SJ WorldNews - шаблон joomla Авто

ကင်ဆာရောဂါများ အတွက် ဓာတ်ရောင်ခြည် ကုထုံးများ

Monday, 09 September 2019 11:27 Written by  font size decrease font size decrease font size increase font size increase font size

''ဓာတ်ရောင်ခြည် ပေးရမယ်ဆိုတော့ ကျွန်မရောဂါက နောက်ဆုံးအဆင့် ဖြစ်နေပြီလားဆရာ။ အရပ်ထဲပြောနေကြတာက  ဓာတ်ကင်ပြီးရင် သိပ်မခံတော့ဘူးဆိုလို့ပါ''

''ဓာတ်မကင်လို့ မရဘူးလားဆရာ။ အမေ့ကို ကင်ဆာလို့ ပြောမထားလို့ပါ။ ဘာပဲဖြစ်ဖြစ် ဓာတ်တော့ မကင်ချင်ဘူးလို့ ပြောနေလို့ပါ''

သည်လိုစကားမျိုးတွေက ကင်ဆာဆောင်ထဲမှာ နိစ္စဓူဝ ကြားနေကျ စကားတွေပါ။ အချိန်ရလျှင်တော့ အဲသလို လူနာတွေကို''လာလိုက်ခဲ့''ဟု ဆိုလျက် ကင်ဆာဆောင်ထဲ ကျွန်တော်လိုက်ပြလေ့ ရှိသည်။

''သည် အဒေါ်ကြီးက အဆုတ်ကင်ဆာလူနာ။ ခေါင်းထဲကို ကင်ဆာပျံ့သွားလို့ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ပြည်သူ့ဆေးရုံကြီးမှာ ခေါင်းကိုဓာတ်ကင်ထားတာ။ လာတုန်းက ကိုယ်တစ်ခြမ်းသေနေတာ။ အခုတော့ လမ်းလျှောက်နေပြီ။   အကောင်းအတိုင်းဖြစ်နေပြီ။  သည်တစ်ယောက်ကလည်း လာတုန်းက အောက်ပိုင်းသေနေတာ။ အခုဓာတ်ကင်ပြီး ပြန်လာတော့ လမ်းလျှောက်နေပြီ။ ဖြစ်စဉ် အသေးစိတ်သိချင်ရင်တော့ ကာယကံရှင်တွေသာ မေးကြည့်ပေတော့'' ဟုဆိုလျက် လက်တွေ့ပြရသည်။

အရပ်ထဲမှာတော့ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သတင်းအမှားတွေ ပျံ့နှံ့နေတတ်သည်။ အမှန်တော့ ဓာတ်ရောင်ခြည် ကုထုံးဆိုသည်က ကင်ဆာကုသရေး ထောက်တိုင်ကြီးတစ်ခုမှ အဓိက ထောက်တိုင်ကြီး တစ်ခုဖြစ်သည်။ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဆေးသွင်းကုသခြင်းစသည့် ထောက်တိုင်ကြီးသုံးခု။ အခုတော့ ဘက်စုံအထောက်အကူပြု ကုသခြင်း(Palliative care) ကိုလည်း ကင်ဆာကုသရေး ထောက်တိုင်ကြီး တစ်ခုအဖြစ် ထည့်သွင်းလာကြပြီ။ ထို့ကြောင့် ယနေ့ခေတ်မှာ ကင်ဆာကုသရေးနှင့် ပတ်သက်လာလျှင် ထောက်တိုင်ကြီးလေးခု ရှိနေပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများမှ  ကင်ဆာလူနာများ၏  ထက်ဝက်လောက်က ဓာတ်ရောင်ခြည်ကုသမှုကို ရယူနေကြသည်။ သက်ဆိုင်ရာ ဓာတ်ရောင်ခြည် အထူးပြု ပညာရှင်များကလည်း ဓာတ်ရောင်ခြည်ကင်ဆာ ကုထုံးများနှင့် ပတ်သက်သည့် အာနိသင်ရှိမှု၊ လုံခြုံစိတ်ချရမှုများကို စဉ်ဆက်မပြတ် သုတေသန ပြုလုပ်လျက်ရှိကြသည်။

