SJ WorldNews - шаблон joomla Авто

ခေတ်မီလက်နက် အီး-စီးကရက်

Sunday, 10 November 2019 11:24 Written by  font size decrease font size decrease font size increase font size increase font size

အီး-စီးကရက်အကြောင်း သတင်းစာတွေမှာ ဖော်ပြကြတော့ ဆောင်းပါးရေးဦးမယ်လို့ တေးထားမိပါတယ်။ ရေးဖို့ဆိုရင် အရင်လေ့လာ၊ ဖတ်ရမှတ်ရဦးမယ် မဟုတ်လား။ ဒါပေမဲ့ တစ်ရက်က မက်ဆင်ဂျာကနေ ဓာတ်ပုံလေးတစ်ပုံ ရောက်လာပါတယ်။ ပေးပို့သူက ကျွန်တော်တို့ ပါချုပ်ကြီး(ငြိမ်း) ဆရာကြီး ဒေါက်တာသိန်းဆွေဖြစ်ပါတယ်။ ကြေးမုံသတင်းစာမှာ သူရေးခဲ့တဲ့ အီး-စီးကရက်အကြောင်း ဆောင်းပါးဓာတ်ပုံလေးပါ။ ဆရာကြီးက ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ် ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတွေကို အားတက်သရော လုပ်ဆောင်နေပါတယ်။ နိုင်ငံတကာ အတွေ့အကြုံလည်း များပါတယ်။ အဲဒီတော့ ဆရာကြီးရဲ့လက်ရာလေးကို ဖတ်ကြည့်ပြီး ပြန်ညွှန်းတဲ့ ဖတ်ညွှန်းပါလို့ အရင်ဆုံးဝန်ခံထားပါရစေ။

ရွာတွေမှာတော့ အီး-စီးကရက်က ခေတ်မစားသေးပါဘူး။ ဒါပေမဲ့ မြို့တွေမှာတော့စမ်းသပ်နေကြပါပြီ။ ဖုန်းဆိုင်တွေမှာ ရောင်းနေတာ တွေ့ပါတယ်။ အီး-အစိုးရဖြစ်ဖို့ ခဲယဉ်းပေမယ့်  အီး-စီးကရက်သမားဖြစ်ဖို့က အတော်လွယ်မယ့်ပုံ။ အီး-စီးကရက်ထွက်ပေါ်လာပုံကို လေ့လာလိုက်တော့ ဆေးလိပ်စွဲ၊ စီးကရက်စွဲနေတဲ့ သူတွေ ဆေးလိပ်၊ စီးကရက်ဖြတ်နိုင်အောင် တီထွင်ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ အီး- စီးကရက်ဆိုတာ Electronic Nicotine Delivery System (ENDS)/E- cigarette ကို ပြောတာပါ။ အီလက်ထရွန်နစ်စနစ်နဲ့ ပြုပြင်ဖန်တီးထားတဲ့ ဆေးလိပ်ငွေ့ထွက်အောင် လုပ်ထားတာပါပဲ။ ဆေးလိပ်တု၊ စီးကရက်တုပေါ့လေ။

စတင်တီထွင်တဲ့သူက တရုတ်နိုင်ငံသား ဆေးဝါးဗေဒပညာရှင် ''ဟွန်လင့်''ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ဆေးလိပ်စွဲနေတဲ့သူပါ။ သူဆေးလိပ်ဖြတ်နိုင်ဖို့ စီးကရက်အစားထိုး အီး-စီးကရက်ကို တီထွင် အသုံးပြုခဲ့တာပါ။

