SJ WorldNews - шаблон joomla Авто

အချိန်မဆိုင်းဘဲ ကုသပါ အရိုး အကြော အဆစ်အမျက်ရောင် ရောဂါ

Monday, 04 November 2019 10:40 Written by  font size decrease font size decrease font size increase font size increase font size

အရိုး၊ အကြော၊ အဆစ်ရောဂါသည် အဖြစ်များဆုံး အဆစ်ရောင်ရောဂါ အမျိုးအစားတစ်ခုဖြစ်ပြီး ကျား၊မ အသက်အရွယ်ပိုင်းခြားမရွေး ဖြစ်တတ်ပြီး မိသားစုဝင် (ညီအစ်ကိုမောင်နှမများ)များ ဖြစ်လေ့ရှိသူများ၊ ဆေးလိပ်သောက်သူများ၊ ကလေးမီးဖွားပြီးစနှင့် နို့တိုက်မိခင်များ၊  အသက်လေးဆယ်ကျော် အမျိုးသမီးများတွင် ၎င်းရောဂါ ဖြစ်နိုင်ခြေပိုများသည်။ အရိုး၊ အကြော၊ အဆစ်ရောဂါတွင် သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊  အရေပြားထုလေးဖက်နာ စသည်ဖြင့် အမျိုးအစားပေါင်း ၂ဝဝ ရှိသည်။ လေးဖက်နာရောဂါတွင် အဆစ်နာ၊ အဆစ်ရောင် ရောဂါအမျိုးမျိုးရှိပြီး ၎င်းရောဂါများအနက် အများဆုံး တွေ့ရှိရသည်မှာ ဂေါက်(Gout) ရောဂါ၊ ဒူးကျီးပေါင်းရောဂါ (ခေါ်) ဇရာနှင့် ဒဏ်ကြောင့်ဖြစ်သော ဒူးနာရောဂါ (OA, Asteoarthritis)၊ လည်ပင်းရောင်စေသော  ဗက်တီးရီးယားပိုး  Streptococcus   ကြောင့်ဖြစ်သော ပိုးလေးဖက်နာ (ခေါ်) Rheumatic Fever ၊အဆစ်ငယ်များ     နာတာရှည် ရောင်ရမ်းသည့် သွေးလေးဖက်နာ  (ခေါ်)  RAç RheumatiodArthritis နှင့် အရေပြားလေးဖက်နာ (ခေါ်) SLE ရောဂါတို့ဖြစ်ကြသည်။

အသက်ကြီးလာခြင်း၊ အဝလွန်ခြင်း၊ အဆစ်ထိခိုက် ဒဏ်ရာရဖူးခဲ့ခြင်း စသည်တို့ကြောင့် အရိုးအဆစ်များရှိ အရိုးနုများ တဖြည်းဖြည်း ပွန်းတိုက်ပျက်စီးလာပြီး အဆစ်များရောင်၍ နာလာခြင်းဖြစ်သည်။ အဖြစ်အများဆုံး နေရာများမှာ ဒူးဆစ်၊ တင်ပါးဆုံရိုး၊ ကျောရိုးနှင့် လက်ဆစ်တို့ဖြစ်သည်။ အရိုးအဆစ်ရောင်ခြင်း (အထူးသဖြင့် ဒူးဆစ်နာခြင်း)ကြောင့် လှုပ်ရှားသွားလာတိုင်း နာခြင်း၊ ကျပ်ခဲနေခြင်းတို့ ခံစားရပြီး ပုံမှန်လှုပ်ရှားမှုမျိုး မပြုလုပ်နိုင်တော့ဘဲ နှေးကွေးလာပြီး သွေးတိုး၊ နှလုံး၊ ဆီးချိုတို့ကိုပါ ပိုမိုဖြစ်ပေါ်စေနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ အရိုး၊ အဆစ်အမျက် ပျက်စီးမှု ဆိုးရွားသွားကာ ခွဲစိတ်ကုသမှု ခံယူရနိုင်သည်။

