SJ WorldNews - шаблон joomla Авто

အထိုင်များသော်

Thursday, 24 October 2019 10:01 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့ခေတ်  လူမှုပုံစံ အများစုသည် လှုပ်ရှားမှုမရှိသော အထိုင်များသည့် လှုပ်ရှားမှုပုံစံဖြင့်    နေထိုင်မှုများနေကြသည်။ အထိုင်များရာမှ တစ်ဆင့် ဆိုးကျိုးများကို ခံစားနေရသည်ကို  မေ့လျော့နေတတ်ကြသည်။ အထိုင်များခြင်း၏ ဆိုးကျိုးမှ ပထမဦးစွာစိတ်ဖိစီးမှု ပိုမိုဖြစ်စေသည်။ အကြောင်းမှာ ကျွန်မတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းသည်   လှုပ်ရှားမှု မရှိသည့်အခါ စိတ်ဓာတ်ကလည်း တက်ကြွနေမည် မဟုတ်ပါ။ စိတ်ဓာတ်တက်ကြွခြင်း မရှိသောအခါ စိတ်မကြည်လင်ခြင်း၊ စိတ်ညစ်စရာများကိုသာ တွေးနေတတ်ခြင်း၊ စိတ်ဂနာမငြိမ်ခြင်းများ ဖြစ်လာကာ စိတ်ဖိစီးမှုများကို ပိုမိုခံစားလာရခြင်း ဖြစ်သည်။

အထိုင်များသောအခါ  နှလုံး၏ အလုပ်လျှော့ လုပ်ရသည့်အတွက် နှလုံးကြွက်သားများ ချည့်နဲ့လာမည်။  ထိုအခါ  သွေးလွှတ်ပို့ဆောင်ပေးမှု    အားပျော့နှေးကွေးစွာ လှည့်ပတ်သည့်အတွက် သွေးလွှတ်ကြောတွင် အနည်ထိုင်မှုများ ဖြစ်လာနိုင်သည်။

သို့ဖြစ်ပါသောကြောင့်   အထိုင်များခြင်းကြောင့် သွေးတိုးရောဂါနှင့် နှလုံးသွေးကြောပိတ် ရောဂါများ ဖြစ်လာနိုင်သည်။ သွေးပြန်ပို့မှု အားပျော့ခြင်းနှင့် ကမ္ဘာ့ဆွဲအားကြောင့် ခြေထောက်၊    လက်နှင့်   ခြေခုံတို့တွင် သွေးအိုင်ခြင်း၊ သွေးပြန်ကြောများ ဖောင်းပွကာ  ရောင်ဖောင်းလာနိုင်သည်။  ထို့ပြင် အောက်ဆီဂျင် သယ်ဆောင်သော သွေးများ စီးဆင်းမှုနှေးကွေးခြင်းကြောင့်  ဆဲလ်များ အောက်ဆီဂျင် ပြတ်တောက်ပြီး ကြွက်သားများ    နာကျင်ကိုက်ခဲ ရောင်ရမ်းခြင်းများဖြစ်လာနိုင်သည်။

အထိုင်များခြင်း၏ အကျိုးဆက်တစ်ခု အနေဖြင့် သွေးတွင်းသကြားဓာတ်များ မြင့်တက်ကာ  ဆီးချိုရောဂါကို ခံစားရနိုင်သည်။ဆီးချိုဖြစ်သူများ၏ ရောဂါရာဇဝင်ကို ပြန်ကြည့်မည်ဆိုလျှင်လည်း အထိုင်များသူ၊ လှုပ်ရှားမှုမရှိသူများတွင် အဖြစ်များသည်ကို တွေ့ရသည်။   ဆီးချိုနှင့်တစ်ဆက်တည်း သွေးတိုးရောဂါလည်း ဖြစ်ပေါ်လာနိုင်သည်။

ကိုယ်ခန္ဓာလှုပ်ရှားမှု မရှိသည့်အခါ အတွင်းအင်္ဂါများကို    သွေးရောက်နှုန်းနှေးခြင်းတို့ကြောင့်  အူမကြီးကင်ဆာ၊  နှလုံးရောဂါ စသည်တို့ကိုလည်း    ရရှိခံစားစေနိုင်သည်။

အထိုင်များသည့်အခါ လူကိုအဓိက ထောက်ကန်ပေးထားသည့် ခါးဆစ်များပေါ်တွင် ဖိအားများ ကျရောက်တတ်သည်။ ထိုသို့ ဖိအား သက်ရောက်ရာမှ ခါးအဆစ်ပိုင်းတွင် ကျီးပေါင်းတက်လာခြင်း၊ခါးနာလာခြင်း၊ ခါးဆစ်အနည်းငယ်သာ လှုပ်ရှား၍ရခြင်းတို့   ခံစားရနိုင်သည်။

ခါးနာသမားများ  အများစု၏  ရောဂါဖြစ်ကြောင်းများတွင်လည်း အထိုင်များသည့် လူနေမှုပုံစံသည်  ထိပ်ဆုံးက ပါဝင်နေသည်ကို  တွေ့ရသည်။   