သို့တိုင်အောင် ဓာတ်ရောင်ခြည်ကုထုံးများနှင့် ပတ်သက်သည့် အချက်အလက်များက အများပြည်သူအကြား လူသိမများလှ။ ဓာတ်ရောင်ခြည်ကုထုံး၏ အကျိုးအာနိသင်ကို ထဲထဲဝင်ဝင်မသိကြ။ သည်တော့ ဓာတ်ရောင်ခြည် ကုထုံးများနှင့် ပတ်သက်လာလျှင် ရင်းနှီးမြှုပ်နှံမှုနှင့် သုတေသန လုပ်ငန်းစဉ်များ ပြည့်ပြည့်ဝဝဖွံ့ဖြိုးလာခြင်း မရှိသေးဟု ဆိုရပါမည်။ ဗြိတိန်နိုင်ငံမှာ ပြုလုပ်ထားသည့် စစ်တမ်းတစ်ခုမှာ ဓာတ်ရောင်ခြည်ကုထုံးနှင့် ပတ်သက်လာလျှင် တီးမိခေါက်မိရှိသူ ၁ဝ ရာခိုင်နှုန်းသာ ရှိပြီး ကင်ဆာဆေးများနှင့် ပတ်သက်လာလျှင်တော့ ၄ဝ ရာခိုင်နှုန်းခန့် သိရှိကြသည်။

ဓာတ်ရောင်ခြည်ကုထုံးမှာ ပါသည့်အမှုန်တွေ

ဓာတ်ရောင်ခြည် တစ်ကြိမ်ပေးလျှင် မိနစ်အနည်းငယ်သာ ကြာသည်။ ဓာတ်ရောင်ခြည်ထဲမှာ ပါသည့် အမှုန်တွေကအလင်း၏ လျင်မြန်ခြင်းဖြင့် ခရီးသွားနိုင်ကြသည်။ လျှပ်စစ်သံလိုက် လှိုင်းလေးတွေ  ဖြစ်ပါသည်။

ထိုအမှုန်လေးတွေက ဆဲလ်ကလာပ်စည်းများ၏ အလယ်ဗဟိုမှာ ရှိနေသည့် နျူကလီးယပ်တွေ၊ ထိုအထဲမှ ဒီအင်အေတွေကို သေစေသည်။ ဆဲလ်အကောင်းတွေရော ကင်ဆာဆဲလ်တွေပါ ဓာတ်ရောင်ခြည်နှင့် ထိတွေ့ပြီး သေဆုံးကုန်ကြသည်။ ဓာတ်ရောင်ခြည်ကုထုံးမှာ အသုံးပြုသည့် ဖိုတွန်၊ ပရိုတွန်၊ အီလက်ထရွန်စသည်ဖြင့် အမှုန်အမျိုးမျိုး ရှိကြသည်။ သက်ဆိုင်ရာ အမှုန်လေးတွေမှာ ထူးခြားချက် ကိုယ်စီလည်းရှိကြသည်။

ယနေ့အများစု သုံးစွဲနေကြသည့် ဓာတ်ရောင်ခြည် စက်ကြီးတွေမှာက ဖိုတွန်အမှုန်တွေကို အဓိကသုံးကြသည်။ ဖိုတွန်အမှုန်များ၏ အားနည်းချက်က အပေါ်ယံအရေပြားများ မည်းသွားစေသည်။ သူတို့ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်က ဆဲလ်ကလာပ်စည်း တွေကို ဒုက္ခပေးတတ်သည်။ ဥပမာ-ရင်သားကင်ဆာ လူနာများကို ဖိုတွန်အမှုန်များဖြင့် ဓာတ်ရောင်ခြည်ပေးမည်ဆိုလျှင် ရင်သားနောက်ဘက်က အဆုတ်နှင့် နှလုံးတွေကိုပါ ထိခိုက်နိုင်သည်။