အဆစ်ရောင်ရောဂါနှင့်ကမ္ဘာ

ကမ္ဘာတစ်ဝန်း၌ အဆစ်ရောင်ရောဂါဖြစ်ပွားသူ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ကမ္ဘာ့လူဦးရေ သန်း ၃၅ဝ ခန့်သည် အဆစ်ရောင်ရောဂါ ခံစားနေရသည်။ လူကြီးများတွင်သာမက ကလေးသူငယ်များလည်း ခံစားရတတ်သည်။ ထိထိရောက်ရောက် ကုသခံယူမှုမရှိပါက အချိန်ကြာလာသည်နှင့်အမျှ တစ်စတစ်စနှင့် မူလသဘာဝအတိုင်း လှုပ်ရှားသွားလာနိုင်မှု မပြုနိုင်တော့ပေ။  နာကျင်ခြင်း ဝေဒနာကို ခံစားရရုံမက နှလုံး၊ ဆီးချိုစသည့် အခြားနောက်ဆက်တွဲ ရောဂါများပါ ခံစားလာရနိုင်သည်။ ထို့ကြောင့် အဆစ်ရောင်ခြင်းကို   အချိန်မီကုသဖို့ အရေးကြီးသည်။

 အဆစ်ရောင်ရောဂါနှင့်မြန်မာပြည် မြန်မာနိုင်ငံ၌ ခုတင် ၅ဝဝ ဆံ့ ရန်ကုန်အထူးကု ဆေးရုံကြီး အရိုး၊ အကြော၊ အဆစ်ဆေးပညာဌာန မှတ်တမ်းများအရ အတွင်းလူနာအနေဖြင့် ၂ဝ၁၇ ခုနှစ်တွင် ၃ဝဝ၄ ဦး၊ ၂ဝ၁၈ ခုနှစ်တွင် ၃ဝဝ၈ ဦး တက်ရောက်ကုသခဲ့ပြီး ပြင်ပလူနာအနေဖြင့် ၂ဝ၁၇ ခုနှစ်တွင် ၈၃၆၃ ဦးနှင့် ၂ဝ၁၈ ခုနှစ်တွင် ၉၁၁၉ ဦးအထိရှိကာ တစ်နှစ်ထက်တစ်နှစ် လူနာအရေအတွက် များပြားလာသည်။

အရိုး၊ အကြော၊ အဆစ်ရောဂါ ဖြစ်ပွားသူများအနေဖြင့် အဆစ်ရောင်ကိုက်ခဲသည့် ရောဂါဖြစ်ပွားပါက နီးစပ်ရာဆရာဝန်ထံပြသပြီး  ဆရာဝန်၏ ဆေးညွှန်းစာဖြင့် ရန်ကုန်အထူးကု ဆေးရုံကြီး ခုတင် ၅ဝဝ ဆံ့အရိုး၊ အကြော၊ အဆစ်ဆေးပညာဌာန၊ မြောက်ဥက္ကလာပဆေးရုံကြီး အရိုး၊ အကြော၊ အဆစ် ဆေးပညာဌာနနှင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး အရိုး၊ အကြော၊ အဆစ် ဆေးပညာဌာနတို့၌ ကုသမှု ခံယူနိုင်သည်။

 အရိုး၊ အဆစ်အမျက်ရောင်ခြင်း ရောဂါ အဆင့်ဆင့်

(အဆင့် - ၁ လက္ခဏာစတင်သောအဆင့်) အဆစ်များ အနည်းငယ် စတင်ပျက်စီးလာပြီး  အရိုးနုပျက်စီးမှု ၁ဝ ရာခိုင်နှုန်းခန့် ဖြစ်ပေါ်လာသည်။ (အဆင့် - ၂ အနည်းငယ် နာကျင်မှုအဆင့်)  အဆစ်နှစ်ခုကြား နေရာကျဉ်းလာပြီး အရိုးနုများ စတင်ပျက်စီးလာကာ အရိုးအတက်များ ဖြစ်ပေါ်လာသည်။(အဆင့် - ၃ အလယ်အလတ်အဆင့်) အဆစ် နှစ်ခုကြားနေရာ ပိုမိုလျော့နည်းလာပြီး အရိုးနှစ်ခု စတင်ထိတွေ့လာသည်။  (အဆင့် - ၄ ပြင်းထန်သော အဆင့်) အဆစ်နှစ်ခုကြား နေရာမရှိသလောက် နည်းသွားပြီး အရိုးနု ၆ဝ ရာခိုင်နှုန်း ပျက်စီးသွား၍ အရိုးအတက်ကြီးများ ဖြစ်လာသည်။

