်ရေး အကူအညီပေးသည်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများလည်း ကြွယ်ဝသဖြင့် သစ်သီးများသည် လူသားတို့ ခန္ဓာကိုယ်က ရောဂါပိုးများကို တိုက်ဖျက်ရာတွင် အကူအညီပေးပြီး   ပျက်စီးနေသော ဆဲလ်များနှင့် ရောင်ရမ်းမှုများကိုလည်း ဖယ်ရှားပေးနိုင်သည်။  စွမ်းအင်ကိုဖြည့်ဆည်း ပေးသဖြင့် အားကစား လေ့ကျင့်မှုနှင့် ယောဂ မလုပ်မီနှင့် ၎င်းကိုယ်လက်လေ့ကျင့်ခန်းများ လုပ်ပြီးချိန်တွင် ငှက်ပျောသီး၊ သရက်သီးများ စားပေးသင့်သည်။

အထက်ဖော်ပြပါ အချိန်သုံးမျိုးအနက်  အမှတ်စဉ်(၂)နှင့်အမှတ်စဉ် (၃)အချိန်တို့သည်  သစ်သီးစားသင့်သော အချိန်ဖြစ်ပြီး ထမင်းစားချိန်နှင့် သစ်သီးစားချိန်ကို အချိန်ကာလ တစ်ခုစီခြားပြီးမှသာ စားပေးသင့်သည်။ အကြောင်းမှာ ထမင်းစားပြီးပြီးချင်း သစ်သီးများ စားပါက အမျှင်ဓာတ်ကြွယ်ဝသော ၎င်းသစ်သီးများကြောင့်  အစာခြေစနစ်ကို ကြီးစွာသောအနှောင့်အယှက်ဖြစ်စေနိုင်သည်။ အထူးသဖြင့် အစာအိမ်၊ အူလမ်းကြောင်း မကောင်းသူများနှင့် အစာကြေညက်ရန် ခက်ခဲသူများ (ဝမ်းမီးမကောင်းသူများ)တွင် အူလမ်းကြောင်း ပိတ်ဆို့၍ အဆိပ်သင့်ခြင်းကို ဖြစ်စေသည်။

သန့်ရှင်းလတ်ဆတ်သော   အော်ဂဲနစ် သစ်သီးဝလံတွေက   အဆိပ်အတောက်ပြေစေခြင်း၊ ခန္ဓာကိုယ် အလေးချိန်ကျစေခြင်း၊ သက်ရှည်ကျန်းမာစေခြင်း၊ ကျန်းမာစွာ ဘဝနေထိုင်မှုကို ပံ့ပိုးခြင်းစသည့် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်သည်။  ထို့ပြင် ဗိုက်ဆာနေချိန် (အစာအိမ် ဟောင်းလောင်းဖြစ်နေချိန်)တွင် သစ်သီးတွေ စားခြင်းက ဆံပင်ဖြူခြင်းကို သက်သာစေကြောင်း၊ ဦးခေါင်းထိပ်ပြောင်ခြင်း ဖြစ်နိုင်ခြေ အလားအလာကို လျှော့ချပေးနိုင်ကြောင်း၊ စိတ်ဖိစီးမှုကို ထိန်းချုပ်ပေးနိုင်ကြောင်း၊  မျက်ကွင်းညိုခြင်းကို သက်သာစေကြောင်း စသည်ဖြင့် ကျန်းမာရေးနှင့် အစားအသောက် ကွပ်ကဲမှုဆိုင်ရာ သုတေသီများက အကြံပြုထားကြသည်။

သစ်သီး(လုံးဝ) မစားသင့်ဆုံးအချိန်

ထမင်းစားနေချိန် သို့မဟုတ် ထမင်းစားပြီးပြီးချင်း သစ်သီးကို အချိုပွဲအဖြစ် တွဲဖက်စားသုံးသော အလေ့အထသည် ကျန်းမာရေးအတွက် လွန်စွာမှားယွင်းသော အလေ့အကျင့်ဆိုး တစ်ခုဖြစ်သည်။ အကြောင်းမှာ ထမင်းစားပြီးခါစ ချက်ချင်းဆိုသလို အသီးတစ်ခုခုကို ဆက်တိုက်စားမိပါက သို့မဟုတ် ကြေညက်ခဲသော ဟင်းအဆီအနှစ်များနှင့် သစ်သီးကို တွဲဖက်စားမိပါက  သစ်သီးနှင့်၎င်းထမင်းဟင်းများ ပေါင်းစပ်ဓာတ်ပြုကာ  ဂက်စ်ထွက်လာပြီး အစာအိမ်ကို အချဉ်ဖောက်စေသည်။ ထိုအခါမျိုးတွင် ဖရဲသီး စားပြီးတိုင်း လေချဉ်တက်တယ်၊ ပန်းသီးစားတဲ့ အခါတိုင်း လေပွလာတယ်၊ ငှက်ပျောသီးစားပြီးတာနဲ့ ဗိုက်နာသလိုလိုဖြစ်နေလို့ သန့်စင်ခန်း ဝင်ရတယ် စသည်ဖြင့် ခံစားရသည့် သာဓကများစွာ ဖြစ်စေတတ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းအစာတွေ ပုပ်သိုးဆွေးမြည့်သွားကာ အစာခြေလမ်းကြောင်း၊ အစာအိမ်နှင့် အူသိမ်အူမများကို   ပြဿနာဖြစ်စေသည်။  ထို့ကြောင့်ဗိုက်ထဲတွင် မည်သည့် အစာမျှမရှိသော အချိန်(အစာအိမ်ဟောင်းလောင်း ဖြစ်နေသောအချိန်)တွင်သာ သစ်သီးများကို စားသုံးသင့်သည်။

