SJ WorldNews - шаблон joomla Авто

အစာအိမ်ကင်ဆာ လူနာများ သေဆုံးမှု လျှော့ချနိုင်ရေး

Wednesday, 30 October 2019 10:23 Written by  font size decrease font size decrease font size increase font size increase font size

ကင်ဆာရောဂါ  အမျိုးအစားပေါင်း များစွာရှိနေတဲ့အထဲမှာ အစာအိမ်ကင်ဆာဟာ အဆိုးရွားဆုံး ကင်ဆာအမျိုးအစား တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ရပ်လုံး အနေအထားနဲ့ ကြည့်လိုက်မယ်ဆိုရင် အစာအိမ် ကင်ဆာဟာ အဖြစ်အများဆုံး ကင်ဆာ ငါးမျိုးထဲမှာ ပါဝင်ပါတယ်။

ကင်ဆာရောဂါကြောင့် လူတွေကွယ်လွန် ကြရပြီဆိုရင် အစာအိမ်ကင်ဆာဟာ အဓိကနံပါတ်(၂) တရားခံ ဖြစ်နေတတ်ပါတယ်။ တချို့ကမ္ဘာ့ဒေသတွေမှာ အစာအိမ်ကင်ဆာဟာ အဆုတ်ကင်ဆာပြီးရင် လူကို သေစေတတ်ဆုံးသော ကင်ဆာအမျိုးအစား ဖြစ်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂ဝ၁၄ ခုနှစ်အတွင်း   ထုတ်ပြန်ချက်တစ်ခုမှာ ကင်ဆာကြောင့် မြန်မာအမျိုးသား ၂၅ဝဝဝ ကျော် ကွယ်လွန်ခဲ့ရာမှာ ၁၁ ဒသမ ၃ ရာခိုင်နှုန်းက အစာအိမ်ကင်ဆာကြောင့် ဖြစ်ပါတယ်။  အဆုတ်ကင်ဆာကြောင့် ကွယ်လွန်သူ  ၁၆ ဒသမ ၆ ရာခိုင်နှုန်း၊ အာခံတွင်းနဲ့ လည်ပင်း ကင်ဆာများကြောင့် ကွယ်လွန်သူ ၁၂ ဒသမ ၉ ရာခိုင်နှုန်းနဲ့

အသည်းကင်ဆာကြောင့်   ကွယ်လွန်သူ  ၁၂ ဒသမ ၅  ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒီတော့  အစာအိမ် ကင်ဆာဟာ နံပါတ်(၄)နေရာမှာရှိတဲ့ လူကိုသေစေတတ်သော တရားခံဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ကင်ဆာလူနာ ၂၃ဝဝဝ ကျော် ကွယ်လွန်ခဲ့ရာမှာတော့ အစာအိမ် ကင်ဆာကြောင့် ကွယ်လွန်သူဟာ ၇ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ အဆုတ်ကင်ဆာက နံပါတ်(၁) သေစေမှု အများဆုံး၊ သားအိမ်ခေါင်းကင်ဆာက   နံပါတ်(၂)၊ ရင်သားကင်ဆာက နံပါတ်(၂)နဲ့ အစာအိမ် ကင်ဆာက နံပါတ်(၄) တရားခံဖြစ်နေပြန်ပါတယ်။

ကင်ဆာရောဂါတွေဟာ မကူးစက်တတ်သော ရောဂါများ အုပ်စု(NCDs) မှာ ပါဝင်ပေမယ့် ကူးစက်ရောဂါများနဲ့  ထင်ရှားခိုင်မာစွာ ပတ်သက်ဆက်နွှယ်နေတဲ့ ကင်ဆာရောဂါတွေ ရှိနေပါတယ်။ အသည်းကင်ဆာဖြစ်စေနိုင်သော အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုး၊ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတတ်သော HPV ဗိုင်းရပ်ပိုးနဲ့ အစာအိမ်ကင်ဆာ ဖြစ်စေနိုင်သော H pylori ပိုးတွေဟာ  နာမည်ကျော်ပါတယ်။အစာအိမ်ကင်ဆာဟာ H pylori ဗက်တီးရီးယားပိုးနဲ့ ဆက်စပ်နေတာမှန်ပေမယ့် အစာအိမ်ကင်ဆာ ဖြစ်စေသော တရားခံ