ထိုပြဿနာတွေကို လျှော့ချချင်လျှင် ပရိုတွန်အမှုန်များကို ဓာတ်ရောင်ခြည် ကုထုံးမှာသုံးနိုင်သည်။ သို့ပေမယ့် စရိတ်စက များလွန်းသည်။ အနောက်တိုင်းပြည်တွေက ဘဏ္ဍာအင်အား တောင့်တင်းသည့် ဌာနကြီးအနည်း ငယ်မှာသာသုံးနိုင်သည်။ ပရိုတွန်အမှုန်များကို သုံးမည်ဆိုလျှင် မလိုလားအပ်သည့် နေရာတွေကို ဓာတ်ရောင်ခြည် မရောက်အောင် ထိန်းနိုင်မည်။

အီလက်ထရွန်အမှုန်များကျတော့ အရေပြားကင်ဆာကဲ့သို့သော အပေါ်ယံအလွှာများမှာ အသုံးတည့်သည်။ ကိုယ်တွင်းပိုင်းက ကလီစာတွေဆီ ဓာတ်ရောင်ခြည် မရောက်နိုင်တော့။ ငယ်ငယ်က ရူပဗေဒမှာ သင်ဖူးကြမည်။ ဆဲလ်အလယ်ဗဟိုမှာက နျူကလီးယပ်နှင့် ပရိုတွန်ရှိသည်။ အီလက်ထရွန်များက ဆဲလ်၏ အပြင်စက်ဝိုင်းမှာ လည်ပတ်နေသည်။ ထိုအမှုန်များကို စုစည်းပြီး ဓာတ်ရောင်ခြည်ကုထုံးမှာ အသုံးချလိုက်ကြတာပါ။ ရည်ရွယ်ချက်ကတော့ ကင်ဆာဆဲလ်များထဲက  ဒီအင်အေ မျိုးဗီဇတွေကို သေစေရန်ဖြစ်သည်။

ဓာတ်ရောင်ခြည်ပေးရာမှာ သုံးသည့် နည်းပညာတွေ

အရင်က 2 Dimensions(2D) ခေါ်သည့် နှစ်ဖက်မြင် နည်းပညာဖြင့် ဓာတ်ရောင်ခြည် ပေးခဲ့ကြသည်။ အရှေ့ဘက်မှ ရောင်ခြည်ပေးလိုက်လျှင် အနောက်ဘက်ထိ ရောက်သွားမည်။ အပေါ်ကပေးလိုက်လျှင် အောက်အထိ ပေါက်သွားမည်။ နောက်ပိုင်းမှာ ဓာတ်ရောင်ခြည်စက်ကြီးတွေ အဆင့်မြင့်လာတော့ 3D ခေါ်သည့် သုံးဖက်မြင်နည်းပညာတွေ ပေါ်လာသည်။ ကင်ဆာကျိတ်ကို သုံးဖက်အမြင်ဖြင့် ကြည့်နိုင်လာသည်။ ဓာတ်ရောင်ခြည်ကိုလည်း အလျား၊ အနံ၊ အမြင့် သုံးနေရာစလုံး ထိထိရောက်ရောက် ပေးနိုင်လာသည်။

