SJ WorldNews - шаблон joomla Авто

အဆစ်နာသူများအတွက် ဆင်ခြင်ဖွယ် ရေ ဖျော်ရည်

Tuesday, 27 August 2019 09:11 Written by  font size decrease font size decrease font size increase font size increase font size

ပြီးခဲ့တဲ့ တစ်လနှစ်လကတော့ ကျွန်မတို့ ဆေးရုံမှာလာတဲ့ လူနာအများစုဟာ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေး ရောဂါတွေပါ။

ရာသီတုပ်ကွေးကတော့ အများသိတဲ့အတိုင်း နှာစေး၊ ချောင်းဆိုးပေါ့။

အဲဒီမှာ  H1N1  ဝင်လာတော့ လူတွေအားလုံး လန့်ဖျပ်ကုန်တာပေါ့။

ပုံမှန်ကျန်းမာရေးကောင်းတဲ့ လူငယ်လူရွယ်တွေအားလုံး နှာစေး၊ ချောင်းဆိုးလောက်ပဲ ဖြစ်ပြီး  ပြန်ကောင်းသွားကြတာပါပဲ။ အသက်အရွယ်ကြီးတဲ့ ဘိုးဘိုး၊ ဘွားဘွားတို့၊ ဆီးချိုရောဂါရှိသူတို့၊ ကိုယ်ခံအားနည်းသူတို့ တချို့မှာပဲ အဖိတ်အစဉ်ရှိပါတယ်။

သွေးလွန်တုပ်ကွေးကတော့ ကလေးအမေတွေ အားလုံး အတော်ကိုပဲ ရင်းနှီးမှုရှိပါတယ်။ ကလေးတော်တော်များများ ဖြစ်လေ့ရှိပြီး ပြန်ကောင်းသွားကြတာ များပါတယ်။ လူကြီးမှာဖြစ်တဲ့ သွေးလွန်တုပ်ကွေးကတော့ ရောဂါလက္ခဏာ ပြင်းထန်လေ့ ရှိပါတယ်။ ကလေးကို နတ်စောင့်တယ်ဆိုတဲ့ စကားများ မှန်လေသလားမသိပါ။ ဆင်တုပ်ကွေးကတော့ လူငယ်လူလတ်တွေမှာ တော်တော်ဖြစ်ပါတယ်။ သူဟာ သွေးလွန်တုပ်ကွေးလိုမျိုးပဲ ခြင်ကိုက်လို့ဖြစ်တာပါ။

အလွယ်ပြောရရင်တော့ သွေးလွန်တုပ်ကွေးက မြို့ပေါ်က ခြင်ကိုက်တာဖြစ်ပြီး ဆင်တုပ်ကွေးကတော့ ဆင်ခြေဖုံး ရပ်ကွက်လိုမျိုး တောစပ်လိုမျိုး နေရာမှာရှိတဲ့ ခြင်ကိုက်တာပါ။ ဒီခြင်နှစ်မျိုးကလည်း ဆွေမျိုးတော်စပ်ပါတယ်။

ဒီဆင်တုပ်ကွေးဟာ ကျွန်မတို့ တိုင်းပြည်မှာဖြစ်နေတာလွန်ခဲ့တဲ့ ခြောက်နှစ်၊ ခုနစ်နှစ်လောက်တည်းကပါ။ အဲဒီတုန်းက ဖြစ်တဲ့ လူဦးရေကနည်းတော့ သိပ်ပြီးမသိကြပါဘူး။ ဒီနှစ်တော့ ဆင်တုပ်ကွေးဖြစ်တာ လူကြီးလူငယ်တွေမှာ တော်တော်များပါတယ်။ ရာသီဥတု အပြောင်းအလဲကြောင့်လား။

