SJ WorldNews - шаблон joomla Авто

ဗီတာမင်ဒီနှင့် ကင်ဆာ

Friday, 23 August 2019 10:33 Written by  font size decrease font size decrease font size increase font size increase font size

ကင်ဆာရောဂါဖြစ်နေပြီဆိုတဲ့ အဖြေတစ်ခုဟာ   လူတစ်ယောက်ရဲ့ ဘဝကို အပြောင်းအလဲ အများကြီးဖြစ်စေပါတယ်။ ဘဝနေထိုင်မှုပုံစံကစလို့  အစားအသောက်တွေ အလယ်၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ အဆုံးပြောင်းလဲ သွားစေတတ်တာပါ။ ယနေ့ခေတ်မှာ ကင်ဆာလူနာများ အတွက် ဖြည့်စွက်စာတွေ အများကြီး ပြောနေရေးနေကြတာ ရှိပါတယ်။

အများစုကတော့ အကျိုးတကယ် ရှိ၊ မရှိ အငြင်းပွားဖွယ်ရာ အချက်အလက်တွေနဲ့  ပြည့်နှက်နေတာပါ။   အဲသည် ဖြည့်စွက်စာတွေထဲမှာ ဗီတာမင်ဒီလည်း တစ်ခုအပါအဝင်ပေါ့။ ဗီတာမင်ဒီရဲ့ အခြေခံအချက်အလက်တွေ၊ ကင်ဆာရောဂါများ အတွက် အမှန်တကယ် အကျိုးရှိ၊ မရှိ လက်ရှိ သက်သေပြထားနိုင်တဲ့ သုတေသန အချက်အလက်တွေ အကြောင်း အစရှိတာတွေကို အများပြည်သူအတွက် နားလည်လွယ်အောင် တင်ပြလိုပါတယ်။

ဗီတာမင်ဒီရဲ့ထူးခြားချက်က   တခြားသော ဗီတာမင်တွေလို အစားအစာ တစ်ခုတည်းကမှ ရရှိတာမဟုတ်ပါဘူး။ လူသား အတော်များများဟာ သူတို့ရဲ့ လိုအပ်တဲ့ ဗီတာမင်ဒီ ပမာဏကို နေရောင်ခြည်စွမ်းအင်က ရရှိနေကြတာပါ။ ရာသီဥတုအခြေအနေ၊ နေ့တာ အတိုအရှည်၊ တိမ်အထူအပါး၊ မီးခိုးရှိ၊ မရှိ၊ အရေပြားမှာ ရှိနေတဲ့ Melanin ဓာတ်ပါဝင်မှု စတာတွေကို မူတည်ပြီး ခရမ်းလွန်ရောင်ခြည်ရရှိမှု အခြေအနေနဲ့ ဗီတာမင်ဒီ ထုတ်လုပ်မှုပမာဏ ကွာခြားသွားကြတာပါ။

လူတစ်ယောက်အတွက်  လိုအပ်တဲ့ ဗီတာမင်ဒီရရှိဖို့  တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ် မျက်နှာ၊ လက်မောင်း၊ ခြေထောက်နဲ့ ကျောပြင်တွေကို နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီအတွင်း ၅ မိနစ်မှ မိနစ် ၃ဝ လောက် နေရောင်ခြည်နဲ့ ထိတွေ့ပေးဖို့ လိုတယ်လို့ဆိုပါတယ်။ ဗီတာမင်ဒီပါဝင်တဲ့ အစားအစာအတော်လေး နည်းပါတယ်။ ဆယ်လမွန်ငါး၊ တူနာငါးတွေရဲ့

လတ်လတ်ဆတ်ဆတ် အသားတွေနဲ့ ငါးကြီးဆီတွေမှာ ဗီတာမင်ဒီ ပါဝင်မှု အများဆုံး ဖြစ်ပါတယ်။ အမဲသား၊ အသည်း၊ ဒိန်ခဲနဲ့ ကြက်ဥအနှစ်တွေမှာလည်း ဗီတာမင်ဒီ နည်းနည်းပါတယ်။ တချို့နိုင်ငံတွေမှာတော့ နံနက်စာအဖြစ် စားကြတဲ့ လိမ္မော်ရည်လို၊ နွားနို့လိုအရည်တွေထဲမှာ ဗီတာမင် D ထည့်ပေးထားတတ်ကြတယ်။ သဘာဝအားဖြင့် ပါနေတာတော့ မဟုတ်ဘူးပေါ့။