ဓာတ်ရောင်ခြည်ကုထုံးမှာ အဓိက စိန်ခေါ်မှုနှစ်ခုရှိသည်။ ဓာတ်ရောင်ခြည် ပေးချင်သည့်နေရာကို ထိထိရောက်ရောက် ပေးနိုင်ဖို့နှင့် မလိုလားအပ်သည့် နေရာတွေကို ရှောင်ကြဉ်နိုင်ဖို့ဖြစ်ပါသည်။ ထိုစိန်ခေါ်မှုများကို ဖြေရှင်းဖို့ IMRT နှင့် IGRTဟု အတိုကောက်ခေါ်သော နည်းပညာအသစ်တွေ ပေါ်လာသည်။ တချို့ဓာတ်ရောင်ခြည် စက်ကြီးတွေမှာ 3D/ IMRT/ IGRT အစရှိသည့် နည်းပညာ အပြည့်အစုံပါသည်။ မော်တော်ယာဉ်တွေမှာလိုပဲ ဂရိတ်စုံသည့်ယာဉ်က ဈေးပိုကြီးသလို သက်ဆိုင်ရာ နိုင်ငံတွေက သူတို့နိုင်သလောက် နည်းပညာနှင့် ဓာတ်ရောင်ခြည်စက်တွေကို ဝယ်ယူနေကြသည်။

ဘယ်လိုနည်းပညာသစ်တွေ ပါလာသည်ဖြစ်စေ အဓိက ရည်ရွယ်ချက်က ကင်ဆာရှိသည့် နေရာပတ်ဝန်းကျင်ကို ဓာတ်ရောင်ခြည်များများ ပေးနိုင်ဖို့နှင့် မလိုလားအပ်သည့်နေရာတွေကို  ဓာတ်ရောင်ခြည် မရောက်စေဖို့ ဖြစ်သည်။ အနောက်နိုင်ငံများမှာ IMRT နည်းပညာဖြင့် ပရိုတွန်အမှုန်များကို အသုံးပြု၍ ဓာတ်ရောင်ခြည်ပေးနိုင်ဖို့ သုတေသနပြုနေကြသည်။ သမားရိုးကျ ဖိုတွန်အမှုန်များ ထုတ်ပေးသည့် ဓာတ်ရောင်ခြည်စက်ထက်စာလျှင်တော့ IMRT ပရိုတွန်စက်ကြီးတွေက မလိုလားအပ်သည့် ကိုယ်တွင်းကလီစာတွေကို ဓာတ်ရောင်ခြည် မထိအောင် ပိုမိုကာကွယ် ပေးနိုင်ပါလိမ့်မည်။

ဓာတ်ရောင်ခြည်ကုထုံးအတွက် သုတေသနသစ်များ

ဓာတ်ရောင်ခြည်များက ကင်ဆာဆဲလ်များ၏ ဒီအင်အေကို ဖျက်ဆီးပစ်ခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေကြောင်း သိခဲ့ကြပြီ။ ထိုသို့သေစေရာမှာ Free radicalsများ၏ အကူအညီကို ယူရသည်။ Free radicals များများရှိလေလေ ကင်ဆာဆဲလ်တွေ သေလေလေ။ ၎င်း  Free radicals တွေကို အောက်ဆီဂျင်က သယ်ပေးရသည်။ ကင်ဆာကျိတ်တွေ ကြီးလာသည့်အခါ ၎င်းအကျိတ်တွေမှာ အောက်ဆီဂျင်ပြတ်သည်။ အဲသည် အချိန်မျိုးမှာ ဓာတ်ကင်လိုက်လျှင် အာနိသင် လျော့သွားသည်။      

အဲသည်ပြဿနာကို ဖြေရှင်းဖို့ အောက်ဆီဂျင် တက်လာစေမည့် ဆေးများကို သုတေသနပြုနေကြတာရှိသည်။ တချို့ကတော့ ကင်ဆာအကျိတ်ကြီးထဲက အောက်ဆီဂျင်ပြတ်နေသည့် နေရာတွေကို PET/CT scan ဖြင့် ရိုက်ပြီး ရှာဖွေရသည်။ ၎င်းအောက်ဆီဂျင်ပြတ်နေသည့် နေရာတွေက ဓာတ်ရောင်ခြည် ကုထုံးကို ခံနိုင်ရည်ရှိနေမည့် နေရာတွေဖြစ်ပါသည်။ ထိုနေရာများကို IMRT ကဲ့သို့သော နည်းပညာများဖြင့် ဓာတ်ရောင်ခြည် ပိုရအောင် ပေးရသည်။၎င်းနည်းပညာများက ပုံရိပ်ဖော်နည်းပညာများနှင့် ဓာတ်ရောင်ခြည်ကုထုံး နည်းပညာသစ်များ ပူးပေါင်းပြီး ရရှိလာသည့် အမြတ်အစွန်းတွေဖြစ်ပါသည်။

