SJ WorldNews - шаблон joomla Авто

မျက်လုံးများကို ကြင်နာပါ

Friday, 08 November 2019 10:33 Written by  font size decrease font size decrease font size increase font size increase font size

ကိုယ်ခန္ဓာတစ်ခုလုံးတွင်  အနူးညံ့ဆုံး တစ်သျှူးများဖြင့် တည်ဆောက်ထားတဲ့ မျက်လုံးကို   နှလုံးသားရဲ့ တံခါးပေါက်လို့   တင်စားခေါ်ဝေါ်ကြတယ်။ မွေးဖွားကတည်းက အမြင်အာရုံ အကောင်းအတိုင်း ပါလာသူများအဖို့ ကံကောင်းကြတယ်ဆိုတာကို    အသိအမှတ်ပြုကြမှာပါ။

အဲဒီအမြင်အာရုံ တစ်သက်လုံး ကောင်းမွန်စေဖို့ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ကိုလည်း မမေ့သင့်ပါဘူး။ မျက်လုံးကို နိုးထသည်မှ အိပ်ရာဝင်ချိန်အထိ၊ မွေးဖွားသည်မှ သေဆုံးချိန်အထိ အသုံးပြုကြသော်လည်း  မျက်လုံး ကျန်းမာရေးကို ဂရုပြုဖို့တော့    တစ်ခါတစ်ရံ မေ့လျော့နေတတ်ကြပါတယ်။

နည်းပညာမြင့်မား တိုးတက်လာတာနဲ့အမျှ နည်းပညာအရ ဖန်တီးထားတဲ့ အရာများကို ကြည့်ရှုရမှု ပိုမိုများပြားလာပါတယ်။  ယခင်တုန်းက ရုပ်ရှင်တစ်မျိုးတည်းသာ ရှိခဲ့ရာမှ တီဗွီ၊ ဗီဒီယိုမှသည် ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ ဗီဒီယိုဂိမ်း ကစားမှုများအထိပါ တိုးတက်ထွန်းကားလာရာ မျက်လုံး အသုံးပြုမှုမှာ ပိုမိုများပြား လာပါတော့တယ်။ လူငယ်အချို့ဟာ ဖုန်းနဲ့မျက်နှာ မခွာနိုင်လောက်တဲ့အထိ အင်တာနက်၊ လူမှုရေးကွန်ရက်နဲ့ အင်တာနက်ဂိမ်းတွေကို စွဲလမ်းလာနေကြပါတယ်။ ဒါကြောင့် မျက်လုံးနဲ့ ပတ်သက်လို့ ကျန်းမာရေး ဗဟုသုတကို ဖြန့်ဝေလိုပါတယ်။

ကွန်ပျူတာ၊ စမတ်ဖုံးအသုံးပြုသူများ

မျက်လုံးနဲ့ပတ်သက်လျှင် ဂရုပြုစရာတွေရှိပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့   တီဗွီ၊ ဗီဒီယိုမှသည်   ကွန်ပျူတာအင်တာနက် အသုံးပြုသူများ သတိမူဖို့ကတော့ အဆိုပါဒစ်ဂျစ်တယ် မျက်နှာပြင်တွေကို  ဆက်တိုက် မနားမနေကြည့်ပါက မျက်လုံးအတွင်းမှာရှိတဲ့ ကြွက်သားတွေ ညောင်းလာတတ်ပါတယ်။ အဲဒီအခါမှာ မျက်မှန်တပ်ဖို့ လိုအပ်လာတာ၊ မျက်မှန်ပါဝါ တိုးတာတွေဖြစ်တတ်ပါတယ်။ ကွန်ပျူတာ၊ စမတ်ဖုန်း အသုံးပြုသူတွေ အနေနဲ့ မိနစ် ၂ဝ ကြာလျှင်တစ်ကြိမ် ဒစ်ဂျစ်တယ်မျက်နှာပြင်မှ ခွာကာ အဝေးကိုကြည့်ပေးသင့်ပါတယ်။မျက်မှန်တပ်ဆင်သူများ အနေဖြင့် အနီး၊ အဝေးမျက်မှန်နဲ့ စာကြည့်မျက်မှန်တို့ကို အသုံးပြုကာ ဒစ်ဂျစ်တယ် မျက်နှာပြင်ကိုကြည့်ပါက  မျက်လုံးညောင်းတတ်တဲ့အတွက်   မျက်စိအထူးကု ဆရာဝန်များနှင့်ပြသကာ အဆင်ပြေမယ့် Multifocal မျက်မှန်မျိုးကို ရွေးချယ်တပ်ဆင်ခြင်းဖြင့် မျက်စိကြွက်သား ညောင်းမှုကို သက်သာစေမှာဖြစ်ပါတယ်။