အစားအစာတွေနဲ့ ဆေးတွေမှာ ပါလာတတ်တဲ့ ဗီတာမင်ဒီက D3 သို့မဟုတ်  D2 ဖြစ်နေတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့လိုက်တာနဲ့   အရေပြားအောက်မှာ ဖြစ်လာတဲ့ ဗီတာမင်ကD3 ပါ။ အဲသည် ဗီတာမင် D3ကိုအသည်းကနေပြီး 25(OH) D3 အမည်ရတဲ့ ဗီတာမင်D3အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဓာတ်ခွဲခန်းတွေမှာ ဗီတာမင်ဒီ ပမာဏတိုင်းတာကြပြီဆိုရင်  အခု 25(OH) D3ကို   တိုင်းကြတာဖြစ်ပါတယ်။

ကင်ဆာရောဂါများနဲ့ ပတ်သက်လာလျှင်

ကင်ဆာနဲ့ ပတ်သက်လာရင်တော့ ဗီတာမင်ဒီကို ဖြည့်စွက်စာအဖြစ် မှီဝဲသင့်၊ မသင့် အုပ်စုကြီးနှစ်ခု ကွဲနေပါတယ်။ မမှီဝဲသင့်ဆိုတဲ့ အုပ်စုကတော့ ဗီတာမင်ဒီဟာ ကင်ဆာလူနာတွေကို အသက်ရှည်စေတယ်။

ကင်ဆာရောဂါတွေကို သက်သာ သွားစေတယ်ဆိုတဲ့ သက်သေအထောက်အထား ခိုင်ခိုင်မာမာ လုံးဝမရှိသေးဘူးလို့ ဆိုကြတယ်။ မှီဝဲသင့်တယ်ဆိုတဲ့ အုပ်စုကတော့  လက်တွေ့သုတေသန မလုပ်နိုင်သေးပေမယ့် ယခုထိ လုပ်ပြီးတဲ့ ဓာတ်ခွဲခန်း သုတေသနတွေအရတော့ ဗီတာမင်ဒီဟာ ကင်ဆာရောဂါများ အပေါ်မှာ ကောင်းကွက်တွေ အများကြီးရှိနေတယ်။ သည်တော့ အနည်းဆုံး လိုအပ်တဲ့ အခြေခံ ပမာဏရှိနေအောင်တော့ ဗီတာမင်ဒီကို မှီဝဲရမယ်လို့ ပြောကြပါတယ်။

ဆေးဝါးတစ်မျိုးမျိုးကို သုံးစွဲကြတော့မယ် ဆိုရင် RCT လို့ အတိုကောက် ခေါ်ကြတဲ့ ထိန်းချုပ် သုတေသနကြီးတွေရှိဖို့ လိုပါတယ်။ ဘက်လိုက်မှုကို ကာကွယ်ဖို့၊ နိုင်ငံစုံ၊ လူမျိုးပေါင်းစုံ ပါဝင်နိုင်ဖို့ ပြုလုပ်ကြတဲ့ သုတေသနကြီးတွေပါ။ ဗီတာမင်ဒီနဲ့ ပတ်သက်လာရင် အဲသည်လို RCTs သုတေသနကြီးတွေ မလုပ်ရသေးဘူး။ တချို့တွေကတော့ ပြုလုပ်ဆဲဖြစ်နေကြပါတယ်။ ဒါကြောင့်မို့လည်း ပညာရှင်တချို့က အဆုံးသတ်သုတေသနရလဒ်တွေ မထွက်ဘဲ ဗီတာမင်ဒီကို အရမ်းမမှီဝဲဖို့ ထောက်ပြနေကြတာပါ။

၂ဝဝ၈ ခုနှစ်နောက်ပိုင်းကစလို့   ကင်ဆာနဲ့  ဗီတာမင်ဒီ ပမာဏ ဆက်စပ်မှုကို အပြိုင်အဆိုင် သုတေသနပြုလာခဲ့ကြတာပါ။ သို့ပေမယ့် ယနေ့အချိန်ထိတော့ ပြတ်သားတဲ့ တွေ့ရှိချက် ဖော်ထုတ်ကြေညာခြင်း မပြုနိုင်သေးပါ။ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက  ကင်ဆာလူနာများမှာ ပြုလုပ်ထားတဲ့ သုတေသနတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲသည် သုတေသနအရ ဗီတာမင်ဒီ ပမာဏများလေလေ ကင်ဆာလူနာတွေ အသက်ပိုရှည်လေလို့ တွေ့ရှိရကြောင်း ဖော်ပြထားတယ်။ အသေးစိတ် ထပ်မံလေ့လာတဲ့ အခါ အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာလူနာတွေဟာ သွေးတွင်းဗီတာမင်ဒီ ပမာဏ 30ng/ml ထက်ပိုရှိနေရင် သေဆုံးမှုနှုန်း သိသိသာသာ လျော့ကျသွားတယ်လို့ တွေ့ရှိရပါတယ်။

