SJ WorldNews - шаблон joomla Авто

လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ (၉၅)

Wednesday, 23 October 2019 10:39 Written by  font size decrease font size decrease font size increase font size increase font size

မေး။         ဆရာ ညောင်းညာကိုက်ခဲနေတာ သုံးရက်လောက်ရှိပါပြီ။ တုပ်ကွေးဖြစ်မှာ ကြောက်ပါတယ်။  ဘယ်လိုဆေးကို  သောက်ရမလဲ လမ်းညွှန်ပြောပြပေးပါဆရာ။

ဖြေ။ ။ဒူလာရောဂါနှင့်ဆင်တူပါသည်။ ဆင်တုံးမနွယ်ကို ထန်းလျက်နဲ့ပြုတ်၊ အကြမ်းပန်းကန်တစ်လုံးစာ နံနက်၊ ညသောက်ပါ။ တုပ်ကွေးအဖျားမှ ကာကွယ်ပါသည်။ သံပရိုသီးကို လေးစိတ်စိတ်ပြီး ရေနွေးမတ်ခွက်နှင့်စိမ်အုပ်ထားပြီး ရေနွေးသောက်သကဲ့သို့ သောက်ပေးပါ။

ကူးစက်တုပ်ကွေးမှ ကာကွယ်နိုင်ပါသည်။ (တစ်နည်း)ရှောက်သီးတစ်လုံးကိုပြုတ်ပြီး စမုန်မျိုးငါးပါး၊ သိန္ဓောဆား အနည်းငယ်ထည့်၍ အလေးချိန်တူ ထန်းလျက်နှင့် ယိုထိုး၍စားပါ။ (တစ်နည်း)တမာရွက်၊ ကြောင်ပန်းရွက်၊ ကုလားကုက္ကိုရွက် ပြုတ်ရည်ဖြင့် ရေချိုးပေးလျှင် ဒူလာညောင်းကိုက် ရောဂါပျောက်ပါတယ်။  ခွေးတောက်ရွက်နှင့် ကြက်ခြေထောက်ရိုးကို ဟင်းချိုချက်သောက်လျှင် ခါးအောက်ပိုင်းညောင်းသောရောဂါ ပျောက်စေပါတယ်။

သွေးဆုံးပြီး အမျိုးသမီးများ ညောင်းညာကိုက်ခဲဖြစ်လျှင် ရဲယိုသီးအမှည့်ကို ထန်းလျက်ဖြင့် ခေါက်စားပါ။ (တစ်နည်း)ဒန့်သလွန်ရွက်နှင့် ပိုးစာရွက်ရော၍ ဟင်းချိုချက်သောက်လျှင် အမျိုးသမီးများတွင်ဖြစ်သော မီးယပ်အညောင်းရောဂါ ပျောက်ပါတယ်။ နနွင်းကို ထမင်းရည်နှင့်လုံးပြီး ရွေးစေ့ခန့် တစ်နေ့သုံးလုံး နံနက်၊ ည စားပေးပါ။

မေး။         ဆရာရှင့် ကျွန်မရင်သားမှာ အနာပေါက်နေလို့ပါ။ အပူနာ လားတော့မသိပါ။ ဆေးခန်းပြရမှာလည်း ရှက်လို့ပါ။ ကျေးဇူးပြု၍ ဆေးနည်းလေးပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ။ ။   အနာဖြစ်တာ ရှက်စရာမရှိပါ။ အမျိုးသမီးအထူးကုဆရာဝန်ကြီးများ ရှိပါသည်။ ပြကြည့်ပါ။ ရိုးရိုးအနာအတွက် ဆေးနည်းကတော့ မိကျောင်းကွမ်းဖတ်ကြိတ်ပြီး အုံပေးပါ။ တစ်ပင်တိုင်မြနန်းဥ(အနက်ရလျှင် ပိုကောင်းသည်) သွေးလိမ်းပါ။ သောက်လည်းသောက်ပါ။ (တစ်နည်း) သင်္ဘောရွက်မီးကင်အုပ်ပေးပါ။ အကျိတ်နှင့်ဖြစ်သောအနာကို သက်သာစေပါတယ်။   (တစ်နည်း)ကွမ်းရွက်မီးကင် နှမ်းဆီသုတ်ကပ်ပေးပါ။