 အဆစ်အမျက်ရောင်နာအတွက်   အကောင်းဆုံး  အစားအစာများ

အမျှင်ဓာတ်နှင့် ပရိုတင်းပြည့်ဝသော အစိမ်းရောင် ပဲသီးအမျိုးမျိုးတို့က  အရိုးများ အတွက်သာမက အရိုးနှင့် တွဲကပ်နေသော ကြွက်သားများ ကျန်းမာရေးအတွက် ဆေးဖြစ်စေသည်။  ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝသော နွားနို့က အရိုး၊ အကြော၊ အဆစ်အမျက်ရောင်နာ အားလုံးအတွက် ကောင်းကျိုးပြုသည်။

ပရိုဘိုင်အိုတစ်ဓာတ် ကြွယ်ဝသော  ဒိန်ချဉ်ကို နေ့စဉ် စားပေးသင့်သည်။ပဲပုပ်ပဲကလည်း ဆေးဖြစ်စေသည်။ ဂေါ်ရခါးသီး မကြာမကြာစားပေးပါ။ဆင်တုံးမနွယ်ပင်က ရောင်ရမ်းကိုက်ခဲခြင်း ဝေဒနာများကို သက်သာပြေလျော့စေ သည်။ သစ်ကြားသီး၊ ဗာဒံစေ့ကဲ့သို့ အခွံမာသီး  အစေ့အဆန်များတွင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်၊  သွပ်၊ ဗီတာမင်အီး  စသော ပရိုတင်းဓာတ်များနှင့် အမျှင်ဓာတ်တို့  ပြည့်စုံလုံလောက်စွာ ပါရှိနေကြပြီး ၎င်းဓာတ်ပေါင်းစုများက အရိုး၊ အကြော၊ အဆစ်အမျက်ရောင် ရောဂါအပြင် သွေးလေးဖက်နာ အတွက်သာမက အရိုးပျော့၊  အရိုးပွများ အတွက်ကိုလည်း ကောင်းကျိုးပြုပေးနိုင်သည်။

လက်ဖက်စိမ်းထဲတွင် ပါရှိသော   ဖလေဗိုနွိုက် EGCG ဓာတ်တစ်မျိုးက   ကိုယ်တွင်းကိုယ်ပရောင်ရမ်းနာများကို သက်သာစေသည့်အပြင်၊ အရိုးနုများ  ပျက်စီးယိုယွင်းခြင်း ဖြစ်စဉ်ကိုလည်း နှေးကွေးစေသည်။ ကွေကာအုတ်၊  ဆန်လုံးညိုနှင့် ကောက်နှံများကလည်း  သွေးလေးဖက်နာ ရောဂါကို  လွန်စွာ ကောင်းကျိုးပြုပေးနိုင်သည်။ နနွင်းမှုန့်ထဲတွင် curcumin ဓာတုပစ္စည်းတစ်မျိုး ပါရှိနေပြီး ၎င်းက ခန္ဓာကိုယ်၏ ဆဲလ်များ ရောင်ရမ်းခြင်းမှ လျှော့ချပေးနိုင်သည်။ သံလွင်ဆီနှင့် ထောပတ်သီး အဆီတို့က ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများအတွက်  အထူးသင့်လျော်သည်။ ဗီတာမင်စီကြွယ်ဝသော လိမ္မော်၊ ဂရိတ်ဖရုနှင့် သံပရာသီးတို့က အဆစ်အမျက်များကို ကျန်းမာကြံ့ခိုင်စေပြီး   သွေးလေးဖက်နာ ရောဂါနှင့် အရိုးပွရောဂါတို့အတွက် ဆေးဖြစ်စေသည်။

ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်သော ချင်းတက်ထဲတွင် gingerols  နှင့် အဆီတစ်မျိုး ပါရှိနေကြပြီး ၎င်းဓာတုပစ္စည်းများက အရိုး၊ အကြော၊ အဆစ်အမျက်အတွက် ဆေးစွမ်း ထက်မြက်လှသည်။တရုတ်နံနံပင်တွင်ရှိသော luteolin (ခေါ်) ဖလေဗိုနွိုက်ဓာတ်များက ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းခြင်းဖြစ်စဉ်ကို လျှော့ချပေးနိုင်သည်။ ပင်လယ်စာများဖြစ်ကြသော ငါးသေတ္တာငါး၊ ပင်လယ်ငါးသလောက်နှင့်  ဆယ်လ်မွန်ငါးတို့က သွေးလေးဖက်နာကြောင့် ဖြစ်သော အဆစ်အမျက်များ  ရောင်ရမ်းမှု ဝေဒနာများကို သက်သာစေသည့်အပြင်၊ အရိုးနှင့် တွဲဆက်လျက်ရှိသော အသားများ တောင့်တင်းနာကျင်ခြင်းကိုပါ ဖြေလျှော့ပေးနိုင်သည်။ ထို့ကြောင့် ပင်လယ်ငါးများစား၍ လိုအပ်ပါက ဖြည့်စွက်စာအဖြစ် ငါးကြီးဆီကို မှီဝဲသောက်သုံး ပေးသင့်သည်။ အရသာချဉ်သော ချယ်ရီသီးများတွင် ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိ၍ လေးဖက်နာရောဂါ အမျိုးမျိုးတို့အတွက် လွန်စွာကောင်းကျိုးပြုပေးနိုင်သည်။   တလည်းသီးထဲတွင် ပါရှိနေသော ဖလေဗိုနွိုက် anthocyanin  ဓာတ်တစ်မျိုးကလည်း ချယ်ရီသီးများကဲ့သို့ပင်   ဆေးဝါးဖြစ်စေသည်။ နာနတ်သီး၏ အလယ်အူတိုင်တွင် အရည်အသွေးမြင့် fh bromelain အင်ဇိုင်းဓာတ် ပါရှိနေပြီး ၎င်းဓာတ်က နာတာရှည် ရောင်ရမ်းနာများကို လွန်စွာကောင်းကျိုး ပြုသည်။ ထို့ပြင် နာနတ်သီးက အရိုးပွ၊ အရိုးပျော့ ရောဂါအတွက်ကိုလည်း ကောင်းကျိုးပြုပေးနိုင်သည်။

ဗီတာမင်ဒီဓာတ် အပြည့်အဝ ရရှိစေရန် နံနက်စောစော နေပူဆာလှုံပေးပါ။

အဆစ်အမျက်ရောင်နာအတွက် ရှောင်ရှားသင့်သည်များ

ဆေးလိပ်သောက်ခြင်းကလည်း အရိုး၊ အကြော၊ အဆစ်အမျက် ရောင်နာဖြစ်ပွားခြင်းနှင့် ဆက်နွှယ်နေသည်။ထို့ကြောင့် ဆေးလိပ်သောက်ခြင်းကို ဆင်ခြင်ပါ။ တစ်ဆင့်ခံ ဆေးလိပ်မီးခိုးနံ့ မရှူရှိုက်မိအောင်လည်း ရှောင်ရှားသင့်သည်။

ဆီကြော်မုန့်များ၊ ဓာတုပစ္စည်းတွေ သုံးထားသော အစားအစာများ၊ တာရှည်ခံအောင် ပြုပြင်ထားသော အသင့်စား အစားအသောက်များနှင့် အချိုမှုန့် စားသုံးခြင်းမှ ရှောင်ရှားသင့်ပါသည်။

အချုပ်အားဖြင့်ဆိုသော် အဆစ်အမျက်များရောင်ခြင်းကြောင့် နံနက်အိပ်ရာထ တင်းမာနေကာ လှုပ်ရှားရန် ခက်ခဲပြီး  လုပ်ငန်းခွင်တွင် အလုပ်လုပ်နိုင်ရန် ခက်ခဲခြင်းကိုလည်း ကြုံတွေ့ရနိုင်သည်။ အဆစ်အမျက်ရောင်ခြင်း၏ အဓိကလက္ခဏာများ ဖြစ်ကြသည့် အဆစ်နာကျင်ခြင်း၊ အဆစ်များ ကျပ်ခဲနေခြင်း၊ ပင်ပန်းနွမ်းလျခြင်းတို့ကို ခံစားရပါက ဆေးမြီးတိုဖြင့်ကု၍ အချိန်ဆွဲမနေဘဲ ဆရာဝန်နှင့် ချက်ချင်းဆွေးနွေး တိုင်ပင်ကာ ကုသမှုခံယူကြပါရန် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။  

ပေါက်ပေါက်

Read 54 times
Rate this item
(0 votes)
Last modified on Monday, 04 November 2019 10:41