SJ WorldNews - шаблон joomla Авто

မိုးရာသီသန်ထခြင်းနှင့် ဆေးဖက်ဝင်ဓာတ်စာ

Wednesday, 21 August 2019 10:36 Written by  font size decrease font size decrease font size increase font size increase font size

မိုးတွင်းချိန်ခါသည် စိုစွတ်သော အချိန်ဖြစ်သည်နှင့်အညီ ကလေးများတွင်  သန်ရောဂါဖြစ်လေ့ရှိသည်။ သန်ရောဂါသည် အသက် ၁ နှစ်မှ ၁၃ နှစ်အတွင်း ကလေးများတွင် ဖြစ်လေ့ရှိသည်။ သန်ရောဂါသည် မိုးတွင်းတွင်အဖြစ်များပြီး ဆောင်းနှင့် နွေရာသီတို့တွင်လည်း ဖြစ်လေ့ရှိသည်။ သန်ရောဂါဆိုသည်မှာ ကလေးတို့တွင် သန်ဥပါသော အစားအစာများကို စားမိခြင်းကြောင့် အစာအိမ်မ်းကြောင်းထဲ၌ သန်ကောင်ပေါက်ပြီး အူထဲမှအသည်း၊ ထိုမှအစာအိမ်လမ်းကြောင်းထဲ ပြန်ရောက်၍ ခန္ဓာကိုယ်ထဲမှ အာဟာရဓာတ်များ၊ ရသရည်များ စုပ်ယူသည့်ရောဂါ ဖြစ်သည်။ သန်ရောဂါကို ပါဠိဝေါဟာရအားဖြင့် ကိမိရောဂဟုခေါ်သည်။

သန်ကောင်ဆိုသည်မှာ လူ့ခန္ဓာကိုယ်တွင် နေထိုင် ပေါက်ပွားနိုင်သော ကပ်ပါးကောင်များဖြစ်သည်။ ထိုကပ်ပါးကောင်များထဲမှ သန်လုံးကောင်၊ ချိတ်သန်ကောင်၊ အပ်သန်ကောင်၊ သနီကောင်နှင့် ကြိုးပြားသန်ကောင်၊  ပလွေသန်ကောင်တို့သည် ဒုက္ခပေးနိုင်သော သန်ကောင်များဖြစ်သည်။  ပလွေသန်ကောင်နှင့် ချိတ်သန်ကောင်တို့သည်  လူ့အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်သည်။ ခြေဗလာဖြင့် လမ်းလျှောက်ခြင်း၊ ရောဂါပိုး ရှိနေသော  လူ့မစင်များမှ တစ်ဆင့် ချိတ်သန်ကောင်များသည် ကူးစက်နိုင်သည်။ လူ့ခန္ဓာကိုယ်ထဲတွင်လည်း ဆက်လက် မျိုးပွားနိုင်ကြသည်။

သန်ရောဂါဖြစ်စေသည့် အကြောင်းများမှာ မသန့်ရှင်းသော အစားအစာများစားမိခြင်း၊ အဝတ်အထည်၊ အိပ်ရာမသန့်ရှင်းခြင်း၊ အနေအထိုင် မသန့်ရှင်းခြင်း၊ ကလေးများမြေပေါ်တွင်   ဆော့ကစားခြင်း၊ သန်ပွားစေတတ်သော သား၊ ငါး၊ အညှီအဟောက်များ အစားများခြင်း၊ ပါးစပ်ဖြင့် လက်သည်းများကိုက်ခြင်း၊ ခွေး၊ ကြောင်စသည့် အိမ်မွေးတိရစ္ဆာန်များနှင့် ထိတွေ့ဆော့ကစားခြင်း၊ မကျက်သောအသား၊ ငါးများ စားသုံးခြင်း၊ မသန့်ရှင်းသော ရေကိုသောက်မိခြင်း၊ ဟင်းသီးဟင်းရွက်များကို စင်ကြယ်အောင် မဆေးဘဲ စားသုံးမိခြင်းတို့ဖြစ်သည်။