ဆေးရွက်ကြီးထွက်ပစ္စည်းတွေ မပါပေမယ့် ဆေးရွက်ကြီးထွက် ဓာတ်ပစ္စည်းတွေထဲက ဇာတ်လိုက်ကျော် နီကိုတင်းအရည်ကို အီလက်ထရွန်နစ် နည်းပညာနဲ့ အငွေ့အဖြစ် ပြောင်းလဲလိုက်ပြီး  ထွက်လာတဲ့ အငွေ့ကို ရှူလိုက်တာ ဖြစ်ပါတယ်။  ဒါကိုစီးပွားရေးပညာရှင်တွေက အသုံးချတယ်။ အီး-စီးကရက်ကို ပုံစံအမျိုးမျိုး ထုတ်လုပ်တော့တာပါပဲ။ စီးကရက်ပုံစံ၊ ဆေးတံပုံစံ၊ ဆေးပြင်းလိပ်ပုံစံ၊ ဆေးရှူပြောင်းပုံစံကနေ အလွယ်တကူ သယ်ယူသွားနိုင်အောင် ကွန်ပျူတာမန်မိုရီစတစ်ပုံစံအထိထုတ်လုပ်ထားပါတယ်။

အီး-စီးကရက်ကိုဆေးလိပ်ဖြတ်စက်၊ ဆေးလိပ်ဖြတ်ဆေးလို့ ထင်မြင်ယူဆနေကြပါတယ်။ တကယ်တော့ အဆိပ်ကို အချိုဖုံးထားတော့ အဝင်တော့ ကောင်းပါတယ်။ လူသေစေတဲ့ အဖျက်စွမ်းအင်ကတော့ လျော့မသွားပါဘူး။

မသိနားမလည်တဲ့ မိဘဆွေမျိုးတွေအပေါ်  လိမ်လို့တော့ကောင်းတာပေါ့။

ဆေးလိပ်ဖြတ်ချင်လို့ အီး-စီးကရက်သောက်နေတာပါဆိုပြီးတော့ပေါ့လေ။

ဆေးရွက်ကြီးကို အမျိုးမျိုးပြုပြင် သုံးစွဲကြတဲ့ဆေးလိပ်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ ပွတ်ချွန်း၊ ဆေးငုံခြင်း၊ ကွမ်းစားခြင်းစတာတွေက ရလာတဲ့ ဆိုးကျိုးတွေ အတိုင်းပဲ အီး-စီးကရက်က နေရနိုင်ပါတယ်။ ရရှိနိုင်တဲ့ ရောဂါတွေကတော့ -

(၁) ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာစတဲ့ ကင်ဆာအမျိုးမျိုး၊

(၂) နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ခြင်း၊ ရုတ်တရက်နှလုံးခုန်ရပ်ခြင်း၊

(၃) ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်ခြင်း၊

(၄) အဆုတ်ပြွန်ရောင်ခြင်း( အဆုတ်ပွရောဂါ)၊

(၅) ပြင်းထန်တဲ့သွေးတိုးရောဂါ၊

(၆) ခြေပုပ်လက်ပုပ်ရောဂါ (ခြေ၊ လက်ဖြတ်ပစ်ရသည်အထိ ဖြစ်တတ်ပါတယ်)၊

(၇) ပန်းသေပန်းညှိုးရောဂါတို့ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် မိခင်ဆိုရင်တော့

          (၁) သားပျက်သားလျှောခြင်း (ကိုယ်ဝန်ပျက်ကျခြင်း)၊

          (၂) လမစေ့ပေါင်မပြည့်တဲ့ကလေးများ မွေးဖွားခြင်း၊

          (၃) မွေးရာပါကိုယ်အင်္ဂါ ချို့ယွင်းချက်ပါလာခြင်း၊

          (၄) မွေးကင်းစကလေး ရုတ်တရက်သေဆုံးခြင်း၊

          (၅) ကလေးအသေ မွေးဖွားခြင်းတို့ ဖြစ်နိုင်ပါတယ်။

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက် ရသလိုပါပဲ၊ အီး-စီးကရက်ကနေ ထွက်လာတဲ့ အငွေ့တွေကလည်း ဘေးပတ်ဝန်းကျင်က လူတွေကို ဒုက္ခပေးနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေ ကတော့ ရေရှည်သုံးစွဲရင် ဘာတွေဖြစ်လာမလဲ

