မေး။ ။ မင်္ဂလာပါဆရာကြီးရှင့်။ အသက်က ၃၆ နှစ်၊ ပေါင်ချိန်က ၁၉၆ ပေါင်ရှိပါတယ်။ အိပ်ရင် အရမ်းဟောက်ပြီး သွားရည်ကျပါတယ်။ ဟောက်တာနဲ့ သွားရည်ကျတာမဖြစ်အောင် ဘယ်လိုလုပ်ရမလဲရှင့်။
ဖြေ။ ။ လည်ပင်းမှာ ပဝါပတ်အိပ်လျှင် အဟောက်သက်သာပါတယ်။ ဘယ်၊ ညာသို့ စောင်းအိပ်လျှင် အဟောက်သက်သာပါတယ်။ ပက်လက်အိပ်လျှင်ပို၍ဟောက်တတ်ပါတယ်။ ကြောင်လျှာသီးမကြာခဏ ကြော်စားလျှင် အဟောက်သက်သာပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်း ဖီးကြမ်းငှက်ပျောသီးပျော်ပျော် တစ်လုံး၊ နှစ်လုံးပုံမှန် စားပေးလျှင် လေပူကျပြီး အဟောက်သက်သာသည်ဟု ဆိုပါတယ်။ နလင်ကျော်တုံးကို သွေးပြီး လည်ပင်းတွင်လိမ်းအိပ်လျှင် အဟောက်သက်သာပါတယ်။ နလင်ကျော်မြစ်ကိုသွေးပြီး ပျားရည်တစ်ဇွန်းနှင့် စပ်သောက်လျှင် အဟောက်သက်သာပြီး အဆီလည်းကျစေပါတယ်။ သွားရည်ကျရောဂါလည်း သက်သာစေပါတယ်။ (နလင်ကျော်တွင် အခေါက်အသားနှင့် အမြစ်တုံးဟူ၍ နှစ်မျိုးရှိပါသည်။ အမြစ်တုံးကပို၍ ဆေးစွမ်းထက်ပါသည်။ ပရဆေးဆိုင်များတွင် ဝယ်ယူလျှင် အမြစ်တုံးဟု မေးဝယ်ပါ။)
မေး။ ။ မင်္ဂလာပါဆရာ။ ကျွန်မပူတဲ့ရာသီရောက်တိုင်း ရင်ကျပ်ပါတယ်ရှင့်။ ရာသီဥတုပြောင်းရင်လည်း ရင်ကျပ်ပါတယ်။ ကျေးဇူးပြုပြီး သင့်လျော်မည့် ဆေးနှင့်ဓာတ်စာလေး ညွှန်ကြားပေးပါရန် လေးစားစွာ အကူအညီတောင်း လိုက်ရပါတယ်ရှင့်။ ပျောက်နိုင်တဲ့ ဆေးနည်းရှိရင်လည်း ဆေးဖော်စားချင်ပါတယ်ရှင့်။
လမ်းညွှန်ပေးပါ။
ဖြေ။ ။ လေကျပ်၊ သလိပ်ကျပ်နဲ့ နှလုံးအမောဆိုပြီး သုံးမျိုးရှိပါတယ်။ နှလုံးကြီးလာရင် အဆုတ်ကို ပြန်ပိမိပြီး မောတတ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရင် သွေးဖိအားတိုးပြီး သွေးတိုးပါဖြစ်တတ်ပါတယ်။ ရင်ဘတ်မှာ မုန်ညင်းဆီမီးနွှေးလိမ်း ကွမ်းရွက်ကပ်ပေးပါ။ ရှောက်ရည်နဲ့ ပျားရည်ရောစပ်တိုက်ပါ။ ရဲယိုသီးမှည့် ၅ဝ ကျပ်သားကို ဆန်ခါတိုက်အစေ့ဖယ်ပြီး ပျားရည် ၁၅ ကျပ်သားထည့်၊ နှမ်းဆီ ၁ဝ ကျပ်သားထည့်ပြီး မီးဖြင့် ရေအနည်းငယ်ခန်းအောင် ကျိုပါ။ လက်ကော်ရသည့် အနေအထားတွင်ချပါ။ အအေးခံပြီး ဖန်ပုလင်းအဝကျယ်တွင်ထည့်ထား။ နေ့စဉ် နေရောင်ပြပေးပါ။ ထိုရဲယိုသီးယိုသည် လူကြီးများ၊ အစာမစားချင်သူများ၊ အမောအကျပ်ရောဂါ သမားများနှင့် အလွန်သင့်ပါတယ်။
ဥတုပြောင်းလဲမှုဒဏ်ကိုလည်း ခံနိုင်ပါတယ်။ နေ့စဉ် နံနက်၊ ည ဟင်းစားဇွန်းနှစ်ဇွန်းစားပါ။ စွဲစားလျှင် ရောဂါပျောက်နိုင်ပါတယ်။
မေး။ ။ ဆရာအာရုံစိုက်ပြီး အလုပ်လုပ်ရင် လက်တွေတုန်တယ်ဆရာ။ ဘာဆေးသောက်ရမလဲ။
ဖြေ။ ။ ဇက်ကျီးပေါင်းကြောင့်လည်း လက်တုန်တတ်ပါတယ်။ အကြောအားနည်းလို့ တုန်တာလည်း ရှိပါတယ်။ ရှောက်ရည် လေးဇွန်းစပ် တစ်နေ့ နှစ်ကြိမ်သောက်ပါ။ ပဲရာဇာ၊ ပဲနီလေး၊ ပဲဝါလေးနေ့စဉ် လက်တစ်ဆုပ်ဟင်းချိုချက်သောက်ပါ။
မေး။ ။ ခေါင်းကနေချွေးအမြဲလိုလို ထွက်နေတာဘာကြောင့်ပါလဲဆရာ။ ညအိပ်ရင်လည်း ထွက်ပါတယ် ဆရာ။ ချွေးတွေနဲ့ပဲအိပ်ရေးပျက်ပြီး ခဏခဏ အအေးမိပါတယ်ဆရာ။ လေပူကျဆေးသောက်ရင်ရောရပါသလားဆရာ။
ဖြေ။ ။ အပူအထက်ပြန်လို့ပါ။ ခြေဖဝါးဆားပွတ် ဒူးအထက်မှရေလောင်းခြေဆေး ညအိပ်ခါနီးပြုလုပ်ပါ။ လေပူကျ ဆေးသောက်လို့ရပါတယ်။
မေး။ ။ ဆရာကြီး မင်္ဂလာပါရှင့်။ ကျွန်မလိပ်ခေါင်းဖြစ်တာလည်း ဆရာကြီးပြောတဲ့ ဆေးနည်းအတိုင်းလုပ်တာ ပျောက်သွားပါပြီရှင့်။ အခုကကျွန်မဆီးသွားရင် ဆီးကျဉ်ပြီးသွေးနည်းနည်းပါတာ ဘာဆေးသောက်ရမလဲ ညွှန်ကြားပေးပါဦးရှင့်။ ရန်ကုန်က မို့လို့ပါ။ အားကိုးပါတယ်ရှင့်။ ဆရာကြီးသက်ရှည် ကျန်းမာပါစေရှင့်။
ဖြေ။ ။ ပူစပ်ချဉ်အစာများရှောင်စားပါ။ သံပရာရည်သကြားနဲ့ ဖျော်သောက်ပါ။ ဆီးကျဉ်ရင် မြင်းခွာရွက်ကို ကြက်သွန်ဖြူနဲ့ ဟင်းချိုချက်သောက်ပါ။ဆီးသွေးပါရင် ကုန်းထိကရုံးပင်ပြုတ်ရည် မတ်ခွက်တစ်လုံးမှာ ပျားရည် ဟင်းစားဇွန်းတစ်ဇွန်း ထည့်သောက်ပါ။
