SJ WorldNews - шаблон joomla Авто

ကင်ဆာရောဂါ ကုသရာတွင် အထောက်အကူပြုသော မြန်မာ့ဆေးဖက်ဝင် အပင်များ(၁၆)

Tuesday, 10 September 2019 12:04 Written by  font size decrease font size decrease font size increase font size increase font size

တစ်လောက အင်တာနက် သတင်းတစ်ပုဒ်ဖတ်ရာတွင်  ကြက်ဟင်းခါးသီးတွင် ပါဝင်သော သတ္တုရည်သည် ကင်ဆာဆဲလ်ပွားမှုကို တားဆီးပေးခြင်းကြောင့် ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယကင်ဆာများကို သက်သာ စေနိုင်သည်ဟု ဆိုသည်။

ထို့ပြင်    လတ်ဆတ်သော ကြက်ဟင်းခါးသီးမှ အရည်(သတ္တုရည်)ကို  ဦးခေါင်းတွင် လိမ်းပေးမည်ဆိုလျှင် ဆံပင်ကျွတ်ခြင်း၊ အရောင်မွဲခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဗောက်ထ၍ ယားယံခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်ဟု ဖတ်ရှုရသည်။

အနောက်တိုင်း သုတေသနအရ ကြက်ဟင်းခါးသီးတွင် မကောင်းသော အဆီကိုလျှော့ချပေးနိုင်သော ဓာတ်များပါဝင်ပြီး   ဆီးချိုရောဂါကိုလည်း  ကောင်းစွာ သက်သာ ပျောက်ကင်းစေနိုင်သည်ဟု ဆိုသည်။

ကြက်ဟင်းခါးသီးစားခြင်းဖြင့် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသောကြောင့် အဝလွန်ခြင်းကို ကာကွယ်သည်ဟု ဆိုသည်။ ဝက်ခြံ၊ နှင်းခူနှင့် ဆီးချိုအနာတို့ကိုပါ ပျောက်ကင်းစေနိုင်သည်။

ကြက်ဟင်းခါးသီး စားသုံးပေးခြင်းဖြင့် တုပ်ကွေးဖြစ်သော ရာသီတွင် ဖျားနာခြင်း၊ နာတာရှည် ချောင်းဆိုးခြင်း၊ မျက်နှာနှင့်ကိုယ် ရောင်ရမ်းခြင်း၊ ဝမ်းချုပ်ခြင်းတို့ကိုပါ သက်သာစေနိုင်သည်။ စမ်းသပ်ချက်များ ပြုလုပ်နေရာ HIV ပိုးကို ကုသရာမှာပင် အထောက်အကူဖြစ်ကြောင်း တွေ့ရသည်ဟု သုတေသနက ဆိုသည်။

သို့သော် ကြက်ဟင်းခါးသီးတွင် အကျိုးမပြုသော ဓာတ်ပစ္စည်းအချို့ ပါဝင်ခြင်းကြောင့် မတည့်သောသူများတွင် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ လေအောင့်ခြင်း၊ တံတွေးအများအပြား ထွက်ခြင်းများဖြစ်နိုင်သည်။ သေချာစွာ ကျက်အောင် ချက်ပြုတ်မစားသုံးလျှင် ပို၍ဖြစ်နိုင်သည်။ အစားများလျှင်၊ ကြိုက်၍အလွန်အကဲစားလျှင် ဝမ်းလျှောခြင်း၊ဗိုက်အောင့်ခြင်း ဖြစ်စေနိုင်သဖြင့် အသီးနှစ်လုံးထက် ပိုမစားရဟု ရေးသားထားသည်။

စာရေးသူကိုယ်တွေ့

စာရေးသူ၏ အဒေါ်တစ်ဦးသည် ကြက်ဟင်းခါးသီး အလွန်ကြိုက်သည်။ သူချက်သော ကြက်ဟင်းခါးသီးမှာ အလွန်စားကောင်းသည်။