ဟာံ H pylori တစ်ခုတည်း မဟုတ်ပါဘူး။ ယနေ့ကမ္ဘာ့လူဦးရေရဲ့ ၅ဝ ရာခိုင်နှုန်းဟာ H pyloriပိုးကို သယ်ဆောင်ထားကြသူတွေဖြစ်ပါတယ်။  အဲဒီအထဲက ၁-၄ ရာခိုင်နှုန်းအထိသာ အစာအိမ် ကင်ဆာဖြစ်လာကြတာဖြစ်ပါတယ်။

အစာအိမ်ကင်ဆာကြောင့် သေဆုံးမှုတွေ လျော့ကျသွားအောင် လုပ်ဆောင်ကြဖို့ ဆိုရာမှာ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအဆင့်ကနေ ကင်ဆာကို အထူးပြု ကုသတဲ့ ဆေးရုံကြီးတွေအထိ အကျုံးဝင်ပါတယ်။ အခြေခံကျန်းမာရေး ဝန်ထမ်းမှသည်  မူဝါဒချမှတ်သူ ခေါင်းဆောင်ပိုင်းတွေအထိ   အသီးသီး တာဝန်ယူကြရတာဖြစ်ပါတယ်။ အစာအိမ်ကင်ဆာ ရောဂါ  တစ်ခုတည်းအတွက်သာ မဟုတ်ပါဘူး။

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့  ကုန်ထုတ်စွမ်းအားတွေ တိုးမြှင့်ရာမှာ နိုင်ငံသားတွေ ကျန်းမာရေးကောင်းနေဖို့ လိုပါတယ်။

ရောဂါတစ်ခုရဲ့ သေဆုံးမှုကိုလျှော့ချဖို့ ဆိုရာမှာ ကာကွယ်ရေး၊ ကြိုတင်ရှာဖွေရေး စတဲ့  အပိုင်းတွေဟာ  သိပ်အရေးကြီးပါတယ်။ အစာအိမ်ကင်ဆာကို ကာကွယ်ဖို့ H pylori င ပိုးကူးစက်မှုတွေကို ထိန်းချုပ်မယ်၊

သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကိုပဲ မှီဝဲမယ်၊  အရက်နဲ့ ဆေးလိပ်ကိုရှောင်မယ် စသဖြင့် ကာကွယ်ရေးအစီအစဉ်တွေကို ချမှတ်ရပါမယ်။ တကယ့်လက်တွေ့ အလုပ်ဖြစ်ဖို့ဆိုတာတော့ စိန်ခေါ်မှုတွေ အများကြီးပါ။   H pylori ကူးစက်မှုကို    ထိန်းချုပ်မယ်၊ တစ်နည်းအားဖြင့်  ပဋိဇီဝဆေးများနဲံ့ JY Hpylori  ပိုးကိုကုသလိုက်မယ်ဆိုရင်   အစာအိမ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ကျဆင်းသွားတယ်ဆိုတဲ့ အခိုင်အမာ တွေ့ရှိချက်တွေရှိတယ်။

အစာအိမ်ကင်ဆာကြိုတင် ရှာဖွေရေး 

Cancer Screening လို့ခေါ်ကြတဲ့ ကင်ဆာရောဂါကြိုတင် ရှာဖွေရေး လုပ်ငန်းစဉ်တွေဟာ  နိုင်ငံနဲ့ချီပြီး မူဝါဒချမှတ် ဆောင်ရွက်ကြရတာမျိုးပါ။ နိုင်ငံတစ်နိုင်ငံ ချင်းစီရဲ့  ကင်ဆာပျံ့နှံ့ဖြစ်ပွားမှု အနေအထား၊ ဘဏ္ဍာရေးနဲ့ ကျန်းမာရေး ဝန်ထမ်းအင်အား တောင့်တင်းမှု၊  အများပြည်သူ လက်ခံမှု အစရှိတဲ့  အချက်တွေအပေါ်မူတည်လို့ ကင်ဆာကြိုတင် ရှာဖွေရေးအစီအမံတွေဟာ ကွဲပြားခြားနားစွာ ရှိနေကြပါတယ်။

