SJ WorldNews - шаблон joomla Авто

ဆေးလိပ်နှင့် လေဖြတ်ခြင်း

Thursday, 07 November 2019 10:41 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့အချိန်အခါတွင် အမျိုးသားများသာမက အမျိုးသမီးများပါ ဆေးလိပ်သောက်ခြင်းနှင့် ယဉ်ပါးလျက်ရှိသည်။ ဆေးလိပ်သောက်ခြင်းသည် လေဖြတ်ခြင်းကိုဖြစ်စေသော အားကောင်းသည့် အကြောင်းအရာ တစ်ခုအဖြစ် သုတေသနပညာရှင်များက သက်သေပြထားကြသည်။ ဆေးလိပ်သောက်ခြင်းဖြင့် ဦးနှောက်သွေးကြော ပိတ်ခြင်းနှင့် ဦးနှောက်သွေးကြော ပေါက်ခြင်းကိုပါဖြစ်စေသည်။
ဆေးလိပ်သောက်သူများသည်   ဆေးလိပ်မသောက်သူများထက် ဦးနှောက် သွေးကြောပိတ်ခြင်းကို နှစ်ဆဖြစ်စေသည်။ ထို့အတူ ဦးနှောက်သွေးကြော ပေါက်ခြင်းကိုမူ နှစ်ဆမှလေးဆအထိ ပိုစေသည်။ ကိုယ်တိုင်ဆေးလိပ် မသောက်သော်လည်း မိမိအိမ်သား၊ ပတ်ဝန်းကျင်၊ မိတ်ဆွေတို့မှ ဆေးလိပ်သောက်သဖြင့်  ဆေးလိပ်ငွေ့ ရှူမိရာမှလည်း  လေဖြတ်နိုင်သည်ကို သတိချပ်စေလိုသည်။
ဆေးလိပ်တစ်လိပ်သောက်ခြင်းဖြင့်ပင် နှလုံးခုန်မြန်စေသည်။ သွေးပေါင်ချိန်ကိုလည်း မြင့်တက်စေသည်။ သွေးကြောတို့၏ ကျယ်နိုင်စွမ်းကိုလျော့ နည်းစေသည်။ ရေရှည်ဆေးလိပ်သောက်သူများ အနေဖြင့် သွေးကြောနံရံကို ထူစေ၊ မာစေပြီး သွေးကြောကို ကျဉ်းစေသည်။ သို့ဖြစ်ပါသောကြောင့် ဆေးလိပ်သည် နှလုံးသွေးကြော ပိတ်စေကာ လေဖြတ်စေနိုင်သည်။
ဆေးလိပ်သည် အခြားသော လေဖြတ်စေသော ရောဂါများ၊ အခြေအနေများနှင့်လည်း ပေါင်းစပ်ကာ လေဖြတ်ခြင်း အန္တရာယ်ကို ဆတိုးများစေသည်။ ဆေးလိပ်သောက်တတ်သူ အမျိုးသမီးများသည် ဆေးလိပ် မသောက် သူများထက် လေဖြတ်ရန် ရာခိုင်နှုန်း ပိုမိုများသည်။ ဆေးလိပ်လည်းသောက်၊ သန္ဓေတားဆေးလည်း သုံးစွဲသူ အမျိုးသမီးသည်  လေဖြတ်ခြင်း အန္တရာယ် ခုနစ်ဆ မြင့်တက်သွားနိုင်သည်။ သို့ပါသောကြောင့် ဆေးလိပ်သောက်ခြင်း၏ နောက်ဆက်တွဲဝေဒနာဖြစ်သည့် လေဖြတ်ခြင်း အကြောင်းကို တင်ပြပေးလိုသည်။
လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်သို့ သွေးသွားလာမှု ရပ်ဆိုင်းသွားခြင်းပင်ဖြစ်သည်။ လေဖြတ်ခြင်းကိုဖြစ်စေနိုင်သော အချက်များမှာ သွေးတိုးခြင်း၊ ဆီးချိုရှိခြင်း၊ သွေးတွင်းအဆီများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ မျိုးရိုးထဲတွင် လေဖြတ်ဖူးခြင်း၊ ကိုယ်လက် လှုပ်ရှားမှုမရှိခြင်း၊ သန္ဓေတားဆေးများ အသုံးများခြင်းတို့ဖြစ်သည်။