ပခုံးနှင့်လည်ပင်းသည်လည်း   လှုပ်ရှားမှု နည်းသည့်အတွက် လည်ပင်းကြွက်သားများ တောင့်တင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းများလည်း ခံစားရနိုင်သည်။ အထိုင်များသည့်အခါ အရိုးအဆစ် အဆက်လှုပ်ရှားမှု ပြုလုပ်ရမည့်နေရာများတွင် ချောဆီမထွက်ရှိခြင်းကြောင့်   ပွတ်တိုက်မှုများ ဖြစ်လာကာ အရွတ်ကြေခြင်း၊ အရိုးနုခေါင်းများပျက်စီးခြင်း၊   ကျီးပေါင်းရောဂါများ  ဖြစ်လာနိုင်သည်။

အထိုင်များသည့်အခါ ကြွက်သားများကို အသုံးမပြုသည့်အတွက် ကြောရိုးမကြီး၏ သဘာဝအတိုင်း ကိုင်းညွတ်မှုကို   လိုတာထက်ပိုပြီး ဆန့်စေခြင်းကို ဖြစ်ပေါ်စေသည်။

အချိန်ကြာကြာထိုင်ခြင်းဖြင့် ပျော့ပျောင်းသော တင်ပါးဆုံနှင့်ခါးတို့၏   ယေဘုယျ ပျော့ပျောင်းမှုကို လျော့ကျစေသည်။ တစ်ဆက်တည်း တင်ပါးဆုံရှိကြွက်သားများကို တိုစေပြီးတောင့်တင်းစေသည်။ ကိုယ်လက်လှုပ်ရှားမှု နည်းသည့်အတွက် လေဖြတ်နိုင်စွမ်းလည်း  မြင့်မားနိုင်သည်။

အထိုင်များရာမှ    ခြေထောက်ပိုင်းတွင်    သွေးလည်ပတ်မှုကို    တားဆီးစေသည်။

ထိုသို့တားဆီးရာမှ ခြေချင်းဝတ်ပိုင်းတွင် သွေးစုပြုံခြင်း၊   ခြေချင်းဝတ်ရောင်ခြင်း၊ သွေးကြောထုံးခြင်း၊ ထုံခြင်း၊ကျဉ်ခြင်းများ ဖြစ်ပေါ်လာနိုင် သည်။ မလှုပ်ရှားခြင်းဖြင့် အရိုးသိပ်သည်းဆများလည်း  နည်းပါး လာနိုင်သည်။ အရိုးပွခြင်းကိုပါ ခံစားရနိုင်သည်။ 

ကိုယ်လက်လှုပ်ရှားမှု   နည်းသည့်အတွက်ကြောင့် ညဘက်အိပ်ချိန်တွင်လည်း   အိပ်မပျော်ဖြစ်ကာ  အိပ်ရေးပျက်ခြင်း၏ အကျိုးဆက်များဖြစ်သည့် ရီဝေဝေဖြစ်ခြင်း၊ သွေးပေါင်ချိန်မြင့်တက်ခြင်း၊ စဉ်းစားဉာဏ်များ ကျဆင်းခြင်းတို့ကိုလည်း ဖြစ်စေသည်။

အထိုင်များရာမှ ဆီးချုပ်၊ ဝမ်းချုပ်နှင့်အတူ  လိပ်ခေါင်းရောဂါကိုလည်း ခံစားရနိုင်သည်။

အထိုင်များရာမှ   ခန္ဓာကိုယ်အတွင်းတွင်  မလိုအပ်သော အဆီများ    များလာရာမှ အဝလွန်ခြင်း၊    ဗိုက်ခေါက်ထွက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ လေ့လာစမ်းသပ်ချက်များ အရ  အထိုင်များခြင်းဖြင့်    အဆုတ်ကင်ဆာ၊ သားအိမ်ကင်ဆာများ ဖြစ်နိုင်ခြေများသည်။ သို့ဖြစ်ပါ၍ အထိုင်များခြင်းသည် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတု့ကို ရရှိခံစားစေနိုင်သောကြောင့်  ကိုယ်လက်လှုပ်ရှားမှုများကို တတ်နိုင်သလောက် ပြုလုပ်ပေးရမည်။ ကိုယ်လက်လှုပ်ရှား ဆိုသည်နှင့် အားကစား စင်တာများတွင် ပြုလုပ်မှသာအကျိုးသက်ရောက်သည်ဟုလည်း လွဲမှားစွာ ထင်နေတတ်ကြသည်။ အမှန်တော့ ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းကို လူတန်းစားမရွေး ပြုလုပ်နိုင်သည်။ အချို့က စီးပွားရှာရ

တာမှအနိုင်နိုင် ကိုယ်လက်လှုပ်ရှား ပြုလုပ်ဖို့ အချိန်မရှိဘူး  ဆိုသော   ဆင်ခြေများကို ဆုပ်ကိုင်ထားကြသည်။ ထိုဆင်ခြေများကို ဆုပ်ကိုင်ထားရာမှ လူသည် အိုမင်းရင့်ရော်သော အရွယ်သို့ရောက်လာကာ   ဇရာ၏ ဖိစီးမှုများကို ခံကြရတော့သည်။

ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းဆိုသည်နှင့်  လမ်းလျှောက်ခြင်း၊  စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ဂျင်ဆော့ခြင်း၊ အလေးမခြင်း၊  အေရိုးဗစ်ကခြင်း၊ တောင်တက်ခြင်းတို့ ပါဝင်သည်။ ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းသည် ဆေးတစ်ပါးဖြစ်သည်။ ကိုယ်လက်လှုပ်ရှား ပြုလုပ်ပေးခြင်းဖြင့် ပြန်ရည်ကြောစနစ်၏ အဆိပ်၊ အပုပ်ရှင်းထုတ်အားကို ကောင်းစေ ခြင်း၊ ဆီးပုပ်၊ဝမ်းပုပ်၊ သွေးပုပ်၊ ချွေးပုပ်တို့ကို အမြန်စွန့်ထုတ်ပစ်နိုင်ခြင်း၊ တင်းကျပ်နေသောစိတ်ကို  ဖြေလျှော့ပေါ့ပါးစေခြင်း၊ အဆီပိုနှင့် ကိုလက်စထရောများ ကျစေခြင်း၊ ကိုယ်တွင်းသွေးနှင့် အရည်များလှည့်ပတ်မှုကို ကောင်းစေခြင်း၊ အသက်ရှူလမ်းကြောင်းများကို သန့်ရှင်းစေခြင်း၊  ပါစကဝမ်းမီးကို သမမျှတအောင် ထိန်းပေးနိုင်ခြင်း၊ မဟာသရီရဓာတ်(၇)ပါးကို ကောင်းစွာ သန့်ရှင်းနိုင်ခြင်း၊ လူ့အသက်ကို ဥပဒ်ပြုလုပ်နိုင်သော တွယ်ဆက်တစ်သျှူးများမှု၊   ရောင်ရမ်းမှုများကို ကာကွယ်ပေးနိုင်ခြင်း၊ ဦးနှောက်တွင်း အောက်ဆီဂျင် အပြည့်ရရှိသဖြင့်    ခန္ဓာကိုယ်အတွက် မှန်ကန်စွာ ထိန်းချုပ်ပေးနိုင်သည့် အကျိုးကောင်းများကို   ရရှိစေနိုင်သည်။

ကိုယ်လက်လှုပ်ရှား ပြုလုပ်ရန်အတွက် တာဝန်အရှိဆုံးသူသည် ကျွန်မတို့ ကိုယ်တိုင်ဖြစ်သည်။ သို့ပါသောကြောင့် အလုပ်ခွင်နှင့် အိမ်သည် နီးနေသည်ဆိုလျှင် အတတ်နိုင်ဆုံး ခြေကျင်သွားပါ။ အနည်းငယ်ဝေးသည်ဆိုလျှင် စက်ဘီးစီး၍သွားပါ။  မတတ်နိုင်သော အခြေအနေမှသာ ကား၊  ဆိုင်ကယ်စီး၍ သွားသင့်သည်။ လမ်းလျှောက်ပေးခြင်း ဆိုရာတွင် အတင်းပြေးရမည်ဟု မဆိုလိုပါ။

ပုံမှန်လမ်းလျှောက် ပေးဖို့လိုခြင်းကို ပြောလိုခြင်းဖြစ်သည်။ လမ်းလျှောက်ရာတွင် အလျင်မလိုသင့်သလို နှေးကွေးခြင်းလည်း မကျသည့် လမ်းလျှောက်နည်းဖြင့် လမ်းလျှောက်ပေးခြင်းဖြင့် ကျန်းမာရေးအတွက် အထူးသင့်လျော်သည်။

ထိုင်၍ အလုပ်လုပ်ရသူများ အနေဖြင့်လည်း မကြာခဏ မတ်တတ်ရပ်ပေးသင့်သည်။    ကွန်ပျူတာကိုင်ရသည့် အလုပ်ဖြစ်လျှင်လည်း မကြာခဏ မတ်တတ်ရပ်ကာကျောကို ဆန့်ပေးသင့်သည်။  မကြာခဏ

မတ်တတ်ရပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် သွေးနှင့် အောက်ဆီဂျင် စီးဆင်းမှုနှုန်းကို ညှိပေးနိုင်သည်။ အထိုင်များသူများ အနေဖြင့် ဆီး၊ဝမ်းမှန်စေရန်အတွက် ရေကိုလည်း မကြာခဏ သောက်ပေးသင့်သည်။ သို့ဖြစ်ပါသောကြောင့်    သက်ရှည်ကျန်းမာပြီး သက်တမ်းစေ့ နေထိုင်နိုင်ရန် အထိုင်များသည့် နေထိုင်မှုပုံစံမှ   ကိုယ်လက်လှုပ်ရှားမှု ပုံစံများသို့ ပြောင်းလဲကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။  

မုဒိတာ(တောင်သာ)

Read 45 times
Rate this item
(0 votes)
Last modified on Thursday, 24 October 2019 10:03

Latest from ကေတု