(တစ်နည်း) ဂျုံမှုန့်၊ သံပရာရည်နှင့်နယ် အုံပေးပါက အနာအမြစ်ထွက်စေပါတယ်။ ညောင်ဗုဒ္ဓဟေမြစ်ကို သွေးလိမ်းပါ။

မေး။    ဆရာကြီးရှင့် မျက်မှန်နှင့်စာရေးစာဖတ်အလုပ်များသောကြောင့် နောက်ကြောတက်ရောဂါ အမြဲတမ်းလိုလို ခံစားရပါတယ်ရှင့်။

အင်္ဂလိပ်အာရုံကြောအားဆေး၊ မျက်စိအားဆေးသောက်လည်း မသက်သာပါဘူးရှင့်။ ညအိပ်ရာဝင် ခြေဖဝါးဆားပွတ်ရေဆေးပါတယ်ရှင့်။သက်သာပျောက်ကင်းနိုင်သောဆေးနည်းရှိရင် ညွှန်ပြပေးပါဦးရှင့်။

ဖြေ။    ။ မျက်စိအတွင်းဆေးအဖြစ် တိုင်းရင်းဆေးအမှတ်(၁၂)စက္ခုပါလဆေးကို တိုင်းရင်းဆေးဆိုင်နဲ့ ပရဆေးဆိုင်များမှာ မေးဝယ်စားပါ။

မျက်စိကွင်းဆေးအဖြစ် ကျားမနိုင်နွယ်မြစ်သွေးကွင်းပါ။ မန်ကျည်းပနီခေါက်သွေးကွင်းပါ။ ကွမ်းရွက်ကို ပြားစေ့အဝိုင်းခန့်ဖဲ့ပြီး မျက်စိထောင့်များတွင် ကပ်ထားပါ။ တိမ်က မျက်ဝတ်ကဲ့သို့ ထွက်သူတွေ့ဖူးသည်။

မျက်မှန်ဒီဂရီကျစေသည်။ မျက်စဉ်း ဆားရည်ကြည်သည် အကောင်းဆုံးဖြစ်သည်။

မေး။     သွေးထဲ အဆီဓာတ်များရင်  ဘာတွေစားရမလဲ ဆရာရှင့်။

ဖြေ။      ခြေလေးချောင်းသားရှောင်၊ လမ်းများများလျှောက်ပါ။ ညစာကိုလည်းလျှော့ပါ။ ကော်ဖီအများကြီး မသောက်ပါနှင့်။ အသီးအနှံမှာ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ ပဲရာဇာ၊ ရှောက်သီး၊ ဒန့်သလွန်သီးများများစားပေးပါ။

မေး။     ဆရာ ခေါင်းတအားထိုးကိုက်ရင် သွားလာလှုပ်ရှားသင့်လား။

ငြိမ်ငြိမ်လေးနေသင့်လား။ ဆရာ့ဆေးထဲက ခေါင်းတအား ထိုးကိုက်ရင်သောက်တဲ့ဆေးဆိုင်တွေမှာရှိရင် ညွှန်ပေးပါဆရာ။

ဖြေ။ ။ငြိမ်ငြိမ်လေးနေတာ အကိုက်သက်သာမှာ ရှောက်သီးအရည်သုံးဇွန်း၊ ပျားရည်တစ်ဇွန်းရောစပ် သောက်ကြည့်ပါ။ ချင်းတက်ကို ပါးပါးလှီး နားထင်နှစ်ဖက်မှာ ကပ်ထားပေးပါ။ ချင်းတက်ကိုပါးပါးလှီး ရေနွေးမတ်ခွက်နဲ့စိမ်အုပ်ထား အအေးခံပြီး တစ်နေကုန်ဖြည်းဖြည်းချင်း သောက်ပေးရင်လည်း ခေါင်းကိုက်သက်သာပါတယ်။