သုတေသနမှာပါဝင်သော  တခြားသော ကင်ဆာရောဂါများဖြစ်တဲ့ အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ မှဲ့ကင်ဆာနဲ့ သွေးကင်ဆာရောဂါ များမှာတော့ ဗီတာမင်ဒီ ပမာဏနည်းခြင်း၊ များခြင်းဟာ လူနာ၏ သက်တမ်းကို ပြောင်းလဲသွားစေတာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ရင်သားကင်ဆာလူနာများမှာ ဗီတာမင်ဒီ ပမာဏ အနည်းအများ

အလိုက်  အသက်ပိုရှည်မှုနှုန်းကို  ကိုးနှစ်ကြာလေ့လာတဲ့ သုတေသန တစ်ခုရှိပါတယ်။ ဗီတာမင်ဒီ ပမာဏများတဲ့ ရင်သားကင်ဆာ လူနာတွေဟာ ဗီတာမင်ဒီ ချို့တဲ့သူ ရင်သားကင်ဆာ လူနာတွေထက် အသက်နှစ်ဆ ပိုရှည်တယ်( ဗီတာမင်ဒီ နှစ်ဆပိုများသူက နှစ်ဆပို အသက်ရှည်တယ်)လို့ အဲသည်သုတေသနမှာ တွေ့ရှိခဲ့ရပါတယ်။ အထက်ပါ တွေ့ရှိချက်တွေအရ ကင်ဆာလူနာများဟာ ရှိသင့်ရှိထိုက်တဲ့ ဗီတာမင်ဒီ  ပမာဏရှိဖို့ လိုတယ်လို့ ပြောဆို လာကြတာပါ။

အဓိက အကြောင်းရင်းလား၊ ဆက်စပ်ရုံလား

အူမကြီးနဲ့ ရင်သားကင်ဆာ လူနာတွေမှာ ဗီတာမင်ဒီ ပမာဏများသူက ပိုအသက်ရှည်တယ်လို့ သိခဲ့ကြပေမယ့်   ဘာကြောင့်လဲဆိုတဲ့ နောက်ခံ အကြောင်းရင်းကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ တချို့ပညာရှင်တွေကတော့ သွေးတွင်းဗီတာမင်ဒီ ပမာဏပြည့်မီသူတွေဟာ နဂိုကတည်းက ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံရှိတတ်ကြတယ်။ နေပူဆာလှုံကြတယ်။

ကိုယ်လက် လှုပ်ရှားရှိကြတယ်။ ဒါကြောင့်မို့  ကံအကြောင်းမလှလို့ ကင်ဆာဖြစ်တဲ့ အခါမှာလည်း  တခြားသူတွေထက် ပိုပြီး ခံနိုင်ရည်ရှိကြတယ်။ အသက်ရှည်ကြတာ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

တစ်ချိန်တည်းမှာပဲ ကင်ဆာရောဂါ ပြင်းထန်တာနဲ့အမျှ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို များစေတယ်။   ရောင်ရမ်းမှုများတာဟာ   သွေးတွင်း ဗီတာမင်ဒီပမာဏကို  ကျစေတယ်။  ဒါကြောင့်  သွေးတွင်းဗီတာမင်ဒီ ပမာဏ ကိုကြည့်ခြင်းဖြင့် ကင်ဆာလူနာ သက်တမ်းကိုမှန်းလို့ မရနိုင်ဘူး။ ပြင်းထန်ကင်ဆာ လူနာတွေဟာ ဗီတာမင်ဒီ ပမာဏနဂိုကတည်းကိုက လျော့နည်းပြီးသားဖြစ်တယ်လို့ ထောက်ပြကြပြန်ပါတယ်။