ကမ္ဘာ့အရှေ့ဖျားနိုင်ငံတွေလို့ခေါ်ကြတဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေမှာ  အစာအိမ်ကင်ဆာအဖြစ်များပါတယ်။   ငါးတွေကို  အစိမ်းလိုက်စား လို့၊   မီးကင်ပြီးစားကြလို့   အစာအိမ်ကင်ဆာတွေ ပိုဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

အစာအိမ်ကင်ဆာ ကြိုတင်ရှာဖွေရေး စီမံချက်ဟာ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ရှိနေပါတယ်။ တရုတ်နိုင်ငံမှာတော့ မလုပ်နိုင်ကြသေးပါ။ ဂျပန်နဲ့  ကိုရီးယား နိုင်ငံတို့ရဲ့  အမျိုးသားအဆင့်  အစာအိမ်ကင်ဆာ ကြိုတင်ရှာဖွေရေးစီမံချက်များအရ နိုင်ငံသားအမျိုးသား၊ အမျိုးသမီးအားလုံးဟာ အသက် ၄ဝ ပြည့်ပြီဆိုတာနဲ့ အစာအိမ်တွင်း မှန်ပြောင်းအကြည့်ခံကြရ

ပါတယ်။ တစ်ကြိမ်ကြည့်ပြီးတာနဲ့ နောင်ဘယ်တော့ပြန်ကြည့်မယ်၊ ဘာဆက်လုပ်ရမယ် ဆိုတာကို  တစ်ခါတည်း မှာလိုက်ပါတယ်။ တချို့ရောဂါလက္ခဏာ မပြသေးဘဲ စောစီးအစာအိမ်ကင်ဆာ    အဆင့်ကို တွေ့ပြီဆိုတာနဲ့ အစာအိမ် အပေါ်ယံလွှာကို တစ်ခါတည်း ဖြတ်ထုတ်ကုသပေးလိုက်ပါတယ်။ ကင်ဆာအဆင့်ကို   ရောက်မလာတော့ ဘူးပေါ့။ အဲဒီလို အစာအိမ် ကင်ဆာကြိုတင် ရှာဖွေရေး စီမံချက်မှာ အစာအိမ် ကင်ဆာဖြစ်နေသူတွေကို ရှာဖွေတွေ့ရှိမှုနှုန်းဟာ အယောက် ၁ဝဝဝဝ မှာ ၁၂ ဦး သာဖြစ်ပါတယ်။ ကျန်တဲ့ ၉၉၈၈ ဦးဟာ အစာအိမ်ကင်ဆာ မရှိသူတွေလို့  ဆိုရမှာပါ။ ဒီလိုအစာအိမ်ကင်ဆာ ကြိုတင်ရှာဖွေရေး စီမံချက်တွေကို  နိုင်ငံတော်ကလည်း စရိတ်ကျခံပေးပါတယ်။ အများပြည်သူက လည်း ဝင်ရောက်အစစ်ဆေး ခံကြပါတယ်။

ဂျပန်နိုင်ငံမှာဆိုရင် ၁၉၇ဝ ပြည့်လွန်နှစ်များဆီက အစာအိမ်ကင်ဆာဟာ အဖြစ်အများဆုံး ကင်ဆာတစ်ခုပါ။