မေး။    မင်္ဂလာပါဆရာ။ သမီးအသက် ၃၆ နှစ်ပါ။ ဖျားပြီးကိုယ်တွေလက်တွေကိုက်ပါတယ်။ လည်ပင်းက ရေသောက်ရင်အရမ်းနာပါတယ်။

သမီးကို ဆေးသောက်ဖို့ ညွှန်ကြားပြသပေးပါဆရာ။ ဂါရဝပြုပါတယ်ဆရာ။

ဖြေ။ ။ဆားရည်နွေးနွေးနဲ့အာလုတ်ကျင်းပေးပါ။ ချင်းပါးပါးလှီး ခုနစ်လွှာ၊ ကွမ်းရွက် သုံးရွက်၊ ထန်းလျက် ငါးခဲ ရေနွေးမတ်ခွက်တစ်လုံးမှာ ထည့်ကျိုတဖြည်းဖြည်းသောက်ပါ။ မာတဲ့အစာ မစားသေးဘဲ ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်အရည်ဖျော်များပဲ သောက်ပါ။

မေး။      ဆရာရှင့် သမီးတို့အမေက အသက် ၆၉ နှစ်ရှိပါပြီ။ အစားလည်း စားချင်စိတ်မရှိဘူးဖြစ်နေတယ်။ လူကလည်း တဖြည်းဖြည်းပိန်လာတယ်။ ပြီးတော့ ဗိုက်ထဲမှာ လေလုံးလို့ထင်ရတဲ့အလုံးတစ်လုံး ရှိနေတယ်ဆရာ။ ဗိုက်က ဂွီဂွီမြည်နေပြီး နာတယ်လို့ ပြောပါတယ်။ ကျေးဇူးပြုပြီးဆရာ ဆေးနည်းလေးပေးပါရှင့်။

ဖြေ။  ။ လေလုံးရှိလျှင် အစားပျက်၊ အအိပ်ပျက်ဖြစ်တတ်သည်။ ''ချို၊ချဉ်၊ အငန် လေနိုင်ပြန်''ဟု ဆိုသဖြင့် ထိုအရသာသုံးမျိုးပါသော အစာကို များများစားရပါမည်။ လေမျိုးရှစ်ဆယ် လျက်ဆား ပရဆေးဆိုင်မှာ မေးဝယ်ပါ။ ရှောက်ရည်နှင့်ဖျော်လျက်ပေးပါ။  ပျားရည်နဲ့ရှောက်ရည် လေးဇွန်းဖျော်စပ်ပြီး ညအိပ်ရာဝင်သောက်ပါ။ ရှောက်သီးသုပ်စားပါ။

ပဲရာဇာဟင်းချိုချက်သောက်ပါ။

မေး။  ။ မင်္ဂလာပါဆရာ။ ဒူးအရွတ်ရောင်သလိုဖြစ်နေတယ်ဗျ။ နှစ်ဖက်လုံးပါ။ နှစ်ပတ်လောက်တော့ရှိပါပြီ။ သက်တော့သက်သာပါတယ်။

အလျှင်းတော့မပျောက်သေးဘူး။ ပြီးတော့ ပိုတက်ဆီယမ်အားနည်းတယ်ဆရာ။ သံဓာတ်ရောပဲ။ အိပ်ရေးလည်းဝတယ်။ ဒါပေမဲ့ လူကတုန်ချင်သလို လက်တွေအားပျော့သလို ဆုပ်ကိုင်ရတာအားမရသလိုနားထဲက လေနည်းနည်းထွက်နေသလို ဖြစ်နေတယ်ဆရာ။ ဘာလုပ်ရမလဲဆရာ။