လေဖြတ်ရောဂါ အမျိုးအစား နှစ်မျိုးရှိသည်။ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်းတို့ဖြစ်သည်။
လေဖြတ်ခြင်း၏ ရောဂါလက္ခဏာများမှာ မျက်နှာ၊ လက်၊ ခြေများထုံခြင်း၊ လေးလံခြင်း၊ လုံးဝ မလှုပ်ရှားနိုင်ခြင်း၊ အစာမျိုရာတွင် ခက်ခဲခြင်း၊ ဆီး၊ ဝမ်းမထိန်းနိုင်ခြင်း၊  ထိတွေ့မှု၊  လှုပ်ရှားမှုများ အားနည်းခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ သတိလစ်မေ့မြောခြင်းတို့ ဖြစ်သည်။ လေဖြတ်ခြင်း၏ ရှေ့ပြေးလက္ခဏာများမှာ ကိုယ်လက်ညောင်းညာခြင်း၊ စကားပြောလေးလာခြင်း၊ အသားကွက်၍ကွက်၍ လှုပ်ခြင်း၊ မူးဝေနေတတ်ခြင်း၊ ရင်ကျပ်လေးခြင်း၊ စိတ်အာရုံများ အထိခိုက် များခြင်းတို့ ဖြစ်သည်။ လေဖြတ်ခြင်း၏ ဖြစ်ဆဲလက္ခဏာများမှာ ရုတ်တရက် ခေါင်းပြင်းပြင်းထန်ထန် ကိုက်ကာ အန်ခြင်း၊ ဇက်ခိုင်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ အသိဉာဏ် ပျက်ယွင်းခြင်းတို့ဖြစ်သည်။
လေဖြတ်ခြင်းသည် အသက် ၇၅ နှစ်နှင့်အထက် လူကြီးများတွင် အဖြစ်များလေ့ရှိသည်။ လေဖြတ်ခြင်းကို အများစုက ကြောက်ရွံ့နေကြသော်လည်း ကာကွယ်၍ရပါသည်။ ဆီးချိုရောဂါရှင်များ သေဆုံးမှုကို သုတေသန ပြုကြည့်ရာဝယ် ပင်မဆီးချိုရောဂါကြောင့် သေဆုံးနှုန်းမှာ ၅ဝ ရာခိုင်နှုန်းဖြစ်ပြီး ဥပဒ္ဒဝေါအနာကြောင့် သေဆုံးမှုမှာ ၅ဝ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရသည်။ဆီးချိုကြောင့်ဖြစ်သော လေဖြတ်ခြင်းတွင် မူရင်းဆီးချိုကို သက်သာအောင် ဦးစွာကုရမည်ဖြစ်သည်ကို သတိချပ်စေလိုသည်။
ထို့အတူ သွေးတိုးသမားများ အနေဖြင့်လည်း မူရင်းသွေးတိုးကို ချပေးရမည်။
လေဖြတ်ခြင်းကို ပဉ္စကမ္မကုထုံးဖြင့် ကုသမည်ဆိုလျှင် Abhyanga ဆီလိမ်းကုသပေးခြင်း၊ Nadi Sweda ဆေးငွေ့ပေး၍ချွေးထုတ်ပေးခြင်း၊ ကြပ်ထုပ်ထိုးပေးခြင်းတို့ဖြင့် ကုသပေးနိုင်သည်။ Abhyanga ဆီလိမ်းကုသခြင်းဆိုသည်မှာ အသုံးပြုမည့် ဆေးအဆီကို ၉၇ ဒီဂရီဖာရင်ဟိုက်အထိ အပူပေးပြီး ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိစေရန် လိမ်းခြင်းဖြစ်သည်။
သင့်လျော်သော အဆီများမှာ  ရွှေတံတိုင်းဆီ၊ လင်းလေ၊ ကြောင်ပန်းတို့ ဖြစ်သည်။