အစာအိမ်ကင်ဆာ ကြိုတင်ရှာဖွေရေးမှာ တစ်ချိန်က ဓာတ်မှန်ရိုက်ပြီး  ရှာဖွေတဲ့နည်းကို သုံးခဲ့ကြပါတယ်။   အခုအချိန်မှာ တော့ အစာအိမ်မှန်ပြောင်းကြည့် နည်းလမ်းကို ပိုသုံးလာကြတယ်။   မိမိတို့တိုင်းပြည်မှာ ကင်ဆာရောဂါ တစ်ခုခုကို   ကြိုတင်ရှာဖွေရေး စီမံချက်   လုပ်တော့မယ်ဆိုရင်     သက်ဆိုင်ရာ ကင်ဆာရောဂါဟာ အမှန်တကယ်ရော တိုင်းပြည်ကိုခြိမ်းခြောက်နေတာဖြစ်ပါရဲ့လားဆိုတာ အရင်ဆုံး စစ်တမ်းကောက်ယူဖို့ လိုပါတယ်။    အမြန်ဆုံး နည်းလမ်းကတော့    လူဦးရေ အခြေပြု ကင်ဆာလူနာ မှတ်ပုံတင်စာရင်း  (Population Based Cancer Registry)ကနေ အချက်အလက် ယူတဲ့နည်းပါ။

တိုင်းပြည်မှာ   တစ်နှစ်ကို အစာအိမ် ကင်ဆာလူနာ   ဘယ်နှယောက်ရှိသလဲ။

အစာအိမ်ကင်ဆာ လူနာတွေရဲ့သက်တမ်းဟာ ဘယ်လောက်ရှိသလဲ။ ဘယ်အရွယ်တွေမှာ အဖြစ်များလဲ။(ကင်ဆာကိုစပြီး ကြိုတင်ရှာဖွေရမယ့် အသက်အပိုင်းအခြား ကိုသတ်မှတ်ဖို့ပါ။) သူများနိုင်ငံတွေမှာ အသက် ၄ဝ ကစတယ်ဆိုပေမယ့်  ကိုယ့်တိုင်းပြည်မှာ  အစာအိမ်ကင်ဆာ  လူနာအများစုဟာ အသက် ၅ဝ ကျော်တွေဖြစ်နေရင် အသက် ၅ဝ ပြည့်ပြီးမှ အစာအိမ် မှန်

ပြောင်းကြည့်ကြမလား။ အစာအိမ်ကင်ဆာကို  ကြိုတင်ရှာဖွေပြီဆိုတာနဲ့  စောစီးကင်ဆာ အဆင့်မှာတွေ့မယ့်   လူနာဦးရေ ဘယ်လောက်မျှော်မှန်းထားသလဲ။  သူတို့တွေအတွက် တစ်နိုင်ငံလုံး တူညီတဲ့ကုသမှု လမ်းညွှန်ရေးဆွဲပြီးပြီလား။ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အစာအိမ်ကင်ဆာကို ကြိုတင်ရှာဖွေရေး မှန်ပြောင်းနဲ့ ဓာတ်မှန်ဌာနတွေရှိရဲ့လား စသဖြင့်လုပ်ငန်း ကော်မတီပေါင်း များစွာနဲ့စီမံချက်တွေ ရေးဆွဲထားရမှာဖြစ်ပါတယ်။

အစာအိမ်ကင်ဆာရဲ့ သေဆုံးမှုလျှော့ချနိုင်ရေးနဲ့ ပတ်သက်လာရင်တော့ အဓိကကျတဲ့ လုပ်ဆောင်မှုတွေဟာ ရောဂါကာကွယ်ရေးနဲ့ကြိုတင်ရှာဖွေရေး လုပ်ငန်းစဉ်တွေမှာ ရှိနေတာဖြစ်ပါတယ်။ အဆင့်လွန် အစာအိမ်ကင်ဆာဖြစ်သွားပြီဆိုရင်တော့ ကုသနည်းမျိုးစုံနဲ့  ဘယ်လိုကုကု ရလဒ်ကွာခြားချက်က  ပြောပလောက်အောင် ရှိမှာမဟုတ်ပါ။ စောစီးကင်ဆာအဆင့်မှာ သိလို့ ကုသခွင့်ရကြပြီး  အသက်ရှည်ကြ တာသာဖြစ်ပါတယ်။ နောက်ကျပြီးမှ အစာအိမ်ကင်ဆာကို သိကြတယ်ဆိုရင်  ကုသမှု ကုန်ကျစရိတ်တွေ များတယ်။ ငါးနှစ်ခန့်မှန်း အသက်ရှည်နှုန်းကလည်း ခြုံငုံပြောရမယ်ဆိုရင် အကောင်းကြီး မဟုတ်လှပါဘူး။