ရေကြီးရေလျှံကြလို့လား မသိပါ။ ဒီနှစ်ရန်ကုန်မှာ ဆင်တုပ်ကွေး တော်တော် ဖြစ်ကြပါတယ်။ တစ်အိမ်မှာ ညီအစ်မသုံးဦးရှိရင် သုံးဦးစလုံး ဖြစ်ကြတာလေ။ နာမည်ကိုက ဆင်တုပ်ကွေးဆိုတဲ့ အတိုင်းပါပဲ။ တုပ်ကွေးရောဂါ လက္ခဏာခံစားရတာ ဆင်လောက်ကြီးကို ဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ အိပ်ရာထဲလဲလောက်အောင်ကို အဆစ်တွေ၊ ကြွက်သားတွေ ကိုက်ခဲတာပါ။ အဆစ်တွေလည်းရောင်၊ ကြွက်သားတွေလည်း ရောင်ပေါ့။ အဲဒီတော့ အနာသက်သာအောင် အကိုက်အခဲ ပျောက်ဆေးတွေ သောက်ကြ၊ ထိုးကြပေါ့။ တစ်မျိုးပြီးတစ်မျိုးပေါ့။ အဲဒီမှာပဲ ပြဿနာ ပိုကြီးလာတာပါပဲ။ အကိုက်အခဲပျောက်ဆေးကြောင့် အစာအိမ်ရောင်တာ၊ အနာဖြစ်တယ်လေ။ ပိုဆိုးတာက သွေးပါထွက်တာပေါ့။ အသက်အန္တရာယ် ရှိတာပေါ့။

ဒါတင်မကသေးဘူး။ အကိုက်အခဲ ပျောက်ဆေးကြောင့် လူကောင်းတွေတောင် ကျောက်ကပ် အားနည်းသွားပြီး ကျောက်ကပ်ဆေးရတဲ့ အဖြစ်ဖြစ်ကုန်တာ။ ဒီလိုဖြစ်လို့ ကျောက်ကပ်ဆေးရတဲ့ လူနာ ကျွန်မတို့ဆေးရုံမှာ ဒီအပတ်မှာတင် နှစ်ဦးရှိတယ်။ ဘယ်လောက်များ ဆိုးလိုက်တဲ့အဆစ်နာ ရောဂါလည်းလို့လေ။

အဲဒါတွေကို တတ်နိုင်သမျှ ကာကွယ်ဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးလိုက်တာပါ။ အဆစ်နာသူ အားလုံးအတွက် ဆင်ခြင်ရမယ့် အဖျော်ယမကာ၊  အချိုရည်၊  ရေတွေအကြောင်းပါ။  စုစုပေါင်း ၁၁ မျိုးရှိပါတယ်။

ပထမဆုံးတစ်ခုကတော့ အားဖြည့်အချိုရည်တွေပါ။ အားဖြည့်အချိုရည်တွေမှာ သကြားဓာတ်နဲ့ ကဖင်းဓာတ်ပါဝင်ပါတယ်။ သူတို့ဟာ အဆစ်တွေ၊ ကြွက်သားတွေ ရောင်ရမ်းတာဖြစ်စေပါတယ်။ အဆစ်နာတာ ပိုဆိုးမှာပေါ့။ ဒါ့အပြင် အားဖြည့်ရည် အများစုဟာ အက်စစ်ဓာတ်သဘော ရှိပါတယ်တဲ့။ ဒီအက်စစ်ရဲ့သဘောက အရိုးအဆစ်မှာရှိတဲ့ ကယ်စီယမ်

ဓာတ်ကို ဖယ်ပစ်တာ။ အဲတော့ အဆစ်တွေကို ထိတာပေါ့။ ဒါကြောင့် အားဖြည့်အချိုရည်ကို ရှောင်သင့်ပါတယ်တဲ့။

နောက်တစ်ခုကတော့ ဘုံပိုင်ကလာတဲ့ရေ သောက်တာ ရှောင်ရပါမယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေမှာ ဘုံပိုင်ရေဟာလည်း သောက်လို့ရအောင်ကိုပဲ သန့်ပါတယ်။ ရေသန့်ပဲပေါ့။ အဲဒီရေသန့်မှာပါတဲ့ ဓာတုပစ္စည်းတွေဟာ အဆစ်ရောင်တာကို ပိုဆိုးစေပါတယ်။ အထူးသဖြင့် ဖလိုရိုက်ဓာတ်လို့ ပြောပါတယ်။ ဒါကြောင့် အဆစ်နာ ဝေဒနာရှင်များအနေနဲ့ ဘုံပိုင်ရေကို ရှောင်သင့်ပါတယ်။ ရေသန့်ကိုပဲ သောက်သင့်ပါတယ်။ ရေများများသောက်မှ အဆစ်နာ သက်သာမယ်။ အဆစ်တွေ လှုပ်ရှားမှုအတွက် အဆစ်ထဲမှာ အရည်ဓာတ်ကောင်းမှဖြစ်မှာပါ။