နေပူကျဲကျဲအောက်မှာ လှုပ်ရှားသွားလာရသူများ

နေပူထဲမှာ အလုပ်လုပ်ရသူတွေ၊ ခရီးသွားသူတွေ အနေနဲ့ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်လုံးအမြင်အာရုံကို ထိခိုက်စေတတ်ပါတယ်။ ရေတိုမှာမသိသာပေမယ့်  ရေရှည်မှာ  အတွင်းတိမ်ဖြစ်ခြင်းအပါအဝင် မျက်လုံးအမြင် ချို့ယွင်းမှုများကိုဖြစ်စေတတ်ပါတယ်။ ဒါကြောင့် လည်း နေပူထဲသွားမယ်ဆိုရင် ခရမ်းလွန်ရောင်ခြည် အမျိုးအစား အေနဲ့ဘီကို ရာနှုန်းပြည့် အကာအကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်များကို တပ်ဆင် သွားသင့်ပါတယ်။

မျက်ကပ်မှန်တပ်ဆင်သူများ

အချို့က မျက်ကပ်မှန်ကို တပ်ဆင်လေ့ရှိကြတယ်။ မျက်မှန်ပါဝါကြောင့် ဝတ်ဆင်သူတွေရှိသလို ဖက်ရှင်သဘောမျိုး အလှဝတ်ဆင်သူများလည်း ရှိကြပါတယ်။ မျက်ကပ်မှန် တပ်ဆင်မှုဓလေ့ဟာလည်း ခေတ်စားလာနေပြီလည်း ဖြစ်ပါတယ်။  မျက်ကပ်မှန် တပ်ဆင်သူများအနေဖြင့် ညဘက် အိပ်စက်ရာတွင် လည်းကောင်း၊ နေ့ခင်းဘက် ခဏတစ်ဖြုတ် အိပ်စက်ရာတွင် လည်းကောင်း မျက်ကပ်မှန်ကို ချွတ်ထားရပါမယ်။ မျက်ကပ်မှန်တပ်ဆင်ပြီး အိပ်စက်ပါက မျက်ကြည်လွှာအောက်ဆီဂျင် မရရှိဘဲဖြစ်ကာ မျက်ကြည်လွှာ ပျက်စီးခြင်း၊ ရောဂါပိုးမွှားများ ပေါက်ပွားကာ မျက်လုံးနာခြင်းတို့ဖြစ်တတ်ပါတယ်။ ရေရှည်မှာ အမြင်အာရုံကို ထိခိုက်နိုင်ပါတယ်။   မျက်ကပ်မှန် တပ်ဆင်ပြီး အိပ်စက်သူတွေဟာ မျက်ကပ်မှန်ချွတ်ပြီး အိပ်စက်သူတွေထက် စာလျှင် မျက်ကြည်လွှာ အနာဖြစ်နှုန်း ၁၅ ဆပိုမိုများပြားကြောင်း တွေ့ရှိရပါတယ်။ မျက်ကပ်မှန်ကို ဆေးကြောရာမှာလည်း မသန့်ရှင်းသော ရေနဲ့ဆေးကြောမိပါက Acanthamoeba ရောဂါပိုးဝင်နိုင်တဲ့ အတွက် သတ်မှတ်ပေးထားတဲ့ ဆေးရည်များနဲ့သာ ဆေးကြောသင့်ပါတယ်။ မျက်ကပ်မှန်ကို တပ်ဆင်ရာမှာလည်း လက်နဲ့ကိုင်ပြီး တပ်ဆင်ရတဲ့အတွက် မျက်ကပ်မှန်ကို မကိုင်တွယ်မီ လက်ကိုစင်ကြယ်အောင် သေချာစွာ ဆေးကြောရပါမယ်။ သို့မဟုတ်ပါက မျက်လုံးအတွင်းသို့ ရောဂါပိုးဝင်ရောက်ကာ မျက်လုံးနာတတ်ပါတယ်။