သို့ပေမယ့် နိုင်ငံတကာနဲ့   ရင်ပေါင်တန်းနိုင်သည်အထိ ခွဲစိတ်ကုသမှု နည်းနာတွေ  စက်ပစ္စည်းတွေကို အဆင့်မြှင့်မယ်၊

အထူးကုဆရာဝန်မျိုးစုံကို  ပိုပြီးမွေးထုတ်မယ်၊ ကင်ဆာဆေးဝါးသစ်တွေကို  အများပြည်သူ မှီဝဲသုံးစွဲနိုင်အောင် စီမံပေးနိုင်မယ်ဆိုရင်လည်း အစာအိမ်ကင်ဆာကြောင့် သေဆုံးမှု သိသိသာသာ ကျဆင်းလာနိုင်ပါတယ်။ တစ်နည်းအားဖြင့် အစာအိမ်ကင်ဆာ လူနာတွေရဲ့သက်တမ်း  ပိုရှည်လာနိုင်ပါတယ်။

အစာအိမ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါများကိုကုသရာမှာ အဖွဲ့စုံပေါင်းစပ် ကုသကြတဲ့ (Multidisciplinary Team) နည်းလမ်းနဲ့ သွားကြရပါတယ်။ အစာအိမ်ကင်ဆာ လူနာများအတွက် အစားအသောက်ဆိုင်ရာ အာဟာရပညာရှင်၊    ဘက်စုံအထောက်အကူပြု အဖွဲ့ နဲ့ တခြားအထောက်အကူပြု အဖွဲ့တွေ     ပေါ်ပေါက်လာမယ် ဆိုရင်လည်း  သူတို့ရဲ့သက်တမ်းတွေကို ရှည်လာစေဖို့ အထောက်အကူ ပြုပေးနိုင်မှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ယနေ့ကမ္ဘာပေါ်မှာ လူကိုသေစေတတ် ဆုံးသောရောဂါကြီးတွေဟာ မကူးစက်တတ်သော ရောဂါတွေဖြစ်ပါတယ်။ဒီအထဲမှာမှ နှလုံးသွေးကြောရောဂါ များပြီးရင် ကင်ဆာရောဂါများဟာ နံပါတ် နှစ်နေရာကနေပြီး လူ့အသက်တွေကို ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကြီးမှူးပြီး သက်ဆိုင်ရာ နိုင်ငံများအလိုက် ကျန်းမာရေး ရည်မှန်းချက်တွေ  ရေးဆွဲကြရာမှာ အမျိုးသားအဆင့် ကင်ဆာထိန်းချုပ်ရေး စီမံချက်တွေဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်ရှိလာကြပါတယ်။ ဒါကြောင့် တချို့နိုင်ငံတွေမှာ ကင်ဆာဆေးပညာရှင်တွေဟာ နိုင်ငံရဲ့ကျန်းမာရေး မူဝါဒချမှတ် သူများနေရာက အရေးပါလာကြတယ်လို့ ပြောဆိုနေကြပါတယ်။

မိမိတို့ တစ်နိုင်ငံချင်းစီ အလိုက် စိန်ခေါ်မှုအများဆုံး ကင်ဆာရောဂါများကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခြင်းဖြင့် အမျိုးသား ကျန်းမာရေး အဆင့်အတန်းကိုမြှင့်တင်ဖို့ အချိန်ကျပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။  

ဒေါက်တာ လွှမ်းမိုးဟန်

Read 45 times
Rate this item
(0 votes)
Last modified on Wednesday, 30 October 2019 10:46