သန်ရောဂါ၏ ရှေ့ပြေးလက္ခဏာများမှာ ခံတွင်းအနံ့ နံခြင်း၊ ဗိုက်ပူ၍ ချက်စူထွက်ခြင်း၊ ခြေ၊ လက်တို့ အေးစက်နေခြင်း၊ မျက်သားဖြူခြင်း၊ညိုခြင်း၊ နေရာရွေ့၍ အိပ်တတ်ခြင်း၊ ဝမ်းနှင့်အတူ သန်ပါတတ်ခြင်းတို့ဖြစ်သည်။ ဖြစ်ဆဲလက္ခဏာများ အနေဖြင့် ဗိုက်ပူ၍ ချက်စူထွက်ခြင်း၊ အဆုံးငါးဌာန (ခေါင်း၊ ခြေ၊ လက်)တို့ အမြဲအေးစက်နေခြင်း၊ ဆံပင်ကျဲခြင်း၊  အထူးသဖြင့် မှောက်၍အိပ်တတ်ခြင်း၊ အသား၊ ငါး၊ အညှီအဟောက်များ ကြိုက်တတ်ခြင်း၊ အားကုန်ချည့်နဲ့ နေတတ်ခြင်း၊ ဝမ်းမှာဖြူ၍ ညှီသောအနံ့ရှိခြင်း၊ ဝမ်းသွားသည့်အခါ သန်ကျခြင်း၊  သွေးစိမ်းများပါတတ်ခြင်း၊ သွားကြိတ်တတ်ခြင်း၊ နှာပိတ်တတ်ခြင်း၊ မကြာခဏ ယားယံတတ်ခြင်း၊ ခေါင်းချွေးအထွက်များခြင်း၊ ဖျားခြင်း၊ ဗိုက်နာခြင်း၊ စအိုတစ်ဝိုက်ယားယံခြင်း၊ သွေးအားနည်းခြင်း၊ အစားပျက်ခြင်း၊ ဝမ်းပျက်ခြင်းနှင့် ချောင်းဆိုးခြင်းတို့ဖြစ်သည်။

သန်ရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် ကလေးများသည်  ဦးနှောက် ဖွံ့ဖြိုးမှုနှေးခြင်း၊ သွေးအားနည်းခြင်း ရောဂါ၊ ဝမ်းဗိုက်နာကျင်ခြင်း၊ အစားအသောက်မမှန်ခြင်း၊  သည်းခြေပြွန်ပိတ်ဆို့ခြင်း၊ သရက်ရွက်ရောင်ခြင်း၊ အသည်းတွင်ပြည်တည်ခြင်း၊ ကိုယ်အလေးချိန်မတက်ခြင်း၊ အူပိတ်ခြင်း၊ အူအတက်ရောင်ခြင်းများ ဖြစ်တတ်သည်။

သန်ရောဂါသည် အဆုတ်၊ အသည်းထဲသို့ ပျံ့နှံ့သွားပါက  အသက်အန္တရာယ်ရှိနိုင်သည်။

အသက်နှစ်နှစ်နှင့်အထက် ကလေးတိုင်းသည် ခြောက်လတစ်ကြိမ် သန်ချပေးသင့်သည်။ အထူးဂရုပြုသင့်သည်မှာ  သန်ချဆေးသောက်သော နေ့တွင် ဝမ်းနုတ်ဆေး သောက်စရာမလိုပါ။သန်ရောဂါမှ ကာကွယ်နိုင်ရန် အထူးသဖြင့် လက်ကိုလည်း စင်ကြယ်စွာ ဆေးကြောသင့်သည်။ သန်ရောဂါသည် သန်ချရုံနှင့်မပြီးသေးပါ။   တစ်ကိုယ်ရေ ကျန်းမာရေးကိုလည်း ဂရုပြုသင့်သည်။ ကလေးများ၏ လက်သည်းများကို ပုံမှန်ညှပ်ပေးရမည်။

သန်ထခြင်းမှ ကင်းဝေးစေရန်အတွက် စားသုံးရမည့် ဓာတ်စာတစ်မျိုးကိုလည်း တင်ပြပေးလိုသည်။ ယင်းဓာတ်စာမှာ လူအများသိသော နာနတ်သီးဖြစ်သည်။ သန်ထခြင်းမှ ကင်းဝေးစေရန်အတွက် နာနတ်သီးကို ပျားရည်နှင့်စိမ်၍ စားပေးနိုင်သည်။ နာနတ်သီးသည် သန်ထခြင်းကို သက်သာစေရုံသာမက အခြားဆေးဖက်ဝင်ပုံများကိုလည်း  တင်ပြပေးလိုသည်။ နာနတ်သီးတွင်ပါသော  အလယ်အူတိုင်ထဲတွင် Bromelain ဓာတ်ပါဝင်သည်။ ထိုဓာတ်သည် ကြွက်သားများ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း များကို သက်သာပျောက်ကင်းစေသည်။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေသည်။ ရာသီလာစဉ် ကိုက်ခဲခြင်း၊ အအေးမိခြင်း၊ နှာစေးခြင်းကို သက်သာစေသည်။