Nadi Sweda ဆေးငွေ့ပေး၍ ချွေးထုတ်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်ကို ဆေးအဆီများ လိမ်းကျံပြီး ကိရိယာ အကူအညီဖြင့် ဆေးငွေ့ပေးကုသခြင်း ဖြစ်သည်။ ထိုသို့ဆေးငွေ့ပေးကုသရာတွင် အသုံးပြုသော အခန်းမှာ လေလုံသော အခန်းဖြစ်ရမည်။ ဆေးငွေ့များပေးပြီးသည့်အခါ ထွက်ရှိလာသော ချွေးများကို သန့်စင်သော အဝတ်ဖြင့် ပြောင်အောင်သုတ်ပေးရမည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းအပြင်ရှိ အညစ်အကြေးများသည် ချွေးအဖြစ် ထွက်ကာ အာကာသရသွားပြီး အခိုးများ ပွင့်သွားမည်ဖြစ်သည်။ လေဖြတ်ခြင်းကို ဆီလိမ်းခြင်း၊ ချွေးထုတ်ခြင်းပြုလုပ်ရာတွင် ဆီအပူချိန်ကို အထူးသတိပြုရမည်။
ကြပ်ထုပ်ထိုးရာတွင် ကြောင်ပန်းရွက်၊ သက်ရင်းကြီးရွက်၊ ကြက်ဆူရိုးနီရွက်၊လင်းလေတို့ကို ကြပ်ထုပ်အတွင်းတွင် ထည့်ကာ နှမ်းဆီ သို့မဟုတ် မုန်ညင်းဆီဖြင့် ချက်ထားသော ဆေးအဆီနှင့် ကြပ်ထုပ် ထိုးပေးနိုင်သည်။လေဖြတ်ခြင်းကို အကြောပြင်၍လည်း ကုသပေးနိုင်သည်။ အကြောပြင်ကုသခြင်းမှာ သွေးလည်ပတ်မှု ကောင်းစေရန်နှင့်  အာရုံခံအကြောများ လှုံ့ဆော်ပေးရန်အတွက်ဖြစ်သည်။ အဓိကအားဖြင့် အလယ်ညှပ်ရင်းခွက်၊ မဏိဥက္ကပ်ကြော၊ ပေါင်အတွင်းဆိုင်းကြော၊ ဒူးပတ်ကြော၊ ခြေဖမိုးကြော၊ အတွင်းခြေမျက်စိကျဉ်ကြော၊ အပြင်ခြေမျက်စိကြော၊ ချိုင်းတွင်း လက်ခါကြောတို့ကို ပြင်ပေးရမည်။
 လေဖြတ်ခြင်းအတွက် ဆေးကျွေးမည်ဆိုလျှင် နံနက်တွင် ဆေးအမှတ်(၁၇) သွေးဆေးနီနှစ်ပဲသားနှင့် ဆေးအမှတ်(၂၃)ဆေးပုလဲကလပ် နှစ်ပဲသားတို့ကို ရှောက်ရည်နှင့် တိုက်ကျွေးနိုင်သည်။ နေ့လယ်တွင် ဆေးအမှတ် (၂၃)ဆေး ပုလဲကလပ်နှစ်ပဲသားနှင့် ဆေးအမှတ်(၂၇)ပြည်လုံးချမ်းသာ နှစ်ပဲသားတို့ကို ရေနွေးဖြင့်တိုက်ကျွေးနိုင်သည်။ ညနေတွင် အစာကြေစေရန် ဆေးအမှတ် (၃၃)ကြက်သွန်ဖြူလေပုပ်ထုတ် ဆေးလေးပဲသားကို ရေနွေးဖြင့် တိုက်ကျွေးနိုင်သည်။  ညအချိန်တွင် ဆေးအမှတ် (၁၁)မုတ်ကဲဆေး နှစ်ပဲသားကို ရေအေးဖြင့် တိုက်ကျွေးနိုင်သည်။ လိမ်းဆေးအနေဖြင့် ဆေးအမှတ် (၄၃)အကင်းဆယ်ပါးနှင့် ဆေးအမှတ်(၂၉)သဗ္ဗဇေယျ ဆေးစပ်ကြီးတို့ကို ရေနွေးဖြင့်ဖျော်ပြီး လိမ်းပေးနိုင်သည်။ လေဖြတ်ရောဂါသည်များ  ပါးရွဲ့ခြင်း၊ လျှာလိပ်ခြင်းများအတွက် ဆေးအမှတ် (၃၂)ကို ရှောက်ရည်၊ သံပရာရည်များနှင့် လျှာပွတ်ပေးနိုင်သည်။ အထက်ဖော်ပြပါ ဆေးများတိုက်ကျွေးရာတွင် နီးစပ်ရာ တိုင်းရင်းဆေးခန်း၊  ဆေးရုံများမှ တတ်ကျွမ်းသော ပညာရှင်များ၏ လမ်းညွှန်မှုကိုခံယူပြီးမှသာ သုံးစွဲစေလိုသည်။