ဒါ့အပြင် တိုးနစ်ရေကိုလည်း မသောက်သင့်ပါဘူး။ အကြောင်းရင်းကတော့ ကွီနင်းပါလို့ပါ။  ရှေးတုန်းကတော့ ကွီနင်းဟာ အဆစ်နာကုထုံးမှာ ပါပေမယ့် အခုခေတ်တော့ လက်မခံတော့ပါ။ ကွီနင်းပါတဲ့ တိုးနစ်ရေဟာ မူးဝေတဲ့ ခံစားမှုကိုဖြစ်စေပါတယ်။ ကျောက်ကပ်ပျက်စီးတာတို့၊ အစာအိမ်သွေးထွက်တာတို့လည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ရှောင်သင့်ပါတယ်။

နောက်တစ်ခုကတော့ ဆိုဒါရည်ပဲဖြစ်ပါတယ်။ သူဟာလည်း အင်နာဂျီအရည် အမျိုးအစားပဲဖြစ်ပါတယ်။ သူ့မှာပါတဲ့ သကြားဓာတ်၊ ကဖင်းဓာတ်၊ အက်စစ်ဓာတ်တွေဟာ စောစောကပြောသလိုပဲ အန္တရာယ်ပေးပါတယ်။

ဆိုဒါဓာတ်ဟာလည်း အဆစ်ရောင်တာကို ပိုဆိုးရွားစေပါတယ်။ ဆိုဒါဓာတ်ဟာ  ကိုယ်အလေးချိန် တက်လာစေပါတယ်။ လူကပိုဝရင်၊ ပိုလေးရင်၊ သူ့ကိုထမ်းထားတဲ့ အဆစ်တွေလည်း အော်မှာပေါ့။

ဆိုဒါရည်အပြင် အလေးချိန်ထိန်း ဆိုဒါရည်(သကြားလွတ်ဆိုဒါ)လည်း မကောင်းပါ။ ကိုယ်အလေးချိန် တိုးမလာအောင် လုပ်ထားတဲ့ ဆိုဒါရည်ဟာ သကြားမပါတဲ့အတွက် အဆင်ပြေမလားလို့ စဉ်းစားကောင်း စဉ်းစားမိမှာပါ။ အလေးချိန်မတိုးရင် အဆစ်တွေအပေါ် ဝန်ပိတာသက်သာမလားလို့ပေါ့။ ဒီလိုမဟုတ်ပါ။ ဒီ Diet Soda ထဲမှာပါတဲ့ ချိုစေတဲ့ ဓာတ် တစ်နည်းအားဖြင့် ကလူးကို့စ်အစား ထည့်ထားတဲ့ သကြားဓာတ်ဖြစ်တဲ့ ဖရပ်တို့ဟာလည်း အဆစ်တွေရောင်တာ ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး။

သူဟာကျွန်မတို့အူထဲမှာရှိတဲ့ မိတ်ဖက် ဗက်တီးရီးယားတွေကို ကပြောင်းကပြန် ဖြစ်စေပါတယ်။ ပုံမှန်ဆိုရင် မိတ်ဖက် ဗက်တီးရီးယားတွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဆိုင်ဆိုကိုင်းဆိုတဲ့ အဆစ်ရောင်ကို အားပေးတဲ့ဓာတ်ကို ချေဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ ဂလူးကို့စ် အစားထိုးတဲ့ သကြားတုတွေဟာ ကျွန်မတို့ရဲ့မိတ်ဖက် ဗက်တီးရီးယားကို ဒုက္ခပေးတော့ အဆစ်ရောင်တဲ့ ဓာတ်ကို ချေဖျက်စွမ်းအား လျော့ကုန်တာပေါ့။ အချုပ်ပြောရင် သကြားတုပါတဲ့  Diet Soda ဟာလည်း ရှောင်သင့်တဲ့ အထဲမှာပါတယ်။

နောက်တစ်ခုကတော့ ဘီယာပဲဖြစ်ပါတယ်။ ဘီယာသောက်ရင် ပျူရင်းဓာတ် များလာတယ်။ ဖရက်တို့ဓာတ် များလာတယ်။ အဲ့တော့ ယူရစ်အက်စစ်ဆိုတဲ့ ဂေါက်ရောဂါ ကြွတော့တာပေါ့။ ဒါဆိုအဆစ်တွေ အကုန်ရောင်တာပေါ့။