နောက်တစ်ခါ ဗီတာမင်ဒီဟာ ကင်ဆာဆဲလ်တွေကို ထိန်းချုပ်နိုင်တယ်လို့ ဆိုကြသူတွေ ရှိလာပြန်ပါတယ်။ ကင်ဆာဆဲလ် အတော်များများမှာ ဗီတာမင်ဒီရဲ့ လှုပ်ရှားမှုတွေ တွေ့ရတယ်။ ဗီတာမင်ဒီဟာ ကင်ဆာဆဲလ် ကလာပ်စည်းသစ်တွေ ပွားများနှုန်းကို လျော့ကျစေတယ်။ သွေးကြောသစ်တွေဖြစ်တာကို ကာကွယ်တယ်။ ကင်ဆာဆဲလ်တွေ အဝေးကိုပျံ့နှံ့မှုကို လျှော့ချတယ်လို့ တွေ့ရှိချက်တွေလည်း ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ဗီတာမင်ဒီဟာ ကင်ဆာဆဲလ်တွေကို တုံ့ပြန်တိုက်ခိုက်ဖို့ ကိုယ်ခံစွမ်းအားကို မြှင့်ပေးတယ်လို့ ဆိုပြန်ပါတယ်။

ယူကေနိုင်ငံက ပညာရှင်တစ်ဖွဲ့ဟာ မှဲ့ကင်ဆာ ဆဲလ်တွေရဲ့ကြီးထွားမှုကို ဗီတာမင်ဒီက ကာကွယ်ပေးနိုင်ကြောင်း ဓာတ်ခွဲခန်းထဲမှာ  သက်သေပြ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့အဖွဲ့ကပဲ ဗီတာမင်ဒီများနေတဲ့ မှဲ့ကင်ဆာ လူနာတွေရဲ့ ကင်ဆာ အစိုင်အခဲတွေဟာ သေးငယ်တတ်ကြတယ်လို့ ဆိုပါတယ်။  သူတို့အဖွဲ့ရဲ့ တွေ့ရှိချက်တွေက  စိတ်ဝင်စားဖို့ ကောင်းပေမယ့် ဓာတ်ခွဲခန်းထဲက သုတေသနတွေဖြစ်ပြီး ဆေးလက်တွေ့ သုတေသန မလုပ် ရသေးတာကြောင့် မတွင်ကျယ်ဘူးဖြစ်နေပါတယ်။

မှီဝဲသင့်တဲ့ ဗီတာမင်ဒီပမာဏ

သွေးထဲက ဗီတာမင်ဒီ ပမာဏကို ရှိသင့်ရှိထိုက်တဲ့ အဆင့်ထိရောက်အောင် မှီဝဲသင့်တယ်လို့ ဆိုကြရာမှာ ဘယ်အတိုင်းအတာထိ ရောက်အောင် မှီဝဲရမလဲ၊ ဘယ်ပမာဏအထိ ရောက်မှ ကင်ဆာရောဂါများ အတွက် အကျိုးရှိတဲ့ အနေအထားဖြစ်စေမလဲ ဆိုတာကို သိဖို့လိုလာပါတယ်။ နိုင်ငံတကာမှာ သွေးထဲကရှိသင့်တဲ့ ဗီတာမင်ဒီပမာဏကို အမျိုးမျိုး သတ်မှတ်ထားကြတယ်။  အရိုးသန်မာဖို့၊  အရိုးကျန်းမာရေး အတွက် ရှိသင့်တဲ့ ဗီတာမင်ဒီပမာဏက တစ်မျိုး၊ Multiple sclerosis ခေါ်တဲ့ အကြောသေ အာရုံကြောရောဂါ တစ်မျိုးအတွက်   ဗီတာမင်ဒီပမာဏက တစ်မျိုး၊ ကင်ဆာရောဂါများ အတွက် သတ်မှတ်တဲ့ ပမာဏကတစ်မျိုးဖြစ်နေပါတယ်။