ဆီးကျောက်ရှိ၊ မရှိစစ်ဆေးပါ။ ကြက်သွန်နီဥပါးပါးလှီး ဆီးခုံမှာကပ်အိပ်ပါ။
မေး။ ။ သွားဖုံးရောင်တာလား ဘာလားမသိဘူးဆရာ။ ပါးတစ်ဖက်ဖောင်းနေလို့ အကျိတ်လည်း တည်နေပါတယ်။ ဘယ်လိုလုပ်ရင်ပျောက်သလဲဆရာ။
ဖြေ။ ။ နလင်ကျော်တုံးသွေးလိမ်းပါ။ ဇာတိပ္ဖိုလ်သီး အဆန်သွေးလိမ်းရင်လည်းရတယ်။ မာလကာရွက် ဆားနဲ့ ပြုတ်ငုံပေးရင်လည်း သွားဖုံးရောင်ကျပါတယ်။
ညှော်နဲ့မကောင်းတဲ့ အနံ့ဆိုးတွေ မရှူမိအောင်ရှောင်ပါ။ မာတဲ့အရာမစားဘဲ ဆန်ပြုတ်သောက်ပါ။
မေး။ ။ မင်္ဂလာပါဆရာ။ ကျွန်တော့်အဖေမှာ ခြေဖနောင့် အသားကြေသလို ဖြစ်နေပါတယ်ဆရာ။ လမ်းလျှောက်ရင် နာတယ်ဆရာ။ ဖြစ်တာ ငါးလလောက်တော့ရှိပြီဆရာ။ ခြေဖနောင့်တွင်လည်း အက်ကွဲကြောင်းတွေနဲ့ဆရာ ကျေးဇူးပြု၍ လမ်းညွှန်ပေးပါဆရာ။
ဖြေ။ ။ ခြေဖနောင့်နှစ်ဖက်ကို တမာရွက်ပြုတ်ရည်စိမ်ပါ။ ထောပတ်နဲ့ပျားရည်ရောစပ်လိမ်းပါ။(တစ်နည်း) သင်္ဘောရိုးအညှာမှထွက်သောအစေးကိုယူ၍ အုန်းဆီနဲ့ ရောစပ်လိမ်းပါ။ (တစ်နည်း) ထင်းရှူးဆီနှင့် ပျားဖယောင်းကို ရောကျို၍ ဖနောင့်မှာလိမ်းပါ။ မုန်ညင်းဆီ၊ နှမ်းဆီကို မီးဖြင့်နွှေးပြီး ခြေသလုံးနှင့်ဖနောင့်မှာ ညအိပ်ရာဝင် လိမ်းအိပ်ပါ။ ငှက်ပျောခွံအတွင်းမှ အမြှေးဖြင့် ဖနောင့်ကိုပွတ်ပါ။
မေး။ ။ ဆရာ ကျွန်တော် ပန်းကန်ဆေးဖို့ ကုန်းလိုက်တာ ခါးက ရုတ်တရက်နာပြီး မထနိုင်ဘဲ အိပ်ရာထဲမှာ လှဲနေရတယ်ဆရာ။ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတော့ အလေးအပင်မရင်း ခါးနာဖူးတယ်ဆရာ။ အခုရုတ်တရက် အလေးအပင်မမဘဲ နာနေတာ ထူးဆန်းနေသလိုပဲ။ ရောဂါသက်သာအောင် ဆေးကုထုံးလေး ကျေးဇူးပြု၍ ပေးပါဆရာ။
ဖြေ။ ။ ခါးကြောညပ်တာ ဖြစ်နိုင်ပါတယ်။ ခါးကြောညပ်ရင်၊ တင်ပါးခွက်လျှောရင် ဖြစ်တတ်ပါတယ်။ အကြောပြင်ဆရာ ကောင်းကောင်းရှိရင် ပြသပါ။ မုန်ညင်းဆီ မီးနဲ့ချက် နွေးနွေးလိမ်း မိဿလင်အမှုန့် ပရဆေးဆိုင်ဝယ်၊ အဝတ်နဲ့ ကြပ်ထုပ်ပြုလုပ်ပြီး ရေနွေးငွေ့ခံ ကြပ်ထုပ်ထိုးပါ။ သက်ရင်းကြီးရွက်ကို အိပ်ရာအောက်မှာ ခင်းအိပ်ရင်လည်း ခါးနာသက်သာတယ်လို့ ဆိုပါတယ်။