ဒါ့အပြင် ဘီယာမှာပါတဲ့ ဂလူတန်ဟာ သူနဲ့ဓာတ်မတည့်သူတွေ အတွက်ဆိုရင် အန္တရာယ်ပါပဲ။ အဆစ်တွေရောင်တာ၊ နာတာတွေ ပိုဆိုးရွားနိုင်ပါတယ်။  ဘီယာက ရှောင်ရမယ်ဆိုရင်  အရက်ကရော၊    ဝိုင်ပဲဖြစ်ဖြစ်၊ ကော့တေးပဲဖြစ်ဖြစ်   အနည်းငယ်ပဲသောက်ရင်   မသိသာပါဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့  နည်းနည်း ပိုသောက်လိုက်ရင်ပဲ အဆစ်တွေကို ရောင်စေပါတယ်။  လူတစ်ဦးနဲ့တစ်ဦး  ဘယ်သူက ဘယ်လောက်ပိုသောက်ရင်  အဆစ်တွေကို  ဒုက္ခပေးမလဲ ဆိုတာတော့ ပြောရခက်တဲ့ အချက်ပါပဲ။  သောက်တာများလို့  နောက်နေ့မှာ မှောက်နေပြီဆိုရင်တော့ အရည်ဓာတ်နည်း၍ အဆစ်တွေထပြီး အော်တော့မယ်လို့ ဆိုပါတယ်။

ကဲဒီလိုဆိုရင် အသီးဖျော်ရည်ပဲ သောက်ရင် မကောင်းဘူးလား။ အသီးဖျော်ရည်မှာ အမျှင်ဓာတ်ထက် အချိုဓာတ်များတဲ့ အတွက် အဆင်မပြေပါဘူး။ အသီးဖျော်ရည်အစား အသီးကိုစားမယ်ဆိုရင် အမျှင်ဓာတ်ပိုပါတဲ့အတွက် ကျွန်မတို့ခန္ဓာကိုယ်မှာ သကြားဓာတ်ဟာ တဖြည်းဖြည်းချင်း တက်လာတဲ့အတွက် ပိုပြီးသင့်လျော်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဖရက်တို့ ပါတဲ့ အသီးဖျော်ရည်ဆိုရင်တော့ ပျူရင်းဓာတ် ပိုများလာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဂေါက်ရောဂါကြွပြီပေါ့။ ထူးခြားချက် တစ်ခုကတော့ TERT CHERRY JUICE မှာတော့ အဆစ်ရောင်တာကို ဟန့်တားပေးပါတယ်တဲ့။ ကျွန်မတို့တိုင်းပြည်မှာ ချယ်ရီသီး ရှားတယ်လေ။

နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတာကတော့ ကျွန်မတို့နံနက်တိုင်း သောက်တဲ့ ကော်ဖီပါပဲ။ ကော်ဖီမှာ အဆစ်ရောင်တာ ပိုဆိုးစေတဲ့ဓာတ်ပါသလို အဆစ်ရောင်တာ ဟန့်တားပေးတဲ့ ဓာတ်လည်း ပါဝင်ပါတယ်။

အဆစ်ရောင်တာကို အားပေးအားမြှောက် ပြုတာကတော့ ကဖင်းဓာတ်ပါ။ ဒီကဖင်းဓာတ်ဟာ အက်စစ်သတ္တိ ရှိပါတယ်။ ဒါ့ပြင် ကော်ဖီကို ကျွန်မတို့တွေအတွက် သကြားများများ၊  နို့များများ ဆိုရင်တော့ ကဖင်းရယ်၊ အက်စစ်ရယ်၊ သကြားရယ်၊ နို့ရယ်ပေါင်းပြီး အဆစ်တွေရောင်တာ ပိုဖြစ်စေပါတယ်တဲ့။ ကော်ဖီကြိုက်တဲ့သူတွေ အတွက် စိတ်သက်သာရာ ရစေတဲ့ အချက်ကတော့ သူ့မှာဓာတ်တိုးခြင်း ဟန့်တားသည့် ဓာတ်ပါတဲ့အတွက် ဆဲလ်တွေ၊ အဆစ်တွေ ရောင်တာလျော့စေ ပါတယ်တဲ့။ ကော်ဖီချိုးတွေ အတွက်ဆိုရင် အာသာပြေရုံပဲ နည်းနည်းပဲ သောက်မယ် သကြားမထည့်ဘူး။ နို့ဆီခရင်မ် မထည့်ဘူးဆိုရင် ရကောင်းရနိုင်ပါတယ်တဲ့။