လို့ လေ့လာနေတုန်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုသိရသလောက်ကတော့-

(၁) အီး-စီးကရက်မှာ နီကိုတင်းပါတာပဲ၊ အဲဒီနီကိုတင်းကြောင့် လူကိုစွဲလမ်းစေပါတယ်။ ဆယ်ကျော်သက် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို နှောင့်ယှက်ပါတယ်။ 

(၂) အီး-စီးကရက်ကထွက်လာတဲ့အငွေ့ထဲမှာ  လူကိုဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေပါလာပါသေးတယ်။  ဆေးလိပ်ကထွက်လာတဲ့  ဓာတုပစ္စည်းတွေလောက်  မဆိုးရွားဘူးဆိုပေမယ့် အနံ့အမျိုးမျိုး၊  အရသာအမျိုးမျိုးနဲ့ ဆွဲဆောင်နေတော့  ကျန်းမာရေး မထိခိုက်လောက်ပါဘူး အထင်ကလည်းရှိနေတော့ အီး-စီးကရက်တွေကို ပိုသောက်မိလာပြီး ကျန်းမာရေး ပိုဆိုးရွားလာနိုင်ပါတယ်။

(၃) နောက်ထပ် အီး-စီးကရက်ကပေးတဲ့ ဒဏ်ရာအနာတရတွေလည်း ရလာနိုင်ပါတယ်။ အီး-စီးကရက်ရဲ့ဘက်ထရီက အားသွင်းရတယ် မဟုတ်လား။ အားသွင်းရင်း မီးလောင်တာ၊ ပေါက်ကွဲတာမျိုးဖြစ်ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေရလာနိုင်ပါတယ်။ အီး-အရည်တွေကို သောက်မိရင်၊ ရှူမိရင်၊ စုပ်ယူမိရင် ကလေးတွေသာမက လူကြီးတွေလည်း နီကိုတင်းအဆိပ်သင့်နိုင်ပါတယ်။

ဆေးလိပ်ကြောင့် နှစ်စဉ်နှစ်တိုင်း လူခုနစ်သန်းကျော် သေကျေပျက်စီးရပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေဟာ စည်းမရှိကမ်းမရှိ လူသူလေးပါးကြားထဲမှာ မသောက်သုံးသင့်ပါဘူး။ အပြစ်မဲ့တဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေမှာ အလကားဒုက္ခရောက်ရပါတယ်။   တကယ်လို့သာ  ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုတွေကို  ပီပီပြင်ပြင် မထိန်းချုပ်နိုင်ဘူးဆိုရင် လာမယ့် ၂ဝ၃ဝ ပြည့်နှစ်ရောက်ရင် တစ်နှစ်တစ်နှစ် လူရှစ်သန်းအထိ ဆေးရွက်ကြီးကြောင့် သေဆုံးရဖွယ်ရှိပါတယ်။ နူရာဝဲစွဲဆိုသလို ဆေးရွက်ကြီးပြဿနာကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးခင် အီး-စီးကရက်က တထောင်ထောင်ဖြစ်လာပါပြီ။

ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံတော်ကြီးမှာ တိုးတက်ပြီးတဲ့နိုင်ငံတွေလို ကူးစက်ရောဂါတွေထက် မကူးစက်တဲ့ရောဂါတွေ ပိုမိုဖြစ်ပေါ်လာရပါပြီ။ ဆေးလိပ်၊ ဆေးရွက်ကြီး စားသုံးမှုကြောင့်  နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့  ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာအပါအဝင် နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ  ဖြစ်ပွားသေဆုံးမှုတွေ  တဖြည်းဖြည်း တိုးတက်များပြားလာပါပြီ။