ကြက်ဟင်းခါးသီးကို မချက်မီ ပါးပါးလှီးပြီး ခေတ္တ ဆားရည်စိမ်ထားသည်။

၁ဝ မိနစ်ခန့်စိမ်ပြီးမှ ကြက်သွန်အဖြူ၊ အနီကို ဆီသတ်ပြီးနောက် ပုစွန်ခြောက် နိုင်နိုင်ဖြင့် ကြက်ဟင်းခါးသီးကို နှပ်၍ချက်သည်။ အဒေါ်ချက်သော ကြက်ဟင်းခါးသီးမှာ မူလအစိမ်းရောင် မပျောက်ပါ။ ပုစွန်ခြောက် အရသာဖြင့် အနံ့မွှေးပြီး အလွန်စားကောင်းသည်။ ကြက်ဟင်းခါးသီး၏ ခါးချိုသောအရသာကြောင့် ခံတွင်းပျက်နေသူများ  အစာစားချင်စိတ်ကို

ဖြစ်ပေါ်စေသည်ဟု အဒေါ်ကပြောသည်။ ငယ်စဉ်က ထမင်းမြိန်သော ဟင်းပွဲတွင် အဒေါ်၏ ကြက်ဟင်းခါးသီးချက်မှာ မမေ့နိုင်စရာဖြစ်သည်။

ကြက်ဟင်းခါးသီးစား၍ ဘေးဖြစ်သူလည်း ရှိသည်။ စာရေးသူ၏ ရပ်ဆွေရပ်မျိုးဖြစ်သော ဦးလေးတစ်ဦးမှာ ကြက်ဟင်းခါးသီးစား၍ အစားမတော်တစ်လုတ် အသက်ဆုံးရှုံးရဖူးသည်။ သူသည် ဝက်သားဟင်း ကြိုက်သည်။ ဝက်သားကို အဆီ၊ အခေါက်၊ အသားပါသော သုံးထပ်

သားဟင်းကို ချက်စားလေ့ရှိသည်။  တစ်နေ့ နံနက်ပိုင်းတွင် ဝက်သား သုံးထပ်သားဟင်း ချက်စားသည်။ ညစာစားချိန်တွင်လည်း နံနက်ကကျန်သော ဝက်သားဟင်းကို ပြန်နွှေးစားသည်။ ထိုညနေတွင် ဈေးသိမ်းပြီး ပြန်လာသောသူ့ဇနီးက ကြက်ဟင်းခါးသီး ဝယ်လာပြီး ကြော်ချက်ချက်စားသည်။ ကြက်ဟင်းခါးသီးကို ကြွပ်ကြွပ်ကလေး ကြော်စားသော ချက်နည်းတစ်မျိုးဖြစ်သည်။ ထိုဦးလေးသည် ည ၆ နာရီခွဲခန့်တွင် ဝက်သားဟင်း၊ ကြက်ဟင်းခါးသီးကြော် နှစ်မျိုးစားပြီး ည ၈ နာရီခန့်တွင် တီဗွီရှေ့၌ထိုင်၍ သတင်းကြည့်နေရင်း လိုင်းပြောင်းရန် ရီမုကွန်ထရိုးနှိပ်ရာ နှိပ်မရဘဲ လက်မှ လွတ်ကျသွားပြီး မူးတယ်ဟု ပြောကာ သတိလစ် လဲကျသွားသည်။ သူ့ကိုပွေ့ချီပြီး အနီးအနားရှိ ဆေးခန်းတစ်ခုသို့ ပို့ကြသည်။

ဆေးခန်းက သွေးပေါင်ချိန်ပြီး အထက်သွေး ၂ဝဝ ကျော်နေသဖြင့် ဆေးရုံပို့ရန် ပြောသည်။ စာရေးသူတို့၏ နယ်မြို့ကလေးမှာ ရန်ကုန်ဆေးရုံကြီးနှင့် မိုင် ၅ဝ ကျော်ဝေးသည်။ ကားငှားပြီး ဆေးရုံပို့သော်လည်း သေဆုံးသွားသည်။ ဆရာဝန်ကြီးများက ဦးနှောက်သွေးကြော ပြတ်သွားသည်ဟု ယူဆကြသည်။