မေး။ ။ မင်္ဂလာပါဆရာ။ ကျွန်မကလေး ပျက်ကျသွားလို့ ဆေးရုံတက်ပြီး သားအိမ်ခြစ်ထားပါတယ် ဆရာ။ ဆေးရုံတက်ပြီး သုံးရက်ကြာတော့ သွေးမဆင်းတော့လို့ ဆေးရုံက ဆင်းခွင့်ရပါတယ်ဆရာ။ အခုသွေးပြန်ဆင်းလာလို့ပါ ဆရာ။ စိုးရိမ်ရလားဆရာ။
ဖြေ။ ။ နည်းနည်းပါးပါး ဆင်းတတ်ပါတယ်။များများဆင်းရင်တော့ ဆေးရုံပြန်ပြပါ။ သွေးထိန်းဖို့ စံပယ်ရွက်ခူးလက်တစ်ဆုပ်ကို သကြားဟင်းစားဇွန်း သုံးဇွန်းနဲ့ ပြုတ်သောက်ပါ။ မတ်ခွက်တစ်လုံးသောက်ပါ။
မေး။ ။ မင်္ဂလာပါဆရာ။ အိမ်ကတူမလေးက ဝမ်းသွားရာကစပြီး ဆေးခန်းပြတာ ဝမ်းရပ်သွားပါပြီ။ ဆီးသွားတာအားမရ ဖြစ်နေလို့ လက်ဖက်ခြောက်နဲ့ သကြားစိမ်တိုက်လိုက်တာ ဆီးကပုံမှန်ထက်မက အရမ်းသွားနေလို့ပါ ဆရာ။ ကလေးက မထိန်းနိုင်ဘူး ဖြစ်နေတယ်ဆရာ။ ဘာလုပ်ပေးရမလဲမေးကြည့်တာပါဆရာ။ ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ ကြက်သွန်နီဥထောင်း အရည်ညှစ် သံပရာသီးတစ်လုံးအရည်နဲ့ ရောစပ်တိုက်ပါ။ ဆီးခုံမှာ ကြက် သွန်နီဥပါးပါးလှီးကပ်ထားပေးပါ။ ကြက်ဥအစိမ်းကိုဖောက် အနှစ်ကိုဖယ်၊ အကာကိုပျားရည်တစ်ဇွန်းနဲ့ ခေါက်တိုက်ရင်လည်း ဆီးလွန်တာကောင်းပါတယ်။
မေး။ ။ ဆရာမင်္ဂလာပါ။ ကျွန်တော်က မလေးရှားကပါ။ လေရောဂါရှိတာ ဗမာလေဆေးဝယ်မရလို့ပါ။ ဖြစ်တာက ကျွန်တော့်ပါးစပ်က လေတက်ပြီး အသက်ရှူမဝတာပါဆရာ။ ကြက်သွန်ဖြူစားတာတော့ လေသက်တယ်။ အခုမှစစားတာပါ။ ကြက်သွန်ဖြူကို ဘာနဲ့ရောပြီးစားရမလဲ ဆရာ။အခြားစားသင့်တာလေးတွေ ပြောပြပေးပါ။ ကိုယ့်တိုင်းပြည်မဟုတ်တော့ ဆရာဝန်ပြရင်လည်း စကားကမပေါက်လို့ပါဆရာ။