နာနတ်သီး၏အရည်သည် အစာအိမ်မှ ထွက်သော သဘာဝအရည်နှင့် လွန်စွာဆင်တူသည့်အတွက် အစာခြေစနစ်ကို ကောင်းစေသည်။

အစာအိမ်နာနှင့် လေပူထခြင်းတို့ကို သက်သာစေသည်။ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးသည်။  ကျွန်မတို့ ဆေးဆရာမများအနေဖြင့် လူနာလာလျှင် လူနာ၏ရောဂါနှင့် ကိုက်ညီသော အစားအစာ၊ မကိုက်ညီသည့် ရှောင်ရန် အစားအစာများကို ညွှန်ရသည်။ အဆစ်ရောင်ခြင်း၊ကိုက်ခြင်း၊ အဆစ်နာခြင်းစသည့် ရောဂါဝေဒနာသည်များကို နာနတ်သီးမကြာခဏ သုံးဆောင်ရန် အမြဲညွှန်ကြားသည်။ ထိုသို့ ညွှန်ကြားရာမှ နာနတ်သီးစားသုံး၍ အဆစ်ရောင်ခြင်း ၊ ကိုက်ခြင်း၊ နာခြင်းများ သက်သာသည် ဟူသော ကောင်းသတင်းသည် နားဝတွင် အမြဲကြားနေရသည်။

ကျွန်မတို့အများစုသည် နာနတ်သီး အူတိုင်ကိုဖယ်ပြီး စားသုံးနေကြသည်။အမှန်တကယ်တော့ နာနတ်သီးအူတိုင်သည်  ဗီတာမင်စီ ကြွယ်ဝသော အစိတ်အပိုင်းဖြစ်သည်။ ပင်ပန်းနွမ်းနယ်မှုများနှင့် အားအင်ကုန်ခန်းနေသော အချိန်များတွင် နာနတ်သီး အူတိုင်ကို ငုံထားနိုင်သည်။

နာနတ်သီးသည် သွေးပေါင်ချိန် မြင့်တက်ခြင်းကိုလည်း လျော့ကျစေသည့်အပြင် သွေးတွင်း ကိုယ်လက်စထရောများကိုလည်း ကျဆင်းစေသည်။

စပိန်သုတေသီ ပညာရှင်များသည် သွေးပေါင်တက်သူများတွင် နာနတ်သီး ပုံမှန်စားသုံးနေကြသူများ သွေးပေါင်ချိန် ကျဆင်းသည်ကို သုံးနှစ်ဆက်တိုက် စမ်းသပ်ပြီး သုတေသနပြုလုပ်ခဲ့ကြသည်။ ဆီးချုပ်လေ့ရှိသူများသည် နာနတ်သီးကို  သဘာဝဆီးရွှင်ဆေးအဖြစ် အသုံးပြုနေကြသည်။

ဗီတာမင်ကြွယ်ဝသော အသီးဖြစ်သဖြင့်  သွားဖုံး ကျန်းမာရေးကို များစွာ အထောက်အကူပြုသည်။ ထို့အတူ သွားများလည်း  ခိုင်မာစေသည်။

နာနတ်သီးသည်  လူကိုနုပျိုစေသည်။  ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပေးသည်။  နာနတ်သီးဖျော်ရည်သည်   အဆိပ်အတောက်များကို ဖယ်ရှားပေးသည်။ နာနတ်သီးတွင် ပါဝင်သော Goiter ဓာတ်တစ်မျိုးသည် သိုင်းရွိုက် အကျိတ်ကို ပုံမှန်ဖြစ်စေသည်။ လည်ချောင်းနာခြင်း၊ လေပြွန်ရောင်ခြင်းကိုလည်း သက်သာစေသည်။