ကြက်ဟင်းခါးသီးသည် အခါးဓာတ်ကြွယ်ဝပြီး တိုင်းရင်းဆေးပညာ အယူအဆအရ လေစာဖြစ်သည်။ ဝက်သားသည်လည်း လေစာဖြစ်သည်။ လေစာနှစ်မျိုးကို တစ်ကြိမ်တည်း တွဲဖက်၍ မစားသင့်ပေ။ နှစ်မျိုးတွဲ အင်အားဖြင့် တိုက်ခိုက်မှုကြောင့်  အထက်လေပင့်ပြီး ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ နှလုံးလေရိုက်ခြင်း၊ ထို့ထက် အခန့်မသင့်လျှင် အထူးသဖြင့် အသက်ကြီးသူများတွင် ဦးနှောက်သွေးကြော ပြတ်သည်အထိ ဖြစ်နိုင်သည်ကို သတိပြုကြစေ လိုသည်။

အိန္ဒိယဆေးကျမ်းအဆို

ကြက်ဟင်းခါးသီးသည် အားဆေး၊ ဗိုက်နာပျောက်ဆေး၊ လှုံ့ဆော်ဆေး၊ အန်ဆေး၊ ဝမ်းပျော့ဆေးအဖြစ် သုံးရ၏။ အသား၊ အရွက်သတ္တုရည်နှင့် အစေ့သည် သန်ပိုးကျစေ၏။ အရွက်သည် နို့ရည်ကိုပွားစေ၏။

အမြစ်သည် ဝမ်းချုပ်စေ၏။ အသီးနှင့်အရွက် သတ္တုရည်ကို ကုဋ္ဌနူနာ၊ မြင်းသရိုက်နာ၊ အသားဝါရောဂါများ၌ ပေးရ၏။ ဝါတရက်နာ၊ အသည်းရောဂါနှင့် ဗေလုံးရောဂါများတွင်  အသီးကိုကျွေးရ၏။ (ဗိန္ဒော+သိပ္ပံအာဟာရ စွယ်စုံအဘိဓာန်၊ ၁၉၇၇ ခုနှစ်ထုတ် စာ-၁၉၈) ကြက်ဟင်းခါးသီးဖြင့် ရောဂါကြီး အတော်များများကို ဆေးအဖြစ် သတ္တုရည်ပြုလုပ်ပြီး တိုက်ကျွေးသည်ကို အိန္ဒိယနိုင်ငံတွင် များစွာ တွေ့ရှိရသည်။

ခါးသဖြင့် ဟင်းစားဇွန်းနှစ်ဇွန်းခန့် သောက်သုံးလျှင်ပင် ထိရောက်သည်။

ပျောက်ကင်းနိုင်သော ရောဂါများတွင် ဗေလုံးရောဂါ ပါဝင်သည်ကို တွေ့ရသည်။ ဗေလုံးရောဂါသည် အလုံးအကျိတ်ဖြင့်ဖြစ်သော ရောဂါဖြစ်ပြီး ကင်ဆာရောဂါနှင့် အလွန်နီးစပ်သည်။ အလုံးအကျိတ်မှ အမြစ်တွယ်ပြီး အနှံ့အပြားသို့ ပြန့်ပွားသွားနိုင်သော ရောဂါမှာ ကင်ဆာရောဂါ ဖြစ်သည်။ ရောဂါဖြစ်လျှင် ကုသမှုမှာ ပြန့်ပွားခြင်းကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ ကြက်ဟင်းခါးသီး သတ္တုရည်သည် ထိုသို့ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေနိုင်သည်ဟု ယူဆရသည်။

အရသာနှင့်ဂုဏ်သတ္တိ

ကြက်ဟင်းခါးရွက်၏ အရသာနှင့်ဂုဏ်သတ္တိမှာ ခါး၏။ အေး၏။  ကြေကျက်ပြီးနောက်စပ်၏။ ကြေကျက်လွယ်၏။ လေတို့ကိုဖြိုခွဲတတ်၏။