တချို့ပညာရှင်များကတော့ ဗီတာမင်ဒီ အားဖြည့်ဆေးတွေ  မမှီဝဲဘဲ သဘာဝတရားကြီးက  ပေးအပ်ထားတဲ့ နေရောင်ခြည်ကိုပဲ ပိုမိုထိတွေ့စေပြီး ဗီတာမင်ဒီ များလာအောင် ကြိုးစားကြဖို့  အကြံပြုကြပါတယ်။ သို့ပေမဲ့  တချို့လူမျိုးတွေ အတွက်ကတော့  နေပူဆာ များများလှုံခြင်းဟာ မှဲ့ကင်ဆာတွေ ပိုဖြစ်စေတတ်တာမို့၊ တချို့ကမ္ဘာ့နေရာတွေမှာ နေရောင်ခြည်ကောင်းကောင်း မရတာမျိုးလည်း ရှိတာမို့ လူသားအားလုံးအတွက် နေရောင်ခြည်က ဗီတာမင်ဒီ လုံလောက်စွာရရှိဖို့ အဖြေမဟုတ်ဘူးလို့ ဆိုရမှာပါ။

ဗီတာမင်ဒီကို ကင်ဆာလူနာများ အပါအဝင် တခြားသောလူနာများမှာ ဖြည့်စွက်စာအဖြစ် မှီဝဲဖို့ တိုက်တွန်းနေကြရာမှာ အထက်က ဖော်ပြခဲ့သလို အဆုံးသတ်ကောက်ချက်ဆွဲလို့ မရနိုင်သေးတဲ့ သုတေသနတွေ၊ မရေရာသေးတဲ့ အချက်အလက်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ကြရမှာပါ။ အဖြေတစ်ခု ထွက်မလာခင်မှာ မိမိဆန္ဒဇော တစ်ခုတည်းနဲ့ လူနာတွေအပေါ် မတိုက်တွန်းမိဖို့၊ အစွန်းမရောက်မိဖို့ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် အမျိုးမျိုးသော ကင်ဆာလူနာများကို  ဗီတာမင်ဒီနဲ့ ပတ်သက်လို့ အကြံပေးရာမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါ အမျိုးအစားအလိုက် ဗီတာမင်ဒီရဲ့ ပါဝင်သက်ရောက်မှုက မတူညီဘူးဆိုတာ သတိထားကြဖို့ လိုအပ်ပါတယ်။

သည်တော့ မိဘပြည်သူများ အနေနဲ့ ဗီတာမင်ဒီကို အားဆေးအဖြစ် မှီဝဲတော့မယ်ဆိုရင် ဘာရည်ရွယ်ချက်နဲ့ မှီဝဲရသလဲဆိုတာ ဆရာဝန်ကို မေးပါ။ အရိုးသန်မာဖို့လား၊ ကင်ဆာကာကွယ်ရေး အတွက်လား၊ အာရုံကြောရောဂါ အတွက်လား စသည်ဖြင့် မေးရပါမယ်။ ဗီတာမင်ဒီအားဆေးကို သောက်သုံးမယ်ဆိုရင်လည်း ဈေးကွက်ထဲမှာ ၄ဝဝ မှ ၁ဝဝဝ ယူနစ်ကြား ဆေးတွေရှိတာမို့ မိမိနဲ့သင့်လျော်မယ့် ဆေးပမာဏကို ရွေးချယ်သောက်သုံး ရမှာဖြစ်ပါတယ်။ ပညာရှင် အများစုကတော့ ကင်ဆာရောဂါများအတွက် တစ်ရက်ကို ၄ဝဝ ယူနစ်အား  ဗီတာမင်ဒီ အားဆေးကို  ပုံမှန်မှီဝဲရင် သင့်လျော်မယ်လို့ သဘောတူ ထားကြပါတယ်။ တချို့သော ကင်ဆာရောဂါများ အတွက်လည်း ကာကွယ်စေ၊   အရိုးကျန်းမာရေးအတွက်လည်း အားဖြည့်စေ၊ ဘေးထွက်ဆိုးကျိုးလည်းနည်းစေမယ့် ပမာဏဖြစ်ပါတယ်။

ဗီတာမင်ဒီ  အားဆေး မမှီဝဲလိုသူများကတော့ သဘာဝတရားကြီးကပေးတဲ့ နေရောင်ခြည်စွမ်းအင်ကို တစ်ပတ်မှာ သုံးကြိမ်ခန့်၊ တစ်ကြိမ်လျှင် ဆယ်မိနစ်မှ မိနစ် ၃ဝ ခန့် ပုံမှန်ခံယူခြင်းအားဖြင့် လိုအပ်တဲ့ ဗီတာမင်ဒီကို ရရှိနိုင်မှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။   

ဒေါက်တာလွှမ်းမိုးဟန်

Read 58 times
Rate this item
(0 votes)
Last modified on Friday, 23 August 2019 10:34