ကဲ ဒါဆိုရင် နို့သောက်မယ်လေ။ အဆစ်ရောင်တာ အဆင်ပြေမလား။

နို့မှာပါတဲ့ ကေဆင်ဓာတ်ဟာ ရောင်တာကို အားပေးပါတယ်။ နို့ပဲဖြစ်ဖြစ် နို့ထွက်ပစ္စည်းတွေ(ချိစ်၊ ထောပတ်၊ မာဂျရင်း)ပဲ ဖြစ်ဖြစ်၊ အဆစ်ရောင်တာ ပိုဆိုးစေပါတယ်တဲ့။ ဒါဆိုရင် ဒိန်ချဉ်ရော အဆင်ပြေမလား။ ဒိန်ချဉ်မှာတော့ ကေဆင်းဓာတ် ပိုနည်းသွားလို့ အဆင်ပြေကောင်း ပြေနိုင်ပါတယ်။

အတတ်မပြောနိုင်ပါလို့ဆိုပါတယ်။နောက်ဆုံးကတော့ ခရမ်းချဉ်သီး ဖျော်ရည်ပါပဲ။ ခရမ်းချဉ်သီးဖျော်ရည်မှာပါတဲ့  ဆိုလနင်းဓာတ်ဟာ  ရောင်တာကိုဖြစ်စေပါတယ်။ ဒါ့အပြင် ဈေးကွက်မှာ ရောင်းတဲ့ ခရမ်းချဉ်သီးအရည်ဘူးမှာ ဆားဓာတ်ပါတယ်လေ။

အဲတော့ ရောင်တာပိုဆိုးတာပေါ့။ ဒါကြောင့်မို့လို့ အခုပြောခဲ့တဲ့ ရေ/အရည်တွေ၊ အားဖြည့်အချိုရည်၊ ဘုံပိုင်ရေ၊ တိုးနစ်ရေ၊ ပုံမှန်ဆိုဒါ၊ ဒိုင်းရပ်ဆိုဒါ၊ ဘီယာ၊ ယမကာ၊ အသီးဖျော်ရည်၊ ကော်ဖီ၊ နို့၊ ခရမ်းချဉ်သီးဖျော်ရည် အားလုံးကို  အဆစ်နာရောဂါ ခံစားနေရသူအားလုံး ရှောင်သင့်ပါတယ်။ ရေသန့်ကိုပဲ များများသောက်ပေးခြင်းဖြင့် ကျွန်မတို့ရဲ့ အဆစ်ထဲမှာရှိတဲ့ ချောဆီကောင်းအောင် လုပ်သင့်ပါတယ်။ ပိုဆိုးစေတာကို ရှောင်စေလိုတာပါ။

ဆင်တုပ်ကွေးကြောင့် အဆစ်နာတာပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲ အဆစ်နာနာ အဆစ်ရောင်တာ ပိုဆိုးရွားစေတာတွေကို ရှောင်မယ်ဆိုရင် အနာရောဂါထက်ဝက်မက သက်သာမယ်လို့ ထင်ပါတယ်။ ဒီလိုဆိုရင် အကိုက်အခဲ ပျောက်ဆေးလည်း သောက်ဖို့လိုချင်မှ လိုတော့မှာပေါ့။ အစာအိမ် သွေးထွက်တာတို့၊ သွေးပေါင်တိုးတာတို့၊ ကျောက်ကပ်ထိတာတို့ကြောင့်လည်း အသက်ရှုံးမည့်ဘေးမှလည်း ကာကွယ်ပြီးသား ဖြစ်တော့မှာပေါ့။  

ပါမောက္ခ ဒေါက်တာခင်ဖြူပြာ

Read 34 times
Rate this item
(0 votes)
Last modified on Tuesday, 27 August 2019 09:14