ဓာတ်ရောင်ခြည်၏ အစွမ်းအာနိသင် တက်လာစေဖို့ ကင်ဆာဆေးများကို အသုံးပြုပြီး ဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ပေးခြင်းတို့ကို ပေါင်းလုပ်ကြတာမျိုးလည်း ရှိသည်။ ထိုကဲ့သို့ပြိုင်တူ ကုသမှုပေးခြင်းကို ဦးနှောက်နှင့် လည်ပင်းတစ်ဝိုက်ကင်ဆာများ၊ အာခံတွင်းကင်ဆာများ၊ အဆုတ်ကင်ဆာ၊ သားအိမ်နှင့် အစာဟောင်း အိမ်ကင်ဆာများမှာ အသုံးပြုနေကြသည်။

ထိုသို့ ဓာတ်ရောင်ခြည်ကုသမှုနှင့် တွဲပေးသည့် ကင်ဆာဆေးများကို Radiosensitisers များဟုခေါ်ကြသည်။

မျက်မှောက်ကာလဓာတ်ရောင်ခြည်ကုထုံးဆိုင်ရာအခက်အခဲတွေ

ဓာတ်ရောင်ခြည်စက်ကြီးတွေ မလုံလောက်သည့်အတွက် ဓာတ်ရောင်ခြည်ပေးဖို့ စောင့်ဆိုင်းစာရင်းက ရှည်လျားလာသည်။ အရေးပေါ်လူနာများမှ လွဲ၍ တန်းစီစောင့်ကြရသည်။ တကယ်တမ်းကျတော့ ကင်ဆာလူနာ အားလုံးက အရေးပေါ် မဟုတ်ရင်တောင် အရေးကြီးလူနာတွေ မဟုတ်ပါလား။ ဓာတ်ရောင်ခြည် ချက်ချင်းမပေးနိုင်သည့်အတွက် အထက်က တင်ပြခဲ့သည့် ဦးခေါင်းနှင့် လည်ပင်းတစ်ဝိုက် ကင်ဆာများ၊ သားအိမ်ခေါင်းကင်ဆာများ၊ အစာဟောင်းအိမ် ကင်ဆာများအတွက် ဓာတ်ရောင်ခြည်ပေးခြင်းနှင့် ကင်ဆာဆေးသွင်းမှုကို ပြိုင်တူ လုပ်ပေးခွင့်မရတော့။ သည်အတွက် ၎င်းကင်ဆာရောဂါများ ကုသခြင်းက နိုင်ငံတကာအလယ်မှာ အဆင့်အတန်းမမီဖြစ်ရသည်။ လူနာများအတွက်ကတော့ ဝမ်းနည်းစရာပါ။ ဓာတ်ရောင်ခြည် စက်ကြီးများကို ဝယ်ယူမြှုပ်နှံခြင်း၊ ကျန်းမာရေး ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် ယနေ့ခေတ်မှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဟုပင် ဆိုနေကြပြီ။

မိမိတိုင်းပြည်မှာ ကုသခွင့်မရသည့်အတွက် ပြည်ပမှာ သွားရောက်ကုသကြရသဖြင့် ပြည်တွင်းမှ ထွက်သွားသည့် ငွေကြေးတွေ၊ မိမိနိုင်ငံသား လူနာများ၏ မကုန်ဆုံးသင့်ဘဲ ကုန်ဆုံးသွားရသည့် အလုပ်ချိန်နှင့် ငွေကြေးတွေ။ ဒါတွေကို ထည့်စဉ်းစားမည်ဆိုလျှင် ကျန်းမာရေး ကဏ္ဍများမှာ ရင်းနှီးမြှုပ်နှံခြင်းက ရေရှည်အကျိုး ဖြစ်ထွန်းမည့် အမြော်အမြင်ကောင်း တစ်ခုပါ။