လေကို အနည်းငယ်ဖြစ်စေတတ်၏။ ဝမ်းကိုသက်စေ၏။ ပိုးကိုနိုင်၏။

သလိပ်သည်းခြေကိုနိုင်၏။ ဆာလောင်ခြင်းကိုဖြစ်စေတတ်၏။ မျက်စိရောဂါ၊ ဝစ္စမဂ်ရောဂါ (မက်ကလောင်နာ)၊ ယောနိနာ၊ အဖျားရောဂါ၊ ပိုးရောဂါ၊  သွေးဖောက်ပြန်၊ သွေးအားနည်းရောဂါ၊ ဆီးရောဂါများ၊ ပန်းနာ၊ အနာပေါက်၊ လေပြွန်ရောင်ရောဂါတို့ကို ပျောက်စေသည်။ ဝမ်းပြည့်ရင်ကယ်၊ အော့အန်ချောင်းဆိုး၊ အဆိပ်သင့်၊  အညှော်အသင်းတို့ကိုနိုင်၏။ ဝမ်းသက်ခြင်း၊ ဦးခေါင်းခဲခြင်း၊ လေကြောင့်ခြေလက် လိမ်ကွေး

ခြင်းတို့ကို ငြိမ်းစေ၏။ အစာကို ကြေစေ၏။

ကြက်ဟင်းခါးရွက်သည် ဓာတ်သဘောအရ အအေးဝါယော အသက်(သီတတေဇော၊ သီတဝါယော)ဓာတ်သက်၊ လေသက်စေသော အစာဖြစ်သည်။  ကြက်ဟင်းခါးရွက်ကို စားသုံးရာတွင်  ရေနွေးဖြောတို့စား၊ ပြုတ်တို့၊ မီးမြှိုက်တို့စားရသည်။ ဆေးအဖြစ်အရွက်ကို အရည်ညှစ်ပြီး သတ္တုရည်ဟင်းစားဇွန်း နှစ်ဇွန်းအထိ သုံးဆောင်နိုင်သည်။

အခါးမကြိုက်သူများ အတွက်

ကင်ဆာရောဂါဖြစ်သူ အများစုကို  လေ့လာကြည့်သောအခါ  အချိုကြိုက်သူများ ဖြစ်သည်ကို တွေ့ရသည်။ ချို၊ ဆိမ့်၊ အီ အရသာများ အလွန်ကြိုက်ပြီး နှစ်ရှည်လများ စားသုံးခဲ့သူများဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ ပုံသေပြောမရသော်လည်း ယေဘုယျအားဖြင့် မှန်ကန်သည်။

အနောက်တိုင်း သုတေသနတွေ့ရှိချက်များအရ ကင်ဆာဆဲလ်တွေ့ပြီ ဆိုလျှင် ထိုဆဲလ်များ၏ အာဟာရဖြစ်သော သကြားဓာတ်ကို ဖြတ်လိုက်လျှင် ပြန့်ပွားမှုမှာ ရပ်တန့်သွားသည်ဟု ဆိုသည်။ သကြားဓာတ်သည် ကင်ဆာဆဲလ်ပြန့်ပွားမှု၏ အဓိကတရားခံဖြစ်ကြောင်း သုတေသီတို့က အတိအလင်း သတိပေးထုတ်ပြန် ကြေညာထားသည်။

တိုင်းရင်းဆေးပညာအရ ရသာခြောက်ပါး  ချို၊ ချဉ်၊ ငန်၊ စပ်၊ ခါး၊ဖန်တို့ကို စုံလင်အောင်မျှတအောင် စားသုံးရမည်ဟု ဆိုသည်။ မမျှမတ စားသုံးလျှင်၊  အချိုကိုစားသုံးပြီး အချိုကို လုံးဝမစားသုံးမိလျှင် ရောဂါတစ်မျိုးမျိုး ဝင်ရောက်လာနိုင်သည်။ လူအတော်များများမှာ အချိုအချဉ် ကြိုက်ကြသည်။ အစပ်၊ အဖန်၊ အခါးကို မကြိုက်ကြ။ စားသုံးမှု အလွန်နည်းသည်ကို တွေ့ရသည်။

အချိုကြိုက်သူများသည် အခါးဓာတ် ပါဝင်သော မြန်မာ့အစားအစာများ ဖြစ်သည့် ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊ ကြက်ဟင်းခါး စသည်တို့ကိုလည်း စားသုံးသင့်သည်။ အနည်းဆုံး အခါးအရသာကို တစ်ပတ်လျှင် နှစ်ရက်ခန့် စားသုံးသင့်သည်။ ထိုသို့စားသုံးခြင်းဖြင့် သွေးတွင်းသို့ အခါးဓာတ်များ ရောက်ပြီး အချိုဓာတ်၊ အဆိမ့်ဓာတ် လွန်ကဲခြင်းကြောင့် ပိတ်ဆို့ခြင်းများကို ချေဖျက်ပေးနိုင်သည်။