 လေဖြတ်ခြင်းတွင် စားသုံးသင့်သော အစားအစာများမှာ ဆိတ်သား၊ ကြက်သား၊ ရေချိုငါး၊ ဒန့်သလွန်၊ မြင်းခွာ၊ ဟင်းနုနယ်၊ ရှောက်သီး၊ ရှောက်ရွက်၊ ဥသျှစ်ရွက်၊ ခွေးတောက်၊ ပဲစင်းငုံ၊ ပဲကြီး၊ ပဲကျားစသည်တို့ဖြစ်သည်။
ရှောင်သင့်သောအစားအစာများမှာ သကြားဓာတ်မြင့်မားစေသော အချိုရည်များ၊ ချိုသောအသီးများ၊ ထန်းလျက်၊ သကြားနှင့်ပြုလုပ်ထားသော မုန့်များကိုရှောင်ရမည်။ ကစီဓာတ်များသော ထမင်း၊ ဂျုံတို့ကိုလည်း ရှောင်ရမည်။ ကြာရှည်ခံအောင် စီမံထားသော အစားအစာများနှင့်  ဟင်းချိုမှုန့်တို့ကို ရှောင်ရမည်။ ဆေးလိပ်၊ အရက်၊ ဘီယာတို့ကိုရှောင်ရမည်။ အေးချိုဆိမ့်ဖန် အရသာရှိသော ဘဲသား၊ ဝက်သား၊ ငါးသလောက်တို့ကို စားခြင်းမှလည်း ရှောင်ကြဉ်ရမည်။ ရေအေးချိုးခြင်း၊ လေတိုက်ခံခြင်း၊ ပန်ကာလေခံခြင်းတို့ကိုလည်း ရှောင်ကြဉ်ရမည်။
လေဖြတ်ခြင်းမှ ကာကွယ်ရန်အတွက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးသင့်သည်။ မျှတသော၊ ကြေကျက်လွယ်သောအာဟာရတို့ကို စားပေးရမည်။ ဆေးလိပ်ဖြတ်၍ တစ်ဆင့်ခံ ဆေးလိပ်ငွေ့များ ရှူရှိုက်မိခြင်းမှ ရှောင်ကြဉ်ပေးရမည်။ ကိုယ်အလေးချိန်ကို ကျန်းမာရေးနှင့် ညီညွတ်အောင် ထိန်းပေးထားရမည်။ ဆားကိုလည်း လျှော့စားပေးရမည်။
စိုးရိမ်ပူပန်မှုများကိုလည်း လျှော့ချထားရမည်။ သွေးတွင်း သကြားဓာတ် ပမာဏကိုလည်း မကြာခဏ စစ်ဆေးပေးရမည်။ ထို့အတူ  လေဖြတ်ခြင်း ဖြစ်ပေါ်ခံစားနေရသူများ အနေဖြင့်လည်း စားသောက်ချိန်ကို အချိန်မှန်စေခြင်း၊စိတ်ဖိစီးမှု လျော့နည်းစေရန်အတွက် တရားထိုင်ခြင်း၊ သန့်ရှင်းလတ်ဆတ်သော နေရာတွင်နေခြင်း၊ နံနက်စောစောတွင် နေဆာလှုံခြင်း တို့ကို ဆောင်ရွက်ပေးသင့်သည်။ဤသို့ဖြင့် ဆေးလိပ်သောက်ခြင်းနှင့် နောက်ဆက်တွဲ နာတာရှည်ဝေဒနာဖြစ်သည့်  လေဖြတ်ခြင်း အကြောင်း တင်ပြပေးလိုက်ရပါသည်။ 
မုဒိတာ(တောင်သာ)
Read 64 times
Rate this item
(0 votes)
Last modified on Thursday, 07 November 2019 10:42