လူအမေးများတဲ့ မေးခွန်းတွေ ဓာတ်ရောင်ခြည်ဌာနတွေက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ပိတ်ထားတတ်ကြသည်။ ဒါကလည်း ခိုင်မာသည့် အကြောင်းရှိသည်။ ဓာတ်ရောင်ခြည်စက်ကြီးများ၏ ကြံ့ခိုင်ရေးကို ထိုရုံးပိတ်ရက်များမှာ စစ်ဆေးကြရတာပါ။ နောက်အရေးကြီးသည့် အချက်က  ဓာတ်ရောင်ခြည်ဌာန ဆရာဝန်၊ ဝန်ထမ်းများ၏ ဓာတ်ရောင်ခြည်သင့်မှု အန္တရာယ်ကို လျှော့ချနိုင်ဖို့ ဌာန ပိတ်ထားပေးရတာပါ။ ဓာတ်မှန်ရိုက်စက်ကို စတင်ရှာဖွေတွေ့ရှိခဲ့သည့် မဒမ်ကျူရီပင်လျှင် သွေးကင်ဆာရောဂါ ခံစားခဲ့ရသည် မဟုတ်ပါလား။

ဓာတ်ရောင်ခြည်ဌာနမှ ဝန်ထမ်းများကို ရုံးပိတ်ရက်မှာ ဌာနကို မလာစေလိုကြခြင်းကြောင့် ဖြစ်ပါသည်။

ဓာတ်ရောင်ခြည်ဌာနကြီးများမှာ အနည်းဆုံးတော့ အမျိုးအစားချင်းတူသည့် စက်နှစ်လုံးစီ ထားလေ့ရှိကြသည်။ သို့မှသာ တစ်လုံးပျက်သွားလျှင် နောက်တစ်လုံးဖြင့် အစားထိုး ထိန်းထားနိုင်မည်။ အကြိမ် ၃ဝ၊ ၃၅ ကြိမ် ဓာတ်ရောင်ခြည်ပေးရသည့် လူနာများအတွက် ကြားမှာ စက်ပျက်သွားလျှင် အတော်ဒုက္ခရောက်ပါသည်။ အားလုံးအစက ပြန်စရမလိုဖြစ်သည်။

သည်တော့ အရန်စက်တစ်လုံး အမြဲထားရှိရသည်။ ဓာတ်ရောင်ခြည်ကို ဘာလို့ အကြိမ်ပေါင်းများစွာ ခွဲပေးနေရသလဲဟု မေးကြတာလည်းရှိသည်။

တစ်ကြိမ်တည်းကို ဓာတ်ရောင်ခြည်အား အများကြီးပေးလိုက်လျှင် အန္တရာယ်ကြီးသည်။ အကြိမ်ကြိမ်ခွဲပေးမှ ဘေးထွက်ဆိုးကျိုးတွေ သက်သာမည်။ ဖြစ်ပျက်သံသရာမှ မလွတ်နိုင်ကြသည့် နောက်ထပ်ပွားလာမည့် ကင်ဆာဆဲလ်များကို ရက်ရှည် ဓာတ်ရောင်ခြည်ဖြင့် ကုသပေးဖို့ ရည်ရွယ်ချက်လည်း ပါသည်။ ဓာတ်ရောင်ခြည်ကုထုံးကို အများပြည်သူတို့ ရင်းနှီးကျွမ်းဝင်လာစေရန် စုစည်း တင်ပြလိုက်ခြင်း ဖြစ်ပါသည်။ 

ဒေါက်တာလွှမ်းမိုးဟန်

Read 19 times
Rate this item
(0 votes)
Last modified on Monday, 09 September 2019 11:28