တစ်ခုသတိထားရမည်မှာ ''အခါးဟူသမျှ လေဓာတ်ကြွ''ဟု ဆိုခြင်းကြောင့် လေလွန်ကဲပြီး လေပွ၊ လေအထက်ဆန်၊ သွေးတိုးခြင်း မဖြစ်အောင် ဂရုစိုက်ရန်လိုသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တစ်နေ့တည်း တစ်ကြိမ်တည်း လေစာနှစ်မျိုး(ဥပမာ-ဝက်သားဟင်းနှင့်ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီးနှင့် ခွေးတောက်ရွက်၊ ကြက်ဟင်းခါးသီးနှင့် မှို) တွဲဖက်မစားမိရန် သတိပြုသင့်သည်။ ဤသို့ စားမိသဖြင့် လေအထက်ဆောင်ပြီး ဦးနှောက်သွေးကြောပြတ် လေဖြတ်ခြင်း ဖြစ်နိုင်သည်ကို အထူးသတိပြုပါ။

အစားအသောက်များတွင် ချို၊ ချဉ်၊ ငန်အုပ်စုနှင့် စပ်၊ ဖန်၊ ခါးအုပ်စုဟူ၍ နှစ်စုရှိရာ အစားအသောက် အရသာကြိုက်သူများမှာလည်း ထိုသို့ပင် အုပ်စုနှစ်စုရှိနိုင်သည်။   ထိုနှစ်စုတွင် ချို၊ ချဉ်၊ ငန်ကြိုက်သော အုပ်စု၊ချို၊ ချဉ်၊ ငန်အစားများသော အုပ်စုတွင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာ စသော ရောဂါကြီးများပို၍ အဖြစ်များသည်ကို တွေ့ရသည်။ ယခုခေတ်

ဆေးရုံကြီးများတွင် နာတာရှည်ကုသမှု ခံယူနေကြရသူ အတော်များများမှာ ထိုရောဂါကြီးများကြောင့်ပင်ဖြစ်သည်။ ဆီးချိုရောဂါကဲ့သို့ အချိုဓာတ်လွန်ကဲသော ရောဂါဖြစ်သူများသည် အစပ်နှင့်အခါး မကြိုက်သူများ ဖြစ်သည်ကို ယေဘုယျအားဖြင့် တွေ့ရှိရသည်။

မြစ်ပွားနာ  ခေါ်  ကင်ဆာရောဂါသည် ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါမဟုတ်။  အစားအသောက်ပေါ် မူတည်၍  ခန္ဓာကိုယ်တွင်း ဓာတ်ကြီးလေးပါး ဖောက်ပြန်ရာမှ၊ ပထဝီဓာတ်လွန်ကဲပြီး အစိုင်အခဲ၊ အကျိတ်ဖြစ်ပေါ်ရာမှ   စတင်သော ရောဂါမျိုးဖြစ်သည်။   ထိုရောဂါကို မဖြစ်မီက ကြိုတင်ကာကွယ်လိုလျှင် အချိုကြိုက်ခြင်း လွန်ကဲမှုကို ရှောင်သင့်သည်။ အခါးမစားခြင်း၊ အစပ်မစားခြင်း အပြုအမူကိုပြုပြင်ပြီး ထိုက်သင့်သလောက် စားသုံးပေးရမည်။   အခါးမျိုး အရသာရှိသော အသီးအနှံများစွာ ရှိသည့်အနက်မှ မြန်မာနိုင်ငံတွင် ပေါပေါများများ ရရှိနိုင်သော ကြက်ဟင်းခါးသီးနှင့် ကြက်ဟင်းခါးရွက်၏ စားသုံးသင့်ပုံနှင့် အကျိုးရှိပုံတို့ကို ဆေးပညာဗဟုသုတအဖြစ် ထောင့်စုံမှ လေ့လာပြီး တင်ပြလိုက်ရပါသည်။ 

ကြည်လွင်မြင့် (မုဒြာ)

Read 60 times
Rate this item
(0 votes)
Last modified on Tuesday, 10 September 2019 12:14