နာနတ်သီးသည် ဆာလဖာများစွာ ပါဝင်သောကြောင့် အစာမကြေခြင်းကို သက်သာစေသည်။ နာနတ်သီးသည် ဒူးနာခြင်း၊ ခါးနာခြင်း စသည့် ရောဂါများတွင် စားသုံးသင့်သော ဓာတ်စာလည်းဖြစ်သည်။ အများစုက နာနတ်သီး အခွံနွှာရာတွင် အခွံများကို လွှင့်ပစ်နေကြသည်။ ထိုအခွံကိုပြုတ်ပြီး လက်ဖက်ရည်သောက်သလို သောက်သုံးခြင်းဖြင့် အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်းတို့မှ ကာကွယ်ပေးသည်။ အရေပြားများ ခြောက်သွေ့ ခြင်းများအတွက် နာနတ်သီးကို စားသုံးပေးခြင်းဖြင့် အသားအရေ စိုပြည်စေသည်။ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးခြင်း၊ အစာကြေစေခြင်း၊ ကင်ဆာကာကွယ်ပေးခြင်း၊ အရေပြားကို ကာကွယ်ပေးခြင်း၊ မျက်စိကျန်းမာရေး ကောင်းမွန်စေခြင်းတို့သည် နာနတ်သီး ဖျော်ရည်ကနေရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများဖြစ်သည်။

နာနတ်သီးသည် တိုင်းရင်းဆေးပညာအရ အေးချိုချဉ် အရသာရှိပြီး သီတအာကာသ အာပေါစာဖြစ်သည်။ နာနတ်ရွက်ကို မီးကင်ပြီးရသော အရည်ကို လက်ဖက်ရည်နှစ်ဇွန်းခန့် တိုက်ကျွေးပါက ကလေးများအတွက် သန်ကျစေသည်။ ဦးခေါင်းတွင် ဗောက်ထခြင်း၊ ယားယံခြင်းများတွင် နာနတ်ရွက်ကို ခေါင်းလျှော်ရည်ထဲ ထုခြေရောစပ်ပြီး လျှော်ပေးနိုင်သည်။

အညောင်းအညာသမားများတွင် ညအိပ်ရာဝင်ချိန်၌ နာနတ်ရွက်ကို ဆားဖြင့်ပွတ်ချေပြီး ခြေထောက်ကို ပွတ်ပေးခြင်းဖြင့် အပူများ ထွက်ကာ ပေါ့ပါးစေသည်။

အချို့ သွေးကင်ဆာ သမားများတွင် နာနတ်သီးကို အသုံးပြုပြီး ရောဂါပျောက်ကင်းသူများကို မြင်ဖူးသည်။ သူတို့ပျောက်ကင်းသော ဆေးနည်းမှာ နာနတ်သီးမှည့် ငါးလုံးကို အခွံနွှာပြီး အရည်ကိုညှစ်ယူပါ။ ရလာသော နာနတ်သီးအရည်ကို သန့်ရှင်းသော အဝကျယ်ဖန်ပုလင်းတွင် ထည့်၍ အဖုံးဖွင့်ကာ လေးရက်ခန့် နေလှန်းထားပါ။ ထိုနာနတ်ရည်ကို တစ်နေ့ သုံးကြိမ် လက်ဖက်ရည် ပန်းကန်တစ်လုံးစာ သောက်သုံးနိုင်သည်။ တစ်ပတ်ပြည့်သောအခါ  တစ်နေ့နှစ်ကြိမ်ခန့် သောက်သုံးရမည်။ ထိုသို့သောက်သုံးခြင်းဖြင့် သွေးကင်ဆာရောဂါ လက်တွေ့ပျောက်ကင်းကြောင်း ရောဂါဝေဒနာသည် တစ်ဦးကပြောခဲ့သည်။ ထို့ကြောင့် နာနတ်သီးသည် လူတိုင်းစားသုံးသင့်သော ဆေးဖက်ဝင် အသီးတစ်မျိုး ဖြစ်ကြောင်းနှင့် မိုးဦးကျသန်ရောဂါ အတွက်  စားသုံးပေးသင့်သော ဆေးဖက်ဝင် ဓာတ်စာအသီးဖြစ်ကြောင်း တင်ပြအပ်ပါသည်။   

မုဒိတာ (တောင်သာ)

Read 45 times
Rate this item
(0 votes)
Last modified on Wednesday, 21 August 2019 10:38