ဖြေ။  ။ ရောဂါက စုံနေတော့ ဘယ်က စပြောရမှန်းမသိတော့ပါ။ အထွေထွေအားနည်းနေတဲ့လက္ခဏာပါ။ ဖီးကြမ်းငှက်ပျောသီး မီးဖုတ်စားပါ။ အုန်းစိမ်းရည်သောက်ပါ။ ဒူးအရွတ်ရောင်တာကတော့ လိမ်းဆေးတစ်မျိုးမျိုးလိမ်းပြီး အနားယူပါ။ လှေကားအဆင်းအတက် မလုပ်ပါနဲ့။

မေး။ ။ခါးရိုးကျိုးလို့ စတီးရိုးထည့်ထားရတာ  တစ်နှစ်ပြည့်ပါပြီ။ လမ်းသိပ်မလျှောက်ဖြစ်ပါရှင့်။ မျက်နှာနဲ့ပါးစပ်တွေ ခြောက်ပြီးယားပါတယ်။ ပါးစပ်ကွဲပြီး မဟနိုင်တာ အပူကြောင့်ဖြစ်နိုင်ပါသလားဆရာ။ ဆရာအပူငြိမ်းဆေးသောက်လို့ ရပါသလားရှင့်။

ဖြေ။    ။ အောက်ပိုင်းအခိုးပိတ်ပြီး အပူအထက်ကန်တတ်ပါသည်။

လမ်းလျှောက်နိုင်သမျှ ကြိုးစားလျှောက်ပါ။ လမ်းလျှောက်နည်းလျှင် ရောဂါအမျိုးမျိုးဝင်လာတတ်ပါသည်။ ထမင်းရည်ပူပူမှာ ဆားလှော်အနည်းငယ်ထည့်သောက်ပါ။ အပူငြိမ်းဆေး-လေပူကျဆေးတည့်ပါတယ်။ ဖီးကြမ်းငှက်ပျောသီးမှည့် အခွံတွင် ကပ်နေသော အမြှေးကို ခြစ်စားပါ။ ပါးစပ်ကွဲသောနေရာတွင် ပျားရည်နဲ့ အုန်းဆီရောစပ်တို့ ပေးပါ။

မေး။  ။ ဆရာ အာရုံကြောညပ်တယ်။ ခါးရိုးအတက်ထွက်တယ်ပြောတယ်။ အင်္ဂလိပ်ဆေးနဲ့ ကုတယ်မသက်သာပါဆရာ။ ဘယ်လိုလုပ်ရမလဲ ဆရာ။

ဖြေ။    ။ အရိုးအဆစ်က စိတ်ရှည်ရှည်ကုရပါတယ်။ ချက်ချင်းမသက်သာပါ။ မုန်ညင်းဆီထဲမှာ ချင်းတက်နဲ့လင်းလေမြစ်ထည့် မီးနဲ့ဆူအောင်ချက်ထားပါ။ ခါးမှာ စိမ့်ဝင်အောင်လိမ်းပြီး အဝတ်ပတ်အိပ် ညစဉ်ပြုလုပ်ပါ။

သက်ရင်းကြီးရွက်မီးကင် နှမ်းဆီ၊ မုန်ညင်းဆီသုတ် ခါးမှာကပ်စည်းပေးရင်လည်း သက်သာနိုင်ပါတယ်။