မျက်တောင်အတု တပ်ဆင်တတ်သူများ

အချို့မျက်တောင်အတုတွေ တပ်ဆင်တတ်ကြပါတယ်။ မျက်တောင်တု တပ်ဆင်တဲ့ကော်နဲ့   မတည့်တဲ့သူများ အနေနဲ့  ဓာတ်မတည့်ဖြစ်ကာ ဆိုးရွားစွာ ယားယံတာတွေ၊ မျက်ခွံရောင်ရမ်းလာတာတွေ   ဖြစ်တတ်ပါတယ်။   အလွန်ကပ်သော ကော်ကိုအသုံးပြုမိပါက   မျက်ခွံက အရေပြားကို ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့်လည်း မျက်တောင်တု တပ်ဆင်မယ်ဆိုရင်     သန့်စင်သော ပစ္စည်းကိရိယာများကို  အသုံးပြုတဲ့  အသိအမှတ်ပြု လက်မှတ်ရ အလှပြင်သူများနဲ့သာ တပ်ဆင်သင့်ပါတယ်။

မျက်မှန်တပ်ဆင်သူများ

မျက်မှန်တပ်ဆင်သူများ အနေဖြင့် မျက်စိအထူးကု ဆရာဝန်များနှင့် ပြသကာ မျက်မှန်ပါဝါ စစ်ဆေးစမ်းသပ်ပြီးမှသာ မျက်မှန်ပြုလုပ်တပ်ဆင်ရပါမယ်။အလွယ်တကူ ဝယ်ယူရရှိတဲ့ မျက်မှန်များကိုရယူကာ   မိမိနဲ့သင့်လျော်မည်ထင်တဲ့ မျက်မှန်မျိုးကို ဝယ်ယူတပ်ဆင်ခြင်း မပြုလုပ်သင့်ပါဘူး။ အဲဒီလိုတပ်ဆင်မယ်ဆိုပါက ရေရှည်မှာ မျက်လုံး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

မျက်လုံး ယားယံခြင်းနဲ့ မျက်လုံးနာခြင်း

မျက်လုံးယားယံမှု တစ်ခါတစ်ရံဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ မသန့်ရှင်းသော လက်နဲ့ မျက်လုံးကို ဖိပြီးပွတ်ပါက အခန့်မသင့်လျှင် မျက်ကြည်လွှာ ပျက်စီးကာ ပိုးဝင်တတ်ပါတယ်။ ထိုအခါ သန့်ရှင်းသော လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှူးစဖြင့် အသာအယာ ပွတ်သင့်ပါတယ်။ မျက်လုံးနာလာပါကလည်း ပေါ့ပေါ့ဆဆဖြင့်  ကြုံရာမျက်စဉ်းဆေး၊  ဆေးမြီးတိုများနဲ့ ကုသမှုမပြုလုပ်ဘဲ ဆရာဝန်၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ပြသကာ ကုသမှုခံယူ သင့်ပါတယ်။ သို့မဟုတ်ပါက မျက်စိနာရောဂါ ပိုမိုဆိုးရွားလာကာ အမြင်အာရုံ ချို့ယွင်းသွားသည်အထိဖြစ်တတ်ပါတယ်။