ဒီလိုလူအများစုရဲ့ အသက်ကို ခြိမ်းခြောက်လာနေပြီဖြစ်တဲ့ ဆေးလိပ်၊ဆေးရွက်ကြီးသုံးစွဲမှုပြဿနာ လျော့နည်းရေး အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ၂ဝဝ၃ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ (၅၂)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံမှာ ဆေးရွက်ကြီးသုံးစွဲမှု လျှော့ချရေး လုပ်ငန်းအတွက် အဓိကထား ဆောင်ရွက်ရမယ့် မဟာဗျူဟာ လုပ်ငန်းစဉ်(၆)ရပ် ကိုလည်း လမ်းညွှန်ချက်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အတိုကောက်အားဖြင့် (M-Power)လို့ မှတ်သားနိုင်ပါတယ်။

(၁) Monitor - ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု ပြဿနာ အတိမ်အနက်၊ ဆောင်ရွက်ပေးနိုင်တဲ့ အတိုင်းအတာစတာတွေကို စိစစ်ကြီးကြပ်ခြင်း၊

(၂) Protect - ဆေးလိပ်ငွေ့အန္တရာယ်ဟာ  ကြီးမားတာကြောင့် လူအများအား အကာအကွယ်ပေးနိုင်ရေးအတွက် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ ထူထောင်ခြင်း၊

(၃) Offer to quit- ဆေးလိပ်သောက်သုံးသူများ ဆေးလိပ်ဖြတ်ရေးအတွက် ဆေးလိပ်ဖြတ်ရေး အစီအစဉ်များ၊ ဌာနများဖွင့်လှစ်ပေးရေး၊

(၄) Warning- ဆေးလိပ်နှင့် ဆေးရွက်ကြီးပစ္စည်းများ   သုံးစွဲခြင်းကြောင့်  ရရှိနိုင်တဲ့ရောဂါများကို အသိပေးခြင်း၊  ပညာပေးပိုစတာများ စိုက်ထူခြင်းနှင့် ဆေးလိပ်ထုပ်များ၊ ဘူးများတွင် ဆေးလိပ်ကြောင့် ရရှိနိုင်တဲ့ရောဂါပုံများကို ဖော်ပြလျက် သတိပေးခြင်း၊

(၅) Enforcement - ဆေးလိပ်ဆေးရွက်ကြီးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေပြဋ္ဌာန်းချက်များ နဲ့အညီ ဆောင်ရွက်နိုင်ရေး၊ လိုက်နာဆောင်ရွက်နိုင်ရေး အတွက် စီမံဆောင်ရွက်ခြင်း၊ အရေးယူခြင်း၊ သတိပေးခြင်း စသောလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(၆) Raise the Tax- ဆေးလိပ်၊  ဆေးရွက်ကြီးဟာ  လူအများကို ကျန်းမာရေး ထိခိုက်စေခြင်း၊ သောက်သုံးသူသာမက အနီးအနားရှိ ပြည်သူတို့အား  တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့်ရောဂါများ  ရရှိနိုင်တဲ့အတွက် ဆေးလိပ်ဈေးတက်ခြင်းကြောင့်  ဆေးလိပ်ကို  စတင်သောက်ရန် လက်တည့်စမ်းမယ့် လူငယ်များ လွယ်လွယ်ဝယ်ယူ မသောက်နိုင်ရေး၊ သောက်သူများလည်း လျှော့သောက်ရာမှ ဆေးလိပ်ကို ဖြတ်လာစေခြင်းအတွက် ဆေးလိပ်၊ဆေးရွက်ကြီးပေါ်တွင်   အခွန်ကို တိုးမြှင့်ကောက်ယူခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေးလုပ်ငန်းမဟာဗျူဟာများကို ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ၂ဝဝ၆ ခုနှစ်မေ ၄ ရက်နေ့တွင်  ဆေးလိပ်နှင့်  ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှု ထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။      

ဇော်သစ်ကြည်

Read 16 times
Rate this item
(0 votes)
Last modified on Sunday, 10 November 2019 11:25