မေး။  ။ မင်္ဂလာပါဆရာ။ မေမေက ဘယ်ဘက်ခြေထောက်ခြေသလုံးတင်းပြီး ပူနေတယ်လို့ ပြောလို့ပါဆရာ။ သမီးစမ်းကြည့်တော့ နည်းနည်းပူပြီး မတင်းပါဘူး ဆရာ။ မနက်ပိုင်းမပူဘဲ နေ့ခင်းနဲ့ညနေပိုင်းတွေပူပါတယ်ဆရာ။ ဘယ်လိုလုပ်ပေးရမလဲ သိပါရစေ။ မနှစ်က ခြေတစ်ဖက်အေးတာ ဆရာပြောတဲ့ မုန်ညင်းဆီနဲ့ကွမ်းရွက်ချက်ပြီး လိမ်းပေးတာ တစ်နေ့တစ်ကြိမ်ပဲ လိမ်းပေးရင်းနဲ့နွေမကုန်ခင် ကောင်းသွားပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ဖြေ။    ။ခြေဖဝါးဆားပွတ်၊ ဒူးအထက်မှအောက် ရေလောင်းခြေဆေးအိပ်ပါ။ မုန်ညင်းဆီလည်း လိမ်းပါ။ အခိုးပိတ်လို့ခြေပူတာပါ။ ကရမက်ကိုဆားနဲ့ရောသွေးလိမ်းရင်လည်း ခြေထောက်ပူတာသက်သာစေပါတယ်။

မေး။    ဆရာ မင်္ဂလာပါ။ ကျွန်တော်ဝချင်လို့ပါ။ အခုက ၅၅ ကီလိုပဲရှိပါတယ်။ ၆ဝ၊ ၆၅ လောက်လိုချင်ပါတယ်။ အလုပ်နှင့်မို့ ကာယလေ့ကျင့်ခန်း မကစားနိုင်ပါ။ အစားဖိစားတော့ အစာမကြေဖြစ်ဗိုက်အောင့်ပြီး အန်ပါတယ်။ လူဝဆေးလေး ညွှန်းပေးပါဆရာ။

ဖြေ။ ။ဖီးကြမ်းငှက်ပျောသီး   အခွံနွှာပြီးနွားနို့နဲ့ရောပြုတ်စားပါ။ ကန်စွန်းဥရနိုင်ရင် ရွှေကန်စွန်းဥ ရသလောက်ပြုတ်စားပါ။ (ထမင်းကို အစာမကြေမဖြစ်အောင် တစ်နေ့ သုံးကြိမ်ခွဲစားပါ။ နည်းနည်းနဲ့အာဟာရ ဖြစ်တဲ့ အသားနဲ့အသီးအနှံ ရောချက်စားပါ။)

မေး။    လေးစားရပါသော ဆရာရှင့်။ ကျွန်မအသက်က ၃၇ နှစ်ဖြစ်ပြီး ကိုယ်ဝန် ခုနစ်လရှိပါပြီရှင့်။ အမျိုးသားက A သွေးဖြစ်ပြီး ကျွန်မက O + ပါရှင့်။ A နဲ့ O + က မွေးရင် ကလေးမှာ အသားဝါရောဂါပါလာ တတ်တယ်လို့ ပြောကြပါတယ်ရှင့်။ မွေးလာတဲ့ကလေးလေးမှာ အသားဝါရောဂါပါမလာအောင် ဘယ်လို အစားအသောက်တွေကြိုစားထားရင် ရနိုင်မလဲ သိချင်ပါတယ် ဆရာရှင့်။

ဖြေ။    ။ သွေးအမျိုးအစားကြောင့်ဖြစ်တယ်လို့တော့ ဆရာမသိပါ။ တိုင်းရင်းဆေးပညာအနေနဲ့ကတော့ လေပူရှိရင် အသားဝါတတ်ပါတယ်။

ကိုယ်ဝန်ရှိစဉ် လေစာများရှောင်ရပါတယ်။ ကာကွယ်တဲ့အနေနဲ့ခါကြက်ဥကိုထောင်း  အရည်ညှစ် သကြားနဲ့ဖျော်(ခါကြက်ဥဖျော်ရည်)နေ့စဉ်တစ်ဖန်ခွက်သောက်ပေးပါ။ မွေးမိခင်ရော ကလေးပါ အသည်းရောင် အသားဝါ မဖြစ်အောင် ကာကွယ်ပါတယ်။   

ကြည်လွင်မြင့်(မုဒြာ)

Read 25 times
Rate this item
(0 votes)
Last modified on Wednesday, 23 October 2019 10:47