ဖြေ။ ။ကြက်သွန်ဖြူကို လေသက်အောင် မီးဖုတ်စားပါ။ သံပရိုသီးရနိုင်လျှင် သံပရိုသီးအရည်ညှစ် မီးဖြင့် အပူပေးပါ။ ပူလာမှ ပျားရည်တစ်ဇွန်းထည့်ဖျော်ပါ။ ရေနွေးအနည်းငယ်ရောသောက်ပါ။ ဆားခါးကို လှော်ပြီး ရေကျက်အေးနဲ့ သောက်ရင်လည်း လေပူတက်တာ သက်သာပါတယ်။
မေး။ ။ ဆရာနားထဲရေဝင်ရင် ဘယ်လိုပြန်ထုတ်လို့ရမလဲ ဆရာ။
ဖြေ။ ။ ရေနွေးကြမ်းအဖန်ရည်ခပ်နွေးနွေး (အဖတ်မပါစေနဲ့) ဘေးစောင်းအိပ်ပြီး နားထဲလောင်းထည့်ပါ။ ဘေးစောင်းပြန်သွန်ထုတ် သုံး၊ လေးကြိမ်ပြုလုပ်ပါ။ အထဲကရေပြန်ထွက်လာပါလိမ့်မယ်။ မုန်ညင်းဆီကို
မီးဖြင့်နွှေးပြီး နားကျပ်ပေးရင်လည်း ပြန်ထွက်ပါတယ်။
မေး။ ။ ဆရာ ကျွန်တော် ညတိုင်းဆီးခဏခဏ ထသွားရလို့ပါ။ ရေသောက်လည်းမများပါ။ အိပ်ရေးပျက်တာလည်း များလှပါပြီ။ သက်သာစေမယ့် ဆေးနည်းလေးလမ်းညွှန်ပြောပြပေးပါ ဆရာခင်ဗျာ။
ဖြေ။ ။ဆီးချိုရောဂါရှိ၊ မရှိ အရင်ဆုံး စစ်ဆေးကြည့်ပါ။ ဒန့်သလွန်ရွက်နဲ့ ရဲယိုရွက်ကိုရော၍ ဟင်းချိုချက်သောက်ပါ။ မြန်မာကုက္ကိုအခေါက်ကို သွေးပြီး တစ်ဇွန်းကိုပျားရည်တစ်ဇွန်းစပ်ကာ နံနက်၊ ညသောက်ပါ။ (တစ်နည်း) ဒန့်သလွန်စေ့အခြောက်ကို သုံးစေ့ နံနက်၊ ညစားပါ။ (တစ်နည်း) ပျဉ်းတော်သိမ်ရွက်၊ ပူဒီနာရွက် နှစ်မျိုးကို ရေစိမ်ပြီးသောက်ပါ။ ဆေးကျမ်းများပါ ဆီးလွန်ရောဂါကုနည်းကတော့ ခရုဇီးဇင်း (ခေါ်) ခရုဖင်ချွန်းကို မြေအိုးမှာထည့် အလုံပိတ်ပြီး မီးဖုတ်ပြာချပါ။ ထိုပြာကိုဆီးကင်းခန့် ပျားရည်နဲ့တေစားရင် ဆီးလွန်ရောဂါ သက်သာတယ်လို့ မှတ်သားရဖူးပါတယ်။
မေး။ ။ မင်္ဂလာပါဆရာ။ သားသားလေးက သုံးလသားပါ။ ခေါင်းချွေးတွေ အရမ်းထွက်လို့ပါဆရာ။ ဘယ်လိုလုပ်ပေးရမလဲ မသိလို့ပါရှင့်။
ဖြေ။ ။ကလေးက ငယ်သေးတော့ မိခင်နို့ကလွဲပြီး ဆေးတိုက်လို့မရသေးပါ။ ခေါင်းချွေးထွက်ရင် ခြေဖဝါး ဆားပွတ်ပေးရင် သက်သာပါတယ်။ ကလေးကငယ်သေးတော့ ခြေဖဝါးကို ဆားရည်လေးနဲ့ ရေဖတ်တိုက်ပေးပါ။ ကွမ်းရွက်အရည်ညှစ် အုန်းဆီနဲ့ရော ခေါင်းမှာလိမ်းပေးပါ။ ။