ထို့ပြင် ဝမ်းမီးမကောင်းသူများ အနေဖြင့် ညဘက်သစ်သီးများ စားသုံးခြင်း  သို့မဟုတ် အိပ်ရာမဝင်မီ စားသုံးခြင်းကလည်း ကျန်းမာရေးကို ကောင်းကျိုးထက်  ဆိုးကျိုးကိုသာ ဖြစ်စေနိုင်သည်။သစ်သီးများက သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေပြီး အိပ်စက်မှုကို နှောင့်ယှက်နိုင်သည်။

အကောင်းဆုံးရွေးချယ်မှု

ကျန်းမာရေး အကျိုးကျေးဇူး အများဆုံးရရှိစေရန် သစ်သီးများကို အခွံအပါအဝင် လတ်လတ်ဆတ်ဆတ် စားသုံးသင့်သည်။ အခြောက်ခံခြင်းနှင့် ဖျော်ရည်စုပ်ထုတ်ခြင်းဖြင့် ဗီတာမင်နှင့် အမျှင်ဓာတ်များ ဆုံးရှုံးသွားသည်။ သစ်သီးမှရသော  အမျှင်ဓာတ်ကို   လူ့ခန္ဓာကိုယ်က လိုအပ်နေသည်။ အကြောင်းမှာ အမျှင်ဓာတ်က  လူသားတို့အတွက် နာရီပေါင်းများစွာ ဗိုက်ပြည့်နေသလို  တင်းတိမ်ရောင့်ရဲမှုကို ခံစားရစေပြီး  ကယ်လိုရီစားသုံးမှုကို ထိန်းချုပ်ပေးကာ   ကိုယ်အလေးချိန် လျော့ကျရေးအတွက် များစွာ အထောက်အကူဖြစ်စေသည်။ လူသားတို့ ကျန်းမာရေး သင့်တင့် မျှတစေရန်အတွက် သဘာဝတရားကြီးက ဥတုရာသီအလိုက် ရာသီပေါ် သီးနှံများကို    အဆင်သင့် ပေါ်ထွန်းပေးလျက်ရှိသည်။  ထို့ကြောင့် ရာသီပေါ်သီးနှံများ စားသုံးခြင်းကလည်း  အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

ဗိုက်ဆာနေချိန် စားသုံးသင့်သော သစ်သီးများ

- ကီဝီသီးတွင် ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်အီး၊  အမျှင်ဓာတ်တို့ ပါရှိသဖြင့် ကျန်းမာရေးကို ဘက်စုံကောင်းမွန်စေသည်။ ထို့ပြင်  ကီဝီသီးထဲတွင် ပါရှိသော   ဗီတာမင်စီက  လိမ္မော်သီးထက်   နှစ်ဆမျှ ပိုမိုပါရှိသည်။

- ပန်းသီးထဲတွင် ဗီတာမင်စီပါဝင်မှု မများလှသော်လည်း ကျန်းမာရေးအတွက် မရှိမဖြစ် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများနှင့် ဖလေဗိုနွိုက်ဓာတ်ပေါင်းစုတို့ ပါရှိနေကြသည်။ ထို့ကြောင့် အူမကြီးကင်ဆာ၊ နှလုံးရောဂါ နှင့်လေဖြတ်ခြင်း စသည့်ရောဂါများ ဖြစ်လာနိုင်ခြေ အလားအလာကို လျော့ပါး သက်သာစေသည်။

- စတော်ဘယ်ရီသီးက  ဓာတ်တိုးဆန့်ကျင်ပစ္စည်း မြင့်မားသော အသီးဖြစ်၍ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည်။ မလိုလားအပ်သော free  radicals  များကို ထုတ်ပေးပြီး  သွေးကြောများ ပိတ်ဆို့ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

- တစ်နေ့လျှင် လိမ္မော်သီး နှစ်လုံး ပုံမှန်စားပေးခြင်းဖြင့် အအေးမိခြင်းကို လုံးဝ မဖြစ်စေနိုင်တော့ပေ။ လိမ္မော်သီးက  အက်စစ်ဓာတ်ကြွယ်ဝသော်လည်း ခန္ဓာကိုယ်အတွက် အယ်လ်ကာလီ မျှတစေသဖြင့် ကိုလက်စထရော ကျစေခြင်း၊ ဆီးကျောက်ကြေစေခြင်း၊ အူမကြီးကင်ဆာဖြစ်နိုင်ခြေ အလားအလာကို လျှော့ချပေးခြင်း စသည့် ကောင်းကျိုးများစွာကို  ပေးစွမ်းနိုင်သည်။

- ဖရဲသီးမှာ ခွန်အားပြည့်  glutathione ဓာတ်တွေ အမြောက်အမြား ပါရှိသည့်အပြင် ကင်ဆာများကို တိုက်ထုတ်ပေးသော lycopene ဓာတ်ရရှိရာ အရင်းအမြစ်ဖြစ်သည်။ ထို့ပြင် ဖရဲသီးတွင် ရေဓာတ် ၉၂ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေသည်။

 - မာလကာသီးနှင့် သင်္ဘောသီး စသည့် အသီးနှစ်မျိုးစလုံးထဲတွင် ဗီတာမင်စီ ကြွယ်ဝစွာ ပါရှိနေကြသည်။ မာလကာသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါရှိ၍ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးသည်။   သင်္ဘောသီးထဲတွင် ပါရှိနေသော ကယ်ရိုတင်းဓာတ်က မျက်စိအား ကောင်းစေသည်။ 

ပေါက်ပေါက်

Read 38 times
Rate this item
(0 votes)
Last modified on Tuesday, 13 August 2019 13:23