မျက်လုံးစမ်းသပ် စစ်ဆေးကုသမှု ခံယူခြင်း

ယခုအခါမှာ မျက်လုံးစမ်းသပ်မှုများနဲ့ ပတ်သက်လို့ ခေတ်မီစက်ကိရိယာ အမြောက်အမြား ပေါ်ထွန်းနေပြီဖြစ်ပါတယ်။  မျက်စိအထူးကုပါရဂူဆီ သွားရောက်ပြသတာဟာ မျက်လုံးပါဝါ စမ်းတာထက်ပိုမိုတဲ့ စမ်းသပ်မှုများကို ခံယူရတာဖြစ်တယ်ဆိုတာ သဘောပေါက်ကြဖို့ လွန်စွာအရေးကြီးလှပါတယ်။ မျက်လုံးအမြင်အာရုံကို စမ်းသပ်တာအပြင် မျက်လုံးရဲ့ယေဘုယျကျန်းမာရေး အခြေအနေ၊ မျက်လုံးအတွင်းမှာရှိတဲ့ ဖိအား (ဖိအားများပါက ရေတိမ်ရောဂါဖြစ်နေနိုင်ပါသည်)၊ သားငယ်အိမ် အခြေအနေ၊ အမြင်လွှာ အတွင်း သွေးကြောများအပါအဝင်    ရောဂါရှိ၊   မရှိကိုပါ    ခေတ်မီ စက်ကိရိယာများ အသုံးပြုကာ စမ်းသပ်ရောဂါ ရှာဖွေပေးနိုင်နေပြီဖြစ်ပါတယ်။

မျက်လုံးဟာ နှလုံးသားရဲ့ပြတင်းတံခါးပေါက်ဖြစ်တဲ့အပြင်  အချို့ရောဂါများကိုလည်း ရှာဖွေတွေ့ရှိနိုင်တဲ့ တံခါးပေါက်လည်းဖြစ်ပါတယ်။ ဦးနှောက် အကျိတ်ခိုနေတဲ့သူ အချို့ဟာ      အမြင်အာရုံနဲ့ ပတ်သက်လို့ ပြဿနာရှိရာမှ မျက်စိအထူးကုပါရဂူဆီ သွားပြကာ ရောဂါရှာဖွေ တွေ့ရှိတတ်ကြပါတယ်။ မျက်လုံးကို မျက်စိပါရဂူနဲ့ ပြသခြင်းဖြင့် မျက်လုံးနဲ့ ပတ်သက်သော အပြင်တိမ်၊ အတွင်းတိမ်၊ ရေတိမ်၊ အမြင်လွှာကွာကျခြင်း ရောဂါများကို ရှာဖွေကုသမှု ပေးနိုင်တဲ့အပြင်  ဆီးချိုသွေးချိုရောဂါ၊  သွေးတိုးရောဂါနဲ့  အခြားအထွေထွေ ရောဂါများကိုလည်း  ဖော်ထုတ် တွေ့ရှိနိုင်ပါတယ်။

မျက်လုံးကိုပုံမှန်ပြသ စမ်းသပ်ခြင်းအားဖြင့်  အတွင်းတိမ်၊ ရေတိမ်၊ ဦးနှောက် အကျိတ်စတာတွေကို စောစောစီးစီး သိရှိနိုင်ပြီး  ကုသမှုကို ဆောလျင်စွာ ခံယူနိုင်ခြင်းဆိုတဲ့ အကျိုးကျေးဇူးကို ရရှိမှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီး သူများ အနေဖြင့်  နှစ်နှစ်လျှင် တစ်ကြိမ်လောက်တော့  မျက်စိအထူးကုပါရဂူနဲ့ပြသကာ စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။ အသက် ၆ဝ နှစ်ကျော်လာရင်တော့   တစ်နှစ်တစ်ခါ စမ်းသပ်စစ်ဆေးမှု ခံယူတာ အကောင်းဆုံးပါပဲ။

အမြင်အာရုံဟာ လူတစ်ဦးအဖို့ လွန်စွာမှ အရေးပါလှပါတယ်။ တန်ဖိုးရှိလှတဲ့ အမြင်အာရုံကို မတော်တဆဆုံးရှုံးမှု မရှိရလေအောင် ဂရုပြုစရာ အချက်များကို ရေးသား ဖော်ပြလိုက်ရပါတယ်။  

ဒေါက်တာ မင်းစိုးဦး

Read 35 times
Rate this item
(0 votes)
Last modified on Friday, 08 November 2019 10:35